Uncategorized

Maung Yin Nga Tay – Visiting Chechy

ရောက်တတ်ရာရာအတိုအစများ
Čechy သို့မဟုတ် ဘိုဟေးမီးယားပရာဟာ (ပထမပိုင်း)
မောင်ရင်ငတေ၊ ဇူလိုင် ၉၊ ၂၀၁၃
 
Prague City Center Map
Praha ပရာဟာမြို့ဟာ တကယ်ကတော့ မောင်ရင်ငတေရဲ့ စိတ်ကူးအိပ်မက်ထဲက မြို့တမြို့သာပါ၊ ရောက်ဖူးဖို့ကို စိတ်ကူးယဉ်ရုံ ယဉ်မိခဲ့ရတဲ့မြို့ပါ၊ ဒါပေမဲ့ ကံကောင်းချင်လာတော့ ဒီပရာဟာမြို့မှာ မျက်စေ့လည်ပြီး ရောက်ရှိနေထိုင်နေတဲ့ ရွှေပြည်တော်သား တချို့နဲ့ တွေ့ဆုံရင်းနှီးခဲ့ရပြီးနောက် အဲ ပရာဟာလို့ ခေါ်တွင်တဲ့ အလယ်ပိုင်းဥရောပဒေသရဲ့ သာယာလှပလှတဲ့ ရှေးဟောင်းမြို့တော်လေး ရှိရာကို သွားဖြစ်ခဲ့ရပါတော့တယ်၊
ပရာဟာကိုသွားမယ်ဆိုရင်တော့ ချက်နိုင်ငံဟာ ကုန်းတွင်းပိတ်မိ နေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်နေလို့ ပင်လယ်ရေကြောင်းလမ်းကတော့ ဝင်လို့မလွယ်ပါဘူး၊ မြစ်ကြောင်း တလျှောက် ကိုယ်ပိုင်သင်္ဘောစီးပြီး ဝင်နိုင်နေတဲ့ လူတန်းစားတချို့တွေလည်း ရှိနေနိုင်တာကြောင့် ဝင်လို့မရဘူးလို့တော့ မပြောနိုင်ကြောင်းပါ၊ မောင်ရင်ငတေအနေနဲ့တော့ ကုန်းကြောင်းသွားခြင်းကို ပိုပြီးအားသန်ပါတယ်၊ ဝေးကွာလှတဲ့နေရာတွေ ဆိုရင်တော့ မဖြစ်မနေ လေယာဉ်စီးရမှာ ဖြစ်ပေမဲ့ တော်ရုံဝေးတာလောက်ဆိုရင် ကားတို့ရထားလမ်းတို့ကိုသာ ရွေးချယ်ပြီးသွားဖြစ်ပါတယ်၊
ပါရီမြို့က စတင်ပြီး သွားမယ်ဆိုရင်တော့ ဂျာမန်နိုင်ငံတနိုင်ငံလုံးကို ခါးလယ်ကနေ ဖြတ်သန်းသွားရမှာဖြစ်ပြီး ကီလိုမီတာ ၁၀၀၀ ကျော် ကွာဝေးတာပါ၊ ကားနဲ့သွားသွား ရထားနဲ့သွားသွား ပါရီ ပရာဟာ ခရီးဟာ တညအိပ် ၁၂ နာရီနဲ့ ၁၆ နာရီကြားမှာ ကြာမှာပါ၊ ဂျာမဏီကနေ သွားရင်တော့ ပိုပြီးတော့ အစဉ်ပြေ နိုင်ပါတယ်၊ ဘာလင်ကဆိုရင် ပရာဟာကို ရထားနဲ့ သွားနိုင်ပါတယ်၊ အရင်အရှေ့ဂျာမဏီရဲ့ မြို့ကြီး တမြို့ဖြစ်တဲ့ Dresden မြို့ကို ဖြတ်သန်းသွားရမှာဖြစ်ပြီး ကီလိုမီတာ သုံးရာ့ငါးဆယ်လောက်ဝေးပြီး အချိန်လေးနာရီကျော် ကြာမြင့်နိုင်ပါတယ်၊
ဥရောပရဲ့ ရထားလမ်းတွေမှာ တနာရီ ကီလိုမီတာ ၃၀၀ ကျော်နှုန်း မောင်းနှင်နိုင်တဲ့လမ်းတွေ ဖောက်လုပ်ပြီးစီးမှုက သိပ်ပြီးများများစားစား မရှိသေးပါဘူး၊ ပုံမှန်အားဖြင့်တော့ ကီလိုမီတာ ၁၀၀ ခရီးကို တနာရီတော့ ကြာမှာပါ၊ အမြန်ရထားလမ်းတွေပေါ်မှာ အမြန်ဆုံးရထားတွေ စီးရရင်တော့ ကီလိုမီတာ ၅၀၀ ခရီးကို သုံးနာရီကျော်ကြာ စီးရမှာပါ၊ ဒီထက် မြန်ချင်ရင်တော့ လေယာဉ်ခရီးကိုသာ ရွေးချယ်ကြပါတော့၊
လေယာဉ်စီးရခြင်းရဲ့ ပြဿနာကတော့ မြို့ထဲကနေ လေဆိပ်ရှိရာကို သွားရခြင်းပါ၊ လေယာဉ်စီးချိန်က တနာရီ နှစ်နာရီသာ ကြာမြင့်မှာကို လေဆိပ်ကိုသွားဖို့ အချိန်ပေးရမှာက ဟိုဘက်ဒီဘက် လေဆိပ်နှစ်ခု အချိန်တွက်ကြည့်ရင် သုံးလေး နာရီမက အချိန်တွေပေးရမှာ ဖြစ်တာကြောင့် ဥရောပ ခရီးတိုကလေးတွေကိုသွားရင် ဘယ်သူကမှ လေယာဉ်ကို မသုံးချင်ကြတာဖြစ်ပါတယ်၊ ကားဂိတ်ရထားဂိတ်တွေက မြို့ထဲမှာရှိတာ များတာပါ၊
 
Nürnberg – Praha သွားတဲ့ ဘတ်စ်ကား
မောင်ရင်ငတေတို့ သွားခဲ့တာကတော့ ဘိုင်ယန်ပြည်နယ် Nürnberg နူရင်ဘာ့ဂ်မြို့ကနေ ဂျာမန် ရထားဌာန DB BHAN ရဲ့ ဘတ်စ်ကားတွေနဲ့ ရထားမပြေးဆွဲဘဲ ကားတွေသာရှိလို့ ကားစီးပြီးသာ သွားခဲ့တာပါ၊ ဈေးကသက်သာသလို စီးရတာလည်း အစဉ်ပြေပါတယ်၊ သုံးနာရီကျော်ကြာ စီးရမှာ ဖြစ်ပြီး ကီလိုမီတာ ၃၀၀ ခန့်သာဝေးကွာတာပါ၊ စကားစပ်လို့ ပြောရရင်တော့ အမေရိကနဲ့ ဥရောပ ကွာခြားချက်ဘဲ ဖြစ်ပါတယ်၊
အမေရိကမှာက အရှေ့ဖျားက နယူးယောက်မြို့နဲ့ အနောက်စွန်းက ဆန်ဖရန်စစ်စကိုမြို့ မိုင်ပေါင်း သုံးထောင်နီးပါးလောက်ရှိပြီး ကားနဲ့တောက်လျှောက်မောင်းသွားရင် နာရီပေါင်း လေးငါးဆယ်ကျော်လောက် မောင်းရမှာပါတဲ့၊ ဥရောပမှာက အနောက်မြောက်ဖျားဒေသ လန်ဒန်ကနေ အရှေ့တောင်အစွန်း တူရကီနိုင်ငံ အီစတန်ဘူလ်ကို  မိုင်ပေါင်း သုံးထောင်ကျော်သာ ကွာဝေးပြီး မြောက်ဖျား နော်ဝေးတို့ ဖင်လန်တို့ကနေ တောင်အဖျားစွန်းက ပေါ်တူဂီကိုမှ မိုင်ပေါင်း ၂၅၀၀ ကျော်လောက်သာ ဝေးကွာတာမျိုးပါ၊ အဲဒီမှာ ဖြတ်သန်းသွားရမဲ့ နိုင်ငံများကလည်း သွားတဲ့ လမ်းကြောင်းပေါ်မှာ မူတည်ပြီး ဒိန်းမတ် နယ်သာလန် ပိုလန် ဘယ်လ်ဂျီယံ ဂျာမဏီ ပြင်သစ် စပိန် အီတလီ သြစတြီးယား ဟန်ဂေရီ စသောနိုင်ငံ လေးငါးခြောက် နိုင်ငံကို ဖြတ်သန်းသွားရတာမျိုးပါ၊ ဒါကြောင့်လည်း တလမ်းကြောင်းထဲသော သွားရမဲ့ခရီးတွေမှာ မကြံ့ကြာအောင် ခရီးတွင်အောင်လို့ နိုင်ငံတခုနဲ့တခု အကူးတွေမှာ အစစ်ဆေးတွေ အမေးအမြန်းတွေ မလုပ်ကြတော့ဘဲ ဒီဥရောပသွား ရှန်ဂန်ဗီဇာဧရိယာ စနစ်ကို ပြန်လည်ကျင့်သုံးခဲ့ကြတာပါ၊ ၁၉၀၀ ခုနှစ်များ မတိုင်မီကဆိုရင်တော့ တနိုင်ငံနဲ့တနိုင်ငံ တဒေသနဲ့တဒေသ သွားကြတာ ဗီဇာယူသွား ကြရတယ်လို့ မရှိသေးပါဘူး၊ ကမ္ဘာ စစ်တွေဖြစ်ပြီး နောက်ပိုင်းမှာသာ နိုင်ငံလုံခြုံရေး အကြောင်းပြပြီး ဗီဇာစံနစ်ကို ဖန်တီးခဲ့ကြတာပါ၊
 
ဘိုဟေးမီးယားမြို့တော် ပရာဟာ
လူဦးရေ တသန်းခွဲ နီးပါးရှိပြီး စီးတီးဧရိယာ ၄၉၆ စတုရန်းကီလိုမီတာကျယ်ဝန်းသော Prague ခေါ် ပရာဟာမြို့တော်ကြီးရဲ့ သမိုင်းကြောင်းကလည်း နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ၊ အေဒီ ၈၈၅ ခုနှစ်က စတင် တည်ထောင်ခဲ့တယ်ဆိုတဲ့ ပရာဟာမြို့ဟာ သူ့သမိုင်းကြောင်း တလျှောက်မှာတော့ မြို့တော် အဖြစ် ရပ်တည်ခဲ့တာ ဒီကနေ့ခေတ်ကာလ တိုင်အောင်ပါဘဲ၊ České království (cs) Königreich Böhmen (de) Kingdom of Bohemia ဘိုဟေးမီးယားဘုရင့် နိုင်ငံတော်ခေတ် (၁၁၉၈-၁၉၁၈) ကာလမှာ နှစ်ပေါင်း ခုနှစ်ရာကျော်ကြာ ကြီးကျယ်ခမ်းနားလှတဲ့ မြို့ပြနိုင်ငံတော်ကြီးအဖြစ် ရပ်တည် နိုင်ခဲ့တာပါ၊
အေဒီ ကိုးရာစုခေတ်က ဆောက်ခဲ့တယ်ဆိုတဲ့ Pražský hrad (cs) Prague Castle ကဲ့သို့ ရဲတိုက်နန်းတော်ကြီးတွေ ၁၃၄၈ ခုက စတင်ခဲ့ပြီး ယနေ့ထိတိုင်အောင် အစဉ်အဆက်မပြတ် စာတွေသင်ပေးနေဆဲ Univerzita Karlova (cs) Charles University (en) ချားလ်တက္ကသိုလ်ရယ် ၁၃၅၇ နှစ်က စတင်တည်ဆောက်ခဲ့ပြီး ၁၄၀၂ ခုနှစ်မှာမှ ပြီးစီးအသုံးပြုနိုင်ခဲ့တဲ့ Karlův most (cs) Charles Bridge တံတားကြီးရယ် Bazilika svatého Petra a Pavla (cs) Basilica of St Peter and St Paul (en) ဘုရားကျောင်းနဲ့ Katedrála svatého Víta (cs) Saint Vitus Cathedral (en) ဘုရားကျောင်းကြီးတွေကို တည်ဆောက်ခဲ့ပြီး Karel IV ခေါ် Charles IV ချားလ် ၄ ဘုရင် (၁၃၁၆-၁၃၇၈) ကတော့ ဟိုလီရော်မန် အင်ပါယာကြီးရဲ့ ဧကရာဇ် ဘုရင်တဦး ဖြစ်ခဲ့ပါတယ်၊
ပရာဟာမြို့ ကလည်း ဘုရင့်နန်းစိုက်ရာ  မြို့တော်ကြီးအဖြစ် သတ်မှတ်ခံခဲ့ရပြီး Holy Roman Empire ဟိုလီ ရော်မန် အင်ပါယာခေတ် ဘိုဟေးမီးယားဘုရင့် နိုင်ငံခေတ်တွေကနေ ချက်ကိုစလိုဗက်ကီးယား ဆိုရှယ်လစ်သမတ နိုင်ငံခေတ် ချက်သမတ နိုင်ငံခေတ် အထိတိုင်အောင် ခေတ်အဆက်ဆက်မှာ မြို့တော်တခုအဖြစ် ပရာဟာမြို့ဟာ တောက်လျှောက်တည်ရှိခဲ့ပါတယ်၊
 
Pražský hrad (cs) Prague Castle(en)
ပရာဟာမြို့ကြီးက မြို့တော်ကြီးတခုအဖြစ် တည်ရှိလာခဲ့သလို Pražský hrad လို့ခေါ်တဲ့ ပရာဟာ ရဲတိုက်နန်းတော်ကြီးကလည်းဘဲ ဟိုလီရော်မန်အင်ပါယာရဲ့ဧကရာဇ်များ ဘိုဟေးမီးယားဘုရင်များ ချက်ကိုစလိုဗက်ကီးယားနဲ့ ချက်နိုင်ငံသမတများ အားလုံးရဲ့ ရုံးထိုင်ရုံးစိုက်ခဲ့ရာ အဆောက်အဦကြီး ဖြစ်ပါတယ်၊ ဒီရဲတိုက် နန်းတော်ကြီးဟာ အလျှား ၅၇၀ မီတာ အနံ ၁၃၀ မီတာရှိပြီး ဧရိယာအကျယ် ခုနှစ်သောင်း စတုရန်းမီတာနဲ့ ကမ္ဘာ့ ရှေးဟောင်းအကျဆုံး အကြီးဆုံးသော ရဲတိုက်ကြီး ဖြစ်ပါတယ်၊ ဒီရဲတိုက်ကြီးရဲ့ လျှို့ဝှက်အခန်း တခုထဲမှာ ဘိုဟေးမီးယားဘုရင်တွေ အဆက်ဆက် အသုံးပြုခဲ့တဲ့ ကာလတန်ဖိုး ဖြတ်လို့မရနိုင်လောက်အောင် တန်ကြေးရှိတဲ့ Bohemian Crown Jewels သရဖူနဲ့ ရတနာပစ္စည်းများကို သိမ်းဖွက်ထားပါတယ်တဲ့၊ အစစ်လားမစစ်လားကတော့ မောင်ရင်ငတေလည်း မတွေ့ဖူးတော့ သေချာမပြောနိုင်ကြောင်းပါ၊
 
၁၄ ရာစုအစပိုင်း ဟိုလီရော်မန်အင်ပါယာနဲ့ ဘိုဟေးမီးယားဘုရင့်နိုင်ငံ
မြို့တော်ပရာဟာ တည်ရှိရာ ယနေ့ ချက်နိုင်ငံဆိုတာကို လွယ်လွယ်ပြောရရင် ဘိုဟေးမီးယားဒေသ Moravia မိုရာဗီးယားဒေသရယ် အရှေ့မြောက်ပိုင်းအစွန်က သေးငယ်ကျဉ်းမြောင်းသော Silesia ဆီလီစီးယားဒေသ အပါအဝင် ဒေသသုံးခု လူမျိုးသုံးမျိုးကို ပေါင်းစပ်ထားတဲ့ နိုင်ငံတနိုင်ငံလို့ ပြော နိုင်ပါတယ်၊ အဲဒီမှာမှ ဘိုဟေးမီးယားဒေသကတော့ လူဦးရေလည်း များပြားသလို နယ်မြေကလည်း ကျယ်ဝန်းပြီး ဖွင့်ဖြိုးအတိုးတက်ဆုံးသော ဒေသတခုပါ၊
ဘိုဟေးမီးယားက စတုရန်းမိုင်နှစ်သောင်း လူဦးရေ ခြောက်သန်းခွဲကျော်ရှိပြီး မိုရာဗီးယားက လူဦးရေသုံးသန်းနဲ့ စတုရန်းမိုင် ရှစ်ထောင့်ငါးရာ ကျယ်ဝန်းပါတယ်၊ ဆီလီစီးယားနယ်မြေလေးကတော့ သိပ်ထင်ရှားခြင်း မရှိလှသလို စတုရန်းမိုင် ၁၇၀၀ ကျော်ကျယ်ပြီး လူဦးရေ တသန်းသာ ရှိပါတယ်၊ ဘိုဟေးမီးယားဘုရင်တွေက ဒီဒေသကို ၁၄ ရာစုအလယ် ချားလ် ၄ ဘုရင်လက်ထက်ကနေ နှစ်ပေါင်း ၆၀၀ လောက် ဘုရင့်နိုင်ငံတော်အဖြစ် ကြီးကျယ်ခမ်းနားစွာ ဘုရင်အဆက်ဆက် ထီးနန်းစိုက်အုပ်ချုပ် မင်းလုပ်လာခဲ့တာပါ၊
အဲဒီအချိန် ကာလ ဥရောပအလယ်ပိုင်းဒေသတွင်း နိုင်ငံတော်တော်များများရဲ့ ဘုရင်တွေဟာ တန်ခိုးထွားရင် ထွားလာသလို တဒေသထက်ပိုပြီး သြဇာခံထား အုပ်ချုပ်မင်းလုပ်ကြတဲ့ ပုံစံမျိုးတွေကို တွေ့ရှိရမြဲပါ၊ ဘိုဟေးမီးယားဘုရင်အမည်က ဟန်ဂေရီနန်းဆက် ဘုရင်အမည်စာရင်းမှာပါဝင်ပြီး ဘုရင်ဖြစ်နေတဲ့ အချိန်အခါတွေရှိခဲ့ပါတယ်၊ ဟန်ဂေရီဘုရင်ကလည်း ခေတ်ကောင်းရင်ကောင်းသလို တခြားဒေသ ဆာဗီးယား စလိုဗက်ကီးယား ရိုမေးနီးယားတို့ ဘိုဟေးမီးယားတို့ သြစတြီးယားတို့ ဂျာမန်နယ်များပါ မကျန် နီးစပ်ရာနယ်မြေတွေကို ဘုရင်အဖြစ် အမည်ခံယူပြီး သြဇာခံနယ်မြေအဖြစ် အုပ်ချုပ်ကြတဲ့ အခါမှာ သက်ဆိုင်ရာနန်းဆက်စာရင်းမှာ နာမည်ပေါက်ပါဝင်နေကြပြီး အပြန်အလှန်အုပ်စိုး မင်းလုပ် နေကြတာမျိုးပါ၊ ဒါပေမဲ့ ၁၉ ရာစုအလယ်မှာတော့ အလယ်ဥရောပတလွှားမှာ တန်ခိုးထွား အင်အား ကြီးမားလာတာကတော့ သြစတြီးယားနဲ့ ဟန်ဂေရီတို့ပါဘဲ၊
 
Austro-Hungarian Empire 1867–1918
ဘိုဟေးမီးယားဘုရင်တွေ ခေတ်ကောင်းနေစဉ်မှာဘဲ ၁၉ ရာစု နှောင်းပိုင်းကာလ ၁၈၆၇ ခုနှစ် အရောက်မှာတော့ ပြောင်းလဲလာတဲ့ ခေတ်သစ်ကမ္ဘာ့နိုင်ငံရေး စစ်ရေး အခြေအနေတွေ ကြားထဲမှာ အင်အားကြီးမား တန်ခိုးထွားလာတဲ့ သြစတြီးယားရဲ့ နယ်ချဲ့ခြင်းကို ခံခဲ့ရပါတယ်၊ သြစတြီးယားနဲ့ ဟန်ဂေရီ နှစ်နိုင်ငံက မင်းနှစ်မင်းပေါင်းပြီး သြစတြို ဟန်ဂေရီယန် အင်ပါယာဆိုပြီး အင်ပါယာတခု အဖြစ် ၁၈၇၆ ခုနှစ်မှာ တည်ထောင်ခဲ့တာပါ၊ အဲဒီ Austro-Hungarian Empire လက်အောက်ကို ယနေ့ ချက်နယ်မြေတွေ နှစ်ပေါင်း ၅၁ နှစ်တိုင်အောင် ရောက်ရှိခဲ့ရပါတော့တယ်၊
သြစတြီးယားနဲ့ နယ်နမိတ်ချင်း ဆက်စပ်နေတဲ့ ဘိုဟေးမီးယား နယ်မြေတွေက သြစတြီးယား လက်အောက်ခံနယ် ဖြစ်သွားခဲ့ပြီး ဆလိုဗက်ကီးယား နယ်တွေကတော့ နီးစပ်ရာ ဟန်ဂေရီတွေရဲ့ အုပ်ချုပ်မှုအောက်ကို ရောက်ရှိသွားခဲ့ရတာပါ၊ ဘိုဟေးမီးယားပြည်ရဲ့ နောက်ဆုံးဘုရင် ဆိုတာကတော့ ပရာဟာမြို့သား   ချက်နယ်မြေသား မဟုတ်ပါဘဲ သြစတြီးယားလူမျိုး သြစတြီးယားဘုရင် Charles I of Austria သာဖြစ်ပါတယ်၊ မိဖုရားဖြစ်သူကတော့ အီတလီနိုင်ငံသူ Zita of Bourbon-Parma ဖြစ်ပါတယ်၊
 
Československá republika 1918-1993
ဟန်ဂေရီနဲ့ သြစတြီးယားတို့ရဲ့ နယ်ချဲ့အုပ်ချုပ်ခံခဲ့ရရာက ပထမကမ္ဘာစစ်ကြီးအပြီးမှာ ပြိုကွဲသွားတဲ့
ဒီအင်ပါယာကြီးရဲ့ လက်အောက်ကနေ ချက်ကိုစလိုဗက်ကီးယားနိုင်ငံဆိုပြီး ထူထောင်ခဲ့တာပါ၊ ဘိုဟေးမီးယား သြစတြီးယားဟန်ဂေရီတို့ရဲ့ ပူးတွဲဘုရင်ကြီးဖြစ်သူ Karl Franz Joseph Ludwig Hubert Georg Otto Marie  ခေါ် Charles I of Austria သို့မဟုတ် Charles IV of Hungary  နောက်ဆုံးဘုရင် ချားလ်းဘုရင် (၁၈၈၇-၁၈၂၂) ဟာ ၁၉၁၈ ခုနှစ် ပထမကမ္ဘာစစ် အပြီးမှာတော့ ပြည်ပြေးဘဝနဲ့ ပေါ်တူဂီနိုင်ငံပိုင် ကျွန်းတကျွန်းကို ထွက်ပြေးရောက်ရှိ နိဂုံးချုပ် ဇာတ်လမ်းသိမ်း သွားပါတယ်၊ ပထမကမ္ဘာစစ် အတွင်းကာလက ချက်ပြည်တော်က အဝေးသို့ ထွက်ပြေးနေခဲ့ရတဲ့ ကျောင်းဆရာ Tomáš Garrigue Masaryk TGM မာဆာရစ် (၁၈၅၀-၁၉၃၇) ပြည်တော်ပြန်အဖြစ် ပြန်လည်ရောက်ရှိလာပြီး ချက်ကိုစလိုဗက်ကီးယားနိုင်ငံတော် ထူထောင်ခါ ပထမဆုံး သမတကြီး ဖြစ်လာခဲ့ပါတယ်၊
မိုရာဗီးယား တောင်ပိုင်းနယ်စပ်က မထင်မရှား မြို့ကလေး Hodonín ဆိုတာမှာ မွေးဖွားခဲ့တဲ့ သမတကြီး မာဆာရစ် TGM ဟာ ပထမကမ္ဘာစစ်တွင်း လေးနှစ်စလုံး ပြည်ပြေးဘဝနဲ့ နေခဲ့ရပြီး ရောမ ဂျီနီဗာ လန်ဒန် ပါရီ ရုရှားအရှေ့စွန်းနယ်စပ်က ဗလာဒီဗော့စတော့ နောက်တော့ တိုကျိုကနေ အမေရိကန်ထိအောင် ပြေးခဲ့ရတာပါ၊
ပြည်တော်ကပြေးပြီး နေခဲ့ရတဲ့ လေးနှစ်ကျော် ကာလအတွင်းမှာ သူရောက်ခဲ့လေရာ ဥရောပ အမေရိက နိုင်ငံတွေမှာ သူ့အရင် ထွက်ပြေးရောက်ရှိ နေထိုင်နေကြတဲ့ ချက်လူမျိုး ဆလိုဗက်လူမျိုးတွေကို စည်းရုံးနိုင်ခဲ့ပြီး အခွင့်အခါ ရရှိခဲ့သော ပထမ ကမ္ဘာစစ်အပြီး ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးလှိုင်းလုံးတွေနဲ့အတူ ချက်ပြည်တော်သို့ အောင်မြင်စွာပြန်ပြီး ဝင်ရောက် နိုင်ခဲ့ပါတယ်၊ ပြန်လည်ရောက်ရှိခဲ့တဲ့ ၁၉၁၈ ခုကနေ ၁၉၃၅ နှစ်ကုန်အထိ သမတအဖြစ် လေးကြိမ်တိုင်တိုင် ပြန်လည်အရွေးခံခဲ့ရကာ အသက်အရွယ်ကြီးပြင်းလာမှု နာမကျန်းဖြစ်မှုကြောင့် အနားယူခဲ့ရပြီးနောက် နှစ်နှစ်အကြာမှာ ကွယ်လွန်ခဲ့တာပါ၊
သမတကြီးမာဆာရစ်ဟာ မထင်မရှား မိုရာဗီးယား ချက်တောသားဘဝအဖြစ် ကြီးပြင်းလာခဲ့ပြီး ၁၈၇၆ ခုနှစ်မှာ သြစတြီးယား ဗီယာနာ တက္ကသိုလ်ကနေ ဒေါက်တာဘွဲ့ရပြီးနောက် ပရာဟာတက္ကသိုလ်မှာ ဒဿနပညာရှင် ကျောင်းဆရာ လုပ်ခဲ့ပါတယ်၊ ၁၈၇၈ ခုမှာတော့ မာဆာရစ်ဟာ အမေရိကန်နိုင်ငံသူ ပြင်သစ်နွယ်ဖွား Charlotte Garrigue ရှားလို့တ် (၁၈၅၀-၁၉၂၃) နဲ့တွေ့ဆုံလက်ထပ်ခဲ့ကာ သူ့မူရင်းအမည် Tomáš Masaryk ရဲ့အလယ်မှာ မိန်းမဘက်က မျိုးရိုးအမည် Garrigue ဆိုတာကို ဆက်ခံမှည့် ယူခဲ့ပြီးနောက် TGM   ဆိုတဲ့ အမည်အတိုကောက်ကလည်း လူသိများ ခေါ်ဝေါ်သူများခဲ့တဲ့ အမည်ဖြစ်လာပါတယ်၊
 
Druhá Československá republika (cs) 2nd Republic 1938-1939
၁၀၈၅ ခုနှစ်က စတင်ခဲ့တယ်ဆိုတဲ့ ဘိုဟေးမီးယားဘုရင်နိုင်ငံတော်ကြီးဟာ ၁၉၁၈ ခုနှစ် ပထမ ကမ္ဘာစစ်နဲ့အတူ ချုပ်ငြိမ်းပျောက်ကွယ်ခဲ့ပါတယ်၊ ချက်ကိုစလိုဗက်ကီးယားဆိုတဲ့ နှစ်နိုင်ငံပေါင်းထား တဲ့အမည်ကတော့ ၁၉၁၈ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အထိ ခေါ်တွင်ခဲ့ပါတယ်၊ ၁၉၁၈ ခုမှ ၁၉၄၈ ခု အထိကို တပိုင်းခွဲထားနိုင်ပြီး ၁၉၄၈ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အထိကိုတော့ ကွန်မြူနစ်နိုင်ငံခေတ်လို့ ခေါ်ဆိုနိုင်ပါတယ်၊
 
Československá socialistická republika 1969.
ပထမကမ္ဘာစစ်အပြီးနဲ့ ဒုတိယကမ္ဘာစစ်ကြားကာလ ချက်ကိုစလိုဗက်ကီးယားနိုင်ငံ ဆိုတာကိုတော့ ပထမ ဒုတိယ တတိယ နိုင်ငံတော်ဆိုပြီး သုံးပိုင်းခွဲထားပါတယ်၊ ပထမနိုင်ငံတော်ကတော့ ၁၉၁၈ ကနေ ၁၉၃၈ ခုနှစ်ထိတိုင် အနှစ်နှစ်ဆယ် ကြာခဲ့ပါတယ်၊ ဘိုဟေးမီးယား မိုရာဗီးယား ဆီလီစီးယား သုံးဒေသအပြင် စလိုဗားကီးယားနဲ့ ဒီကနေ့ ယူကရိန်းဒေသ Subcarpathian Ruthenia ဆိုတာပါ ပါဝင်လာပါတယ်၊ ဒုတိယချက်ကိုစလိုဗက်ကီးယား နိုင်ငံတော်ကတော့ ဂျာမန်တွေရဲ့ လွှမ်းမိုးလာမှု တွေနဲ့အတူ ၁၉၃၈ စက်တင်ဘာကနေ ၁၉၃၉ မတ်လအတွင်းမှာ ရက်ပေါင်း ၁၆၉ ရက်သာ ကြာခဲ့ ပါတယ်၊
အဲဒီနောက်မှာတော့ ယူကရိန်းနယ်မြေကို ဟန်ဂေရီတွေက သိမ်းယူခဲ့ပြီး ဘိုဟေးမီးယားနဲ့ မိုရာဗီးယားကတော့ ဟစ်တလာရဲ့ နာဇီပါတီဝင်ဂျာမန်တွေ ထိမ်းချုပ်တာကို ခံခဲ့ရပြီးတော့  ဒုတိယ ကမ္ဘာစစ်ထဲ ဝင်ရောက်ပါဝင်ခဲ့ရပါတယ်၊
ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၅ မှ ၁၉၄၈ အတွင်းကိုတော့ တတိယ ချက်ကိုစလိုဗက်ကီးယား နိုင်ငံတော်အဖြစ် သတ်မှတ်ကြပါတယ်၊ ၁၉၄၈ ခု ကမ္ဘာစစ်ပြီး နောက်ပိုင်း နာဇီဂျာမဏီတွေ စစ်ရှုံးနိမ့်ပြီး ချက်ကိုစလိုဗက်ကီးယား ဒေသမှာလည်း ကမ္ဘာတဝှန်း ထင်ပေါ်ကျော်ကြား လူကြိုက်များပြားလာတဲ့ ကွန်မြူနစ်ဝါဒနဲ့အတူ ကွန်မြူနစ်ပါတီက နိုင်ငံတော် ဦးစီးဦးဆောင်တဲ့နေရာကို ရောက်ရှိလာခဲ့ပါတယ်၊
၁၉၄၈ ခုနှစ်မှာ ဆိုဗီယက်ရုရှားတွေရဲ့ အားပေး ထောက်ခံမှုနဲ့ နိုင်ငံတော်အာဏာကို ကွန်မြူနစ်ပါတီက အာဏာသိမ်းယူ ချုပ်ကိုင်နိုင်ခဲ့ပြီး ၁၉၆၀ ခု နှစ်မှာ Československá socialistická republika (cs) Czechoslovak Socialist Republic (en) ချက်ကိုစလိုဗက်ကီးယား ဆိုရှယ်လစ်သမတနိုင်ငံ ဆိုပြီးတော့ တရားဝင်ကြေညာခဲ့တာပါ၊
နှစ်ပေါင်း သုံးဆယ်ကျော် လေးဆယ်ခန့် ချက်နဲ့ဆလိုဗက်ကီးယား နယ်မြေနှစ်မြေ ပေါင်းစည်းတည်ဆောက် ခဲ့တဲ့ ဆိုရှယ်လစ်နိုင်ငံတော်ကြီးဟာ ဆိုရှယ်လစ်စနစ်ရဲ့ အနှစ်သာရတွေကို မလိုက်နာနိုင်သော မကျင့်သုံးနိုင်သော လူသားတွေကြောင့်ဘဲ ဘက်ပေါင်းစုံကနေ ယိုယွင်းပျက်စီးလာခဲ့ပြီး ၁၉၈၉ ခု အရောက်မှာတော့ တခြားကမ္ဘာ့ဆိုရှယ်လစ် အမည်ခံနိုင်ငံများနည်းတူ ဇာတ်သိမ်းခန်းသို့ ရောက်ခဲ့ ရတာပါဘဲ၊
၁၉၈၉ ခု ကနေ ၁၉၉၂ ခုနှစ်အထိ သုံးနှစ်ကြာ ဖြစ်ပွားခဲ့တဲ့ Sametová Revoluce (cs) Velvet Revolution  ကတ္တီပါ တော်လှန်ရေးအပြီးမှာ ချက်နဲ့ စလိုဗက်ကီးယားတို့ဟာ လမ်းခွဲခဲ့ကြရ တာကြောင့် ထိုကတ္တီပါ တော်လှန်ရေးကြီးကို တချို့ကတော့ Velvet divorce လို့ခေါ်ကြပါတယ်တဲ့၊
အဲဒီသုံးနှစ်တာကာလကိုတော့ Czech and Slovak Federal Republic ဆိုပြီး တရားဝင်အမည် ပေါက်ခဲ့ပါတယ်၊
 
Česká republika (Česko)
ချက်ကိုစလိုဗက်ကီးယားဆိုပြီး ပထမကမ္ဘာစစ်ပြီးကာလ ၁၉၁၈ ခုနှစ်ကနေ စတင်အမည် ခေါ်တွင် ခဲ့တဲ့ နိုင်ငံတနိုင်ငံဟာ နောက် နှစ်ပေါင်း ၇၅ နှစ်အကြာမှာတော့ အမည်ပြောင်းလဲရုံမျှမက ပေါင်းစပ်တည်ဆောက်ထားခဲ့တဲ့ နယ်မြေဒေသနှစ်ခုကို ပြန်လည်ခွဲခြားခဲ့ပြီး ကမ္ဘာ့မြေပုံပေါ်မှာ နိုင်ငံ နှစ်နိုင်ငံအဖြစ် ပြန်လည်ပြီး တွေ့မြင်ရပြန်ပါတော့တယ်၊
၁၉၉၃ ခု ဇန်နဝါရီလဆန်း တစ်ရက်နေ့မှာ ဆိုရှယ်လစ်လူ့ဘောင်ကြီး တည်ဆောက်ရေးကာလ အဆုံးသတ်ပြီးတော့ ချက်ကိုစလိုဗက်ကီးယား ဆိုတဲ့နိုင်ငံကနေ ချက်ရီပတ်ဘလစ်ရယ် ဆလိုဗက်နိုင်ငံရယ်ဆိုပြီးတော့ လမ်းခွဲလျှောက်ခဲ့ကြတာပါ၊
ချက်နိုင်ငံရဲ့ သမိုင်းကြောင်းတလျှောက်မှာတော့ ချက်ဘာသာစကားနဲ့ဆိုရင် Čechy လို့ခေါ်တဲ့ ဘိုဟေးမီးယားဒေသရယ် မိုရာဗီးယားဒေသရယ် ဆီလီစီးယားဒေသရယ် တို့ကတော့ အခုထိတော့ လက်တွဲမဖြုတ်ကြသေးပါဘူး၊ ဒါပေမဲ့ ဒီနေ့ခေတ်အခါကလည်း တွဲရေးထက် ခွဲရေးတွေက ပိုလို့သာ များနေတာမို့ ကမ္ဘာ့မြေပုံကလည်း ခဏခဏပြောင်းပြီး ရေးဆွဲနေကြတာကို တွေ့မြင်နေရပါတယ်၊ နယ်နမိတ်တွေ ပိုင်းခြားပြီး နိုင်ငံသစ်တွေပေါ်လာသလို အမည်ပြောင်းတဲ့ နိုင်ငံဟောင်းတွေလည်း များမှများဘဲ မဟုတ်လား၊
တခါတခါ အထူးသဖြင့်တော့ အာဖရိကနိုင်ငံများပါ၊ ကိုယ်မကြားဖူးလို့ နိုင်ငံအသစ်လား မြေပုံပေါ်မှာ ရှာကြည့်လိုက်တဲ့အခါ အမည်ပြောင်းထားတာရယ် ကိုယ်မတတ်တဲ့ ဘာသာစကားနဲ့ အဲဒီအမည်ကိုဘဲ အသံထွက်ပြောင်း အက္ခရာကတော့ အေဘီစီဒီတွေ အသုံးပြုပြီး ရေးထားတာမျိုး ဖြစ်နေတာပါ၊ ဥရောပ ဘာသာစကားတွေကလည်း ရုရှားဘက် နိုင်ငံတွေက လွဲလို့ ကျန်နိုင်ငံတွေရဲ့ ဘာသာစကားမျိုးကွဲတွေ အားလုံးလိုလိုရဲ့ အက္ခရာတွေကတော့ အတူတူပါဘဲ၊
အဲသလိုကြောင့် ဒေသခံ ချက်လူမျိုးတွေက Praha ပရာဟာ ဆိုပြီးခေါ်တဲ့ ချက်နိုင်ငံရဲ့ မြို့တော်ကို ဂျာမဏီလို Prag အီတလီ စပိန်နဲ့ ပိုလန်တို့က Praga  ပြင်သစ်နဲ့ အင်္ဂလိပ်ကတော့ Prague လို့ ဆိုပြီး လူမျိုးအသီးသီးဟာ ကိုယ်နားကကြားသလို ကိုယ်ထွက်နိုင်တဲ့အသံနဲ့ ခေါ်ဆိုကြပြီး ကိုယ့် ဘာသာစကားနဲ့ ကိုယ်ရေးနိုင်တဲ့ စကားလုံးတွေနဲ့ အနီးစပ်ဆုံး အသံကို ဖလှယ်ပြီး ရေးကြ ပြောကြ တာပါ၊ ဒီလိုဘဲ ဥရောပနေရာဒေသမျိုးစုံမှာ ဒီလို A B C D E တွေကိုဘဲ အရေးတူပြီး အသံထွက်ကွဲ အသံတူပြီး အရေးကကွဲ တခါတခါလည်း အသံထွက်ရော အရေးအသားတွေရော ကွဲလွဲကြတာပါ၊
 
ပရာဟာမြို့ဟောင်း
ရွှေပြည်တော်ကြီးရဲ့ ရှစ်ပုံမှာ တပုံခန့်သာကျယ်ဝန်းတဲ့ ယနေ့ချက်သမတနိုင်ငံဟာ အကျယ်ဧရိယာ စတုရန်းမိုင် ၃၀၄၅၀ ရှိပြီး လူဦးရေကတော့ ဆယ်သန်းကျော် ရှိပါတယ်၊ ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပြီး ဥရောပရဲ့ အလယ်ခေါင်တည့်တည့်လောက်မှာ တည်ရှိနေတာပါ၊ တောင်ကုန်းတောင်တန်းတွေက သိပ်အမြင့်ကြီး မရှိလှဘဲ ပိုလန်နယ်စပ်မှာတည်ရှိတဲ့ တောင်ကတုံးသာသာ မြင်တွေ့ရတဲ့ အမြင့်ဆုံး Sněžka တောင်ကတော့ ပုပ္ပါးတောင်နဲ့ ခပ်ဆင်ဆင်တူပြီး အမြင့်ပေကလည်း ပုပ္ပါးထက် နှစ်ရာ ကျော်သာသာ ပို၍မြင့်မားပြီး ပေငါးထောင်နှစ်ရာသာမြင့်ပါတယ်၊
ဆောင်းတွင်းမှာတော့ နှင်းများဖုံး ရေခဲနေတတ်ပြီး အအေးချိန် အနှုတ်နှစ်ဆယ်ဒီဂရီ စင်တီဂရိတ် ကျော်အောင် အေးမြလှပါတယ်၊ စိုက်ပျိုးရေးကောင်းမွန်ပြီး စက်မှုလက်မှုလုပ်ငန်းတွေကလည်း အလယ်ပိုင်းနဲ့အရှေ့ပိုင်းဥရောပနိုင်ငံ တွေထဲမှာ အထွန်းကားဆုံး အတိုးတက်ဆုံး နယ်မြေလို့ ပြောလို့ရပါတယ်၊ ကုန်းတွင်းပိတ်နေပြီး ပင်လယ်ကမ်းခြေ မရှိသည်သာမက မြစ်ကြီးကြီးမားမားလည်းမရှိပါဘူး၊ ပရာဟာမြို့ကို ဖြတ်သန်းစီး ဆင်းသွားတဲ့ Vltava မြစ်ကတော့ ဒီဒေသရဲ့ အရှည်ဆုံးမြစ်ဖြစ်ပါတယ်၊
 
Vyšehrad fortress မှလှမ်းမြင်ရတဲ့ ဗလ်တာဗာမြစ်နဲ့ ပရာဟာမြို့
အရှည် ၂၆၇ မိုင်သာရှိပြီး ချက်နိုင်ငံရဲ့အရှည်ဆုံးမြစ် Vltava ဗလ်တာဗာမြစ် ဂျာမန်လိုဆိုရင်တော့ Moldau မြစ်ဟာ Šumava ခေါ် Bohemian Forest ဒေသကနေ မြစ်ဖျားခံပြီး တောင်မှမြောက်သို့ စီးဆင်းလာရာကနေ ပရာဟာမြို့လယ်ကို ၁၉ မိုင်ခန့်  ဖြတ်သန်းစီးဆင်းသွားပြီးနောက် Labe (cs) Elbe (de) အဲလ်ဘဲမြစ်နဲ့ ပေါင်းဆုံသွားပါတယ်၊ ဗာလ်တာဗာမြစ်ပေါ်မှာ တံတားကြီးပေါင်း ၁၈ စင်း ရှိပြီး ပရာဟာမြို့လယ်က Charles Bridge ချားလ်တံတားကြီးကတော့ ရှေးဟောင်းကျလှသလို နာမည်ကျော်ကြားလှပါတယ်၊ ချက်နိုင်ငံမှ စတင်မြစ်ဖျားခံတဲ့ အဲလ်ဘဲမြစ်ကတော့ မိုင် ၆၈၀ ကျော် ရှည်လျှားပေမဲ့ ဘိုဟေးမီးယားဒေသကို မိုင် ၂၀၀ ခန့်သာ ဖြတ်သန်းစီးဆင်းပြီး ဂျာမဏီရဲ့ မြို့ကြီး တမြို့ဖြစ်တဲ့  Dresden မြို့အနီးကနေမှတဆင့် ဂျာမဏီရဲ့ ဒုတိယအကြီးဆုံးမြို့ ဥရောပရဲ့ ဒုတိယ အကြီးဆုံးဆိပ်ကမ်းမြို့ဖြစ်တဲ့ Hamburg မြို့အရောက်မှာတော့ မြောက်ပင်လယ်ထဲသို့ ဝင်ရောက် သွားတာပါ၊ ( နယ်သာလန်နိုင်ငံမှာရှိတဲ့ Port of Rotterdam ကတော့ ဥရောပရဲ့ အကြီးဆုံးသော ဆိပ်ကမ်းကြီးပါ ဒီအကြောင်းတွေကို နောက်များမှာတော့ ရေးပါအုံးမယ်)၊ တခြားသော ချက်နိုင်ငံ အတွင်းရှိ မြစ်များကတော့ မိုင်တရာခန့်သာရှည်ကြပြီး သိပ်ပြီးတော့ ထင်ရှားအရေးပါခြင်း မရှိပါဘူး၊
 
Karlův most (cs) Charles Bridge (en) တော်ဝင်ချားလ်တံတား
Numerology ကို ယုံကြည်လှတယ်လို့ ဆိုကြတဲ့ ချားလ်ဘုရင်ဟာ သူကိုယ်တိုင် ရွေချယ်ထားတဲ့ အချိန်အခါကောင်း ၁၃၅၇ ခုနှစ် ဂျူလိုင်လ ကိုးရက်နေ့ မနက် ငါးနာရီ သုံးဆယ့်တစ်မိနစ် အချိန်မှာ မူလအမည် ပရာဟာတံတားကြီးကို သူကိုယ်တိုင် အုတ်မြစ်ချ တည်ဆောက်ခဲ့ပေမဲ့ သူကိုယ်တိုင် ကတော့ ဖြတ်လျှောက်မသွားခဲ့ရပါဘူး၊ သူသေပြီးနောက် ၂၄ နှစ်အကြာ စုစုပေါင်း နှစ်လေးဆယ် ကျော်ကြာအောင် ဆက်လက် တည်ဆောက်ခဲ့ရပြီးမှသာ ဖွင့်လှစ်အသုံးပြုနိုင်ခဲ့ပါတယ်၊ ဒါပေမဲ့ အဲဒီ ချားလ်တံတားကြီးဟာ ရာစုနှစ်ပေါင်းမြောက်များစွာ နေဒဏ် လေဒဏ် ရေဒဏ် လူဒဏ် စစ်ဒဏ် ဘေးအန္တရာယ် အမျိုးစုံကို ခံစားခဲ့ရပေမဲ့ ချားလ်ဘုရင်ရဲ့သူယုံကြည်တဲ့ ကိန်းဂဏန်းတွေနဲ့ သေချာ တွက်ချက်ပြီး တည်ဆောက်ခဲ့လို့ ဆိုရမလားမသိ ဒီကနေ့ မောင်ရင်ငတေတို့ ခေတ်ကာလထိတိုင် ပျက်ရင်းပြင်ရင်းနဲ့ နှစ်ပေါင်းခြောက်ရာကျော်တိုင်အောင် ကြံကြံခံ တည်ရှိနေဆဲ ဖြစ်ပါတယ်၊ နေ့စဉ် ကမ္ဘာအရပ်ရပ်က ထောင်ပေါင်းများစွာသော လာရောက်ကြည့်ရှုသူ ဖြတ်လျှောက်နေကြသူများနဲ့ အမြဲလိုစည်ကားနေတဲ့ နေရာတခုဖြစ်ပါတယ်၊ ၃၁ ပေ ကျယ်ပြီး ၁၆၉၂ ပေ ရှည်တဲ့ ဒီကျောက်တုံး တံတားကြီးပေါ် ပရာဟာမြို့ကို တနှစ်တနှစ် ရောက်ရှိလာကြတဲ့  ၅ သန်းသော ဧည့်သည်များထဲမှာ ဖြတ်လျှောက်မသွားဖြစ်သော သူတွေကတော့ အရေအတွက် အနည်းငယ်မျှသာ ရှိနိုင်ပါတယ်၊ ဒီ ပရာဟာမြို့ကြီးဟာ သူတည်ရှိခဲ့တဲ့ ခေတ်ဟောင်းသမိုင်းတွေနဲ့အတူ ခေတ်သစ်ကမ္ဘာမှာလည်း နောက်တန်းကကျန်မနေခဲ့ပါဘူး၊ မြို့အနေနဲ့က ရှေးလက်ရာအဟောင်းတွေကို ထိမ်းသိမ်းထားနိုင်ခဲ့ ရုံသာမကဘဲ တည်ငြိမ်လာတဲ့ နိုင်ငံရေး တိုးတက်လာတဲ့ စီးပွားရေးတို့နဲ့အတူ ကမ္ဘာအရပ်ရပ်ကို ရောက်အောင်သွားချင်ကြသူတွေရဲ့ အကြားမှာတော့ စိတ်ဝင်တစား ဦးစားပေးစာရင်းထဲမှာ အဓိက ထိပ်ဆုံးကရှိနေတဲ့ မြို့တမြို့အဖြစ် ရောက်ရှိလာပါပြီ၊ ပရာဟာမြို့တော် အတွင်းမှာဘဲ မသွားမဖြစ် သွားသင့်တဲ့ သွားကြရမဲ့နေရာတွေ တော်တော်များများ ရှိနေတာမို့ အကယ်၍များ ပရာဟာမြို့ကို သွားရောက် လည်ပတ်မယ်ဆိုရင် အကြံပြုချင်တာကတော့ အနည်းဆုံး သုံးလေးရက်မျှ အချိန်ပေး နိုင်မှသာလျှင် သွားသင့်ကြောင်းပါ၊ နေ့ချင်းပြန် သွားလည်သင့်တဲ့ မြို့မျိုး မဟုတ်ကြောင်းပါ၊
 
ပရာဟာမြေအောက်ရထာ
ပရာဟာမြို့ပေါ်မှာ နေထိုင်ကြတဲ့ လူဦးရေ တသန်းခွဲနီးပါးအတွက် သွားလာရေးကတော့ အစဉ်ပြေ ချောမွေ့တယ်လို့သာ ဆိုရပါမယ်၊ မြို့တွင်းမြေအောက်ရထားလိုင်း သုံးလိုင်းရှိပြီးတော့ မြေပေါ်သွား
ဓါတ်ရထားလိုင်း အများအပြားရှိပါတယ်၊ မြေအောက်ရထား သုံးလိုင်းထဲမှာ တခြားအပြစ်ပြောစရာ ထူးထူးခြားခြား မရှိပေမဲ့ မြေအောက်ကိုဆင်းတဲ့ စက်လှေကားတွေကို တပ်ဆင်ထားတာကတော့ မတ်စောက်လွန်းလှပါတယ်၊ ကွန်မြူနစ်ခေတ် ၁၉၇၄ ခုနှစ်က ဆိုဗီယက်ရုရှားအထောက်အပံ့တွေနဲ့ စတင်တည်ဆောက်ခဲ့လို့ ရုရှားပုံစံ ဝင်နေသလိုပါဘဲ၊ သုံးလိုင်းပေါင်းအရှည် ၆၀ ကီလိုမီတာရှည်ပြီး ၅၇ ဘူတာရှိပါတယ်၊ ၁၉၇၄ ခုနှစ်မှာ ပထမဆုံး စတင်ဖွင့်လှစ်ခဲ့တဲ့ တောင်မြောက်သွား အနီရောင် စီလိုင်းရယ် မြို့အရှေ့အနောက်ကိုသွား အဝါရောင်လိုင်းဘီရယ် ၂၀၂၁ ခုနှစ်မှာ ပရာဟာလေဆိပ် ထိအောင် ရောက်တော့မယ်ဆိုတဲ့ အစိမ်းရောင်လိုင်းအေတို့ရဲ့ မြို့လယ်ခေါင် ဧရိယာ တြိဂံဆုံချက် ကတော့ Můstek Muzeum Florenc ဘူတာသုံးခု ဖြစ်ပါတယ်၊ အပြာရောင်ဒီလိုင်းကိုတော့ ၂၀၁၅ ခုနှစ်မှာစတင်ပြီး တည်ဆောက်ဖို့ စီစဉ်ရေးဆွဲနေပါတယ်၊ ဘယ်အချိန်မှာ ပြီးစီးမယ်လို့ ခန့်မှန်းချက် ဆိုတာထက် အမှန်တကယ် အလုပ်စတင်ဖို့တောင် မလွယ်သေးပါဘူး၊ မတည်ဆောက်ခင်ဆယ်နှစ် တည်ဆောက်ချိန်ဆယ်နှစ်ကတော့ အနည်းဆုံးအချိန်ယူရမှာပါ၊ ဒီမြေအောက်ရထား သုံးလိုင်းမှာ တရက်ကို ခရီးသွားသူပေါင်း တသန်းခွဲ လောက်ရှိပြီး ဥရောပရဲ့ ခုနှစ်ခုမြောက် လူအစည်ကားဆုံး အရှုတ်ထွေးဆုံး မေထရိုမြေအောက်ရထားလမ်းကြောင်း ဖြစ်ပါတယ်တဲ့၊ သန့်ရှင်းသပ်ရပ်မှုမှာတော့ မဆိုးလှဘဲ တချို့ဥရောပမြို့ကြီးတွေ ဥပမာပါရီမြို့ရဲ့ မြေအောက်ဘူတာတွေထဲမှာ တွေ့ရတတ်တဲ့ လမ်းဘေးရောက် လူတန်းစားမျိုးတွေကိုတော့ သိပ်မတွေ့ရပါဘူး၊
 
သံလမ်းပြေးဓါတ်ရထား
မြေပေါ်မှာပြေးဆွဲနေတဲ့ဓါတ်ရထားများကတော့  ဆေးရောင်အမျိုးမျိုး ကြော်ငြာဒီဇိုင်းအမျိုးမျိုးတွေ ရေးချယ်ထားလို့လား မသိပါဘူး၊ ကြည့်လို့မရိုးနိုင်သလို ဓါတ်ပုံရိုက်မှတ်တမ်းတင်လို့လည်း မဆုံးနိုင် ပါဘူး၊ ဓါတ်ရထားလမ်းတွေရယ် ကားလမ်းတွေရယ် ဆိုင်ကယ်တွေ စက်ဘီးတွေရယ် လူတွေရယ် ဓါတ်တိုင်တွေ ဓါတ်ကြိုးတွေနဲ့ ရောထွေးပြီး ရှုတ်ရှက်ခတ်နေတာကတော့ ပရာဟာမြို့လယ်ခေါင်က လမ်းမများပါဘဲ၊ ဥရောပဘယ်မြို့မှာမှ ဒီလောက်ရှုတ်တာ မရှိဘူးလို့ ထင်ပါတယ်၊ ဒီဓါတ်ရထားခေါ်
Tramway သို့မဟုတ် Streetcar များဟာ ဥရောပမြို့ တော်တော်များများမှာ မရှိမဖြစ် အသုံးပြုနေ
ကြတာကို တွေ့မြင်နေရပါတယ်၊ ဒီဓါတ်ရထားလမ်းတွေဟာ မြို့လယ်ခေါင် လူသွားလူလာ ထူထပ် များပြားလှတဲ့ နေရာတွေမှာဆိုရင် တော်တော်ရှောင်ရခက်တာပါ၊ ကားလေးတွေရော ဘတ်စ်ကား တွေကလည်း ဒီဓါတ်ရထားလမ်းပေါ်မှာ မောင်းကြတာပါ၊ ဓါတ်ရထားကလည်း အပေါ်ကဓါတ်ကြိုးနဲ့ ထိထားပြီး အောက်ကသံလမ်းပေါ်မှာ မောင်းရတာဆိုတော့ လမ်းတလျှောက် ဓါတ်ကြိုးတွေကြောင့် ကိုယ်ရိုက်ချင်တဲ့ ဓါတ်ပုံတပုံကို ဓါတ်ကြိုးလွတ်အောင် ရှောင်ရိုက်ရတာကလည်း ပညာတမျိုးပါဘဲ၊ ဒါကြောင့်ဘဲ ထင်ပါတယ် ပါရီမြို့တော်မှာ ယခင် ၁၉၀၀ ခုမတိုင်ခင် ကာလကတဲက တည်ရှိခဲ့သော မြေပေါ်သွား ဓါတ်ရထားလိုင်းများကို ၁၉၃၈ ခုနှစ်မှာ အပြီးတိုင်ဖျက်သိမ်းပစ်ခဲ့လို့ ဒီကနေ့ ပါရီမြို့ရဲ့ မိုးကောင်းကင်ကို မော်ကြည့်လိုက်ရင် ဓါတ်တိုင်ဓါတ်ကြိုးတွေ တော်တော်ကင်းရှင်းတာကို တွေ့ရှိရ ပါတယ်၊ http://iwprague.vse.cz/archive/iwp2006/images/schema-metra-v-praze.pdf
မြို့တွင်းသွား မြေအောက်ရထား မြေပေါ်ဓါတ်ရထားလမ်းကြောင်း
ပရာဟာမြို့ပေါ်မှာ ဓါတ်ရထားလိုင်းပေါင်း ၂၄ လိုင်းရှိပြီး စုစုပေါင်း ၁၄၂ ကီလိုမီတာ ရှည်လျှားတဲ့ လမ်းကြောင်းရှိပါတယ်၊ ၁၈၇၅ ခုနှစ်မှာ သံလမ်းပေါ်မှာ မြင်းနဲ့ဆွဲတဲ့ horse-drawn tram ကိုစတင် ဖွင့်လှစ်ခဲ့ပြီး ၁၈၉၁ ခုနှစ်မှာ ပထမဆုံးသောလျှပ်စစ်ဓါတ်ရထား ပြေးဆွဲခဲ့တာပါ၊ ယခုခေတ် ဥရောပ မြို့တွေမှာ ပြေးဆွဲအသုံးပြုနေတဲ့ ဓါတ်ရထားတွေက လမ်းတလျှောက် အပေါ်ကဓါတ်ကြိုးနဲ့ထိထား ဓါတ်အားရယူကာ ရထားလို သံလမ်းအတိုင်း သံဘီးနဲ့သွားတဲ့ ပုံစံမျိုးရယ် နောက်တမျိုးက နှစ်စီးတွဲ ကားလို ကတ္တရာလမ်းပေါ်မှာ တာယာဘီးနဲ့သွားရပြီး အပေါ်ကတော့ ဓါတ်ကြိုးတန်းလန်းနဲ့ သွားကြ တဲ့ပုံစံမျိုးပါ၊ အဲလိုကားတာယာဘီးနဲ့သွားတဲ့ ဓါတ်ရထား အမျိုးအစားကတော့ တွေရခဲပါတယ်၊ ဒီမြို့
ပေါ်က ဓါတ်ရထားတွေဟာ မနေ့တနေ့ကမှ စက်ရုံက ထွက်လာတဲ့ ခေတ်မှီပုံစံ ကျယ်ကျယ်ဝန်းဝန်း ရှိပြီး ဆင်းရတက်ရလွယ်ကူတဲ့ မောလ်ဒယ်အမြင့်တွေကို တွေ့ရှိရသလို တွဲပေါ်ရောက်ဖို့ကို လှေခါး သုံးထစ်လောက် တက်ရပြီး ရထားတွဲထဲမှာလည်း သစ်သားခုံတွေနဲ့ လွန်ခဲ့သော နှစ်ပေါင်း လေးငါး ခြောက်ဆယ်က ထုတ်လုပ်ခဲ့တဲ့ ဓါတ်ရထားအိုကြီးတွေကိုလည်း အမြောက်အများ တွေ့ရှိရပါတယ်၊
 
ကားလမ်း ဓါတ်ရထားလမ်း ရောထွေးနေတဲ့ ပရာဟာမြို့က ဓါတ်ရထားလိုင်း အမှတ် ၂၂
အမှတ် ၂၂ ဓါတ်ရထားလိုင်းကတော့ ပရာဟာမြို့သို့ လာရောက်လည်ပတ်သူတွေကို အစွဲဆောင် နိုင်ဆုံးသော အဓိက အကျဆုံးသော အထိမ်းအမှတ် ရှေးကအဆောက်အဦးများရှိရာ မြို့ဟောင်း မြို့လယ်နဲ့ မြို့ပြင်ကို ဆက်သွယ်ပေးထားလို့ ဒီဓါတ်ရထားကို အစအဆုံးသာ စီးသွားခဲ့ရင် အဓိက နေရာတွေ  တွေ့မြင်ရမှာပါ၊ ပရာဟာမြို့ပေါ်မှာ မြေပေါ်မြေအောက်သွား ရထားတွေကို စီးခဲ့ရပေမဲ့ လိုင်းဘတ်စ်ကား ပြေးဆွဲနေတာကိုတော့ သိပ်မတွေ့ မမြင်ခဲ့ရသလို မောင်ရင်ငတေ ရောက်ရှိခဲ့တဲ့ နှစ်ခေါက်စလုံးမှာ လိုင်းကားကို မစီးဖြစ်ခဲ့ပါဘူး၊ လိုက်လံပို့ဆောင်ပေးတဲ့ အိမ်ရှင် တိုးလ်ရစ်ဂိုက်က ဘတ်စ်ကားစီးရတာ မကြိုက်လို့လား မစီးတတ်လို့လားတော့ မသိပါဘူး၊ မြို့အပြင်ရှိ ဗီယက်နမ်ဈေး ဆိုတာကို သွားခဲ့တဲ့အခေါက်နဲ့ ပရာဟာလေဆိပ်ကို သွားတုန်းကသာ ဘတ်စ်ကား စီးခဲ့ဖူးပါတယ်၊ လေဆိပ်ထိရောက်အောင် ဖောက်နေတယ်ဆိုတဲ့ မြေအောက်ရထားလမ်းဆိုတာက စာရွက်ပေါ်မှာ စီမံကိန်းအဆင့်သာ ရှိနေပါသေးတယ်၊ နေရာတိုင်း မြို့တိုင်းမှာ လူအတော်များများ ပြောကြတာက မြေအောက်ထက်မြေပေါ်မှာ ရထားများကားများနဲ့ သွားရတာကိုသာ ပိုမိုကြိုက်နှစ်သက်ကြကြောင်း
ပြောကြပေမဲ့ ခပ်မြန်မြန်သွားလို့ရပြီး အလုပ်ဖြစ်တာကတော့ မြေအောက်ရထားများသာ ဖြစ်တယ် ဆိုတာကို နေ့စဉ်လိုလို အလုပ်သွား အလုပ်ပြန် စီးနေကြသူ အများစု သဘောတူကြမှာပါ၊
 
မိနစ်ကိုးဆယ်လက်မှတ်နဲ့ နှစ်ဆယ့်လေးနာရီလက်မှတ် ဈေးနှုန်းများ
လက်မှတ်ဈေးနှုန်းတွေကတော့ ဈေးများတယ်လို့ မဆိုနိုင်သော်လည်း သိပ်တော့သက်သာတယ်လို့ မဆိုနိုင်ပြန်ပါဘူး၊ ပုံမှန်လက်မှတ်တစောင်ကို ၃၂ ခရူနာ Koruna česká (CZK) ပေးလိုက်ရင် မိနစ် ၉၀ ဆင်းလိုက် တက်လိုက် စိတ်ကြိုက်လုပ်ပြီး စီးနိုင်ပါတယ်၊ နှစ်ဆယ့်လေးနာရီလက်မှတ် ဒီကနေ့ မနက် ၉ နာရီက စပြီးစီးတယ်ဆိုရင် နောက်တနေ့မနက် ကိုးနာရီထိ စီးလို့ရတဲ့ တနေ့စာ လက်မှတ် ပုံစံမျိုးကို ချက်ငွေ ခရူနာ ၁၁၀ ပေးခဲ့ရပါတယ်၊ သုံးရက်လက်မှတ်က ၃၁၀ ငါးရက်လက်မှတ်ဆိုရင် ၅၀၀ ပေးရမှာပါ၊ တဘူတာ မှတ်တိုင်တတိုင်သာ သွားရမှာဆိုရင်တော့ နာရီဝက်အတွင်း သုံးလို့ရတဲ့ ၂၄ ခရူနာတန် လက်မှတ်လည်း ရှိပါသေးတယ်၊ သုံးစွဲကြတဲ့သူနည်းပါးတဲ့ လက်မှတ်အမျိုးအစားပါ၊ လက်မှတ်တွေကိုတော့ ဘူတာရုံမှာ ရောင်းချတာအပြင် လမ်းဘေး ကုန်စုံဆိုင် အသေးလေးတွေမှာ ရောင်းပါတယ်၊ အခုဆိုရင် လက်ကိုင်ဖုန်းကနေ SMS ပို့ပြီးဝယ်ယူလို့ ရနေပါပြီ၊ လက်မှတ်ဈေးနှုန်း တွေကတော့ ဒီကနေ့ ချက်ငွေ ပေါက်ဈေးအရ တယူရိုပေးရင် ၂၅ ခရူနာရတော့  မိနစ်ကိုးဆယ်စီး လို့ရတဲ့ လက်မှတ်တစောင် တယူရိုခွဲနီးပါး တရက်ဆိုရင် လေးယူရိုခွဲလောက် ကျသင့်နေလို့ တခြား ဥရောပရဲ့ မြို့ကြီးတွေက လက်မှတ်ဈေးနှုန်းနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် ဈေးသက်သာလှတယ်တော့ ပြောလို့မရပါဘူး၊ ပရာဟာမြို့ပေါ်မှာ အခြေစိုက် နေထိုင်သူတွေ အတွက်ကတော့ လပေးလက်မှတ် ဝယ်ရင် ၅၅၀ ခရူနာ ဆိုတော့ကာ ခေတ္တခဏ လာရောက်လည်သူတွေအတွက် ငါးရက်စာပေးရတဲ့ လက်မှတ်တန်ဖိုးနဲ့ အတူတူ ဖြစ်နေတာပါ၊
 
မြေအောက်ဘူတာအတွင်းလမ်း
ချက်နိုင်ငံသူ နိုင်ငံသားတွေအတွက် သာမန်ဝန်ထမ်း တယောက်အဖြစ် ရတဲ့ဝင်ငွေနဲ့ နေထိုင်စရိတ် စားသောက်စရိတ် သွားလာစရိတ်တွေကို ဖယ်နှုတ်လိုက်ရင် ပိုပိုလျှံလျှံ မရှိကြပေမဲ့ လုံလောက်ရုံ ကာမိရုံတော့ ရှိကြပါတယ်၊ သာမန်တဦးချင်းဝင်ငွေက မများသော်လည်းဘဲ စားသောက်စရိတ်က သက်သာတာကြောင့် နေပျော်စားပျော်တော့ရှိတဲ့ နိုင်ငံတနိုင်ငံပါ၊ ဒါပေမဲ့ တခုတွေ့ရှိတာက သူတို့ နိုင်ငံရဲ့ တိုးတက်လာသော စီးပွားရေးနဲ့အတူ တိုးတက်လာသော လူမှုအခက်အခဲတွေကြောင့်လား တော့မသိပါဘူး၊ ချက်လူမျိုးတွေဟာ ပြင်သစ်တွေထက် စိတ်ပိုတိုလွယ်တာကို တွေ့မြင်ရကြောင်းပါ၊ အဲသလိုပါဘဲ၊ ပြင်သစ်လူမျိုးတွေထက်စာရင် ဂျာမန်လူမျိုးတွေ နယ်သာလန်လူမျိုးတွေက လမ်းပေါ် ရထားပေါ် ကားပေါ်တွေမှာ ပိုမိုဖေါ်ရွေယဉ်ကျေး ကူညီတတ်ကြတာကိုလည်း မြင်တွေ့ရကြောင်းပါ၊
 
အရှေ့ဂျာမန်နယ်စပ်အနီးက Labe (Elbe) မြစ်ရေပြင်နဲ့ Ústí nad Labem မြို့အဝင်
Česká republika (Česko) la République tchèque (fr) Czech Republic (en)
Tschechischen Republik (de) Repubblica Ceca (it) República Checa (es)
Děkuji (Thank you)                    (ဒုတိယပိုင်းဆက်ပါမည်)                       မောင်ရင်ငတေ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts