>Burmese drown to dead in boat accident when finding shelter after hearing Monsoon Storm News

>

မုတ်သုံမုန်တိုင်းကို ကြောက်လန့်၍ မြို့သို့ ခိုလှုံရန်လာသူများ လှေမှောက်ပြီး သေဆုံးရ
မိုးမခ အထောက်တော် (ရန်ကုန် )
ဧပြီ ၂၄၊ ၂၀၀၉
ပြီးခဲ့သည့် သင်္ကြန်မတိုင်မီ ရက်ပိုင်းအလို ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် အပူပိုင်း မုန်တိုင်း သတင်းကြောင့် လပွတ္တာမြို့နယ် တောင်ပိုင်းရှိ ကျေးရွာအချို့မှ ရွာသားများ မြို့သို့ ခေတ္တခိုလှုံရန် တက်အလာတွင် လှေ ၂စီးတိမ်းမှောက်ခဲ့ရပြီး ၁၀ဦးထက်မနည်း သေဆုံးခဲ့ရသည် ဟုသိရသည်။

ထိုရက်ပိုင်း အတွင်းက မုန်တိုင်း အန္တရာယ်ကို ကြောက်လန့်ပြီး လပွတ္တာမြို့သို့ ခေတ္တခိုလှုံလာသူပေါင်း ထောင်ချီရှိခဲ့ပြီး လပွတ္တာမြို့ရှိ ဘုန်းတော်ကြီးကျောင်း အချို့တွင် ယာယီ ခိုလှုံခဲ့ကြကြောင်းသိရသည်။ သေဆုံးခဲ့ရသော ခိုလှုံလာသူများ၏ နေထိုင်ရာ ကျေးရွာ အမည်ကို မေးမြန်းစုံစမ်း၍ မရသော်လည်း လှေ၂စီး တိမ်းမှောက်မှုကြောင့် အမျိုးသမီးနှင့် ကလေးငယ်များ ၁၀ဦးထက် မနည်း သေဆုံးခဲ့ရသည်ဟု လပွတ္တာမြို့မှ စက်တပ်လှေ မောင်းသူများက အတည်ပြု ပြောဆိုကြသည်။

လပွတ္တာမှ စက်တပ်လှေ မောင်းသူက ပြောဆိုရာတွင် `ဒီဒေသရဲ့ တချို့ချောင်းတွေ မြစ်တွေက မိုးမရွာပေမယ့်လည်း လေပြင်းတာမို့လို့ ဖြတ်တဲ့အခါ သတိထားရတယ်။ သူ့အချိန်နဲ့သူ သတိထား ဖြတ်ရတယ်။ အဲဒီ မှောက်တဲ့လှေတွေက မုန်တိုင်း ဒဏ်ကိုစိုးရိမ်လို့ လှေက သယ်နိုင်တဲ့ လူအရေအတွက်ထက် ပိုစီးကြတာကြောင့် မှောက်သွားတာလို့ သိရတယ်´ဟု ဆိုသည်။

မုန်တိုင်းကြောင့် မသေဆုံးဘဲ မမျှော်လင့်ထားသည့် လှေမှောက်မှုကြောင့် သေဆုံးရသဖြင့် ပိုမို စိတ်မကောင်းဖြစ်ရသည်ဟု လပွတ္တာမြို့ခံများက ဆိုသည်။ ယမန်နှစ်ကလည်း မုန်တိုင်း တိုက်ပြီး ၃ပတ်မျှအကြာကာလတွင် နအဖ အစိုးရက လပွတ္တာမြို့ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် ဇရပ်တန်ဆောင်းများတွင် ခိုလှုံနေကြသည့် ဒုက္ခသည်များကို နေရပ်ကျေးရွာများသို့ အတင်းအဓမ္မ နှင်လွှတ်စဉ် လမ်းခရီးတွင် လှေမှောက်သဖြင့် ဒါဇင်နှင့် ချီသည့် ဒုက္ခသည်များ အသက် ဆုံးရှုံးခဲ့ရဖူးသည်။

ယခု အဖြစ်အပျက်တွင် အစိုးရမိုးလေ၀သ ဌာနက မုန်တိုင်းမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းသို့သာ ဖြတ်ဝင်နိုင်သည်ဟု မည်သို့ပင် ကြေညာစေကာမူ လွန်ခဲ့သည့် နှစ်က အဖြစ်အပျက်ပေါ်မူတည်ပြီး အစိုးရ၏ မိုးလေ၀သ ကြေငြာချက်အပေါ် လူထုက မယုံကြည်ရဲ ကြတော့ပဲ မုန်တိုင်းဒဏ်ကို စိုးရိမ် ထိတ်လန့်နေကြသည်ဟု သိရသည်။

လပွတ္တာ မြို့နယ် တောင်ပိုင်း ပင်လယ်ဝနှင့် နီးသည့် အချို့သောကျေးရွာများတွင် မုန်တိုင်းလာလျင် အသက်ကယ်ခိုလှုံရန် အတွက် အနည်းငယ်မြင့်သည့် သစ်ပင်များပေါ်တွင် စားစရာ သောက်စရာများ တင်ထားခြင်း၊ အုန်းပင်၊ သစ်ပင်များတွင် ကြိုးများ ချည်နှောင်ထားပြီး အကယ်၍ ရေမြင့်တက်လာပါက ကြိုးကိုတွယ်ပြီး အသက်ဘေးမှ လွတ်ကင်းရန် ဖြစ်သည်ဟု သိရသည်။

နာဂစ်တနှစ်ပြည့်ရန် သီတင်းပတ် တပတ်မျှသာ လိုတော့သော်လည်း နာဂစ်နှင့် ပတ်သက်သည့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများမှာ တပိုင်းတစ အနေအထားသာ ရှိနေသေးသည်ကို တွေ့ရှိရသည်။ ဘေးအန္တရာယ် လုံခြုံရေးအတွက် အသက်ကယ် အဆောက်အဦ၊ ကျန်းမာရေး နှင့် ညီညွတ်သည့် သောက်သုံးရေ ရရှိမှု၊ ပျက်စီးသွားသည့် စာသင်ကျောင်းများ ပြန်လည် တည်ဆောက်နိုင်မှု၊ သက်မွေးဝမ်းကြောင်း အလုပ်အကိုင်များ ပြန်လည်ရရှိမှုတို့တွင် ကျယ်ပြန့်သည့် အတိုင်းအတာဖြင့် မပြီးစီးသေးပဲ ရှိနေသည်ကိုလည်း မြင်တွေ့ရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts