>Than Soe Hlaing – Nargis Reporter Story 6

>

သတင်းထောက်တဦး၏ နာဂစ်ဒိုင်ယာရီ – ၆
သန်းစိုးလှိုင်
ဧပြီလ ၂၃၊ ၂၀၀၉
ကမာကလွန်းရွာ မြင်ကွင်း


မြန်မာ့ လူမှုအဖွဲ့အစည်းနဲ့ သံဃာများရဲ့ ဦးဆောင်မှု

ကွမ်းခြံကုန်း မြို့ပေါ်ရှိ ရပ်ကွက် အသီးသီးမှ နေစရာ စားစရာ ဒုက္ခရောက်နေသူများကို နီးစပ်ရာ ဘုန်းတော်ကြီး ကျောင်းများက ကြည့်ရှုစောင့်ရှောက် ထားသည်ကို တွေ့ရသည်။ ကွမ်းခြံကုန်းမြို့ပေါ်တွင် ဘုန်းတော်ကြီးကျောင်းပေါင်း ၆ ကျောင်းထက်မနည်းရှိပြီး ဘုန်းတော်ကြီး ကျောင်းများ ကိုယ်တိုင် ထိခိုက် ပျက်စီးမှုများသော်လည်း မပျက်ဘဲ ကျန်ခဲ့သည့် နေစရာ၊ ယိမ်းယိုင်သွားသော်လည်း အမိုးရှိနေသေးသည့် ဓမ္မာရုံ တို့လို နေရာများမှာ ဒုက္ခသည်များက တိုးတိုးဝှေ့ဝှေ့ နေထိုင်ကာ ဆရာတော် သံဃာတော်များ စီစဉ်ပေးသည့် စားစရာများကို စားသောက် နေထိုင်လျက်ရှိကြသည်။

မြန်မာ ကျေးလက်ဒေသတွင် သံဃာတော်များ၏ အခန်း ကဏ္ဍမှာ ဘာသာရေး၊ လူမှုရေးသာ မကတော့ဘဲ သဘာဝဘေး အန္တရာယ် နှင့် ကြုံလာလျှင်လည်း ဦးဆောင်မှု အခန်းကို မယူမဖြစ် ၀င်ယူလာရသည့် အခြေအနေဖြစ်သည်။ ဤနေရာတွင် ဗုဒ္ဓဘာသာဝင် ဖြစ်မှရယ်လို့ မဟုတ်ဘဲ မည်သည့် ဘာသာဝင်ဖြစ်စေ အကူအညီမဲ့နေပါက ဘုန်းတော်ကြီးကျောင်းများက ဘာသာခွဲခြားခြင်းမပြုပဲ ကူညီ စောင့်ရှောက်ခဲ့သည့် သာဓကများစွာ နာဂစ် အရေးတွင် တွေ့ကြုံခဲ့သည်။

၂၀၀၇ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင်လည်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ နိုင်ငံရေးအရ ၀င် ဦးဆောင်သည်ကို မြန်မာနိုင်ငံရှိ အစ္စလာမ် ဘာသာဝင်များ ကိုယ်တိုင် အသိအမှတ်ပြုခဲ့ကြသည်။ ယခင် နှစ်များက စစ်အစိုးရ လုပ်ကြံ သွေးထိုးပေးမှုကြောင့် လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ခဲ့ရသည် ဆိုသည့် အချက်ကိုလည်း ထိုရွှေဝါရောင် တော်လှန်ရေး ကာလတွင် အစ္စလာမ် ဘာသာဝင်များနှင့် သံဃာတော်များပါ သဘောပေါက် နားလည်ခဲ့ကြသည်။ ထို့ကြောင့် ယခုလို သဘာဝကပ်ဘေး ဆိုက်လာချိန်တွင် ဘာသာရေး အယူအဆကို ဘေးဖယ်ကာ ၀င်ရောက်ကူညီခဲ့ကြသည်ကို တွေ့ရသည်။

ကွမ်းခြံကုန်း၊ လပွတ္တာ မြို့ရှိ ဘုန်းကြီးကျောင်းများတွင် ဗုဒ္ဓဘာသာဝင်များကို လည်းကောင်း ဗလီများတွင် အစ္စလာမ်ဘာသာဝင် ဒုက္ခသည်များကို အသီးသီး စောင့်ရှောက်ထားသည် ဆိုသော်လည်း လှူဒါန်းသူများ အနေဖြင့် အစ္စလာမ် ဘာသာဝင်ပဲ ဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်ပဲ ဖြစ်ဖြစ် လိုအပ်သည့် နေရာကို ပိုမို ဦးစားပေး လှူဒါန်းကြသည်။ အစ္စလာမ် ဘာသာဝင် အလှူရှင်များက လိုအပ်သလောက်ကို သူတို့ဘာသာဝင် ဒုက္ခသည်များအား လှူပြီးပါက ပိုသည့် ပစ္စည်းများကို ဘုန်းကြီးကျောင်းများသို့ ၀င်ရောက်လှူဒါန်းသည်ကို လပွတ္တာမြို့တွင် ကိုယ်တိုင်တွေ့မြင်ခဲ့ရသည်။ ဘုန်းတော်ကြီးများက မျှတစွာ ဝေငှပေးသည်ဆိုသည့် အချက်နှင့် ဘာသာမရွေးဘဲ ကူညီလုပ်ဆောင် ပေးနေသည်ဆိုသည် တို့ကို သူတို့အနေဖြင့် သံသယ စိုးစဉ်းမျှ မရှိကြဟု ပြောသည်။

ကမာကလွန်းရွာမှ ပျက်စီးနေသည့် အိမ်တအိမ်

သတင်းသမားများ နှင့် သုဿနှ် မြင်ကွင်း
ကွမ်းခြံကုန်းမြို့မှ ဒေးဒရဲ၊ ဖျာပုံဘက်သို့ ထွက်သည့် ကားလမ်း၏ နဘေးတွင် ကွမ်းခြံကုန်း သုဿန် ရှိသည်။ ကားလမ်းနဘေး လယ်ကွင်းများထဲတွင် စိမ်းစိုနေသည့် ပေါင်းပင်များ၊ တောက်ပနေသည့် နေရောင်နှင့် အေးမြသည့် လေပြေ တို့နှင့် အခြားတဘက်တွင် ပျက်စီးနေသည့် စံပြရပ်ကွက် နှင့် ဆက်လျက်ရှိနေသည့် သုဿန် ရှုခင်းမှာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည့် မြင်ကွင်းဖြစ်သည်။ သုဿန်အ၀တွင် သတင်းထောက် ဖြစ်ဟန်တူသည့် နိုင်ငံခြားသားတယောက်က အသံဖမ်းစက်၏မိုက်ကို မြို့ခံတယောက် အနီး ထိုးပေးပြီး မြန်မာစကားပြန်ဖြင့် သတင်းယူနေသည်။ ငှားလာသည့် ကားကို သုဿန် အ၀င်ဝတွင် ရပ်ထားသည်ကို တွေ့ရ၏။ သုဿန်ထဲတွင် အခြား ပြည်တွင်းဂျာနယ်တစောင်မှ သတင်းထောက် ၂ယောက် ၃ယောက်ကိုလည်း ကင်မရာနှင့် တွေ့လိုက်ရသည်။ ငှားလာသည့် ဆိုက်ကားဆရာကို သုဿန်ရှေ့ ရပ်ခိုင်းပြီး ၀င်ကြည့်ဖို့ လုပ်သည်။

မုန်တိုင်းညက ရေမြုပ်ထားသည့် အတွက် အုတ်ဂူများပေါ်တွင် တင်နေသည့် ကောက်ရိုးများကို တွေ့ရသည်။ သုဿန်ထဲ မ၀င်မီကပင် ပုပ်အဲ့အဲ့ အနံ့ကို လေအလာတွင် ရှုမိသည်။ ဘာအနံ့မှန်း မသိပေမယ့် လူ သို့မဟုတ် တိရိစ္ဆာန်တို့၏ ရုပ်အလောင်းမှ ထွက်သည့် အနံ့ဟုတော့ ထင်မိသည်။ သုဿန်ထဲသို့ ခြေချမိတော့ အ၀င်ဝတွင် နွားခြေထောက် စသည့် အကြွင်းအကျန်တို့ကို တွေ့ရသည်။ မုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားသည့် ကျွဲနွားများကို နောက်ရက်တွင် အချို့သော ဒေသခံများက စားသောက်ရန် အတွက်ဖျက်ပြီး ကျန်ရစ်သည့် အကြွင်း အကျန်ဖြစ်ကြောင်း ဆိုက်ကားဆရာ ပြောပြသဖြင့် သိရသည်။

အုတ်ဂူများ မရောက်မီ မြေလွတ်နေရာများတွင် သွပ်ပြားများနှင့် ၀ါးလုံးများ၊ ပွနေသည့် မြေပုံများကို မြင်ရသဖြင့် အနီးကပ်ကြည့်မိတော့မှ မကြာမီ လွန်ခဲ့သည့် နာရီပိုင်းအတွင်း၊ အချို့မှာ ၁ရက် ၂ရက်အတွင်းက မြှုပ်နှံထားသည့် နေရာများ ဖြစ်နေသည်ကို တွေ့ရသည်။ အချို့သောနေရာများတွင် အလောင်းကို မြေမမြှုပ်မီ မြေကြီးပေါ်ချထားသည့် အခါ ရုပ်အလောင်းမှ ထွက်ရှိလာသည့် အရည်များက လူခန္ဓာကိုယ်ပုံသဏ္ဍန် မြေကြီးပေါ်တွင်ကျန်ရစ်နေသေး သဖြင့် မြှုပ်နှံသည်မှာ နေ့မကူးသေးဟု ယူဆရသည်။ အနီးအနားတွင် သေဆုံးသွားသူ၏ အ၀တ်အစား တချို့တလေနှင့် သွေးရောင်ဖျော့ဖျော့ စိုနေသည့် သင်ဖျူးဖျာများ စွန့်ပစ်ထားခဲ့သည်ကိုလည်း တွေ့ရသည်။

လှိုင်းလေကြီးစဉ် ရေဖြင့်ပါလာပြီး သေဆုံးသွားသည် ဟုယူဆရသည့် နွားတကောင်မှာ ဖောင်းကားလျက် အုတ်ဂူနှစ်ခု အကြား ညှပ်လျက်ရှိနေသည်။ စောစောပိုင်းက ရှုရှိုက်ရသည့် အနံ့အသက်များမှာ ဤနေရာတို့မှ လာသည်ကို နားလည်လိုက်သည်။ သုဿန်မြင်ကွင်းမှာ စိတ်မကောင်းစရာ၊ ရင်ထဲတွင် ထိခိုက်စရာ ဖြစ်နေသော်လည်း သတင်းထောက် တယောက်၏ တာဝန်ဖြစ်သည့် ထိုအဖြစ်အပျက်များကို ပြန်လည်တင်ပြဖို့ အသိက ခေါင်းထဲမှာ လွှမ်းမိုးနေသဖြင့် ထိုစိတ်ခံစားမှုကို နောက်မှာထားပြီး ကြည့်နိုင်သမျှကြည့်၊ မှတ်နိုင်သမျှမှတ်ကာ အလုပ်ထဲကို အာရုံ ပိုမိုရောက်နေခဲ့သည်။

သုဿန်တွင် ထားရှိသည့် နိဗ္ဗာန်ယာဉ်မှာလည်း ရေဒဏ်လှိုင်းဒဏ်ကြောင့် ကုန်းပေါ်တ၀က် ချောက်ထဲတ၀က် ဖြင့် ကုန်းနဘေးတွင် တင်နေသည်။ သုဿန်နဘေး ကပ်လျက်ကွင်းထဲတွင် မုန်တိုင်းနှင့်အတူ ပါလာသည့် ပင်လယ်ရေများ ကွင်းထဲတွင် ကျန်ရစ်ခဲ့ပြီး ထိုရေအိုင်ထဲတွင်လည်း သေဆုံးနေသည့် ပုပ်ပွနေသည့် ကျွဲတကောင် ရုပ်အလောင်းကို မြင်ရ၏။ ထိုမြင်ကွင်းပြီးနောက် အစိုးရပိုင် ဖြစ်ဟန်တူသည့် အမိုးများ လွင့်နေသည့် ဆန်စပါးဂိုဒေါင်ကို ထီးတည်းချည်း တွေ့ရသည်။ ထိုမြင်ကွင်းနှင့် ဆက်လျက်မှာတော့ အပျက်အစီးများ ကြားထဲမှ ကွမ်းခြံကုန်း စံပြရပ်ကွက်ကို မြင်နိုင်သည်။

ဤသည်တို့မှာ ကွမ်းခြံကုန်း မြို့၏ လူနေရပ်ကွက်၊ သုဿန်၊ ဘုန်းတော်ကြီးကျောင်းများ၏ အခြေအနေဖြစ်သည်။ ကျန်းမာရေး ဦးစီးဌါနနှင့် ကုလသမဂ္ဂအဖွဲ့ပိုင် ယူနီဆက်ဖ်မှ ကားများက ဆေးရုံဝင်းထဲ ၀င်လိုက်ထွက်လိုက်ရှိသည်။ အခြားမြို့မှ လာသူ၊ မြို့ခံတွေထဲမှ ခြေလျင် သော်လည်းကောင်း ဆိုက်ကားဖြင့် သော်လည်းကောင်း သွားလာ လှုပ်ရှားမှုများ ရှိနေသော်လည်း မြို့၏ မြင်ကွင်းမှာ အသက်ဝင်နေသည့် မြို့တမြို့နှင့် မတူပေ။ အားလုံး၏ မျက်နှာများပေါ်တွင် စိတ်လက်ပေါ့ပါးသည့် လက္ခဏာမျိုးမတွေ့ရဘဲ ညှိုးငယ်၊ အားလျော့နေသည့် ခံစားမှုမျိုးသာ မြင်တွေ့ခဲ့ရသည်။

မြို့နီးနား ၀န်းကျင်
ကွမ်းခြံကုန်းမြို့မှ မိုင်အနည်းငယ်မျှ ဝေးသည့် ကျေးရွာများ အခြေအနေကို သိရှိလိုသဖြင့် မြို့တောင်ဘက် ဒေးဒရဲ ကားလမ်းနဘေးတွင် ရှိသည့် ကမာကလွန်းဆိုသည့် ကျေးရွာတရွာသို့ ဆိုက်ကားဆရာက လိုက်ပို့ပေးခဲ့သည်။ မြို့မှထွက်ပြီး ၂မိုင်ခွဲသာသာ ခန့်ရှိသည့် နေရာတွင် တည်ရှိသည့် ကမာကလွန်း ရွာသို့ ရောက်ဖြစ်ခဲ့သည်။

ရွာလေးမှာ အိမ်ခြေ ၈၀ သာသာ ၀န်းကျင်ရှိပြီး လယ်စိုက်ခြင်းနှင့် ရေလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် အသက်မွေးကြသည်။ ကွမ်းခြံကုန်းမြို့နယ် ထဲမှာ အခြားသော ရွာများလိုပင် မြန်မာနှင့် ဗုဒ္ဓဘာသာ ကရင်လူမျိုးတို့ ရောနှော နေထိုင်လျက်ရှိကြသည်။ ရွာအ၀င်လမ်းမှ တံတားမှာ လှိုင်းဒဏ်ကြောင့် အခင်း လုံးဝ မရှိတော့ပဲ တံတားဘောင်ပေါ်မှ ဆိုင်ကယ် နှင့် လူတို့က ဖြတ်ကူးကြရသည့် အဖြစ်ရောက်နေပြီး လုံခြုံရေးအတွက် ချထားဟန်တူသည့် စစ်ကားမှာ ရွာထဲအထိ မ၀င်နိုင်ဘဲ တံတားထိပ်တွင် ရပ်ထားသည်။

နေ့ခင်းနေက ကြဲကြဲတောက် ပူနေသဖြင့် စစ်ကား၏ အရိပ်အောက်တွင် စစ်သား ၂ ဦးမှာ အခင်းခင်းပြီး အိပ်နေသည်။ အခြား စစ်သား၎၊ ၅ယောက်မှာ လယ်ကွင်းအစပ်ရှိ အုန်းပင်ပေါ်မှ အုန်းသီးများ စားဖို့ ခူးယူ နေသည်ကို တွေ့ရသည်။ ရွာသို့ အ၀င်အထွက်ကို စစ်ဆေးမေးမြန်းခြင်း မရှိပဲ လုယက်မှု တို့လိုမျိုး မဖြစ်အောင် လုံခြုံရေး ချထားခြင်းဖြစ်သည်။

ရွာကို လှမ်းးမြင်ရချိန်မှာ လူမရှိသည့် အသွင် ပေါက်နေသည်။ ရွာဝင်ခါနီးတွင်မှ သစ်ပင်ရိပ်တွင် မိသားစု တစ်စုကို တွေ့ရသည်။ ရွာမှ လူအသေအပျောက် ရှိမရှိ မေးမြန်းကြည့်ရာမှာ လယ်ကွင်းထဲမှာ တဲထိုးနေသည့် သူများထဲမှ သေဆုံးမှုရှိကြောင်း ရွာထဲမှာ နေထိုင်သူများ အနက်မှတော့ အသေအပျောက်မရှိ ဟုဆိုသည်။ ရွာမှာရေတက်သော်လည်း လယ်ကွင်းထက် ၅ပေ၊ ၆ပေခန့် မြင့်နေသဖြင့် အနည်းငယ် ခံသာသည့် သဘောဟု ဆိုသည်။

ရွာအ၀င်ကွင်းစပ်တွင် ပွနေသည့် မြေနေရာများနှင့် ၀ါးလုံးစိမ်းများဖြတ်ကာ စိုက်ထားသည်ကို မြင်ရ၍ ဘာတွေလဲဟု မေးမြန်းကြည့်ရာ မုန်တိုင်း ငြိမ်သွားသည့်နောက် လယ်ကွင်းများထဲတွင် တင်ကျန်ရစ်သည့် အလောင်းများမှာ ရက်အတန်ကြာသည်အထိ ထိုအတိုင်း ရှိနေခဲ့ပြီး ရက်ကြာလာသည် နှင့်အမျှ အနံ့အသက် မခံနိုင်တော့၍ ရွာသားများပင် ပြီးခဲ့သည့် ရက်ကမှ သိမ်းဆည်း မြှပ်နှံထားသည့် နေရာဟု ရှင်းပြသည်။ ၀ါးလုံးပိုင်း တပိုင်းစိုက်ထားသည့် နေရာတွင် ရုပ်အလောင်း တလောင်းရှိသည်ဟု ဆိုရာ အနည်းဆုံး ဆယ့်လေးငါးနေရာ ရှိသည်ကို မြင်ခဲ့ရသည်။

ရွာထဲသို့ ဆက်ဝင်သွားရာ ယခင်က ရွာလယ်လမ်း ဟုဆိုသည့် လူသွားလမ်းမှာ ပြိုလဲနေသည့် ကုက္ကိုပင်ကြီးများ သရက်ပင်ကြီးများဖြင့် ပိတ်ဆို့နေသည်ကို မြင်ရသည်။ ထိုလမ်းကို ဖြတ်သန်းသွားလိုလျှင် သစ်ကိုင်းများ အကြားငုံ့ကာ ရှောင်ကာ သို့မဟုတ် သစ်ကိုင်းပေါ် ကျော်တက်ပြီး သွားရသည်။ သစ်ပင်ပြိုလဲခြင်းကြောင့် အိမ်တလုံးလုံး ပျက်စီးသွားပြီး ဘုရားခန်းသာ ကျန်သည့်အိမ်၊ ပြိုလဲထားသည့် သစ်ပင်ကို မဖယ်ရှားနိုင်သေးပဲ လဲပြိုနေသည့် သစ်ပင်က အိမ်တခြမ်းပေါ် မိုးထားသည် မြင်ကွင်းများကို အသီးသီး မြင်တွေ့ရသည်။ ရွာသားများ၏ မျက်နှာပေါ်တွင် ၀မ်းနည်းနေသည်ကို ထင်ထင်ရှားရှား မြင်တွေ့ရသည်။

နှစ်ဆယ်ဂဏန်းများစွာ သို့မဟုတ် ရာဂဏန်းနီးသည့် ကာလက ပေါက်ရောက်ခဲ့သည့် သစ်ပင်အိုကြီးများ အမြစ်မှ ကျွတ်ကာ လဲနေသလို ပင်စည်ရင်းကပြတ်ကျိုးနေသည်ကိုလည်း တွေ့ရသည်။ ရွာနှင့် မိုင်အတော် အတန်ဝေးသည့် ပင်လယ်ဝတွင် ကျားပိုက်ထောင်သည့် ၀ါးပိုးဝါးများ မုန်တိုင်းဒီလှိုင်းဖြင့် ရွာထဲရောက်လာ သည်ကိုလည်း ရွာသားများပြသသည်။ ထိုဝါးပိုးဝါးများတွင် ပင်လယ် ခရုခွံများ တွယ်ကပ်နေသည်ကိုလည်း မြင်ရသည်။

ကွမ်းခြံကုန်းမြို့ တော်ပုလဲ ရပ်ကွက်မှ ပြိုလဲပျက်စီးနေသည့် အိမ်တအိမ်

နာဂစ်သင့် ဧရာဝတီသို့ လူထုကမ်းတဲ့လက်များ
မုန်တိုင်း အပြီး သီတင်းတပတ်ခန့်ကြာပြီ ဖြစ်သည့် ထိုရက်ပိုင်းအတွင်း ထိုသို့သောရွာများဆီသို့ တသီးပုဂ္ဂလ အကူအညီပေးသည့်သူများရော ဆရာတော် သံဃာတော်များ ဦးဆောင်သည့် အဖွဲ့များ မလာရောက်ကြသေးပေ။ ကျန်သည့် အ၀တ်ကိုဝတ်၊ ရေစို၊ မစို ကျန်သည့် ဆန်စပါးများကို မျှဝေစားသောက် နေခဲ့ကြသည်။ သောက်ရေတွင်းများ ရေကန်များ ထဲသို့ ပင်လယ်ရေ၀င်ထားသဖြင့် သောက်သုံးရေ၊ ချက်ပြုတ်စရာရေ အခက်အခဲလည်း ရှိကြသည်ကို ကြားခဲ့ရသည်။

ကွမ်းခြံကုန်းလိုရန်ကုန်နှင့် အနီးဆုံး နာဂစ်ဒဏ် ခံရသည့်မြို့ အကြောင်းကိုပင် ရန်ကုန်နှင့် အခြားမြို့ကြီးများက ဂဃနဏ မသိကြသေးသည့် အချိန်ဖြစ်သည်။ ကမာကလွန်းအလွန် တောကျောင်း အမည်ရှိသည့် ရွာမှ ရွာခံများက နောက်ပိုင်းပြန်လည် ပြောပြရာတွင် မုန်တိုင်းအလွန် ၁ပတ်ခန့်ကာလမှာ ဆန်အိုးထဲမှ လက်ကျန်ဆန်များကို ချက်ပြုတ်ပြီး မုန်တိုင်းဒဏ်ကြောင့် ကြွေကျသည့် သရက်သီးစိမ်း၊ ဆားတို့ဖြင့် စားသောက်ကာ ဖြတ်ကျော်ခဲ့ကြရသည် ဟုဆိုသည်။ ထိုစဉ်က မုန်တိုင်းကြောင့် သေဆုံး သွားသူများကို ကံကောင်းသည့်သူများအဖြစ် စိတ်တွင်မှတ်ထင်မိခဲ့ပြီး မသေပဲကျန်ခဲ့သည့် အဖြစ်၊ ဒုက္ခတောထဲတွင် ချန်ရစ်ခဲ့သည့် အဖြစ်ကြောင့် ကံဆိုးလို့ မသေတာဟု ညည်းညူမိခဲ့သည် ဟုပြောဆိုသည်။

ထို့နောက် မကြာမီရက်ပိုင်းအတွင်း မီဒီယာများ၏ အကျိုး ကျေးဇူးကြောင့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ် တို့၏ အဖြစ်ကို မြင်ရကြားကြရပြီး ရန်ကုန်အပါအ၀င် တနိုင်ငံလုံးမှ အသီးသီးသော တသီးပုဂ္ဂလ အလှူ့ရှင်များ ကားကြီး ကားငယ်တို့ဖြင့် ဆင်းလာသည့် အဖြစ်မှာ မြန်မာနိုင်ငံ သမိုင်းတွင် မကြုံဘူးလောက်သည့် အဖြစ်အပျက်ဖြစ်ခဲ့သည်။

နအဖ စစ်အစိုးရမှာ သဘာဝဘေး အန္တရာယ်နှင့် နိုင်ငံရေး အကျိုးအမြတ်တို့ အကြား နိုင်ငံရေး အကျိုးအမြတ်ကို ပထမ ဦးစားပေးခဲ့ခြင်း၊ ထို့ပြင် ကူညီရန် လာရောက်ကြသည့် ပြည်ပနိုင်ငံများအပေါ် မယုံသင်္ကာကြီးခြင်း တို့ကြောင့် ပိုမိုရင်နင့်ဖွယ် အဖြစ်များ ဖြစ်ပျက်ခဲ့ရသည်။ စာနာ သနားစိတ် ကင်းမဲ့စွာဖြင့် ကိုင်တွယ်ပုံမှာလည်း မြန်မာလူထုကို သာမက ကမ္ဘာ့ ပရိသတ်အားလုံးကိုပါ အံ့အားသင့်စေလောက်အောင် အဖြစ်အပျက် တခုကြီးဖြစ်ခဲ့ပြီး ကမ္ဘာ့ပေါ်တွင် လူသားချင်း စာနာမှု အကူအညီကိုပင် ဟန့်တား ပိတ်ဆို့ခဲ့ရာ ရှားပါးသည့် အာဏာရှင် အစိုးရတရပ်အဖြစ်လည်း ရာဇ၀င်တွင်ရစ်ခဲ့ရသည်။

(ဆက်လက်ဖေါ်ပြပါမည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts