>Tu Maung Nyo – Unnecessary Regime’s Parliament

>

 “လွှတ်တော်” ရှိလာတယ် ဒါပေမယ့် ဘာမှ မထူးပါဘူး
တူမောင်ညို
မတ် ၂၉၊ ၂၀၁၁
မတ်လ ၂၃ ရက်နေ့က ပထမအကြိမ်“ပြည်သူ့လွှတ်တော်”နဲ့ “အမျိုးသားလွှတ်တော်” ပုံမှန်အစည်းအဝေးတွေပြီးဆုံးသွား ပါတယ်။ ၁၄ ရက်တိတိ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။
          ဇန်နဝါရီလ ၃၁ ရက်နေ့ မှာ လွှတ်တော်အစည်းအဝေးများက တပြိုင်တည်း စတင်ကျင်းပခဲ့တာပါ။  အဲဒီနေ့မှာပဲ
–  ပြည်သူ့လွှတ်တော်ဥက္ကဌ နှင့် ဒုတိယဥက္ကဌ ရွေးကောက်တင်မြှောက်ခြင်း
–  ဒုတိယသမ္မတတစ်ဦး ရွေးချယ်တင်မြှောက်ခြင်း ဆိုတဲ့ ကိစ္စတွေဆောင်ရွက်ခဲ့ပါတယ်။
မတ်လ (၁/၃/၄/၇)      ရက်တွေမှာတော့ ဥက္ကဌ ၊ အတွင်းရေးမှူး အပါအဝင် စုစုပေါင်း (၁၅) ဦး စီပါဝင်တဲ့ လွှတ်တော် ဆိုင်ရာ ကော်မတီ (၄) ရပ်ကို ဖွဲ့စည်းပါတယ်။ အဲဒါတွေက


– ဥပဒေကြမ်းကော်မတီ
          – ပြည်သူ့ငွေစာရင်းကော်မတီ
– လွှတ်တော်အခွင့်အရေးကော်မတီ
– အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီ 
မတ်လ (၉/၁၀/၁၁/၁၄/၁၅/၁၆/၂၁/၂၂/၂၃) ရက်ပေါင်း (၉) ရက်အတွင်းမှာတော့ သက်ဆိုင်ရာလွှတ်တော်များမှာ  “မေးခွန်းများမေးမြန်းခြင်း၊ အဆိုများဆွေးနွေးခြင်း” စတဲ့ ကိစ္စတွေဆောင်ရွက်ခဲ့ပါတယ်။
အဲဒီရက်ပေါင်း (၉)ရက် အတွင်း “ပြည်သူ့လွှတ်တော်” မှာ မေးခွန်း (၄၆)ခုဖြေကြားခဲ့ပြီး အဆို (၁၇) ခု ရှင်းလင်း ဆွေးနွေး ခဲ့ပါတယ်။
အလားတူပဲ “အမျိုးသားလွှတ်တော်”မှာလည်း မေးခွန်း (၃၃) ခု အဆို (၁၇) ခု တင်ပြဆွေးနွေးခဲ့ကြပါတယ်။ 
အဲဒီလို (၉) ရက် အတွင်း“မေးခွန်းများမေးမြန်းခြင်း အဆိုများဆွေးနွေးခြင်း” စတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ကျနော့်မိတ်ဆွေ နဲ့ကျနော် သူ့အမြင်ကိုယ့်အမြင်ပြောဆိုဆွေးနွေးဖြစ်ပါတယ်။
အဲဒီလို ပြောဆိုဆွေးနွေးတာတွေကို မိတ်ဆွေများလည်းစိတ်ဝင်စားတယ်ဆိုရင်ဖြင့် ပါဝင်ဆွေးနွေးပြောဆိုနိုင်ဖို့ တင်ပြ လိုက်ပါတယ်။
 (ကျနော်)                  အရင်တစ်ပတ်က ကျနော်မေးတာ ပြန်ဖြေဖို့အကြွေးကျန်သေးတယ်နော်။ မှတ်မိတယ်မဟုတ်လား။
 (မိတ်ဆွေ)       မှတ်မိပါတယ်။ အခုတော့ ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော် အစည်းအဝေးတွေ ပြီးသွားပြီဗျ။ ဒီတော့ ခင်ဗျားနဲ့ ကျနော်ပြောဆိုဆွေးနွေးစရာတွေအများသားဗျ။
မေးခွန်းတွေအဆိုတွေနဲ့ပတ်သက်တာတွေကိုပဲ ကွက်ပြီး ဆွေးနွေးကြရအောင်လား။ 
(ကျနော်)        ဖြစ်ပါတယ်။ ခင်ဗျားပဲအရင်စဆွေးနွေးပါ။ မေးခွန်းတွေ အဆိုတွေ မေးမြန်း/တင်ပြရာတာနဲ့ ပတ်သက်ပြီး ကြိုတင် သိထားသင့်တာလေးတွေကိုလည်းအကျဉ်းချုပ်ပြီး ပြောပြပါဦးဗျာ။
(မိတ်ဆွေ)       ပြောရရင်တော့ အကန့်အသတ်တွေကအများသားဗျ။ နည်းဥပဒေအရ ကန့်သတ်တားမြစ်ထားတာတွေရှိသလို သက်ဆိုင်ရာလွှတ်တော်ဥက္ကဌ က ပိတ်ပင်နိုင်တာတွေကလည်း တပုံတပင်ပဲဗျ။
“ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေများ”  ဆိုတဲ့ စာအုပ် အခန်း (၁၆) “လွှတ်တော်သို့တင်သွင်းသည့် မေးခွန်းများ နဲ့ အခန်း(၁၇)“လွတ်တော်သို့ တင်သွင်းသည့်အဆိုများ” မှာ မေးခွန်းတွေ အဆိုတွေနဲ့သက်ဆိုင်တဲ့ ကန့်သတ်တားမြစ်ချက်တွေကဖေါ်ပြထားတယ်။ မေးခွန်းတွေကစပြောမယ်။
“မေးခွန်း”  ဆိုလျှင် (၁၀ ) ကြိုတင်ပေးပို့ရမယ်။
“စိစစ်ခွင့်ပြုသင့်သည့်ကြယ်ပွင့်ပြမေးခွန်း” ဆိုတာ တခြားမဟုတ်ဘူး။
နှုတ်နဲ့ဖြေကြားရမယ့်မေးခွန်းကို ပြောတာပဲ။
လွှတ်တော်အစည်းအဝေးများရဲ့ ပထမ ၁ နာရီ ဟာ မေးခွန်းများမေးရန် နဲ့ဖြေကြားဆိုပြီးလည်း ကန့်သတ်ထား ပြန်သေးတယ်။
ရှည်လျားတဲ့မေးခွန်း/အသေးအဖွဲ့ကိစ္စ/ အတိတ်ကာလဖြစ်ရပ်များကို စုံစမ်းသည့်မေးခွန်း မဖြစ်စေရဘူးတဲ့ဗျ။
ကိုယ်စားလှယ်တစ်ဦးဟာ လွှတ်တော်အစည်းအဝေးတစ်ရပ်တွင်း ကြယ်ပွင့်ပြမေးခွန်း (၁၀)ခုပဲ မေးခွင့်ရှိတယ်။ ဒီထက်ပိုပြီးမေးခွင့်မရှိဘူး။
မေးတဲ့မေးခွန်းတွေနဲ့အဖြေတွေကိုလွှတ်တော်တွင်ဖြေကြားပြီးမှ လွှတ်တော်ရုံး ဒုတိယညွန်ချုပ်ပေးပို့ပြီးတဲ့ အထိ သတင်းထုတ်ပြန်ခြင်းမပြုရဘူးတဲ့။
 “အဆို” တွေနဲ့ပတ်သက်တာကတော့ဒီလိုဗျ။
သိသင့်တာလေးတွေပဲ ကွက်ပြီးပြောသွားမယ်ဗျ။ စာအုပ်သာဝယ်ဖတ်ကြည့်ပါ။
“အဆို”  ကိုတော့ လွှတ်တော်အစည်းအဝေးမကျင်းပမီ  (၁၅) ရက် ကြိုတင်ပေးပို့ထားရမယ်။
ဥက္ကဌ ကခွင့်မပြူသေးလျှင် ဘယ်အဆိုကိုမျှ ထုတ်ပြန်ကြေညာခြင်းမပြုရဘူး။
ဥက္ကဌ ကသတ်မှတ်ပေးတဲ့ အစီအစဉ်အတိုင်းဆွေးနွေးရမယ်။
လွှတ်တော်အစည်းအဝေးနေ့စဉ်အစီအစဉ်မှာ အဆို (၄) ထည့်ပိုပြီး ထည့်သွင်း ဆွေးနွေးခွင့်မရှိဘူး။
လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဟာ အဆိုတစ်ရပ်ကို တစ်ကြိမ်ပဲဆွေးနွေးခွင့်ရှိတယ်။
အဆိုတင်သွင်းတဲ့ကိုယ်စားလှယ်ကတော့ ပြန်လည်ဖြေရှင်းသည့်သဘောဖြင့် နောက်တစ်ကြိမ် ဆွေးနွေးနိုင် တယ်။
(ကျနော်)        ဒါဆိုရင် ကိုယ်စားလှယ်တွေအတွက် မေးခွန်းတွေအဆိုတွေ မေးမြန်းခွင့်/တင်ပြခွင့်ဟာ ရခဲလှတဲ့ဒုလ္လဘပဲပေါ့ ဟုတ်လား။
(မိတ်ဆွေ)       ချုပ်ပြီးပြောရရင် အဆိုအားလုံးနီးပါး ပယ်ချခံခဲ့ရတယ်ဗျာ။
အဆို (၁၇) ခု  “ပြည်သူ့လွှတ်တော်” မှာတင်ပြဆွေးနွေးခဲ့တယ်။
အဆို (၁၃) ခု ပယ်ချခံရတယ်။
ပယ်ချခံရတဲ့အဆိုတွေကိုတော့ “အတည်မပြုသောအဆိုများအဖြစ်” သတ်မှတ်ခဲ့တယ် လို့ဆိုတယ်။  ကျန်တဲ့ အဆို(၄) ခုက “ဆက်လက်ဆောင်ရွက်မည့်အဆို” အဖြစ် အတည်ပြုဆုံးဖြတ်ပေးခဲ့တယ်။
အဲဒီအဆိုတွေက သန်းကောင်စာရင်းကောက်ယူရေး တို့လိုအဆိုမျိုးတွေနဲ့ နောင်မှာကျင်းပမယ့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းဝေးတွေမှာ မှတင်ပြ ဆွေးနွေးနိုင်မယ့် အဆိုတွေဖြစ်ပါတယ်။
“အမျိုးသားလွှတ်တော်”မှာလည်း အဆို (၁၆) ခု တင်ပြဆွေးနွေးခဲ့ကြတယ်။
တင်ပြတဲ့ အဆို (၁၆) ခု စလုံးကို “အမျိုးသားလွှတ်တော်” က ပယ်ချခဲ့တယ်။
(ကျနော်)         ဒါကလည်း အားလုံးသောပြည်သူတွေနဲ့အတူ ခင်ဗျားတို့ကျနော်တို့ တွက်ဆမျှော်မှန်းထားပြီးသားကိစ္စတွေပဲ မဟုတ်လား။ သိပ်တော့လည်း မဆန်းလှပါဘူးဗျာ။
 ကျနော်သတိထားမိတာကတော့ မေးမြန်တဲ့မေးခွန်းတွေနဲ့ အဆိုတွေ အများစုဟာ လျှပ်စစ်မီး/ကားလမ်း/မီးရထား လမ်း/တယ်လီဖုန်းဆက်သွယ်ရေးတို့လို (infrastructure) အခြေခံအဆောက်အအုံ တည်ဆောက်ရေးဆိုင်ရာကိစ္စ တွေနဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုဖူလုံရေး၊ပင်စင်ငွေ စတဲ့ လူမှုအခြေခံလိုအပ်ချက်တွေကို ဦးတည်ထားတယ် ဆိုတဲ့ အချက်ပဲဗျ။
အထူးသဖြင့် ချင်းပြည်နယ်က ကိုယ်စားလှယ်တွေ တင်ပြချက်တွေမှာ  ဒီအချက်ဟာပိုထင်ရှားတယ်။
ချင်းပြည်နယ် မဖွံ့ဖြိုးသေးဘူး/ မတိုးတက်သေးဘူး ဆိုတာကို မေးတဲ့မေးခွန်းတွေနဲ့ အဆိုတွေကသက်သေခံနေ တယ်ဗျ။
(မိတ်ဆွေ)       ခင်ဗျားဆိုလိုချင်တာက“မေးတဲ့မေးခွန်းနဲ့ တင်ပြတဲ့အဆိုတွေဟာ ပြည်သူတွေရဲ့ လက်ရှိလိုအပ်ချက်နဲ့ ရေရှည် အကျိုးစီးပွားကို ထင်ဟပ်နေတယ်လို့ ပြောချင်တာလား။ ဒါမှမဟုတ် “ဘယ်ခေတ်ဘယ်အခါကနဲ့မျှမတူအောင် နိုင်ငံတော်ကြီးဟာ ဖွံ့ဖြိုးတိုးတက်နေပါပြီ” ဆိုတဲ့စကားဟာ သတင်းစာဆောင်းပါးတွေထဲက ကြွားလုံးတွေသာဖြစ်တယ်လို့ ခင်ဗျား ပြောချင်တာလား။
 (ကျနော်)                  ဒါကခင်ဗျားဖြေရမယ့်မေးခွန်းလေဗျာ။ ကျနော်က မေးခွန်းနဲ့ အဆိုတွေ အပေါ်မှာကနေ တွေ့ရတဲ့ ယေဘုယျအချက်ကို ပြောလိုက်တာပါ။
“ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကမေးမြန်းထားသည့် မေးခွန်းများအနက် စိစစ်ခွင့်ပြုသင့်သည့် ကြယ်ပွင့်ပြမေးခွန်းများ” လို့ ဆိုတယ်နော်။ နည်းဥပဒေအရ ခွင့်မပြုတာ/ လွှတ်တော်ဥက္ကဌ က ထားမြစ်ကန့်သတ်ထားတာ တွေက ဘယ်လောက်ရှိနေသလဲမသိဘူးဗျ။
လွှတ်တော်ကိုယ်စားလှယ်တွေက ထုတ်ဖေါ်ပြောပါမှ ခင်ဗျားတို့ ကျနော်တို့ သိကြရမယ့် ကိစ္စတွေပဲ။
(မိတ်ဆွေ)       ပုဇွန်တောင်မဲဆန္ဒနယ်မှ ဦးအောင်ဇင်“ အမတော်ကြေးတိုးမြှင့်ပေးရေး”ဆိုတဲ့ မေးခွန်းကို လယ်/ဆည်ဝန်ကြီး ဦးဋ္ဌေးဦး ပေးတဲ့အဖြေကတော့တော်တော်ကိုတာဝန်မဲ့လွန်းသဗျာ။
တခြားမေးခွန်းတွေမှာ ဗာရဏသီချဲ့ပြီး ဖြေပေမယ့်။  ဒီမေးခွန်းတော့ အတိုဆုံးဖြေသွားတယ်။
တစ်ဧက ကုန်ကျစရိတ် ကျပ် ၁၅၀၀၀၀ ကျော်ကုန်ကျနေချိန်မှာ စိုက်ပျိုးရေးဘဏ်က ထုတ်ချေးနိုင်တာက တစ်ဧက ကျပ် ၂၀၀၀၀ တဲ့။ ဒါတောင် ၁၀ ဧကနဲ့အောက်ကိုပဲ ထုတ်ပေးနိုင်တာတဲ့။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ငွေကြေးပမာဏအရ လောလောဆယ်အားဖြင့် စိုက်စရိတ်တိုးမြှင့်ပေးနိုင်ခြင်း မရှိဘူးလို့လည်း ဝန်ခံသွားသေးတယ်။
ဒါ့အပြင် “၁ – ၁၀ ၁၉၉၃ မှ ၂၈ – ၂ – ၂၀၁၁ ရက်နေ့အထိ ငွေစုစာရင်းဖွင့်သည့် တောင်သူဦးရေ ၂၉၃၈၉၆၅ ဦးရှိပြီး စုဆောင်းအပ်နှံငွေပေါင်း ကျပ်သန်း ၄၄၆၀၁ ဒသမ ၁၇ ဖြစ်ပါကြောင်း ၊ တောင်သူတစ်ချင်း ပျှမ်းမျှ စုဆောင်းနိုင်မှုမှာ ၁၅၁၇၆ ကျပ်မျှသာရှိပါကြောင်း” ဆိုတဲ့အချက်ကလည်း တောင်သူလယ်သမားတွေဆင်းရဲ နေတယ်ဆိုတာ အတိအလင်းဝန်ခံသွားတာပဲဗျ။
သတင်းစာတွေမှာ ဆည်ရေရလို့ ၂ သီး ၃ သီးစိုက်နိုင်ပြီး သွပ်မိုးပျဉ်ကာအိမ်မှာ တီဗွီနဲ့အောက်စက်နဲ့ နေနိုင် နေပြီဆိုတဲ့ အစိုးရသတင်းစာဆောင်းပါးတွေ ထဲကအချက်တွေ လိမ်ညာဝါဒဖြန့်တဲ့အချက်တွေပဲပေါ့ဗျ။
ခက်တာက ပြန်လှန်မေးခွန်းထုတ်ခွင့်မရတာနဲ့ ပြန်လှန်မေးခွန်းထုတ်ခွင့် မပေးတာဘဲဗျ။
ဒီအခွင့်အရေးသာရှိရင် ကြည့်လို့ကောင်းမယ်။
(ကျနော်)         “လွတ်ငြိမ်းချမ်းသာခွင့်/ အပစ်အခပ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေး/ စစ်ပြေးဒုက္ခသည်များ”အရေး စတဲ့ ပြည်တွင်း ပြည်ပလူအများစိတ်ဝင်းစားတဲ့ မေးခွန်းတွေမေးသွားကြပါတယ်။ ဖြေသွားတဲ့အဖြေတွေကတော့ အများ ကမျှော်လင့်ထားကြသလို မဟုတ်ဘူးဗျ။
“လွတ်ငြိမ်းချမ်းသာခွင့်” နဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီး ဦးမောင်ဦး ပေးတဲ့အဖြေရဲ့အနှစ်သာရကတော့ဗျာ ဒီနိုင်ငံရေးအကျဉ်းသားကိစ္စဟာ နိုင်ငံရေးပြဿနာမဟုတ်ဘူး။ အုပ်ချုပ်ရေးဆိုင်ရာပြဿနာဖြစ်လို့ ပြောသွားတာပဲ။  
အပစ်အခပ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး/ စစ်ပြေးဒုက္ခသည်များ အရေး” နဲ့ပတ်သက်ပြီး စစ်အစိုးရ ပြောခွင့်ရအဖွဲ့ခေါင်းဆောင် ဦးကျော်ဆန်းပေးတဲ့ အဖြေကလည်း ဖွင့်ပေးထားတဲ့တံခါးက ဝင်လာခဲ့ကြ/ အခြေခံဥပဒေနဲ့အညီ ဖြေရှင်းမယ်ဆိုတာပဲ။
သူလည်းဝန်ခံသွားတာ ၂ ချက်ရှိတယ်ဗျ။
“ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ လုံးဝချုပ်ငြိမ်းမရှိသေးဘူး” ဆိုတဲ့အချက်နဲ့
“ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကြောင့် ထိခိုက်ခဲ့ရသည့် ပြည်သူအရေအတွက်ထဲ၌ ကရင်ပြည်နယ်က ပြည်သူများအများစု ပါဝင်နေတယ်” ဆိုတဲ့ အချက်ပဲဖြစ်တယ်။ 
(မိတ်ဆွေ)       ထူးထူးခြားခြား ကျနော်သတိပြုမိတဲ့ အချက်တစ်ချက်လည်းပြောရဦးမယ်။ အများသူငါလည်းမြင်ကြမယ်ထင် ပါရဲ့ဗျာ။
 (ကျနော်)                  ဘာလဲဗျ။ ဆိုစမ်းပါဦး။
 (မိတ်ဆွေ)       ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်တို့မှာပါဝင်နေတဲ့ကာကွယ်ရေးဦးစီးချုပ်ရဲ့လွှတ်တော် ကိုယ်စားလှယ် တွေ ( ၁၁၀+၅၆ = ၁၆၆) ဟာ ကန့်ကွက်မဲပေးတာနဲ့ ထောက်ခံမဲပေးတာမှာ အားတက်သရောရှိသလောက် တိုင်းပြည်နဲ့ ပြည်သူ့ရေးရာ ကိစ္စတွေမှာတော့ မေးခွန်းတစ်ခုမှမမေးသလို/ အဆိုတစ်ခုမှလည်းမတင်ပါလားဗျ။
 (ကျနော်)        သူတို့ကို ကာကွယ်ရေးဦးစီးချုပ်က မေးခွန်းမမေးရ/ အဆိုမတင်ရ လို့ အမိန့်ပေးထားတယ်ထင်တယ်။
 ဒါမှမဟုတ် ပြည်သူ့လွှတ်တော်ဥက္ကဌ နဲ့ အမျိုးသားလွှတ်တော်ဥက္ကဌ တို့ အချက်ပြတဲ့ကိစ္စတွေကျတော့မှသာ ကန့်ကွက်မဲနဲ့ ထောက်ခံမဲ ပေးကြရတာများလား မသိဘူးဗျ။
 (မိတ်ဆွေ)       အေးပေါ့ဗျာ။ သူတို့က အခြားသော ဂျင်းတဲလ်မင်းကိုယ်စားလှယ်တွေနဲ့ အမျိုးအစားမတူဘူးပေါ့ဗျာ။  ပေးတဲ့အမိန့်အတိုင်း နာခံဆောင်ရွက်ရတဲ့ ကိုယ်စားလှယ်တွေလေ။
အမျိုးသားလွှတ်တော်ဥက္ကဌဆိုသူက မှာလိုက်သေးတယ်။ လွှတ်တော်နားနေချိန်မှာ လေ့လာမှုတွေ များများလုပ်ကြ တဲ့ဗျ။ ဒါကလည်း ကျုပ်တို့ရဲ့ ရွေးချယ်ခံကိုယ်စားလှယ်တော်ကြီးတွေကို တမင်နှိပ်နှိပ်နင်းနင်းပြောလိုက်တာဗျ။
 (ကျနော်)        ဒါဆိုရင် ဒီနေ့တော့ ဒီလောက်ပဲ ရပ်ထားကြရအောင်ဗျာ။ ခင်ဗျား မေ့ချင်ယောင်တော့မဆောင်နဲ့နော်။
 “မေးတဲ့မေးခွန်းနဲ့ တင်ပြတဲ့အဆိုတွေဟာ ပြည်သူတွေရဲ့ လက်ငင်းအကျိုးစီးပွားနဲ့ ရေရှည်အကျိုးစီးပွားကို ထင်ဟပ်နေမယ်။ ရှေ့ရှုနေမယ်၊ ဦးတည်နေမယ်၊ မျက်နှာမူနေမယ် ဆိုရင် အဲဒီမေးခွန်းတွေ၊ အဆိုတွေနဲ့ တင်ပြတဲ့ပါတီတွေ၊ လူပုဂ္ဂိုလ်တွေကို ကျနော့်အနေနဲ့ ကြိုဆိုတယ်၊ အားပေးတယ်” ဆိုတဲ့ ခင်ဗျား သဘောထား က သိပ်စောလွန်းမနေဘူးလား” ဆိုတဲ့ မေးခွန်းကို ခင်ဗျားမဖြေသေးဘူး။
(မိတ်ဆွေ)       ကျနော်မမေ့ပါဘူး။ ဒီမေးခွန်းကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေးပြီးမှ ခင်ဗျားနဲ့ကျနော် ဆက်ပြီး ဆွေးနွေးကြမယ်လေဗျာ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts