Han Thit Naing News

Book on Kyaw Zaw



ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော နှစ်ပတ်လည်နေ့တွင် အမှတ်တရ စာအုပ် ထုတ်ဝေ
ဟန်သစ်နိုင်
အောက်တိုဘာ ၁၀၊ ၂၀၁၃



အမှတ်တရစကားပြောကြားနေသော ကိုထွန်းဝင်းငြိမ်း  နှင့် စာအုပ်မိတ်ဆက်ပွဲမြင်ကွင်း (ဓာတ်ပုံ – ဆူးအယ်လင်း)

 ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကွယ်လွန်ခြင်း တစ်နှစ်ပြည့်ချိန်တွင် သူ့အကြောင်း အမှတ်တရ ရေးသားဖော်ပြချက်များကို စုစည်းထားသည့် စာအုပ်တစ်အုပ် ထွက်ပေါ်လာသည်။

စာမျက်နှာ ၃၀၀ ကျော် ပါဝင်သည့် ထိုစာအုပ်ကို “သူတို့ရင်ထဲက ဗိုလ်မှူးချုပ်ကျော်ဇော (ရဲဘော်ဦးတင်)” ဟု အမည်ပေးထားသည်။

စာအုပ်တွင်  သ၀ဏ်လွှာများ၊ ကဗျာများ၊ ရဲဘော်မိတ်သင်္ဂဟများ၏ ပြန်လည်တမ်းတချက်ဆောင်းပါးများပါဝင်သည်။
ဤစာအုပ်၏ နောက်ဆက်တွဲ အတွဲ ၂ ကို ထုတ်နိုင်အောင်လည်း ကြိုးစားလုပ်ဆောင်သွားမည်ဟု  “ဗိုလ်ကျော်ဇော၏ကျန်ရစ်သူမိသားစု” ရေးသားသည့် ကျေးဇူးတင်လွှာတွင် ဖော်ပြထားသည်။

စာအုပ်ကို “ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့” အမည်ရ ဗိုလ်ကျော်ဇော၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကို
ထုတ်ဝေသော ဖြိုးမောက်သာ စာပေက ထုတ်ဝေခြင်းဖြစ်သည်။

ဓာတ်ပုံ ၃ဝ ခန့် ပါဝင်သော ယခု စာအုပ်သစ်၏ ရောင်းဈေးကို ကျပ်ငါးထောင်ဟု သတ်မှတ်ထားသည်။

 ထိုစာအုပ် မိတ်ဆက်ပွဲကို ယမန်နေ့က ရန်ကုန်မြို့တွင် ကျင်းပရာ နိုင်ငံရေးသမားများ၊ စာနယ်ဇင်းသမားများ တက်ရောက်ခဲ့ကြသည်။

မိတ်ဆက်ပွဲတွင် ကိုဌေးသိန်း၊ ကိုမိုးသီးဇွန်၊ ဆရာမောင်သာချို၊ ကိုထွန်းဝင်းငြိမ်း၊ ကိုကျော်ကိုကိုတို့၏ အမှတ်တရ ပြောဆိုချက်များ၊ ကဗျာဆရာတချို့၏ ကဗျာရွတ်ဆိုမှုများ ပါဝင်သည်။

ကိုမိုးသီးဇွန်က ဗိုလ်မှူးချုပ်ကျော်ဇောသည် မြန်မာလွတ်လပ်ရေး  သူရဲကောင်းကြီးတစ်ဦးဖြစ်ခဲ့ကြောင်း၊  သူ့ရဲ့ပြောင်မြောက်တဲ့တိုက်ပွဲတွေကို ကြားဖူးခဲ့ကြောင်း၊ ဗိုလ်ချုပ်ဆိုတာနဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မှူးချုပ်ဆိုတာနဲ့ ဗိုလ်မှူးချုပ်ကျော်ဇောကို သတိရမိကြောင်း၊ ကျောင်းသား တော်လှန်ရေး တိုက်ပွဲ တစ်လျှောက်တွင် လူချင်း  မဆုံလိုက်ရသည့်အတွက် ၀မ်းနည်းမိကြောင်း ပြောကြားခဲ့သည်။

 ဗိုလ်မှူးချုပ်ကျော်ဇောကို ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ ဗိုလ်မှူးချစ်ကောင်းတို့၏ ရေးသားထားသောစာများမှ  သူ့ရဲ့စွန့်လွှတ်စွန့်စားမှုတွေ၊ လျှို့ဝှက်ချက်တွေကို သိရှိခဲ့ရကြောင်း        စာရေးဆရာ မောင်သာချိုက ပြောသည်။

တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖဟု မိမိတို့နိုင်ငံမှာ နားကွဲမတတ် ကြားခဲ့ရကြောင်း၊ ဗိုလ်မှူးချုပ်ကတော့ ပြည်သူသာ အမိ၊ ပြည်သူသာ အဖ ဟုပြောခဲ့ကြောင်း မောင်သာချိုက ဆိုသည်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် တရုတ်နိုင်ငံတွင် နေထိုင်စဉ် ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁၀ ရက်နေ့က  ကွယ်လွန် သွားခဲ့သည်။



“သူတို့ရင်ထဲက ဗိုလ်မှူးချုပ်ကျော်ဇော (ရဲဘော်ဦးတင်)” စာအုပ်များကို စာအုပ်မိတ်ဆက်ပွဲတွင် ဤသို့ တွေ့ရသည် 
(ဓာတ်ပုံ – မိုးမခ)  


စာမျက်နှာ ၉၈ တွင် မိုးမခရေဒီယိုထုတ်လွှင့်ချက် အစီအစဉ် ဖော်ပြထားသည်ကို တွေ့ရသည် (ဓာတ်ပုံ – မိုးမခ)  

ယခင် သတင်း
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကွယ်လွန် http://moemaka.com/archives/27992


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts