Uncategorized

ကယ်ပါတိုင်းသား – ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကစားစရာအရုပ်လေးလား

ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကစားစရာအရုပ်လေးလား
ကယ်ပါတိုင်းသား
အောက်တိုဘာ ၁၀၊ ၂၀၁၃



“အခြေခံဥပဒေကို ပြင်ဆင်မည်ဟု ကြားဖြတ် ရွေးကောက်ပွဲတွင် မဲဆွယ်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရေးနှင့် အသစ်ပြန်လည် ရေးဆွဲရေး အတွက် ပြည်သူ့ဆန္ဒသဘောထားကို ကောက်ခံသွားမည် ဖြစ်ကြောင်း ယင်းပါတီ၏ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီက စက်တင်ဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်”အထက်ပါသတင်းမျိုးတွေ ဒီရက်ပိုင်း မြန်မာရော ကမ္ဘာပါ ဖွဲ့စည်းပုံပြင်ရေး၊ သစ်ရေးကိုသာ ပြောနေကြသည်မှာ တခြားအလုပ်ပင် လုပ်စရာမရှိတော့သလောက်ပင် ဖြစ်နေသည်။ ဘယ်အစည်းအဝေး၊ ဘယ်ဆွေးနွေးပွဲ၊ ဘယ်သင်တန်း၊ ဘယ်စကားဝိုင်း၊ ဘယ်ညီလာခံ၊ ဘယ်သာလာယံမှာဖြစ်ဖြစ် သစ်မလား၊ ပြင်မလား၊ စကားမုန်တိုင်းကျနေသည်မှာ ရက်အတော်ကြာပြီ။
ဖွဲ့စည်းပုံဥပဒေအကြောင်းကို စဉ်းစားမိရင် ၉၀ ရွေးကောက်ပွဲဆီပြန်ရောက်သွားတတ်သည်။ တပ်မတော်ဘက်က ရွေးကောက်ပွဲနိုင်သူကို အာဏာမလွဲဘဲ နိုင်သူဟာ အခြေခံဥပဒေရေးဆွဲဖို့သာဖြစ်တယ်ဆိုပြီး ၁/၉၀ အမိန့်ကြေညာစာထွက်ခဲ့သည်။
အခြေခံဥပဒေဇာတ်လမ်းက အဲဒီကစခဲ့သည်။ ရေးသားခွင့်ဟာ နိုင်သူ့လက်ထဲမှာ။ အဲဒီတုန်းကတော့ သူတို့ငြင်းလိုက်တဲ့အခါကြတော့ အခြေခံဥပဒေလေးလဲ သရဲလက်ရောက်လိုက်၊ သဘက်လက်ရောက်လိုက်၊ နောက်တော့ ကျီးထိုး၊ လောက်ကိုက် အခု မရှူနိုင် မကယ်နိုင်အခြေထိဆိုက်သွားပေတော့သည်။
ပြောချင်တာက အဲဒီတုန်းက အခြေခံဥပဒေကို စစ်တပ်ကလဲ ဂရုမစိုက်၊ နိုင်သူရေးလို့ဆိုသည်တဲ့။ နိုင်သူကလဲ ဂရုမစိုက်၊ အာဏာလွဲပေး ဆိုလေခဲ့။
ထပ်ပြောချင်တာက ကနေ့ စစ်တပ်ကလဲ တပ်မတော်၏တာဝန်သည် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်တဲ့။ ကြံ့ခိုင်ရေးတွေကလဲ အချောင်ရောင်တောင်ပေါင်တောင် ဝင်ရေးဟန်ဆောင်ကြရင်း ခုတော့ စောင့်ရှောက်မည်တဲ့။ NLD ကလဲ ကိုယ်ဟင့်အင်းခဲ့သည့် အခြေခံဥပဒေကြီးကိုပင် ရွေးကောက်ပွဲဝင်တာတောင် အဲဒါကြီးပြင်ဖို့လို့ ဆိုနေပြန်သည်။ သစ်ကို သစ်ရမည်ဆိုသူတွေလဲ ဒုနဲ့ဒေးပင်။
ချုပ်ရရင် တချိန်ကတော့ ကာကွယ်သူရော၊ စောင့်ရှောက်သူရော၊ ပြင်လိုသူရော၊ သစ်လိုသူရော အခြေခံဥပဒေကို ကိုယ့်အကြောင်းနဲ့ကို ကျောပေးထားကြသူတွေချည်းဘဲလို့ ဆိုချင်သည်။
ထပ်ချုပ်ရရင် အခုမှ အသဲအသန်ကာကွယ်ကြမည်ဆိုသူတွေရော၊ စောင့်ရှောက်ကြမည်ဆိုသူတွေရော၊ ပြင်ရမည်ဆိုသူတွေရော၊ သစ်ရမည်ဆိုသူတွေရော အခြေခံဥပဒေဟာ နိုင်ငံရေးကစားစရာအနေနဲ့ ကစားလာခဲ့ကြတာလို့ ဆိုချင်သည်။
အားလုံးကို မေတ္တာရပ်ခံချင်သည်။
နှစ် ၂၀ ကြာ ကစားပြီးပြီ။ အရွယ်တွေ၊ ဓနတွေ၊ သယံဇာတတွေ၊ အားအင်တွေအတော်လေးကုန်ခမ်းသွားပေပြီ။ ကောင်းကောင်းအိပ်စက်ပြီး နောက်မနက်မှာ အလုပ်ခွင်ဝင်ကြမှ ဖြစ်တော့မည်။ ကစားချည်းနေလို့ မဖြစ်တော့။ တညလုံးကစားနေရင်တော့ မိုးလင်းရင်လှုပ်နိုင်မယ်မထင်တော့ချေ။
တကယ်ကို လက်မခံနိုင်စရာတွေ၊ ပြဿနာဖြစ်နိုင်တာတွေ၊ ပြဿနာပြေငြိမ်းသွားမဲ့ဟာတွေ ဝိုင်းဝန်းသေချာရွှေးပြီး၊ ဆွေးနွေးပြီး အမြန်ဆုံးပြန်ရေးလိုက်ကြပါတော့။ ခါးတောင်းမကြိုက်ကြပါနဲ့တော့။
ထမိန်လဲ စွန်တောင်မဆွဲကြပါနဲ့တော့။
ဘောင်းဘီလဲမပင့်ကြပါနဲ့တော့။
ကော်လံလဲ မသကြပါနဲ့တော့။
ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကိုယ့်တိုင်းကိုယ့်ပြည်လေးကို အေးအေးဆေးဆေးထူထောင်ကြရအောင်ပါ။
ကယ်တော်မူကြပါခင်ဗျား။

ကယ်ပါတိုင်းသား

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts