>ှQ & A with Suu – March 25th 2011

>

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေကဏ္ဍ

မတ်လ ၂၅၊ ၂၀၁၁ RFA အစီအစဉ်
ကိုလူမော် (ထိုင်း)၊ ကိုကျော်ဆန်း (မလေးရှား)၊ မိုင်ကျော်ဦး (ဂျပန်)၊ နော်စေးလား (ကရင်ပြည်) ၊ မင်းစိုးမြတ်၊ ထွန်းလင်းရွှေ၊ တို့ရဲ့ အမေးများ – ပြည်သူ့ကြောက်စိတ်၊ ဒီမိုကရေစီက ဘာရမှာလဲ၊ ဒီလွှတ်တော်ပြီး နောက်လွှတ်တော်၊ အမျိုးသမီးများ ကဏ္ဍ၊ အာဃာတကြီးတဲ့အမျိုးတွေ၊ စစ်အစိုးရစာချူပ်များ

မေးသူ။        ။ ကိုလူမော်(ထိုင်းနိုင်ငံ)

မေးခွန်း။        ။ အန်တီစုရေ။ မင်္ဂလာပါခင်ဗျား။ ပထမဆုံးအနေနဲ့အန်တီစုလွတ်လာလို့ အများကြီးဝမ်းသာပီတိဖြစ်ရသလို ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ရဟန်းတော်တွေနဲ့၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ဖို့အတွက် လည်း မျှော်လင့်နေရတယ်ဆိုတာကို ပြောချင်ပါတယ်အန်တီရေ။ ဒီအစီအစဉ်ကနေပြီး အန်တီစုနဲ့ တခုလောက် ဆွေးနွေးချင်လို့ပါ။ တခြား တော့မဟုတ်ပါဘူး။ လူထုကြီးက ကြောက်စိတ်တွေ ဖုံးလွှမ်းနေတယ်။ လူထုကြီးက ကြောက်နေကြတယ်ဆိုတဲ့ ပြောဆိုဝေဖန်မှုတွေအပေါ် မှာ ကျွန်တော့်အနေနဲ့ သဘောမတွေ့ပါဘူး။ တကယ်တမ်း လူထုကြီးကပဲ ကြောက်နေတာလား။ လူထုကြီးကို စည်းရုံးလှုံ့ဆော်နေတဲ့ ကျွန် တော်တို့ အတိုက်အခံတွေကပဲ လူထုကြီးယုံကြည်မှုရှိအောင် လူထုလိုက်ပါလာနိုင်မယ့် နည်းလမ်းတွေကို ဖေါ်ဆောင်မှုအားနဲနေတာလား ဆိုတဲ့ အပေါ်မှာ သံသယဖြစ်နေမိပါတယ်။ ဒါပေမယ့် ကျွန်တော်လည်း တိတိကျကျ အဖြေမသိနိုင်ပါဘူး။ ဒါ့ကြောင့် အန်တီစုအနေနဲ့ဘယ်လို သဘောထားမျိုးရှိတယ် ဘယ်လိုမြင်တယ်ဆိုတာကို သိပါရစေခင်ဗျား။ အန်တီစုကျန်းမာပါစေ၊ အစစအရာရာ အဆင်ပြေပါစေလို့ ကျွန်တော်ဆုတောင်းပေးနေပါတယ်။
ဖြေ။        ။ လူထုထဲမှာ ကြောက်စိတ်တွေ ပြန့်ပွားနေတယ်ဆိုတာကတော့ ငြင်းလို့မရတဲ့ကိစ္စပါ။ ကြောက်နေကြအောင်လည်း
နှစ်ပေါင်းများစွာ စနစ်တကျလုပ်ထားတယ်လို့များ ပြောလို့ရမလားပဲ။ ဒီလိုကြောက်စိတ်တွေ ပျောက်အောင်လုပ်ဖို့ဆို တာ လူတွေရဲ့ မွေးရာပါဂုဏ်သိက္ခာအတွက် တန်ဖိုးထားတဲ့လူတွေအားလုံး ကြိုးစားလုပ်ရမယ်လို့ ထင်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့် အရေး ကြေငြာစာတမ်းမှာလည်း၊ စိုးရိမ်ကြောင့်ကြမှုမှ ကင်းလွတ်ဖို့ လိုကြောင်း ပါရှိပါတယ်။ ဒါကြောင့် အန်တီတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူတွေ ကြောက်စိတ်ကို ကျော်လွှားနိုင်ဖို့ ကြိုးစားပြီး ပြောဆို လုပ်ကိုင်နေတာပါ။ အားလုံးကလည်း ၀ိုင်းပြီး ကြိုးစားပေးမယ်ဆိုရင် သိပ်ကောင်းမှာပဲ။
မေးသူ။        ။ကျော်ဆန်း(မလေးရှား)
မေးသူ။        ။ ကျွန်တော်ကတော့ မလေးရှားမှာရောက်နေတဲ့ ကျော်ဆန်းပါခင်ဗျ။ ကျွန်တော့်အနေနဲ့ အမေ ဒေါ်အောင်ဆန်းစုကြည်ကို မေးချင်တဲ့မေးခွန်းလေး တခုရှိလို့ပါ။ ဒါကတော့ တခြားမဟုတ်ပါဘူး။ ကျွန်တော်တို့ဆီမှာ ဒီမိုကရေစီ အကြောင်းနဲ့ လူ့အခွင့်အရေးအကြောင်းတွေကို ကျွန်တော် တတ်သိနားလည်သလောက် ဒီကသူငယ်ချင်းတွေ၊ နီးစပ်ရာအပေါင်းအသင်းတွေ နဲ့ ဆွေးနွေးတဲ့အခါမှာ သူတို့ရဲ့မေးခွန်းတခုကို ကျွန်တော့အနေနဲ့ ရေလည်အောင် မပြောပြနိုင်တဲ့အတွက် အမေဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရှင်းပြပေးဖို့ ကျွန်တော်မေတ္တာရပ်ခံပါတယ်။ သူတို့က မေးပါတယ်။ ကျွန်တော့ကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ရမယ်ဆိုရင်ရော ငါတို့တွေက ဘာတွေခံစားရမှာလဲ။ ငါတို့တွေက ဘာတွေ ပြောင်းလဲ တိုးတက်သွားမလဲ ဆိုတဲ့ မေးခွန်းကို ကျွန်တော့ကို  မေးပါတယ်။ ကျွန်တော့ အနေနဲ့ သူတို့ကို အလွယ်တကူ နားလည်အောင် ရှင်းမပြနိုင်ဘူးဖြစ်တဲ့ အတွက် အမေဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရှင်းပြပေးဖို့ တောင်းဆို လိုပါတယ်ခင်ဗျာ။
ဖြေ။        ။ သားကို အခက်အခဲတွေ့စေတဲ့ မေးခွန်းတွေနဲ့ ပတ်သတ်လို့။ နှစ်ပိုင်းခွဲပြီးတော့ ပြောချင်ပါတယ်။ ပထမအားဖြင့်တော့ လူ့အခွင့်အရေးတွေရလို့  ဘာအကျိုးရလာဒ်တွေ ရမလဲဆိုတာ သိချင်ရင် ကုလသမဂ္ဂကြေငြာစာတမ်းကို ဖတ်ကြည့်စေချင်ပါတယ်။ လူသားတယောက်ရဲ့ မွေးရာပါဂုဏ်သိက္ခာနဲ့ အညီ နေနိုင်မယ့် အခွင့်အရေး သုံးဆယ်ကို ပြဌာန်းထားပါတယ်။ ဒီမိုကရေစီရလို့ ဘာအကျိုးရှိမယ်ဆိုတာကတော့ လူတယောက်ချင်းစီရဲ့ တန်းဖိုးကို အသိအမှတ်ပြုတဲ့ စနစ်အောက်မှာ ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့်နိုင်ငံတိုးတက်ရေးကို လုပ်ပိုင်ခွင့်တွေ ရနိုင်ပါတယ်။ ဒုတိယပိုင်းအားဖြင့် ခွဲပြောရမယ်ဆိုရင် ငါတို့အတွက် ဘာရမလဲ ဆိုတာကိုပဲ စဉ်းစားပြီး ငါတို့က ဘာတွေ အများအတွက် လုပ်ပေးနိုင်မလဲဆိုတဲ့ စိတ်ဓာတ် လုံးဝမရှိတဲ့ သူများကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရဲ့ တန်ဖိုးကို သိနားလည်ဖို့ ခက်ပါလိမ့်မယ် ထင်တယ်။
မေးသူ။        ။ မိုင်ကျော်ဦး (ဂျပန်)
မေးခွန်း။        ။ ကျွန်တော့နာမည် မိုင်ကျော်ဦးလို့ ခေါ်ပါတယ်။ ကျွန်တော် ဂျပန်နိုင်ငံရောက် ပလောင်အမျိုးသားတဦး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မေးလိုတာကတော့ နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော်မှာ တက်ရောက်နေတဲ့ လွှတ်တော်အမတ်တချို့က လွှတ်တော်ကနေပြီးတော့မှ ဒီမိုကရေစီနည်းကျ ပြောဆိုနေကြတယ်လို့ ပြောသံတွေ ကြားနေရပါတယ်။ ဒီ လွှတ်တော်မှာ ပြည်သူလူထုအတွက် ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်ပေးနိုင်မယ်လို့ ထင်ပါသလား။ နောက်တခုက ဒီ လွှတ်တော်သက်တမ်း ပြီးတဲ့ နောက်တကြိမ် ဖြစ်ပေါ်လာမယ့် ရွေးကောက်ပွဲနောက်ပိုင်းပေါ့လေ ဒီမိုကရေစီစနစ်ကို ပြန်လည်ဖန်တီးနိုင်မယ့် ရွေးကောက်ပွဲတခု ပေါ်လာနိုင်မယ်လို့ တချို့အမတ်တွေကတော့ ထင်နေပါတယ်။ နောက်ငါးနှစ်မှာတော့ ကျွန်တော်တို့ ပြည်သူတွေ လိုချင်တဲ့ဆန္ဒတွေ ဖြစ်ပေါ်လာနိုင်မလား ဆိုတာကိုလည်း မေးချင်ပါတယ်။
ဖြေ။        ။ လွှတ်တော်ထဲမှာ ဒီမိုကရေစီနည်းကျကျ ပြောဆိုနိုင် မဆိုနိုင်ဆိုတာကိုတော့ လွှတ်တော် အစည်းအဝေးတွေမှာ သတင်းထောက်တွေက သတင်းယူပိုင်ခွင့်မရှိတော့ ကျွန်မတို့လည်း မပြောတတ်ပါဘူး။ သိရသလောက်ကတော့ အဆို တွေကို ကန့်ကွက်သူမရှိ အဆိုပြုနိုင်ခဲ့ကြတယ်လို့ နားလည်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂၀၁၀ ပါတီမှတ်ပုံတင်ဥပဒေကို ဒီမိုကရေစီ ဖေါ်ထုတ်နိုင်မယ့် လွှတ်တော်တခု ပေါ်ပေါက်လာနိုင်မယ်ဆိုတာကို မယုံကြည်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲမှာပါ ၀င်ယှဉ်ပြိုင်ခြင်းမလုပ်ခဲ့တာပါ။  နောက်ငါးနှစ်လောက်မှာ ဒီမိုကရေစီနည်းကျတဲ့ ရွေးကောက်ပွဲ ပေါ်လာ မပေါ်လာဆိုတာကတော့ ဒီမိုကရေစီကို အမှန်တကယ် လိုလားတဲ့သူတွေရဲ့ ကြိုးပမ်းမှုပေါ်မှာပဲ မူတည်မယ်လို့ ထင်ပါတယ်။
မေးသူ။        ။ နော်စေးလာ(ကရင်ပြည်နယ်)
မေးခွန်း။        ။ ကျွန်မ ကရင်ပြည်နယ်က နော်စေးလာပါ။ အန်တီ့ကို အမျိုးသမီးနဲ့ပတ်သက်ပြီး မေးခွန်းလေးတခု မေးချင်ပါတယ်။ ကျွန်မမှာလည်း အမျိုးသမီးရောဂါဖြစ်တဲ့အခါကျတော့ ရန်ကုန်အမျိုးသမီးဆေးရုံ ရောက်တဲ့အခါကျတော့ အမျိုးသမီး တွေက အဲဒီမှာ တော်တော်ဒုက္ခရောက်တာကို တွေ့ရတယ်။ အမျိုးသမီးတွေက ဒီအသိပညာ နည်းတဲ့အခါကျတော့ သူတို့မှာ ကလေးတွေက ရသလောက်မွေးတယ်။ သားလျှောတယ်လို့ ပြောရမယ်ပေါ့နော်။ အဲဒါတွေဖြစ်တယ်ပေါ့နော်။ ကလေးပျက်တာတို့ ဘာတို့ အဲဒါတွေဖြစ်တဲ့ အခါကျတော့ သူတို့တွေက ရန်ကုန်ဆေးရုံကြီးကိုပဲ အားကိုးပြီးတော့ မရှိမဲ့ရှိမဲ့နဲ့ လာတာပေါ့နော်။ အဲဒါ ဆေးရုံမှာ ရောက်တဲ့အခါကျတော့ ဆရာဝန်မတွေဟာ သူတို့ကို သိပ်ပြီးတော့ ဂရုမစိုက်ဘူး။ သိပ်ဂရုမစိုက်တာ မဟုတ်ဘူး ဂရုကိုမစိုက်ဘူး။ အဲဒါ စိတ်မကောင်းစရာဘာလဲဆိုတော့ ဒီရောဂါကိုကိုင်တွယ်တဲ့ အဲဒီသူက ဆရာဝန်မကြီးဖြစ်နေတယ်။ ဒါပေမယ့် အဲဒီဆရာဝန်မကြီး ကိုယ်တိုင်ကိုက သူတို့တွေက ဒီအမျိုးသမီးနဲ့ပတ်သက်ပြီး ကိုယ်ချင်းစာတရားလည်းမရှိဘူး။ အသိပညာပေးဖို့မပြောနဲ့ ဆက်ဆံတာက လည်း စကားလည်းကောင်းကောင်း မပြောဘူး။ သူတို့မှာလည်း အပြင်ဆေးခန်းသွားဖို့ဆိုတာက (၇)သိန်း၊ (၈)သိန်း၊ (၁၀)သိန်း အဲလိုမျိုး ကုန်မယ်ဆိုတော့ သူတို့မှ မတတ်နိုင်ဘူး။ အဲဒါကြောင့် အဲဒီအတွက်နဲ့ ပတ်သတ်ပြီးတော့မှ၊ အန်တီအမျိုးသမီးကဏ္ဍနဲ့ ပတ်သက်ပြီးတော့မှ အသိပညာပေးဖို့ ရှိပါသလားလို့ သိချင်ပါ တယ်ရှင်။
ဖြေ။        ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၁၉၉၈) ခုနှစ်က စပြီး ကလေးသူငယ်များ အားဆေးပေးရေး အစီအစဉ်တခု လုပ်ခဲ့ပါတယ်။ ဒီလိုကလေးတွေကို အားဆေးပေးတဲ့အချိန်မှာ မိခင်တွေကိုလည်း မျိုးဆက်ပွားကျန်းမာရေး ကျန်းမာရေး ပညာကို အခါအားလျှော်စွာ ပေးခဲ့ပါတယ်။ ဒီ့အပြင် ၂၀၀၂ခုနှစ်ကစပြီး NLD လူငယ်တွေကို HIV နဲ့ ပတ်သတ်တဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း ကပေးတဲ့ သင်တန်းတွေကို လွှတ်ပြီး အမျိုးသမီးတွေရော၊ အမျိုးသားတွေရော သိသင့်သိထိုက်တဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေ ပြည်သူထဲ ဖြန့်ဝေဖို့ စီစဉ်ခဲ့ပါတယ်။ ဒီသင်တန်းကို တက်ခဲ့တဲ့ မဖြူဖြူသင်းဟာ ဆိုရင် အများသိတဲ့ အတိုင်းပဲ HIV/AIDS ဝေဒနာရှင်များအတွက် အခြားလူငယ်များနဲ့ တွဲပြီး ထိထိရောက်ရောက် စွမ်းဆောင်နေပါတယ်။
အဖွဲ့ချုပ်မှာလည်း ကျန်းမာရေး ပညာပေး ဟောပြောပွဲတွေ လုပ်ခဲ့ဖူးပါတယ်။ နောင်လည်း ဆက်ပြီးလုပ်မှာပါ။ တတိုင်းပြည်လုံးမှာ ကျန်းမာရေးပညာ ပြန့်နှံ့ဖို့နဲ့ လုပ်ရည်ကိုင်ရည်ပါမက ဂရုဏာစိတ်နဲ့ပါ ပြည့်စုံတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အများအပြားရှိဖို့ကတော့ အခုလို အစိုးရသုံးငွေရဲ့ ၁% မှမပြည့်တဲ့ ကျန်းမာရေးစရိတ်နဲ့တော့ စွမ်း ဆောင်နိုင်မှာ မဟုတ်ပါဘူး။
မေးသူ။        ။ မင်းစိုးမြတ်
မေးခွန်း။        ။ ကျွန်တော် တိုင်းရင်းသားတယောက်ပါ အမေ။ အချို့သော တိုင်းရင်းသားတွေရဲ့ ဗမာမုန်းတီးမှု အာဃာတတရား အလွန်ကြီးထွားလာတာကို ကျွန်တော်တွေ့ရတယ်။ အဲဒီတော့ ကျွန်တော်တို့ တိုင်းပြည်က ဒီအာဃာတတရားတွေ ဖျောက်ဖျက်မှ အောင်ပွဲခံမယ်လို့ ယုံကြည်လက်ခံထားတယ်လေ။ တိုင်းရင်းသားတွေရဲ့ အာဃာတမုန်းတီးရေးစိတ်ကို သင်ပုန်းချေ နိုင်အောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုအကြံပြု လုပ်ဆောင်ပေးနိုင်မလဲဆိုတာ သိချင်ပါတယ်။
ဖြေ။        ။ တိုင်းရင်းသားများ အချင်းချင်း မုန်းတီးမှုတွေ ပပျောက်ရေးအတွက်၊ လက်တွေ့ကျကျ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေနဲ့ တဖက်က ကြိုးပမ်းသွားပြီး နောက်တဖက်က တိုင်းရင်းသားအားလုံးကို စိတ်ဓာတ်အရ စုစည်းပေးနိုင်မယ့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မြဲရေးကိုတည်ဆောက်ဖို့ကြိုးစားရမယ်လို့ထင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့က တိုင်းရင်းသားဒေသ တွေမှာ လူမှုရေးနဲ့ ဥပဒေရေးရာကိစ္စတွေကို ဆောင်ရွက်ပြီးတိုင်းရင်းသားများနဲ့ ခင်မင်ရင်းနှီးစွာ ထိတွေ့ဆက်ဆံခြင်း၊ စိတ်တူသဘော တူတိုင်းရင်းသား အဖွဲ့အစည်းများနှင့် လက်တွဲပြီး ၂၁ ရာစုနှစ် ပင်လုံဖေါ်ဆောင်ရေးအတွက် လှုပ်ရှားခြင်း၊ စတာတွေကို ဆောင်ရွက် နေတာဖြစ်ပါတယ်။
မေးသူ။        ။ ကိုထွန်းလင်းရွှေ
မေးခွန်း။        ။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား။ ကျွန်တော်ကတော့ ထွန်းလင်းရွှေပါ။ ဖလော်ရီဒါကပါ။ ကျွန်တော်သိချင်တဲ့ မေးခွန်းလေးကတော့ ၁၉၈၈ ကနေပြီးတော့ ၂၀၁၀ န.၀.တ၊ န.အ.ဖ ကာလ အပိုင်းအခြားအတွင်းမှာ ပြည်သူ့လွှတ်တော်ဆိုတာ မရှိတဲ့အတွက် အဲဒီကာလအတွင်းမှာ န.၀.တ၊ န.အ.ဖ ကနေပြီးတော့ ချေးငှားထားတဲ့ ချေးငွေတွေအားလုံးနဲ့၊ နောက်တခါ ပြည်တွင်း ပြည်ပမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင် ကုမ္ပဏီတွေနဲ့ ရောင်းဝယ်ဖောက်ကား ချုပ်ဆိုထားတဲ့ စာချုပ်စာတမ်းအားလုံးဟာ ကျွန်တော်တို့ နောင် တချိန် အရပ်သား ဒီမိုကရေစီ အစိုးရစစ်စစ်တရပ် ပေါ်ထွက်လာတဲ့အချိန်မှာ ကျွန်တော်တို့ ပြည်သူတရပ်လုံးအနေနဲ့ ပေးဆပ်ရန် တာဝန်မရှိ လို့ ကျွန်တော်ကတော့ အဲဒီလိုထင်မြင်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ကျွန်တော်သိချင်ပါတယ်။ ကျေးဇူးပြုပြီး ဖြေကြားပေးစေလိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ။
ဖြေ။    ။တခြားနိုင်ငံတွေနဲ့ ချုပ်တဲ့စာချုပ်တွေနဲ့ ပတ်သက်လို့ဆိုရင် နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနဲ့ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေကိုလည်း ထည့်တွက် ကိုင်တွယ်ရမှာပါ။ ကိုယ့်နိုင်ငံကို အင်မတန်မှ ထိခိုက်နစ်နာစေတဲ့ ကိစ္စတွေဆိုရင်တော့ မိတ်ဆွေနိုင်ငံတွေက နားလည်မှုနဲ့ ပြေလည်အောင်လုပ်ပေးမှာပါ။ ဒါပေမယ့်လည်း ကိုယ့်ဘက်ကလည်း မိတ်ဆွေကောင်းဖြစ်နိုင်တယ်ဆိုတာကို ပြသနိုင်ဖို့တော့ လိုပါလိမ့်မယ်။
(ABMA ၀ိုင်းတော်သားများကစာဖိုင်ဖြည်ပါသည်။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts