>Than SOe Hlaing – Nargis Reporter Story 5

>

(လက်ချည်းသက်သက်နဲ့ နာဂစ်ကို လာကြည့်တဲ့ စစ်အုပ်စုများ)



သတင်းထောက်တဦး၏ နာဂစ်ဒိုင်ယာရီ (၅)

သန်းစိုးလှိုင်

ဧပြီ ၁၅၊ ၂၀၀၉

အငိုက်မိတဲ့ စစ်ယန္တရား

နိုင်ငံခြား သတင်းထောက်များ ဧရာဝတီတိုင်းသို့ သွားလာခွင့်ရနေသေးတဲ့ နာဂစ်ဖြစ်ပြီးခါစ ပထမသီတင်းပတ်မှာ အခြေအနေအားလုံးကို စစ်အစိုးရက နိုင်နိုင်နင်းနင်း ထိန်းချုပ်ကွပ်ကဲနိုင်ခြင်း မရှိခဲ့တာ ထင်ရှားပါတယ်။ ဒီလောက်အထိ ကျယ်ပြန့်လှတဲ့ ဒေသတခုလုံးမှာ အရေးပေါ် အခြေအနေဖြစ်ပေါ်နေတာမျိုးကို ကိုင်တွယ် ဖြေရှင်းဖူးတဲ့ အတွေ့အကြုံလည်း နအဖ အစိုးရမှာ မရှိသလို မြန်မြန်ဆန်ဆန် တုံ့ပြန်ဆောင်ရွက်နိုင်တဲ့ ယန္တရားလည်း မရှိပါဘူး။



နိုင်ငံရေး အုံကြွမှုလို ကိစ္စရပ်တွေမှာသာ ချက်ချင်းတုံ့ပြန်ဆောင်ရွက်ဖို့ လက်မနှေးတာဖြစ်ပြီး ယခုလို သဘာဝဘေး အန္တရာယ် လိုမျိုးမှာ စစ်တိုင်းမှူး ၀န်ကြီးတွေကအစ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေခဲ့ပြီး ၀န်ကြီးချုပ်၊ ၀န်ကြီးတွေရဲ့ နာဂစ်ဒေသ ခရီးစဉ်မှာ ရုပ်သံရိုက်ယူဖို့တောင် လုံလောက်တဲ့ ဗီဒီယိုသတင်းသမား မရှိလို့ ပုသိမ်မြို့မှ အလှူမင်္ဂလာဆောင် ရိုက်ကူးသူ အရပ်သားတွေကို အရေးပေါ်ခေါ်ယူသွားပြီး ရိုက်ကူးခဲ့ရတဲ့ အဖြစ်တွေ အမှန်တကယ် ဖြစ်ပျက်ခဲ့ပါတယ်။ ဒီအတွက်ကြောင့်ပဲ အဆိုပါ ဗိုလ်ချုပ်တွေရဲ့ ခရီးစဉ် မှတ်တမ်းဗီဒီယို တွေပြင်ပကို ရောက်ရှိလာပြီး သီတင်းပတ်အနည်းငယ်အတွင်း ရန်ကုန်မြို့ရဲ့ အရောင်းရဆုံး ဗီဒီယိုခွေတွေဖြစ်ခဲ့ပါတယ်။



ယခင်နိုင်ငံရေး အုံကြွမှုတွေ ဖြစ်တာမျိုး၊ သေးငယ်တဲ့ သဘာဝဘေး အန္တရာယ် လိုမျိုးဖြစ်တဲ့အခါမှာ မြို့တမြို့၊ ရွာတရွာကို အဆက်အသွယ်ဖြတ်တောက်ကာ သတင်းစီးဆင်းမှုကို ထိန်းချုပ် နိင်ခဲ့ပေမယ့် ယခုတကြိမ်ဖြစ်ပျက်သလို မြို့ ရွာပေါင်း ရာနဲ့ချီတဲ့ နေရာ ဒေသကြီးကို ဘယ်လိုထိန်းချူုပ်မလဲဆိုတာကို ဖြစ်ပျက်ခါစမှာ စီမံကွပ်ကဲနိုင်ခြင်း မရှိခဲ့တာပါ။

(တော်ပုလဲရပ်ကွက်၊ ကွမ်းခြံကုန်း)

ကွမ်းခြံကုန်းသို့ သွားရာလမ်း

ရန်ကုန်ကနေသွားတဲ့ ကွမ်းခြံကုန်း ကားလမ်းတလျှောက်မှာ အိမ်တွေ ပြိုလဲနေတာ၊ ဘုရား ထီးတွေကျိုးကျနေတာ၊ သစ်ပင်တွေအမြစ်မှ ကျွတ်ပြီး ကားလမ်းပေါ် တ၀က်တပျက် တင်နေတာ တွေချည်း မြင်တွေ့ရပါတယ်။



ဆိုင်ကယ်မောင်းသူက “မုန်တိုင်းတိုက်ပြီး တရက်နှစ်ရက်လောက်က ဒီလမ်းကို အငှားလိုက်ရင် ခါးကြားမှာ ဓါးမတချောင်းထိုးထားရတယ်၊ တချို့နေရာတွေမှာ သစ်ကိုင်းတွေလမ်းပေါ်ကန့်လန့် ဖြစ်နေတော့ ဆင်းပြီး ခုတ်ရှင်းရတယ်၊ ပြီးမှဆက်သွားရတဲ့ အခြေအနေမျိုး” ဟု ပြောပြသည်။



ထိုရက်တွေက ဓါတ်ဆီ တဂါလံကို ကျပ်တသောင်း ဈေးထိ ရောက်ရှိခဲ့ပြီး ဖျာပုံထိ ဆိုင်ကယ်အငှားလိုက်လျင် ကျပ်၎၊ ၅သောင်းထိ ပေါက်ဈေး ရှိခဲ့သည်ဟု သိရသည်။



ထို့ပြင် မုန်တိုင်းဒဏ်ကြောင့် လူအမြောက်အများ သေကြေပျက်စီးထားသည့် မြင်ကွင်းများကြောင့် စိတ်ချောက်ခြားခြင်းနှင့် စားရေးသောက်ရေး အခြေအနေ ကြပ်တည်း လွန်းသည့် အတွက် လုံခြုံရေး စိတ်မချရသဖြင့် နေ့ခင်းဘက်တွင်သာ ကွမ်းခြံကုန်း၊ ဒေးဒရဲ ဖျာပုံ မြို့များသို့ ဆိုင်ကယ် အငှားလိုက်ရဲပြီး ညမမှောင်မီ ဒလ အရောက်ပြန်ရသည်ဟုလည်း ဆိုသည်။ သို့သော်လည်း နာဂစ်မုန်တိုင်းတိုက် ခတ်ပြီး နောက်ပိုင်းကွမ်းခြံကုန်း၊ ဖျာပုံလမ်းပိုင်းတွင် မည်သည့် လုယက်မှုမျိုးမှတော့ မကြားခဲ့ရပေ။



ဆိုင်ကယ် မောင်းသူမှာ ဆက်ဆံရေးကောင်းမွန်သော်လည်း ကြံ့ခိုင်မှု သိပ်မကောင်းသည့် ဆိုင်ကယ်မှာ ဆိုင်ကယ်မောင်းသူ အပြင် နှစ်ယောက်စီးသဖြင့် ကွမ်းခြံကုန်းသို့မရောက်မီ လမ်းခွတ်လတ်တွင်ပင် ဘီးပေါက်တော့သည်။ ဘီးပေါက်သည့်နေရာ တ၀ိုက်တွင်မေးမြန်းရာ ရှေ့တမိုင်ကျော်သာသာတွင် ဆိုက်ကားဘီးဖာသည့် ဆိုင်ရှိသည် ဆို၍စကားတပြောပြောဖြင့် တွန်းလာသော်လည်း ဘီးဖာသည့် ဆိုင်မတွေ့ရပေ။ အချိန်လင့်နေသဖြင့် ဆိုင်ကယ်တက်စီမောင်းသူကို ငွေ၇ထောင် ပေးပြီး နောက်မှလာသည့် ခရီသည်တင် ဒိုင်နာကား ကိုတားကာ နှစ်ယောက်သား တက်စီးခဲ့ကြသည်။



ထိုရက်ပိုင်းတွင် ပြေးဆွဲသည့်ကားနည်းသေးသဖြင့် ကား အတွင်းပိုင်းနှင့် ထိုင်ခုံများတွင် အမျိုးသမီးများ၊ ဈေးသည်များပြည့်နေသဖြင့် အမျိုးသားအများစုမှာ ကားခေါင်မိုးပေါ် တက်စီးကြရသည်။ လမ်းတွင် ကားလမ်းမပေါ် လေဒဏ်ကြောင့် အလဲလဲ အပြိုပြိုနှင့် ကိုင်းကျ နေသည့် သစ်ပင်၊ သစ်ကိုင်းများကို ခေါင်း၊ လည်ပင်းတို့နှင့် မချိတ်မိ၊ မတိုက်မိအောင် တလမ်းလုံး သတိထားရှောင် တိမ်းခဲ့ကြရသည်။ အချို့နေရာများတွင် ကားအမိုးကိုင်းပေါ်တတ်နိုင်သမျှငုံ့သော်လည်း မလွတ်သဖြင့် ကျိုးနေသည့် သစ်ကိုင်းများက ခေါင်းနှင့် ကျောကိုရိုက်သည့် အခါလည်းရှိခဲ့သည်။ ထိုသို့သောအခြေအနေမှ လွဲလျင် ပတ်ဝန်းကျင် မြင်ကွင်းများကို တတ်နိုင်သမျှကြည့် ပြီးဓါတ်ပုံရိုက်ယူနိုင်သမျှလည်း ရိုက်ယူခဲ့သည်။

(ကွမ်းခြံကုန်း -ကော့မှူးလမ်းက ပျက်စီးနေတဲ့ ဘုရားကျောင်းကန်)

နာဂစ်မြင်ကွင်းအစ



လမ်းတလျှောက် ၈၀ ရာခိုင်နှုန်းမျှသော လျှပ်စစ် ဓါတ်တိုင်များ လဲပြိုနေသည်။ ကွမ်းပင်များ အလဲလဲအပြိုပြို၊ ၀ါးပင်များပါ ဟိုဘက်လဲ၊ ဒီဘက်လဲနှင့် ရှုမြင်ရသည့် မြင်ကွင်းက စိတ်မချမ်းမြေ့စရာ ကောင်းလှသည်။ ဆယ်စုနှစ်ပေါင်း အတော်ကြာကြာက တည်ဆောက်ထားခဲ့သည့် ဘုရားတန်ဆောင်းကြီးများလည်း မြေပေါ်ပုံကျနေသည်။ ကော့မှူး မြို့အထွက် ဘုရားတန်ဆောင်းမှ ခြင်္သေ့ရုပ်ကြီးနှစ်ရုပ်မှာ ပြိုလဲသည့် မုခ်ဦး အင်္ဂတေ တုတ်တန်းကို ထမ်းထားသည့် သဘွယ်ရှိနေသည်။ အောက်ခြေ အမြစ်အလွန်ခိုင်ပါသည် ဆိုသည့် ထန်းပင်များပင် ပြတ်ကျနေသည်ကို တွေ့ရသဖြင့် လေမည်မျှပြင်းထန်သည်ကို သဘောပေါက်နိုင်သည်။



ကွမ်းခြံကုန်းသို့အ၀င်



ကွမ်းခြံကုန်းမြို့နားနီးလာလေ အပျက်အစီးက ပိုများလာလေလေ ဖြစ်သည်။ မြေကြီးပေါ်လုံးဝပုံကျနေသည့် အိမ်များ၊ ကားလမ်းနဘေးရှိ ဟာလာစက် (ကျေးရွာ ၀မ်းစာစပါးကြိတ်ခွဲသည့် ဆန်စက်အငယ်စား) များမှာ အမိုးရော အကာပါလွင့်ပါပြီး လေထဲနေထဲတွင် ထီးထီးကြီးရှိနေသည်။ ဒေးဒနော ၊ကော့မှူး တ၀ိုက်ရှိ စာသင်ကျောင်းများမှာ မြေပေါ်ပြားပြားဝပ်နေသည်။ ကော့မှူးမြို့ ရှိလူဝင်မှုကြီးကြပ်ရေးရုံး၊ လယ်ယာစိုက်ပျိုးရေးရုံး အစရှိသည့် ရုံးအားလုံး အမိုးဗလာဖြင့် ရှိနေကြသည်။



ခေါင်မိုးများမှ လွင့်ထွက်လာသည့် သွပ်ချပ်များမှာ စက္ကူကိုလုံးခြေထားသည့် သဖွယ် စုတ်ပြဲ တွန့်ခေါက်နေကြသည်။ အချို့မှာလည်း သစ်ပင်များပေါ်တက်ချိတ်နေသည်ကို တွေ့ရသည်။ ကွမ်းခြံကုန်းမြို့ကို ကားဝင်သွားသည့် အခါ ယိမ်းယိုင်၊ အမိုးပွင့်၊ အကာပွင့်နေသည့် ဘုန်းတော်ကြီးကျောင်း များကိုဘယ်ညာ နှစ်ဖက်စလုံး တွေ့မြင်ရသည်။

(ကွမ်းခြံကုန်းက အဖွဲ့ချုပ်ဆိုင်းဘုတ်နဲ့ ပါတီရုံး)



ကားဂိတ်ရှိရာ လမ်းဆုံမရောက်မီ အိမ်တအိမ်၏ ရှေ့တွင် အနီရောင် သဘောင်္ဆေး များလွင့်ပျယ် ပြီး မွဲခြောက်ခြောက် သွပ်ပြား အောက်ခံရောင် ဖြစ်နေသည့် “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ကွမ်းခြံကုန်းမြို့နယ်” ဆိုသည့် ဆိုင်းဘုတ်ကို ပျက်စီးပြိုကျနေသည့် အိမ်ရှေ့ မြေကြီးပေါ်တွင် ထောင်ထားသည်ကို တွေ့ရ၏။ ထိုဆိုင်းဘုတ် တင်ထားရာအိမ်မှာ မြေပေါ်ပြားပြားဝပ်ပြီး အိမ်ရှင်ဖြစ်ဟန်တူသည့် အမယ်ကြီးမှာ အပျက်အစီးများ ကြားတွင် ထိုင်နေသည် ကိုမြင်တွေ့ရသည်။ ထိုမြင်ကွင်းမှာ မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံနေသည့် ဒေသခံတို့၏ စိတ်ဓါတ်ကို ဖေါ်ကျူးသလို စစ်အာဏာရှင် စနစ်၏ ဖိနှိပ်မှုကို ကြံ့ကြံ့ခံနေရသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တို့၏သရုပ် နှစ်ခုကို တပြိုင်ထည်း ဖေါ်ပြထားသကဲ့သို့ ရှိနေခဲ့သည်။



ကွမ်းခြံကုန်းမြို့လယ် ဟုခေါ်ဆိုနိုင်သည့် အမှတ် (၁) အထက်တန်းကျောင်းဘေး ရုပ်ရှင်ရုံဟောင်း ထဲတွင် တပ်မ ၇၇ မှစစ်သားများ ကစောင့်နေပြီး ကွပ်ကဲရေးဌါနချုပ်လုပ် ထားသည်။ ထို ခန်းမနဘေးတွင် ထိုင်နေ၊ ရပ်စောင့်နေကြသူ ဒေသခံအများ အပြားကိုတွေ့ရသည်။ သူတို့၏ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်သည့် အသွင်ကို မြင်နိုင်ပြီး အချို့ဒေသခံ တို့မှာ ထိရှထားသည့် ဒဏ်ရာဒဏ်ချက်များနှင့် ဖြစ်သည်။



စစ်တပ်ကွပ်ကဲရေး စခန်းအတွင်းတွင်တော့ အရေးပေါ် ရောက်ရှိလာသည့် ရေနှင့် ဆန်၊ ရိက္ခာလိုပစ္စည်း အချို့သိုလှောင်ထားသည် ကိုတွေ့ရသော်လည်း ဝေငှနေသည့် မြင်ကွင်းကိုမူ မမြင်တွေ့ခဲ့ရပေ။ ထိုခန်းမ ပတ်ဝန်းကျင်တွင် ရပ်နေသူ တဦးကို ချဉ်းကပ်မေးမြန်းရာ အကူအညီ ဝေငှလိုဝေငှငြား လာစောင့်နေကြခြင်း ဖြစ်သည်ဟု ဆိုသည်။ သူ၏ အမည်မှာ ကိုတင်အေး ဖြစ်ပြီး ယခင်က ရယက အဖွဲ့ဝင် တယောက် ဖြစ်သည်။ ထို့နောက်တွင် သူတို့နေထိုင်ရာ ကွမ်းခြံကုန်း တောင်ပိုင်းရပ်ကွက်သို့ လိုက်သွားခဲ့ပြီး လမ်းတလျောက်တွင် ဖြစ်ပျက်သမျှကို ပြောပြခဲ့သည်။



ကွမ်းခြံကုန်းမြို့သို့ မုန်တိုင်း ၀င်သည့်အချိန်မှာ ည၉နာရီ ၀န်းကျင်သာသာ ရှိသည်ဟု ဆိုသည်။ မုန်တိုင်း သတင်းကြေငြာချက်ကို ရေဒီယိုမှ ကြားသည့်သူများ ရှိသော်လည်း ယခုလောက်ပြင်းထန်မည့် မုန်တိုင်းဟု မည်သူကမျှ မထင်မှတ်ခဲ့ကြပေ။ မိုးလေ၀သ ကြေညာချက် ကိုယ်နှိုက်က ပြင်းထန်မည့် ကြေငြာချက်မျိုးမဟုတ်ပဲ လျော့ပေါ့၍ ကြေငြာသည့် သဘောဖြစ် သောကြောင့်လည်း ဒေသခံများ အနေဖြင့် ပြင်ဆင်မှု မလုပ်ထားခဲ့ ကြခြင်းလည်း ဖြစ်သည်။



နာဂစ်မုန်တိုင်းမှာ ည ၉နာရီနောက်ပိုင်း မိုးနှင့်လေ ပြင်းထန်လာခဲ့ပြီး ရေတစတစ တက်လာခဲ့ရာမှ ည၁၂နာရီ ၀န်းကျင်ခန့်တွင် ကိုတင်အေးတို့နေထိုင်ရာ ချောင်းနဘေး ရှိအိမ်တန်း တတန်းလုံး လူတရပ်နီးပါးရှိသည့် ရေထဲ မြုပ်ကုန်ပြီးဖြစ်သည်။ အချို့သောအိမ်များမှာတော့ လေနှင့် ရေလှိုင်းဒဏ်ကြောင့် လဲပြိုကုန်ပြီး ချောင်းထဲမျော တာလည်း မျောကုန်ပြီဖြစ်သည်။ အနီးအနားကပ်လျက် အိမ်များမှ အသက်ရွယ်ကြီးသူနှင့် ကလေးများကို တတ်နိုင်သမျှ ကူညီပြီး မပြိုသည့်အိမ်၊ အနည်းငယ် ခိုင်ခန့်သည့် ပေါ်သို့တင်ပေးထား ကြသည်ဟု ဆိုသည်။ အသက်ဘေး နှင့်ကြုံလာသည့် အခါ ကလေးများနှင့် အသက်အရွယ်ကြီးသူများကို ဦးစားပေးကြခြင်း၊ မိမိအသက်ကို ပဓါနမထားပဲ ကူညီဖေးမကြသည်မှာ လူတွေစိတ်ဓါတ် အဆင့်အတန်း မနိမ့်ကျကြောင်း ကိုပြသခဲ့ခြင်း ဖြစ်သည်ဟု ထိုအဖြစ်အပျက် နောက်ပိုင်းတွင် အားလုံးက သဘောတူကြသည်။



နာဂစ်မုန်တိုင်း ဖြစ်ပြီး ရန်ကုန်မြို့နှင့် အခြားနယ်မြို့အသီးသီးမှ ကားအစီးပေါင်း ရာထောင်ချီ၍ ဧရာဝတီတိုင်းကို လာရောက်ကူညီ ခဲ့ခြင်းက မြန်မာနိုင်ငံမှ ပြည်သူများတွင် ကူညီယိုင်းပင်းစိတ် အပြည့်အ၀ ရှိနေခြင်းကို ပြသခဲ့ခြင်းဖြစ်သည်။



ဘိုကလေး မြို့နယ် ကြိမ်ချောင်းကြီး ရွာအုပ်စုမှ ရွာသားတဦးကလည်း ထိုသို့ပင်ပြောဆိုခဲ့သည်။ မုန်တိုင်းတိုက်ပြီးစ ရက်များမှာ သောက်စရာရေမရှိသဖြင့် တွေ့သည့် အုန်းပင်ပေါ်မှ ဆွတ်ခူးရရှိလာသည့် အုန်းသီးမှ အရည်ကို ရွာရှိ အသက်ကြီးသူ၊ နာမကျန်းဖြစ်နေသူနှင့် ကလေးသူငယ်များကို ပထမဆုံးဦးစားပေး သောက်စေသည် ဟုပြောဆိုသည်။ သူတို့ရွာတွင် မည်သူမျှ ငါဝလျင်ပြီးရော၊ ငါအသက်ရှင်လျင် ပြီးရော သဘောမျိုးမထားပဲ မိမိအနေဖြင့် မည်မျှပင် သောက်ချင်စေကာမူ ဦးစားပေးသင့်သူတွေကို အရင်တိုက်၊ ကျွေးမွေးခဲ့ကြသည် မှတ်တမ်းတင်လောက်သည့် အဖြစ်အပျက်များ ဖြစ်သည်။



နှစ်ကာလ ရှည်ကြာသော စစ်အာဏာရှင်စနစ် နှင့် ကြပ်တည်းလှသည့် စီးပွားရေး အခြေအနေတို့ကြောင့် မြန်မာလူထုမှာ စိတ်ဓါတ်ပျက်ပြား ကုန်ပြီလားဆိုသည့် စိုးရိမ်မှုများ ကို နာဂစ်မုန်တိုင်းက ပျယ်လွင့်စေခဲ့သည်။

(ကွမ်းခြံကုန်း ဘောလုံးကွင်း)

ယခင်ကွမ်းခြံကုန်းနှင့် နာဂစ်ပြီးနောက် ကွမ်းခြံကုန်း



ကွမ်းခြံကုန်း မြို့၏ ဈေးရှိရာရပ်ကွက်၊ ဆေးရုံ စာသင်ကျောင်း ၊ ဗလီ၊ မ၀တရုံး၊ ကုန်သွယ်လယ်ယာရုံး၊ ဘဏ် အစရှိသည့် အဆောက်အဦအားလုံး ရေမမြုပ်သည့် နေရာမရှိ လူတရပ်မှ ၈ပေ၊ ၉ပေမ အထိနစ်မြုပ်ခဲ့ပြီး မြို့ကိုဖြတ်နေသည့် ကားလမ်း၏ တော်ပုလဲချောင်း တံတား ဂုံးနေရာသာ ရေလွတ်သည်ဟု ဆိုသည်။ ညအမှောင် ထဲတွင်မည်သူမျှ ထိုတံတားရောက်အောင် သွားနိုင်ခြင်း မရှိခဲ့ကြပေ။ မိမိတို့ နေအိမ်တ၀ိုက်တွင်သာ တွယ်ကပ်ပြီး မလဲသေးသည့် အိမ်၊ သစ်ပင်၊ အဆောက်အဦ တို့၏ ခေါင်တန်း လိုနေရာမျိုးမှာ တက်ပြီး ၇နာရီ ၈နာရီတာကာလကို ကျော်ဖြတ်ခဲ့ကြရသည်။



မုန်တိုင်း တိုက်ခတ်ပြီး တပတ်အကြာ မေလ ၉ရက်နေ့ နံနက် ထိုရက်ကွက်သို့ ရောက်သည့် အခါမှာပင် ဒေးဒရဲမြို့ဘက်ထွက်သည့် ကားလမ်းနဘေးရှိ ရဲစခန်း နောက်လယ်ကွင်းထဲတွင် မုန်တိုင်း ရေလှိုင်းဖြင့် မျောလာသည့် အလောင်းတလောင်း ရှိနေသေးသည် ဟုဆိုသည်။ ကျွဲသေ၊ နွားသေတို့ကို ပေါင်းမြက်တို့ဖြင့် စိမ်းမြနေသည့် လယ်ကွင်းထဲတွင် တွေ့မြင်နိုင်သေးသည်။ ထိုစိမ်းမြနေသည့် လယ်ကွင်း ကိုဖြတ်သန်းတိုက်ခတ်လာသည့် လေထဲတွင် ပုပ်နေသည့်အနံ့အသက်တို့ကို ခံစားမိသည်။ မုန်တိုင်းမတိုင်မီ ကွမ်းခြံကုန်း၏ ပုံရိပ်မှာ မည်သို့ရှိမှန်း မသိ၍ ကိုတင်အေးကို မေးမြန်းကြည့်ရာ ကွမ်းခြံကုန်းမှာ ရေလည်းကောင်း၊ မြေဆီလည်းကောင်းသဖြင့် အများစုမှာ ဆန်စပါး စိုက်ပျိုးခြင်း ဖြင့်အသက်မွေးကြပြီး ရေလုပ်ငန်း၊ ၀ါးခုတ်ခြင်း တို့လုပ်ကိုင်စားသောက်ကာ နေပျော်သည့် ဒေသဖြစ်သည် ဟုဆိုသည်။



ကိုတင်အေး တို့ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းသို့ ၀င်ကာ ဆရာတော်ကို ဦးချသည်။ သွပ်ခေါင်မိုးပွင့်ထွက်ပြီး နေရောင်ထိုးနေသည့် ပေ၃၀ပတ်လည် ဓမ္မာရုံထဲတွင် အသက်အရွယ် ၅၀ကျော် ကျောင်းထိုင် ဆရာတော်ကို ဖူးရသည်။ လေဒဏ်၊ရေဒဏ်ကြောင့် နံရံများပြိုလဲပြီး ခေါင်မိုးဗလာနှင့် အဆောင်တစ်ဆောင်ကိုလည်း တွေ့ရသည်။ ရပ်ကွက်ထဲမှ အိမ်ပျက်စီး၊ ရေဖြင့်မျောပါသွားသည့် မိသားစုများ ဘုန်းတော်ကြီးကျောင်းတွင် လာရောက် ခိုလှုံနေကြပြီး ဆရာတော်က ရှိသည့်ငွေခြစ်ခြုပ်ကာ တတ်နိုင်သလောက် ရွာမှဒုက္ခရောက်သူအားလုံးကို ကျွေးမွေးထားသည် ဟုဆိုသည်။



သတင်းဂျာနယ်မှ သတင်းထောက်ဟု ဆို၍ ဖြစ်ပျက်သည့် အခြေအနေကို ဆရာတော်က ရှင်းပြသည့် အပြင် ထမင်းပါဝင်စားသွား ဖို့အတင်းတိုက်တွန်းသဖြင့် နာဂစ်ဒုက္ခသည်များ အားကျွေးမွေးသည့် ပဲဟင်းချိုနှင့် ထမင်းကို ၀င်စားခဲ့ရသေးသည်။ မုန်တိုင်းတိုက်ပြီး ခါစဖြစ်၍ ကွမ်းခြံကုန်းမြို့ထဲတွင်လည်း ထမင်းဆိုင် ဖွင့်မဖွင့် မသေချာသဖြင့် ကျောင်းမှ ကျွေးသည့် နံနက်စာကို ၀င်စားခဲ့ရသည်။ ဆရာတော်၏ မယ်တော်ဖြစ်သူမှာ အသက်အရွယ်ကြီး ရင့်လျက်ရှိနေရာမှ မုန်တိုင်းတိုက်ပြီးနောက်တနေ့တွင် ကျောင်းမှာပင် ကွယ်လွန်သဖြင့် ရက်လည်ဆွမ်း မသွတ်ရသေးဟုလည်း သိရသည်။



မုန်တိုင်းကြောင့် အသက်ဆုံးရှုံးသွားသည့် တကာတကာမများ အရေး အပြင် ဆရာတော်ကိုယ်တိုင်၏ မယ်တော်မှာလည်း တိုက်ဆိုင်စွာပင် ကံကုန်သဖြင့် လုပ်ဆောင်စရာ ကိစ္စမည်မျှ များမည်ကို ခန့်မှန်းနားလည်မိသည်။



ကျောင်းရှိ မုန်တိုင်းဒုက္ခသည်များကို ဘယ်က အကူအညီရသလဲဟု မေးရာတွင် ယခုအထိတော့ ဘုန်းတော်ကြီးကျောင်းမှလွဲ၍ မည်သည့် အကူအညီမှ မည်မည်ရရမရရှိသေး ဟုဆိုသည်။ ဆိုက်ကားသမား တဦးကတော့ မုန်တိုင်းတိုက်ပြီး နောက်တရက် မြို့လည်ခန်းမထောင့်မှာ ဆန်ကုန်သည်တဦးက ရေစိုသွားသည့် သူ၏ ဆန်အိတ်များကို လော်ရီကားကြီးနှင့် ထိုးပြီးလိုချင်သည့်သူ ယူကြဟု ဆိုသဖြင့် ရေစိုနေတာထက် လောလောဆယ် ဟာနေသည့် ဗိုက်ကို ဖြည့်ဖို့ အရေးကြီးသည်ဟု တွေးပြီး တတင်းခွဲတအိတ်ယူ ခဲ့သည်ဟု ဆိုသည်။ တ၀က်ကိုနေလှမ်းထားပြီး ကျန်သည့်တ၀က်ကို ယခုရက်ပိုင်း ချက်စားနေရသည်ဟု ဆိုသည်။



မုန်တိုင်းညက အိမ်ရေမြုပ်သည့် ဒဏ်ခံစားရသော်လည်း ကံကောင်းထောက်မစွာပင် ရေဖြင့် မျောမပါသွား သဖြင့် ဆိုက်ကားဆရာ၏ မိခင်၊ ဇနီးနှင့် သားသမီးနှစ်ဦးစလုံး အသက်မသေပဲ ချမ်းသာရာရခဲ့ကြသည် ဟုဆိုသည်။ သို့ရာတွင် ကြီးမားသည့် စိတ်ဒဏ်ရာရထားပုံပေါ်ပြီး ထိုမြို့မှ စွန့်ခွာပြေးလိုသည့် ဆန္ဒပြင်းစွာပေါ်နေသည့် အကြောင်း ရင်ဖွင့်ပြောပြသည်။ လက်ထဲမှာ လုံလောက်သည့် ပိုက်ဆံမရှိသဖြင့်သာ ထိုအချိန်မှာ အခြားမြို့တမြို့သို့ မပြောင်းရွှေ့နိုင်ခြင်းဖြစ်သည်။

(ကိုဝင်းသိန်း)



သူ့လိုပင် ကားဂိတ်မှူးဖြစ်သူ ကိုဝင်းသိန်းမှာလည်း ပျက်စီးသွားသည့် သူ့အိမ်ကို ပြန်လည်ပြင်ဆင်ဆောက်ဖို့ စိတ်အင်အား ရုပ်အင်အား ကုန်ခန်းနေပြီး ကွမ်းခြံကုန်းမြို့မှသာ ပြောင်းရွှေ့သွားလိုသည် ဟုဆိုသည်။ သူတို့နှစ်ဦးစလုံးတွင် တူညီသည့် အချက်တခုကိုတွေ့ရှိရသည်။ ထိုအချက်မှာ ပတ်ဝန်းကျင်မှ မိတ်ဆွေများ၊ တရပ်ကွက်ထည်းနေသူများ မိသားစုအလိုက်သို့မဟုတ် လင်တကွဲမယားတကွဲ သေကြေပျက်စီး သွားသည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး ထိုအရပ်မှာနေထိုင်နေလျင် အိမ်နေရာကိုမြင်လိုက်တိုင်း လူကိုသတိရ မုန်တိုင်းညကို သတိရနေသဖြင့် ထိုစိတ်ဝေဒနာကို မခံစားနိုင်ကြတော့ပဲ ပြောင်းရွေ့ထွက်ပြေးလိုစိတ်များ ပေါ်ပေါက်လာခဲ့ကြ ခြင်းလည်းဖြစ်သည်။


(ဆက်လက်ဖေါ်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts