>Law Eh Soe – Latern Light of Hope

>

ရေနံဆီမီးအိမ်လေး

လောအယ်စိုး

ဧပြီ ၁၅၊ ၂၀၀၉

ကုန်ပစ္စည်းအမျိုးအမည် အတော့်ကို စုံစုံလင်လင်ရောင်းချသော ဆိုင်ကြီးတဆိုင်ကို ကျနော်ရောက်သွားခိုက် အမှတ်မထင် ဖန်မီးအိမ်လေးတလုံး ကိုတွေ့ လိုက်ရပါတယ်။ မြန်မာနိုင်ငံက ကျေးလက်တွေမှာ သုံးစွဲနေတဲ့ ရေနံဆီမီးအိမ်ပုံစံမျိုးလေး။ တကယ့်..ချစ်စရာ..

ကျနော် ဖန်မီးအိမ်လေးကို ၀ယ်လိုက်ပြီး စာရေးစာဖတ်ပြုလုပ်ရာ စားပွဲပေါ်တွင် တရိုတသေလေးတင်ထားလိုက်ပါသည်။ သည်မှာကတော့ ရေနံဆီကို မသုံးပဲ ဖယောင်းဆီကို လောင်စာအဖြစ်သုံးသည်။

တခါတရံ အခန်းထဲမှ မီးကိုမှိတ်လိုက်ပြီး ထိုဖန်မီးအိမ်ကို မီးညှိလိုက်ကာ မှိန်ပြပြ မီးအရောင်အောက်မှာ ကျနော်ကျေနပ်စွာဖြင့် ထိုအရသာကို တစိမ့်စိမ့်ခံစားမိသည်။

အဘယ့်ကြောင့်ဆိုသော် ထိုဖန်မီးအိမ်ကလေးနှင့် ၎င်းမှဖြာထွက်လာသော အလင်းရောင်တို့သည် ကျနော့်နှင့်ကျနော့်မိသားစုတို့၏ ဘ၀ဖြတ်သန်းမှုများကို တဖန်မြင်ယောင်ကာပြန်၍ ပြောပြနေသကဲ့သို့ ခံစားရပါသည်။

ကျနော်၏မူလတန်းနှင့် အလယ်တန်းကျောင်းသားဘ၀ ကျေးလက်မှာ နေထိုင်ခဲ့သော ဘ၀အချိန်ပြီးတော့ ဘားအံမြို့ပေါ်သို့တက်ပြီး အထက်တန်းပညာကို သင်ယူသောကာလများ တက္ကသိုလ်ကျောင်းသားဘ၀ တက္ကသိုလ်ခရစ်ယာန်ကျောင်းသားလုပ်ငန်း ( University Christian Fellowship) အစီအစဉ်ဖြင့် မြန်မာနိုင်ငံတ၀ှမ်းရှိ တောင်တန်း မြေပြန့်နှင့် မြစ်ရိုးချောင်းရိုးတလျှောက်ရှိ ကျေးလက်ပြည်သူတို့၏ ဘ၀လေ့လာရေးခရီးစဉ်များ၊ ဓါတ်ပုံသတင်းထောက်အဖြစ် အခြေခံ လူတန်းစားများ အဓိကနေထိုင်ရာ မြို့ပြတို့၏ဆင်ခြေဖုံးနေ ပြည်သူတို့၏ ဘ၀သရုပ်ဖေါ် ဓါတ်ပုံရိုက်ခဲ့သည့်အချိန်များကို တဖန်ပြန်၍ မြင်ယောင်လာခဲ့မိသည်။ ထိုအတိတ်များတို့သည် အမြဲလိုလို အသစ်အသစ်များ ပြန်၍ ဖြစ်နေသည်။

ကျနော်၏ မိခင်သည် သာမာန်ကျေးလက်ဒေသမှ ကျန်းမာရေးဝန်ထမ်းတဦး ဒေသအခေါ် အမျိုးသမီးကျန်းမာရေးဆရာမ သူမ၏၀န်ထမ်းဘ၀ ၇၅ ရာခိုင်နှုန်းကျော်ကျော်သည် ကျေးလက်ဒေသများ၌ ပင်စင်ယူသည်အထိ နေထိုင်ခဲ့ရသည်။ မီးဖွားလူနာများ လိုက်လံမွေးဖွား ပြုစုပေးပြီး ရရှိသော ချွေးနည်းစာများဖြင့် ကျနော့်ကို ရန်ကုန်တက္ကသိုလ်သို့ ပို့ကာ၊ ပညာသင်စေခဲ့သည်။

အထူးသဖြင့် အများသူငါ အိပ်မောကျ တိတ်ဆိတ်နေတတ်သော သန်းခေါင်ယံအချိန် “ဆရာမ..ကျနော့်မိန်းမ ဗိုက်နာလို့ ” ဆိုပြီး လာခေါ်သူများတို့၏လက်ထဲတွင် ရေနံဆီမီးခွက် (သို့မဟုတ်) ၀ါးမီးဒုတ်ကြီး တခါတရံ လက်နှိပ်ဓါတ်မီး …

ကရင်ပြည်နယ်နှင့် တိုင်းရင်းသားတို့ နေထိုင်ရာ အခြားသော ပြည်နယ်နှင့် တိုင်းဒေသများတို့၌ အစိုးရစစ်တပ်က ၎င်းတို့၏ လုံခြုံရေးအတွက် ဒေသခံပြည်သူများကို လက်နှိပ်ဓါတ်မီး အသုံးပြုခွင့် မပေးဘဲ၊ ရေနံဆီမီးခွက်၊ ရေနံဆီမီးအိမ် (သို့ မဟုတ်) ၀ါးမီးဒုတ်ကြီးများကိုသာ အသုံးပြုစေပါသည်။

ထို့အပြင် ကျေးလက်နေ ပြည်သူတို့၏ အလုပ်သိမ်းကာ ညစာစားပြီးချိန်၊ မိသားစုနှင့် မိတ်ဆွေများတို့၏ ညဦးယံစကားဝိုင်းတို့သည် ထိုရေနံဆီမီးရောင်အောက်တွင် ပျော်ရွှင်စွာ ရယ်မောရင်း အပမ်းဖြေကြရခြင်းဖြစ်သည်။ ဘ၀ကိုခုံမင်စွာဖြင့် တွယ်တာတတ်ခြင်းသည် ကျနော်တို့ မြန်မာ့ရေမြေနေ ပြည်သူများတို့၏ ကြီးမားလှသည့် အစွမ်းတခုဖြစ်သည်။

ထိုနေရာတို့၌ ရေနံဆီမီးခွက် (သို့ မဟုတ်) ရေနံဆီမီးအိမ်သည် ဤဘ၀ပိုင်ရှင်များတို့နှင့် အစဉ် နေရာယူတတ်သည်။ မြန်မာနိုင်ငံအတွက် လိုအပ်သောလျှပ်စစ်ဓါတ်အားကို ပြည်နယ်နှင့် တိုင်း အတော်များများသို့ ဒိုင်ခံကာဖြန့် ဖြူးပေးနေသော လျှပ်စစ်မီးကြိုးကြီးများ ဖြတ်သန်းရာအောက်တွင် နေထိုင်နေကြပေမဲ့ လျှပ်စစ်ဓါတ်အားကိုသုံးစွဲခွင့် မရကြရှာသော ကယားပြည်နယ်နေ ကယန်း၊ ကယား၊ ကယော၊ ကရင်လူမျိုးတို့၏ ကျေးရွာတို့၌ ရေနံဆီမီးခွက်၊ ရေနံဆီမီးအိမ်၊ ဖယောင်းတိုင်များတို့ကို ယနေ့တိုင် သုံးစွဲနေကြရသည်မှာ ၀မ်းနည်းဖွယ်ပင်။

ထိုရေနံဆီမီးအိမ်တို့၏ အလင်းရောင်အား မှိန်နေသလို သူတို့တတွေ၏ ဘ၀များသည် မှုန်ပြပြပင် ဖြစ်နေသေးသည်။ ပြည်မမှပြည်သူတို့၏ ဘ၀များသည် ၎င်းတို့နှင့် တကမ္ဘာပင်ခြားသည်ဟု သူတို့တတွေ ထင်မှတ်နေဆဲ။

လောပိတသည် ၎င်း၏ပိုင်ရှင်ဖြစ်သော ကယားပြည်နယ်နေ ကျေးလက်ပြည်သူတို့၏ အဓိကလိုအပ်နေသည့် အခြေခံလိုအပ်ချက် လျှပ်စစ်မီးကို ဖြည့်စွက်ပေးဖို့ အချိန်ရောက်နေပါပြီ။ သူတို့တွေလည်း လျှပ်စစ်ထမင်းအိုး သုံးချင်ရှာပေလိမ့်မည်။ ကိုးရီးယားဇာတ်လမ်းတွဲများဖြင့် ရင်ခုန်လိုသော ဆန္ဒ ရှိကြမည်သာ။ အပြုသဘောဖြင့် အကောင်းဖက်မှ ကြည့်ပြန်တော့လည်း ရေနံဆီမီးခွက်၊ ဖယောင်းတိုင်မီးအလင်းရောင်များအောက်၌ ကျေးလက် ညစကားဝိုင်းများတို့သည် တဦးနှင့် တဦးပို၍ နွေးထွေးစေပြီး ဘ၀များစွာတို့ကို စုစည်းကာ ကျစ်လစ်နေသလိုမျိုးလည်း ခံစားရပြန်သည်။

မြို့ပြမှ စူးရှပြီး ပြန့် ကျဲလွင့်ပျံနေတတ်သည့် လျှပ်စစ်မီးရောင်သည် တဦးခြင်းတို့၏ ဘ၀များတို့ကို ပို၍ သီးခြားဖြစ်စေသလိုမျိုး အထီးကျန်နေစေသလို။

သန်းနှင့်ချီကာ စုစည်း၍ နေထိုင်ကြသော မြို့ပြတို့၌ လျှပ်စစ်မီးရောင်များအောက်တို့တွင် အထီးကျန် အစွန့်ပစ်ခံဘ၀များ သိန်းဂဏန်းထိလည်း ရှိနေတတ်သည်မဟုတ်လား။

သူတို့တတွေ၌ ညနေချမ်းစကားဝိုင်းအချိန်များ ရှိချင်မှ ရှိတော့မည်။ ဘာပဲပြောပြော ကျနော်တို့ကျေးလက်များ၌ လူသားဆန်စွာ ထိုညနေချမ်းစကားဝိုင်းများ ရှိနေဆဲ အခက်အခဲတွေကြားမှာ ရှင်သန်နေဆဲ တဦးကိုတဦး ဝေမျှနေဆဲ ရယ်မောနေကြဆဲ ဘ၀ကိုနှစ်သက်တွယ်တာနေဆဲ ကြည်နှုးဖို့  ကောင်းလှလေခြင်း။

ဒါကတော့ … ကျနော့်စာရေးစားပွဲပေါ်မှ တမြတ်တနိုး တင်ထားသည့် ဖန်မီးအိမ်လေးကိုကြည့်ပြီး မိမိရင်ထဲမှာရှိနေသော ခံစားချက်များကို ဖွင့်အန်မိခြင်းပါ။

မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်နှင့် မြို့ပြဆင်ခြေဖုံးအတော်များများကတော့ သည် ရေနံဆီမီးအိမ်လေးတွေကို အသုံးပြုနေရဆဲ၊ သူတို့တတွေ၏ ဘ၀များစွာတို့သည် ရေနံဆီမီးအိမ်မှ အလင်းရောင်သကဲ့သို့  မှုံမှုံရီရီ။

သို့သော် … အမှောင်ထုသိပ်သည်းသော အမိုက်ကာလများတွင်တော့ ရေနံဆီမီးအိမ်လေးအလား “ထင်းကနဲ” “၀င်းကနဲ” ဖြစ်ကာ အစဉ် “လင်းနေဆဲ”။ အမှောင်ထုတို့ကို ရှိသမျှခွန်အားဖြင့် တွန်းလှန်ကာ အာခံနေဆဲ။ မျှော်လင့်ချက်များ ဖြင့်ရှင်သန်နေဆဲ။

အနာဂါတ်ကို ရာခိုင်နှုန်းအပြည့် ယုံကြည်ကာ ဖြတ်သန်းနေဆဲ။

(မတ် ၁၄၊ ၂၀၀၉)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts