သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ၂၀၁၆ ဟာ ဂုဏ်သရေရှိ အမျိုးသမီးအိုကြီးတွေရဲ့ ‘နှစ်’ ဖြစ်ရမယ်

 

ငြိမ်းချမ်းအေး – ၂၀၁၆ ဟာ ဂုဏ်သရေရှိ အမျိုးသမီးအိုကြီးတွေရဲ့ ‘နှစ်’ ဖြစ်ရမယ်

(မိုးမခ) ဧပြီ ၁၃၊ ၂၀၁၅

ပုခက်လွှဲသော လက်တွေ ကမ္ဘာကို စိုးမိုးဖို့ရာ အချိန်တန်ရုံမက နောက်တောင်ကျနေပါပြီ။

ကမ္ဘာမှာ ဘယ်နိုင်ငံရေး စနစ်မဆို အာဏာဟာ အားကြီး သြဇာထက်သူ လူတန်းစားတစု လူနည်းစု လက်ဝယ်မှာသာ စိုးမိုး ချုပ်ကိုင်ထားတယ်။  Oligarchy စနစ်သာ ဖြစ်ပါတယ်။

ဒါကြောင့် မိန်းမကို ဒုတိယလိင် အဖြစ် သတ်မှတ်၊ ဖိနှိပ် ချိုးနှိမ်လိုမှု လူမှု၊ ဘာသာရေး ထုံးစံ ဓလေ့တွေ အပြည့်နဲ့ ရှေးရိုးစွဲလှချည်းရဲ့ဆိုတဲ့ တရုတ်၊ အိန္ဒိယ၊ အရှေ့တောင်အာရှ၊ လက်တင်အမေရိကား၊ မွတ်ဆလင်ကမ္ဘာ မကျန် အားလုံးမှာ လွှမ်းမိုး ခြယ်လှယ်စွမ်းသူ လူတန်းစား ‘Exploiter Class’ က အမျိုးသမီးတွေ နိုင်ငံအကြီးအကဲ အဖြစ် နိုင်ငံ့ ဥသျှောင် ခေါင်းဆောင်ဖြစ်ခဲ့ဖူးကြတဲ့ သမိုင်းရှိတယ်။

အခု ကမ္ဘာ့ထိပ်သီး အမေရိကန် အတွက် အမျိုးသမီး ခေါင်းဆောင် အလှည့် ရောက်သင့်ပါပြီ။

အမေရိကန် ပြည်တွင်း နိုင်ငံရေးနဲ့ ပြည်ပ နိုင်ငံခြားရေး မူဝါဒများအတွက် ဘယ်ပါတီ တက်တက်၊ ဘယ်သူ ခေါင်းဆောင်တက်လုပ်လုပ် ဘာတခုမှ အလုံးစုံ အပြည့်အဝ လက်ခံချင် စရာမရှိပါဘူး။  သြဇာ၊ အာဏာ၊ ငွေကြေး ကြီးမားသူ သူကြွယ်ကြီးများရဲ့ ကော်ပိုရေးရှင်းကြီးများနဲ့ စီးပွားဖက် နိုင်ငံရေးသမားများ ချုပ်ကိုင် ကြီးစိုးရာ “Plutocracy” စနစ်သာ ဖြစ်မြဲ ဖြစ်နေဦးမှာပါပဲ။

ဒါပေမဲ့ ဟီလာရီကလင်တန်ရဲ့ ၂၀၁၆ သမ္မတရာထူး အတွက်တော့ ကျနော် ကြိုဆို ထောက်ခံပါတယ်။

အမွေခံ နိုင်ငံရေး ဓလေ့ ကို ဖျက်ပါ၊ ‘လီ’ မျိုး ပြုတ်မှ စင်ကာပူ မျှော်လင့်စရာ ရှိမယ် စသဖြင့် အမြဲ ဆိုနေသူက အစဉ်အဆက် နန်းမွေခံ Tudors-Stuarts ထုံး လို Bushes-Clintons ကြီးစိုးတဲ့ မင်းဆက် နိုင်ငံရေး အပြောင်းအလဲ ကို လက်ခံတယ် သဘော ဆိုသလားရယ်လို့ ပြန်ထောက်ချင်သူများလည်း ရှိပါမယ်။

တကယ်တော့ ဟီလာရီကို ထောက်ခံခြင်းဟာ ကလင်တန်နဲ့ မဆိုင်ပါ။  သူ့ရဲ့ လူငယ် ရှေ့နေဘဝ ကစလို့ အားကြိုးမာန်တက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ လူ့အခွင့်အရေး၊ ကလေးအခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး၊ လူမှုတရားမျှတမှု Social Justice အလုပ်တွေကြောင့်၊ သူ့ရဲ့ ပင်ကိုယ် အရည်အချည်းကြောင့်သာ ဖြစ်ပါတယ်။

ဘယ်နိုင်ငံရေးစနစ်၊ အဖွဲ့အစည်းမျိုးမှ အလုံးစုံ မပြီးပြည့်စုံ၊ မကောင်းနိုင်ပါ။  ဒါကြောင့် တော်လှန်တက်ကြွလှုပ်ရှားမှုများဟာ ဘယ်ခေါင်းဆောင်တွေတက်တက်၊ ဘယ်လို ပါတီ၊ အဖွဲ့အစည်းနဲ့ လူတန်းစားတွေ နေရာ ရနေနေ၊ ဘယ်တော့မှ အဆုံးမရှိ၊ အမြဲ အသံထွက် ပြောဆိုဟစ်ကြွေး နေရမှာသာ ဖြစ်ပါတယ်။

Social Justice = Democracy ပါ။  လူမျိုး၊ ဘာသာ၊ အသားအရောင်၊ လိင်၊ လိင်တိမ်းညွတ်မှု၊ လူတန်းစား၊ ကာယ စိတ္တ ချို့ယွင်း အားနည်းသူများပါမကျန် ဘာမှမခွဲ၊ မနှိမ် တပြေးညီ လူမှုတရားမျှတမှု ရှိအောင် တတ်စွမ်းသမျှ ဆောင်ရွယ်မှ၊ အနည်းဆုံး ဒီလို ဖြစ်ဖို့ ကြိုးစား နှိုးဆော်နေမှသာ “ဒီမိုကရေစီ” လို့ အမည်မှည့် နိုင်မယ်ဆိုတာကို နှစ်နှစ်ကာကာ ယုံကြည်သူမို့ ဟီလာရီရဲ့ လူ့အခွင့်အရေးရှေ့နေ၊ အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူ အလုပ်တွေကို မူတည်ပြီး သူ့ကို ထောက်ခံသမှု ပြုခြင်း ဖြစ်ပါတယ်။

ဥပဒေလက်နက်နဲ့ သူစွမ်းသလောက် လူသားတွေရဲ့ ဘဝတွေကို ကာကွယ် မြှင့်တင်ခဲ့တာတွေကို အသိအမှတ်ပြုထိုက်ပါတယ်။  နိုင်ငံရေးလက်နက်က ဥပဒေတွေ၊ တရားရုံး တိုက်ပွဲတွေထက် ပိုအစွမ်းထက်ကြောင်းကို နိုင်ငံရေးခေါင်းဆောင် အဖြစ် လွှတ်တော်အမတ်၊ ဝန်ကြီး၊ သံတမန် အလုပ် တာဝန် အမျိုးမျိုးကို အောင်မြင်အောင် ထမ်းရွက်ခဲ့ရင်း အတွေ့အကြုံအများကြီးရခဲ့ပြီး ဖြစ်တဲ့ ဟီလာရီ တယောက် ကောင်းကောင်းသိပြီး ဖြစ်တယ်လို့ ယုံကြည်တယ်။

ဒါကြောင့် ရရှိလာမယ့် နိုင်ငံရေးအာဏာနဲ့ ကမ္ဘာကို လွှမ်းမိုးနိုင်မှုကို အသုံးချပြီး ကမ္ဘာလူသားတွေအတွက် အပြောင်းအလဲကောင်း တခုခုကို ဆောင်ကြဉ်းယူလာနိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။  ၂၀ ရာစုရဲ့ လွှမ်းမိုးမှု အရှိဆုံး နာမည်ကျော် မိန့်ခွန်းတွေထဲမှာ ထိပ်တန်း စာရင်းဝင်တဲ့ ဟီလာရီရဲ့ ၁၉၉၅ ပေကျင်း ကမ္ဘာ့ကုလသမဂ္ဂ အမျိုးသမီးညီလာခံ မှာ ဆိုခဲ့သလို “ပြီးပြည့်စုံတဲ့ လူ့အခွင့်အရေးဆိုတာတွေဟာ အမျိုးသမီးများရဲ့ အခွင့်အရေး ဖြစ်တယ်၊ အမျိုးသမီးအခွင့်အရေး အပြည့်အဝပေးခြင်းဟာ လူ့အခွင့်အရေး အပြည့်အဝ ပေးခြင်း မည်တယ်” ဆိုတဲ့ အင်အားရှိတဲ့ သတင်းစကားနဲ့ ကမ္ဘာကို ကိုင်လှုပ် အဖိနှိပ်ခံ အမျိုးသမီးထု တရပ်လုံး အတွက် မျှော်လင့်ချက် တွန်းအား ဖြစ်စေခဲ့သလို ကမ္ဘာ့ ထိပ်တန်း နိုင်ငံရေးခေါင်းဆောင်ရာထူးမှာလည်း အဖိနှိပ်ခံ လူသားတွေဘက်က အသံထွက် ရည်တည်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။

ဟီလာရီကလင်တန်ရဲ့ နိုင်ငံရေးသမားဘဝမှာ ထောက်ပြ ပြစ်တင်စရာတွေလည်း အများကြီး ရှိပါတယ်။  ဥပမာ  – အိုဘာမား ပထမ သမ္မတသက်တမ်းရဲ့ နိုင်ငံခြားရေးဝန်ကြီး အဖြစ် ဆောင်ရွက်ခဲ့တဲ့ သူနဲ့ အိုဘားမား ရဲ့ အရှေ့တောင်အာရှ၊ အာရှ ဗဟိုပြု နိုင်ငံခြားရေးမူဝါဒတွေရဲ့ တိုက်ရိုက် အကျိုးဆက် ဗမာပြည်ရဲ့ လက်ရှိ အတုအယောင် အပြောင်းအလဲ၊ စစ်အုပ်စုရဲ့ ဒီမိုကရေစီ အရေခြုံခြင်းကို အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ ဒေသတွင်း အာဏာချိန်ခွင်လျှာညှိလိုမှု ပထဝီနိုင်ငံရေး နဲ့ စီးပွားလိုဘ အတွက် မျက်စိမှိတ် သိဒ္ဓိတင်ပေးခဲ့ခြင်းလိုမျိုး ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံရေးကစားရမှုမျိုးတွေပါပဲ။

ဒါပေမဲ့ အဖိနှိပ်ခံ အာဖရိကန်နွယ်ဖွား လူမည်း ညီအစ်ကိုတွေနဲ့ ရပ်တည်ကြောင်း ပြသဖို့ အတွက် အိုဘားမားကို ပြီးခဲ့တဲ့ ၂၀၀၈၊ ၂၀၁၂ အမေရိကန်ရွေးကောက်ပွဲတွေမှာ ထောက်ခံခဲ့သလို အခုလည်း အဖိနှိပ်ခံ ကမ္ဘာ့ အမျိုးသမီးထု နှမ၊ အမ၊ အမေ၊ အဒေါ်၊ အဘွား များနဲ့ ရပ်တည် ကမ္ဘာ့မောင်းနှင်အား အမေရိကန်မှာ အမျိုးသမီးအကြီးအမှူး ပြုရဖို့ အပြည့်အဝ ထောက်ခံ အားပေးရပါမယ်။  ကျွန်စနစ်ကနေ လူမည်း သမ္မတ ဖြစ်ခွင့်ရခဲ့သလို၊ အမျိုးသမီးတွေ လပေါ်တောင် ရောက်ခဲ့တာ ကြာပြီဖြစ်လို့ အခု ကမ္ဘာကို အုပ်စိုးတဲ့ ရာထူးကြီး အပ်နှင်းသင့်ပါပြီ။

ဒါ့အပြင် ဟီလာရီမှာ နောက်ခံ မိသားစု မပါ၊ အမျိုးသမီး ဂုဏ်ဒြပ်နဲ့ လှပကျော့ရှင်း ပြေပြစ်ခြင်းတွေ ဖယ်၊ ပညာတွေ၊ သြဇာတွေ ချန်ထားပြီး ပင်ကိုယ် တကိုယ်ရေ အရည်အသွေးကြည့်ရင်လည်း ခေါင်းဆောင်မှု စွမ်းရည်၊ အုပ်ချုပ်မှု အရည်အချင်း၊ အမြော်အမြင်၊ ဆုံးဖြတ်ချက် ချနိုင်စွမ်း အစရှိတဲ့ နိုင်ငံခေါင်းဆောင် အရည်အသွေးတွေ ပြီးပြည့်စုံသူဖြစ်ကြောင်း သူ့ရဲ့ ပြီးခဲ့တဲ့ အလုပ်ပေါင်းမြောက်မြားစွာက အသက်သေပြုပြီး ဖြစ်လို့ အမေရိကန် သမ္မတရာထူးနဲ့ ထိုက်တန်ကြောင်း ထင်ရှားနေပြီး ဖြစ်ပါတယ်။

ဒါကြောင့် ၂၀၁၆ နိုဝင်ဘာ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဟီလာရီ တယောက် သူ့ပါတီကို ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရပြီး သမ္မတရာထူး အနိုင်ရယူတာကိုပဲ မြင်ချင်မိပါတယ်။  ကမ္ဘာကြီးကို ပုခက်လွှဲသောလက် မိခင်ပျို၊ မိခင်အို၊ အဘွားပျို၊ အဘွားအိုတွေ ချုပ်ကိုင် စိုးမိုးဖို့ အချိန်တန်ရုံမက နောက်တောင်ကျနေပါပြီ။

မနှစ် ၂၀၁၄ မှာပဲ သမီး ချယ်လ်ဆီးရဲ့ ရင်သွေး ရှားလော့ကလေးရဲ့ ဘွားအေကြီး အဖြစ် အသစ်စက်စက်ရာထူး တာဝန် ဝတ္တရား တိုးမြှင့်ခြင်းခံခဲ့ရသူ ဟီလာရီ တယောက် ၂၀၁၆ နိုဝင်ဘာ မှာ အမေရိကန် အကြီးအမှူး သမ္မတ ရာထူး အောင်ပန်းဆွတ်ခူးနိုင်ပါစေ။

အလားတူပဲ ဟီလာရီကလင်တန်တယောက် “အံအားသင့်လွန်းလို့ ကိုယ့်ဘာသာ ဆိတ်ဆွဲကြည့်မိမတတ် ဖြစ်ရပါတယ်” လို့ လူကိုယ်တိုင် တွေ့ဆုံရချိန် တင်စားဆိုခဲ့ဖူးတဲ့ ကျနော်တို့ဆီက အမျိုးသမီးခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်လည်း ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲကတဆင့် တိုင်းပြည်ကို ဦးဆောင်နိုင်စေဖို့ အများပြည်သူလူထု မျှော်လင့်ထားသလို ဖြစ်စေချင်လှပါတယ်။  အဖွားရာထူးကို ဒေါ်အောင်ဆန်းစုကြည်က ဟီလာရီထက် စောရခဲ့သလို နိုင်ငံ့အကြီးအကဲရာထူးကိုလည်း မဟာဖိုဝါဒီ စစ်ဗိုလ်ချုပ်များ ကြီးစိုးရာ ဗမာပြည်မှာ သမိုင်းဝင် မှတ်တမ်းထိုး အရင်အဦး အရယူနိုင်စေချင်ကြောင်းပါ။

၂၀၁၆ ဟာ ဂုဏ်သရေရှိ အမျိုးသမီးအိုကြီးတွေရဲ့ အောင်ပွဲခံ ခုနှစ် ဖြစ်ရပါမယ်။

ငြိမ်းချမ်းအေး

ဧပြီ ၁၃၊ ၂၀၁၅

(ဆက်သွယ်ရန် – nyeinchanaye81@gmail.com)

 

ခေါင်းစီး ဓာတ်ပုံ – Credit AFP / Getty Images


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts