သရော်စာ

မောင်ဥက္ကလာ – ဗိုလ်ချုပ်မင်းများသို့ ပေးစာ – ဘဏ္ဍာဝင်ငွေတိုး ပိုချမ်းသာစေဖို့

မောင်ဥက္ကလာ – ဗိုလ်ချုပ်မင်းများသို့ ပေးစာ – ဘဏ္ဍာဝင်ငွေတိုး ပိုချမ်းသာစေဖို့

(ဆင်ဖြူတော်မှီပြီး ဟိုဟာ စုတ်နိုင်ကြစေရေး အကြံပေးစာ)

(မိုးမခ) ဧပြီ ၁၃၊ ၂၀၁၅

တင်ပြနေကြ ထွေထွေရာရာ ဤကမ္ဘာ သတင်းကောက်နုတ်ချက်အစား အိပ်ဖွင့်ပေးစာတွေ ခေတ်စားနေလို့ ကျနော်မျိုးလည်း နိုင်ငံသူနိုင်ငံသားတွေ အကြည်ညိုမပျက်ရဲတဲ့ ဗိုလ်ချုပ်မင်းတွေဆီ အကြံပြု အိတ်ဖွင့်ပေးစာကို နိုင်ငံတော်လူကြီးတွေ နေ့ည (၂၄) နာရီ အလုအယက်ဖတ်တဲ့ မိုးမခမှတဆင့် (ဒါကြောင့်ဖြစ်မယ် မိုးမခ အင်တာနက်စာမျက်နှာ ခဏခဏ ဒေါင်းသွားတာ) ပေးပို့လိုက်ခြင်း ဖြစ်ပါတယ်။

ဒီရက်အတွင်း ကြားရတဲ့ မြန်မာ့သတင်းထူးတွေကြောင့် အတောမသတ် လောဘနဲ့ အလွန်ချမ်းသာချင်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ ခရိုနီခရိုပြာတွေကို သူတို့ရဲ့  နိုင်ငံတော်ရဲ့  ထိပ်တန်းစီးပွားရေးအကြံပေး ပညာရှင်ကြီး (၅) ဦး မပေးသေးတဲ့ အပိုဝင်ငွေရနိုင်မယ့် နည်းလမ်းတခုကို စေတနာ ဗလပွနဲ့ တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဒီအကြံကို သဘောကျလို့ စီးပွားရေးအကြံပေး ခန့်ချင်ရင်တော့ ကျနော်မျိုးက ဒေါက်တာဘွဲ့ အီးကိုဘွဲ့ မရှိတဲ့သူဆိုတော့ ဗိုလ်ချုပ်ကြီးတို့လည်း အကျိုးမရှိ (နိုင်ငံတကာကို __ ပြ ဆန်တောင်း လုပ်မရဘူးပေါ့)။ ပြီးတော့ လက်ရှိ ပညာရှင်ပုရောဟိတ်ကြီးတွေကလည်း လက်ခံမှာ မဟုတ်ဘူး။ ပြောလို့သာပြောတာ အခုလို အကြံပေးလို့ ပညာရှင်ကြီးတွေက သူတို့ကိုကျော်ပြီး စီးပွားရေးအကြောင်း ပြောရသလားဆိုပြီး အမျက်တော်ရှ အိတ်ဖွင့်ပေးစာတွေကို (Eleven Media က ဆောင်းပါးရှင်ကို တုံ့ပြန်သလို) အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ လက်ချာ ပြန်ပေးနေလို့ ဒုက္ခ။ ဒါကြောင့် ကြိုပြောထားချင်တာက မျိုးချစ်အမျိုးစောင့် ဗိုလ်ချုပ်ကြီးတွေလည်း ဖတ်နိုင်၊ ကျနော်မျိုးလည်း ရေးတတ်တဲ့ မြန်မာစာနဲ့ပဲ ရေးပို့ထားကိုကြည့်ပြီး တုံ့ပြန်ပြောဆိုချင်ရင် မြန်မာလိုပဲ ရေးပို့ပေးပါလို့။

အဟမ်း … ကျနော်မျိုး တင်ပြလိုတဲ့ အကြံပြုချက်က ဗိုလ်ချုပ်မင်းတို့ရဲ့  မဟာကျေးဇူးရှင် ပေါက်ဖော်ကြီးတို့ လုပ်ဆောင်နေတဲ့ စီးပွားရေးတခုလိုပါ။ တရုတ်တွေ နည်းမျိုးစုံနဲ့ စီးပွားရှာတော်တာ ဗိုလ်ချုပ်မင်းတို့ ကောင်းကောင်းသိပါတယ်။ ကျနော်မျိုးတို့ ပြည်သူတွေဆို ပိုတောင်သိသေး – ဗိုလ်ချုပ်မင်းတို့ရဲ့  နှစ်ပေါင်းများစွာ နည်းဗျူဟာကျကျ တရုတ်တို့နဲ့ အပြန်အလှန် လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကြောင့် တိုင်းပြည် သိသိသာသာ ပြောင်(

ပြောင်း) လာတာ အားလုံးအသိပါ။ ရွှေပြည်ကိုဝင်ရောက် အဆီကိုစားလို့ အသားကိုမြိုနေတဲ့ တရုတ်ပေါက်ဖော်တွေရဲ့  စီးပွားရေးလုပ်ငန်းအကြောင်းကို ဆက်ပြောနေရင် ကျနော်မျိုး တင်ပြချင်တဲ့အကြောင်းရောက်မှာ မဟုတ်တော့ဘူး။

အကြောင်းကိစ္စ ဆက်ပြောရရင် … ဗိုလ်ချုပ်မင်းကြီးတို့ အလွန်ချစ်စရာကောင်းတဲ့ ပန်ဒါဆိုတဲ့ ဝက်ဝံမျိုးကို ကြားဖူးလား တွေ့ဖူးလား။ အဲဒီ ဝါးစားတဲ့ ပန်ဒါဝက်ဝံတွေ တရုတ်နိုင်ငံ တနိုင်ငံမှာပဲ ရှိပါတယ်။ အစောပိုင်းကာလမှာ တွေ့သမျှအကောင် သတ်ဖြတ်စားကြတဲ့ တရုတ်တွေ ပန်ဒါဝက်ဝံမချန် ဖမ်းဆီးစားကြလို့ မျိုးတုန်းမလို ဖြစ်သွားခဲ့တယ်။ နောက်ပိုင်း ဝက်သားလောက် စားမကောင်း၊ တလှုပ်လှုပ်နဲ့ တနေ့ကုန် ဝါးတွေမျှစ်တွေကိုစားပြီး ဆော့မယ်၊ စားမယ်  အလွန်ပျင်းတဲ့ ဝကစ်ကစ် ပန်ဒါကို အနောက်နိုင်ငံသားတွေ သဘောကျ၊ ချစ်စရာကောင်း၊ ထူးဆန်းတဲ့ တိရစ္ဆာန်လို့ ပြောကြတော့ တရုတ်တွေက ချက်ဆို နားခွက်မီးတောက် စီးပွားကွက်မြင်ပြီး ကျန်ရှိနေသေးတဲ့ ပန်ဒါတွေကို ဖမ်းဆီးထိန်းသိမ်းပြီး မျိုးမတုန်းအောင် စနစ်တကျ သုတေသနလုပ်၊ မျိုးပွားဖောက်ပြီး ပန်ဒါဝက်ဝံကို ကြည့်ချင်ပြသချင်တဲ့ အမေရိကန်နိုင်ငံ နဲ့ ဥရောပနိုင်ငံရှိ တိရစ္ဆာန်ရုံတွေကို တနှစ်ကို ဒေါ်လာ (၁) သန်းနဲ့ ချေးငှားပြီး တိုင်းပြည်ဘဏ္ဍာကို တဖက်တလမ်း ဖြည့်ဆည်းလုပ်ကိုင်နေကြတာ နှစ်အတော်ကြာလာခဲ့ပါပြီ။ ပြီးတော့ ပန်ဒါကို တရုတ်နိုင်ငံကလွဲရင် ဘယ်နိုင်ငံမှ မျိုးပွားခွင့်၊ ပိုင်ဆိုင်ခွင့် မရှိအောင် ကုန်အမှတ်တံဆိပ် (trademark) နဲ့ ထိန်းချုပ်ထားလိုက်တယ်။

ဒီတော့ ကိုယ်ပိုင်ဘာမှ တီထွင်ကြံဆ မထုတ်လုပ်နိုင်၊ လုပ်နိုင်တဲ့ အစွမ်းအစ ဥာဏ်ပညာမရှိ၊ ထွက်သမျှ သံယံဇာတ သဘာဝတောတောင် ရေမြေလေအကုန် ရောင်းစားပြီး ကိုယ်ကျိုးစီးပွား တစိုက်မတ်မတ် ရှာကြံနေကြတဲ့ ဗိုလ်ချုပ်မင်းတို့နဲ့  စားဖော်စားဖက် ခရိုနီတွေကို အပိုဝင်ငွေရနိုင်တဲ့ ရောင်းကုန်တမျိုး မြန်မာနိုင်ငံမှာ ရှိနေတာကို လက်တို့ပြောပြချင်လိုပါ။ ဒီအတွက် ဘာဝေစု၊ ဆုလာဘ် မမျှော်ကိုးပါ။ ဗိုလ်ချုပ်မင်းတို့ ပိုချမ်းသာရင် ကျနော်တို့ပြည်သူတွေ ငတ်ရကျိုးနုပ်ပါတယ်။

အိပ်စားဆော့တာကလွှဲရင် ဘာမှ သုံးစားမရတဲ့ ပန်ဒါဝက်ဝံထက် များစွာတန်းဖိုးကြီး အချိန်စီးတဲ့ ဒီအကောင်ကို မြန်မာမင်းအဆက်ဆက် အရှုးအမူးဖြစ်၊ စစ်ပွဲတွေ ဆင်နွှဲပြီး ရယူခဲ့ကာ၊ ဒီနေ့အထိ ဗိုလ်ချုပ်မင်းတို့ကလွဲ ဘယ်နိုင်ငံ ဘယ်အရပ်မှာမှ မတွေ့နိုင်၊ မရှိသေးပါဘူး။ ဗိုလ်ချုပ်မင်းတို့ ကျေးဇူးရှင်တရုတ်ကြီးတွေ ဒီလျှို့ ဝှက်ချက်ကို သိသွားပြီး၊ ခိုးယူ အတုမလုပ်ခင်၊ သူတို့ပစ္စည်းမလုပ်ခင်၊ အရောင်းကုန် အမှတ်တံဆိပ်ခတ်ဖို့ လိုပါတယ်။

ဘုရားစူး အံ့သြဖို့ကောင်းပါတယ်။ ရှေ့ ပဒေသရာဇ်တွေ အယူအစွဲအတိုင်း ဗိုလ်ချုပ်မင်းတို့လည်း ရှားမှရှားဆိုတဲ့ ခရုသင်းရောဂါ စွဲကပ်နေတဲ့ (ကွယ်လွန်သွားတဲ့ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်း ပြောစကားပါ) ဆင်ဖြူဆိုတဲ့ ဆင်ကို အမြဲရှာခဲ့၊ စုဆောင်းခဲ့တာ ဒီနေ့ ရှေ့ မတိုးခေတ်ကြီးမှာ မွဲခြောက်ခြောက် မီးခိုးရောင်အဆင်းရှိတဲ့ (၉) ကောင်မြောက် ဆင်တစ်ကောင် (beast) ကို ရှာဖွေတွေ့တယ်ဆိုတဲ့ သတင်းကို ကြားရတော့ လယ်သိမ်းခံရတဲ့ တောင်သူတွေ၊ လုပ်ခအပြည့်မရတဲ့ ပြည်တွင်းကျွန် အလုပ်သမားတွေ၊ ပညာရေးအတွက် အကျဉ်းစခန်းရောက်နေတဲ့ ကျောင်းသူကျောင်းသားတွေ၊ ကုန်ကောက်စရာ ဘာမှမကျန်တော့တဲ့ ပြည်သူတွေနဲ့ အတူ ကျနော်မျိုးလည်း တွေ့ပြန်ပြီ တစ်ကောင်လို့ သြော် တ,မိပါတယ်။

 

အကြောင်းက ဆင်ဖြူတော်ဆိုတဲ့ ဆင်တွေ ဘုန်းတန်ခိုး ဘယ်လောက် ရှိမရှိ၊ တိုင်းပြည်အတွက် ဘာစွမ်းဆောင်နိုင်လဲ ယနေ့တိုင် မသိသေးပါ။ မှတ်သားမိသလောက်တော့ ဆင်ဖြူတော်ရှိခဲ့တဲ့ ပဒေသရာဇ် ဘုရင်ခေတ်မှာ ဘုရင်လုပ်သူ ရွှေထီးဆောင်းပြီး တိုင်းသူပြည်သားတွေ ငတ်မွဲခဲ့ကြတယ်။ နန်းတော်ပရိဝုဏ်ပြင်ပ ဘာမှ မတိုးတက်မဖွံ့ဖြိုး၊ ကိုယ့်တိုင်းသူပြည်သားကို ဓါးမိုးအုပ်ချုပ်ခဲ့တဲ့ ဆင်ဖြူတော်ပိုင်တဲ့ ရေမြေ့ရှင်သခင်တွေ နောက်ဆုံးတော့ ခေတ်ရှေ့ ပြေး နယ်ချဲ့ အင်္ဂလိပ်က ခေတ်မီအမြောက်လက်နက်နဲ့ထုပြီး ကြက်ငှက်ဖမ်းသလို ရိုက်ချိုးဖျက်ဆီးခံရပြီး၊ နှစ်ပေါင်းများစွာ တိုင်းတပါးလက်အောက် ကျရောက်ခဲ့တယ်။

နောက် တွေးမိတာက ကိုလိုနီအုပ်ချုပ်ကာလမှာ ပဒေသရာဇ်ရှင်ဘုရင်တွေရဲ့  ဆင်ဖြူတွေ ဘယ်ရောက်သွားကြလဲ။ ဘာဖြစ်ကုန်လဲ။ မြင်းဖြူဆွဲ မီးရထားလုံးစီးတဲ့ ဝိတိုရီယာ ဘုရင်မကြီး နဲ့ အင်္ဂလိပ်စစ်ဗိုလ်တွေက မိုးကုတ်ပတ္တမြားအစား သိင်္ဂဿမြင်း (Unicorn) လို ရှားမှရှား၊ တန်းခိုးထွားတဲ့ ဆင်ဖြူတော်ကို အင်္ဂလန်နိုင်ငံကို ဘာကြောင့် မယူသွားလဲ။ ဒါမှမဟုတ် ဝိတိုရီယာဘုရင်မကြီးက မြန်မာဘုရင်တွေလို ဘုန်းတခိုးမရှိ၊ မထိုက်လို့လား။ ဆင်ဖြူအကြောင်း ဗဟုသုတမရှိ၊ မသိလို့လား (ဒီအကြောင်းတွေ သမိုင်းပညာရှင်တွေ ဆွေးနွေးကြပါ)။ ဘယ်လိုပဲဖြစ်ဖြစ် အင်္ဂလိပ်နယ်ချဲ့ ကြောင့် အခွင့်ထူးခံ ပဒေသရာဇ်စနစ် ပျက်သုဉ်းသွားခဲ့တာကို ကျေးဇူးတင်ရမလို။ ဒါပေမဲ့ ဆင်ဖြူစီး၊ ရွှေထီးဆောင်းချင်၊ ရေမြေ့ရှင်သခင် လုပ်ချင်တဲ့စိတ် (ဒါကြောင့် တနိုင်ငံလုံးက မြေတွေကို ဗိုလ်ချုပ်မင်းတို့မြေ၊ တပ်ပိုင်မြေဆိုပြီး သိမ်းနေတာလား) ဒီနေ့အထိ ဗိုလ်ချုပ်မင်းတို့စိတ်ထဲ မပျောက်သေးတာကို တွေ့နေရတယ်။

အရှင်ဗိုလ်ချုပ်မင်းတို့အနေနဲ့ ဆင်ဖြူတော်တွေကြောင့် အာဏာမြဲနေတယ်လို့ စွဲလန်းယုံကြည်ကောင်း ယုံကြည်ပါလိမ့်မယ်။ အဲဒီလို အယူသီး အယူမှားစိတ်နဲ့ ဆင်ဖြူတော်တွေ အရှင်မင်းတို့အတွက် အကျိုးရှိကောင်းရှိပေမယ့်၊ ဒါပေမဲ့ ပြည်သူနဲ့ တိုင်းပြည် အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သူတို့ဘုန်းစွမ်းနဲ့ ဘာတွေ စွမ်းဆောင်ပေးနေလဲလို့ အဖြေရှာနေမိပါတယ်။ တွေ့မြင်ရသလောက်တော့ ဒီနေ့ဒီအချိန်အခါအထိ ဆင်ဖြူတော် တန်းခိုးနဲ့ ပညာရေးစနစ်လည်း မကောင်းလာ။ လယ်သမားတွေလည်း လယ်ပျောက်၊ အလုပ်လက်မဲ့ လုပ်သားတွေလည်း တိုင်းတပါးပြေး တရားမဝင် အလုပ်သမားဖြစ်၊ ကျွန်ဖြစ်၊ မြန်မာလုံမလေးတွေ အိမ်ဖော်ဖြစ်၊ ဖာဖြစ် (ဆရာတော်ဝီဝီ အသုံးအနှုန်းကို ခွင့်ပြုချက်မယူပဲ သုံးလိုက်တာပါ)။ နိုင်ငံတဝှမ်းလည်း မငြိမ်းချမ်းသေး (ဒေါင်းဘဝကနေ Down သွားတဲ့ MPC ပညာရှင်တွေကတော့ သူတို့ရဲ့  ကြိုးပမ်းလုပ်ဆောင်မှုကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ သဘောတူစာချုပ်တွေ* လက်မှတ်ထိုးနေတဲ့အကြောင်း ပြောနေတာကို သတင်းတွေမှာ ဖတ်ရပါတယ် (* မြေယာပိုင်ဆိုင်ခွင့်၊ ကျောက်တွင်းမိုင်းတွင်း လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့် သဘောတူစာချုပ်တွေ ဖြစ်ဖို့များတယ်)၊ မတူကွဲပြားသူတွေကြား အမုန်းတရား၊ သံသယစိတ်တွေ ပဋိပက္ခတွေကြောင့် သွေးမုန်တိုင်းတွေ ဖုံးလွှမ်းနေတဲ့ တိုင်းနိုင်ငံအဖြစ် (၂၁) ရာစုမှာ ကျန်ရှိနေပါသေးတယ်။

 

ဒီတော့ အချုပ်အားဖြင့် စဉ်းစားမိတာက ဘာတန်းခိုး၊ စွမ်းဆောင်မှုမရှိတဲ့ ဆင်ဖြူတွေကို ဗိုလ်ချုပ်မင်းတို့ ဘဏ္ဍာတချို့ သုံးပြီး ကျွေးမွေးပူဇော်ပသ ဒီအတိုင်းထားမယ့်အစား  လက်ရှိ ဗိုလ်ချုပ်မင်းတို့ပိုင်တဲ့ ဆင် (၉) ကောင်ကို ကျေးဇူးရှင် တရုတ်အစိုးရ အကူအညီနဲ့ ပန်ဒါဝက်ဝံတွေ မျိုးပွားသလို၊ အကောင်အရေအတွက် ပိုများအောင်လုပ်ပြီး နိုင်ငံတကာကို တင်ပို့ရောင်းကြည့်ပါလား။ ပန်ဒါဝက်ဝံထက် (၁၀) ဆလောက်ကြီးတဲ့ ဆင်ဖြူ (၁) ကောင်ကို တနှစ် (၁၀) သန်းနှုန်းနဲ့ ချေးငှား။ ပုတ်ပြတ်ရောင်းလိုက (မျိုးပွားခွင့်မပြု) တစ်ကောင်ကို သန်း (၁၀၀) နဲ့ ရောင်းစားရင် ဗိုလ်ချုပ်မင်းတို့ အပိုဝင်ငွေ တိုးနိုင်ပါတယ်။ အရောင်းအဝယ်ဖြစ်ဖို့ ဗိုလ်ရဲထွဋ်၊ ဗိုလ်မှူးဇော် ဖေ့ဘုတ်ကနေ ကြော်ငြာ၊ ဂျပိုးကို လိပ်ဖြစ်အောင် ပြောတတ်တဲ့ ဗိုလ်အောင်မင်း၊ ဗိုလ်စိုးသိန်း နဲ့ ရုပ်သေကြီးနဲ့ဖြီးတဲ့ သမ္မတကြီးကိုယ်တိုင် နိုင်ငံတကာခရီးစဉ်တွေမှာ စီးပွားရေးစကား၊ စာချုပ်တွေလုပ်ရင် ဖြစ်နိုင်ပါတယ်။

ကဲ ဒီတော့ ဆင်ဖြူတော်မှီပြီး ကြံစုပ်၊ လံကြုပ်လုပ်နေမယ့်အစား ဗိုလ်ချုပ်မင်းတို့ ပိုချမ်းသာ စည်စိမ်တိုးအောင် ကျေးဇူးရှင်တရုတ်အားကိုးနဲ့ အမြန်မျိုးပွားထုတ်လုပ် အရောင်းအဝယ်လုပ်ကြဖို့ အကြံပြုတင်ပြလိုက်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts