>Than Soe Hlaing – Eleven Media, Whisky & Burmese Censorship

>

အလဲဗင်းမီဒီယာ၊ ၀ီစကီနှင့် စာပေစိစစ်ရေး

သန်းစိုးလှိုင်

ဧပြီ ၅၊ ၂၀၀၉

စာပေစိစစ်ရေး ခုံရုံး

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်ကို စစ်အာဏာရှင်စနစ် အောက်မှာ မည်သို့မျှ လွတ်လပ်စွာ ရှင်သန်ဖွံ့ဖြိုးခွင့်မရခဲ့ သည့်ပြင် စစ်အာဏာရှင် တည်မြဲရေးအတွက် လိုအပ်သည့်အခါတိုင်း တရားစီရင်ရေး စနစ်ကို ပုံဖျက်ကာ နိုင်ငံရေးအတွက် အသုံးချခဲ့သည့် သာဓကပေါင်းများစွာ ရှိခဲ့သည်။

ထိုစစ်အာဏာရှင် စနစ်၏ ဖိနှိပ်ရေးလက်နက် ကိရိယာတခုဖြစ်သည့် စာပေစိစစ်ရေး သည်လည်း လွတ်လပ်စွာ ဖေါ်ပြခွင့်၊ ရေးသားခွင့် ၊ လွတ်လပ်စွာ အနုပညာ ဖန်တီးခွင့်များကို တားဆီးချုပ်ချယ်နေသည့် နေရာ ဌါနတခု ဖြစ်သည်။

ထိုသို့တားဆီး ချုပ်ချုယ်နေသည့် စာပေစိစစ်ရေးကို သတင်းလွတ်လပ်ခွင့်၊ အနုပညာလွတ်လပ်ခွင့် လိုလားသူတိုင်း မည်သူမျှ မနှစ်သက်ကြပေ။ ပုဂ္ဂလိက မီဒီယာ လောကမှ သတင်းထောက် အယ်ဒီတာ အားလုံး စာပေစိစစ်ရေး၏ ယုတ္တိလည်းမရှိ၊ ရှေ့နောက်မညီသည့် သည့်အပြင် စာရွက်ပေါ်တရားဝင် ရေးသားထားခြင်း မရှိသည့် မူများ အကြားတွင် ခက်ခက်ခဲခဲ ရေးသား လုပ်ကိုင်နေကြရသည်။

ဂျာနယ်တိုက်တခုက စိစစ်ရေး မကြိုက်သည့် ကိစ္စတခုခု လုပ်မိ၍ အပြစ်ပေးသည်ကိုပင် မည့်သည့်အခါမျှ စာရွက်နှင့် ရေးသားကာ ကြေငြာ ထုတ်ဝေလေ့မရှိပဲ။ နှုတ်ဖြင့်သာ ခေါ်ယူပြောဆိုလေ့ရှိသည်။ အပြစ်ပေးသည်ကို စာမတင်စေချင်သည့် သဘောနှင့် ပြင်ပမီဒီယာများသို့ မရောက်ရှိစေလိုသည့် သဘောလည်းဖြစ်သည်။

ယခုတလော ဖြစ်ပျက်သည့် ကိစ္စတခုတွင် ပုဂ္ဂလိက မီဒီယာ တခုဖြစ်သည့် အလဲဗင်းမီဒီယာက မိမိအကျိုးစီးပွားကို ထိခိုက်သည်ဟု ယူဆသည့် ကိစ္စရပ်အတွက် တုံ့ပြန်ဆောင်ရွက်ရာတွင် ဥပဒေ ကြောင်းအရ စတင် ဆောင်ရွက်ခြင်း မပြုပဲ စာပေစိစစ်ရေးကို လက်နက်သဖွယ် အသုံးချခဲ့သည် ကိုတွေ့မြင်ခဲ့ရသည်။

ကံမကောင်းတဲ့ ၁၁ မျိုး ၀ီစကီ

လပ်ကီးအလဲဗင်း ၀ီစကီဆိုသည့် အရက်ကုမ္ပဏီ ကြော်ငြာကို ဂျာနယ် ၃စောင်တွင် ထည့်သွင်းခဲ့ပြီးနောက် အလဲဗင်းမီဒီယာမှ နာမည်ဆိုးဖြင့် ကြော်ကြားသည့် စာပေစိစစ်ရေးကိုချည်းကပ်ကာ အဆိုပါ ကြော်ငြာထည့်သွင်းခွင့်ကို ပိတ်ပင်စေခဲ့သည်။ ၀ီကလီး အလဲဗင်း ဂျာနယ်တွင်လည်း ထိုသို့သော ကြော်ငြာမျိုး ထပ်မံ ဖေါ်ပြပါက ဆိုင်ရာမှ တရားစွဲဆိုမည်ဟု စာမျက်နှာဝက် ခန့်နေရာသုံးကာ အခြားဂျာနယ်များကို ခြိမ်းခြောက် ခဲ့သည်။

စာပေစိစစ်ရေးအား ထိုသို့ ချည်းကပ်ရာတွင် သိန်းရာဂဏန်းနှင့် ချီသော ငွေကြေးလဘ်လာဘ ထိုးခဲ့သည်ဟူသည့် အတွင်းသတင်းများ လည်းထွက်ပေါ်နေခဲ့သည်။ အချို့သော သတင်းဌါနများက စာပေစိစစ်ရေး၏ ညွှန်ကြားရေးမှုး ဗိုလ်မှူး တင့်ဆွေကိုယ်တိုင် အလဲဗင်းမီဒီယာတွင် ဆောင်းပါးဝင်ရေး သလို အကျိုးအမြတ် ကိုလည်း ခွဲဝေခံစားနေရသည် ဆိုသည့် ရေးသားမှုများ လည်းတွေ့ရ ဖတ်နေရသည်။

စာပေစိစစ်ရေးဌါနသည် အခြားအခြားသော ပုဂ္ဂလိက ဂျာနယ် များနှင့်နှိုင်းယှဉ်လျင် ၀ီကလီးအလဲဗင်း ၊ ဘိုင်ဝီးကလီး အလဲဗင်းဂျာနယ်များ ကို ပိုမို အခွင့်ရေးပေး သည်ဆိုသည့် ပြောဆိုမှု များမှာလည်း ရန်ကုန်ဂျာနယ် အသိုင်းအ၀ိုင်းတွင် လွန်ခဲ့သည့် နှစ်များကတည်းက ပြောဆိုနေခဲ့ကြသည့် ကိစ္စတခု ဖြစ်သည်။

စတုတ္တမဏ္ဍိုင်၏ ဂုဏ်သိက္ခာနှင့် ကျင့်ဝတ်

ယခုအဓိက ပြောဆိုလိုသည်မှာ စာပေစိစစ်ရေးကို ငွေထိုးသည့် ကိစ္စ၊ အကျိုးတူရှယ်ယာ လုပ်သည်ဆိုသည့် ကိစ္စထက်ကို တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင်ဟုဆိုသည့် ပုဂ္ဂလိကမီဒီယာ တိုက်တတိုက်က မိမိ၏ အမှတ်တံဆိပ်နှင့် ပတ်သက်၍ နာမည်ထိခိုက်မှု ရှိသည်ဆိုပါလျင် ကုန်ပစ္စည်း အမှတ်တံဆိပ် ဆိုင်ရာ မှတ်ပုံတင်ရုံးသော်လည်းကောင်း၊ တရားရုံးမှသော်လည်းကောင်း နည်းလမ်းတကျ ပြောဆိုဆောင်ရွက်ခြင်း မပြုပဲ၊ လွတ်လပ်သည့် သတင်း မီဒီယာ လောကကို ဖိနှိပ် ချုပ်ချယ်ဖို့ ဖွဲ့စည်းတည်ထောင်ထားသည့် စာပေစိစစ်ရေးကို လက်နက်သဖွယ် အသုံးချခြင်းသည် စတုတ္ထမဏ္ဍိုင်ထဲမှ ဂျာနယ်တိုက်တတိုက်အတွက် မလုပ်သင့်သည့် ကိစ္စတခု ဟု ထင်မြင်ပါသည်။

ဂျာနယ် မျက်နှာဖုံးများ သတင်းခေါင်းစဉ်များတွင် `မည်သည့်အရာကတော့ ထိရောက်စွာ တားဆီးသင့်၊ မည်သို့သော အပြုအမူများက အများပြည်သူအတွက် မပြုသင့်´စသည့် ခေါင်းစဉ်များဖြင့် စာဖတ်သူများကို သင်ကြားပြသ သည့်သဘော ဆန်ဆန်ရေးသားလျက်ရှိသည့် မီဒီယာ တခုအနေဖြင့် မိမိအကျိုးထိခိုက်သည့် ကိစ္စရပ်များကို ဆောင်ရွက်ရာတွင် တရားဥပဒေ လမ်းကြောင်းဖြင့် ဆောင်ရွက်ခြင်းဖြင့် စာဖတ်သူများကိုလည်း နမူနာ ပြသနိုင်လိမ့်မည် ဟုထင်ပါသည်။ သို့မဟုတ်ပဲ ကိစ္စပြီမြောက်ရေးသည် သာအဓိက နည်းလမ်းမှန်ခြင်း မမှန်ခြင်းသည် သာမည ဟုယူဆကာ ဆောင်ရွက်ကြလျင် စတုတ္ထမဏ္ဍိုင်ထဲမှ မီဒီယာ၏ ဂုဏ်သိက္ခာလည်း စာဖတ်သူများအကြား မျက်နှာ ပွင့်လန်းနိုင်မည် မဟုတ်ပေ။

အလဲဗင်း နောက်ကြောင်း

နောက်တချက်အနေဖြင့် အလဲဗင်းမီဒီယာဆိုသည့် နာမည်၏ နောက်ကြောင်း ရာဇ၀င်ကို ပြန်လှန်သော် အလဲဗင်း ဆိုသည့် စကားလုံးသည် ဖတ်စ်အလဲဗင်း(First 11) အားကစား ဂျာနယ်ကို ထုတ်ဝေခွင့် စတင်လျှောက်ထား သည့် လေတပ်ထောက်လှမ်းရေး အမှတ် ၁၁ ကိုအစွဲပြုသည့် အမည်ဖြစ်နေခြင်းပင်။ ဗိုလ်ချုပ်ခင်ညွန့် ဦးဆောင်သည့် ထောက်လှမ်းရေးများ မပြုတ်ကျမီအထိ ဂျာနယ် ထုတ်ဝေခွင့်မှာ လေတပ်ထောက်လှမ်း ၁၁ အပိုင်ဖြစ်ခဲ့ပြီး ထောက်လှမ်းရေး ဖြုတ်ချခံရသည့် ၂၀၀၄ ခုနှစ်နောက်ပိုင်း တွင်မှ ပုဂ္ဂလိက ပိုင်ဂျာနယ်အဖြစ် ပြောင်းလဲခွင့်ပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အလဲဗင်းမီဒီယာ၏ အဓိက ပိုင်ရှင် ဖြစ်သူ ဒေါက်တာ သန်းထွဋ်အောင် သည် သူ၏ ဂျာနယ်ကို ဝေဘန်ရေးသား ပြောဆိုသူ တို့ကို မကြာခဏ တရားစွဲဆိုလေ့ရှိသူ အဖြစ် မြန်မာမီဒီယာ အသိုင်းအ၀ိုင်းတွင် ကြော်ကြားသူလည်း ဖြစ်သည်။

နာဂစ် ကယ်ဆယ်ရေး လုပ်ငန်းများကြောင့် ယခု အချိန်တွင် အကျဉ်းကျခံနေရသူ အားကစား ဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေးနှင့် လည်း တရားမမှု ရင်ဆိုင်နေခဲ့သူ ဖြစ်ပြီး၊ ပြီးခဲ့သည့် နှစ်ပိုင်းအတွင်းက စာရေးဆရာမာဂျေကို အသရေပျက်အောင် ရေးသားမှုဖြင့် တရားစွဲဆိုရန် ဒေါက်တာ သန်းထွဋ်အောင်က သူ့ အယ်ဒီတာ တဦးဖြစ်သူ မြတ်သစ်ကိုလည်း စေခိုင်းခဲ့ဖူးသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts