သတင်းဆောင်းပါး သာဂိ

ဟိုးတုန်းက ရီပတ်ဘလစ်ကန်တွေဟာ အခုဒီမိုကရက်တွေပေါ့

 

ဟိုးတုန်းက ရီပတ်ဘလစ်ကန်တွေဟာ အခုဒီမိုကရက်တွေပေါ့

နိုင်ငံတကာသာဂိ၊ (မိုးမခ) ၊ ဒီဇင်ဘာ ၂၀၊ ၂၀၁၅

 

ဒီဇင်ဘာ ၆၊ ၁၈၆၅ တုန်းက လွန်ခဲ့တဲ့ အနှစ် ၁၅၀မှာ အမေရိကန်ပြည် အခြေခံဥပဒေရဲ့ ၁၃ကြိမ်မြောက် ပြင်ဆင်ပြဌာန်းမှု လုပ်ခဲ့တယ်။ ဒါကတော့ အမေရိကန်ပြည်ထောင်စုမှာ ကျေးကျွန်စနစ်မရှိစေရဆိုပြီး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။  ကျေးကျွန်စနစ်ကို တိုက်ဖျက်ပစ်ဖို့အတွက် ပြည်ထောင်စုဟာ တောင်နဲ့ မြောက် ၂ ပိုင်း ကွဲပြီး စစ်ခင်းခဲ့ရပါသေးတယ်။ ကျေးကျွန်စနစ်လိုလားသူ တောင်ပိုင်းသားတွေ စစ်ရှုံးပြီးနောက် မြောက်ပိုင်းက ကျွေးကျွန်စနစ်ကို ဖျက်သိမ်းနိုင်ခဲ့တာ အနှစ် ၁၅၀ ရှိခဲ့ပါပြီ။

 

အဲသည်တုန်းက လူသားတိုင်း တန်းတူညီမျှမှုနဲ့ အသားအရောင် မခွဲခြားဖို့အရေး တောင်ဆိုခဲ့တဲ့ တိုက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးပါတီဟာ ဘယ်ပါတီ တဲ့တုန်း။ အခု ၂၁ ရာစုမှာ လစ်ဘရယ်အတွေးအခေါ်တွေ ရှေ့တန်းရောက်လွန်းတယ်ဆိုတဲ့ ဒီမိုကရက်ပါတီ လုံးဝမဟုတ်ပါ ခင်ဗျား။ အခု ၂၁ ရာစုမှာ နိုင်ငံခြားသားတွေကို ကန့်သတ်ဖို့၊ မူဆလင်တွေကို ဖိနှိပ်ဖို့ ကျယ်ကျယ်လောင်လောင် တောင်းဆိုနေတဲ့ ရီပတ်ဘလစ်ကန်ပါတီ ကိုယ်တိုင်ဟာ အဲသည်တုန်းက လူမည်းကျေးကျွန်စနစ်ကို တိုက်ဖျက်ခဲ့တဲ့ နိုင်ငံရေးပါတီပဲ ဖြစ်ပါတော့တယ်။

 

လွန်ခဲ့တဲ့ အနှစ် ၁၅၀ တုန်းက ဒီမိုကရက် လယ်ရှင် ယာရှင်ကြီးတွေက ကျေးကျွန်တွေကို လက်မလွှတ်လိုကြပါ။ ကျွဲတွေ နွားတွေလို မောင်းနှင် ကျုံးသွင်း လေ့ကျင့်ပြီး ဈေးမှာ တင်ရောင်းချင်နေကြတုန်း ရှိပါသေးတယ်။ ရီပတ်ဘလစ်ကန်ပါတီဟာ ရှေးဟောင်းအတွေးအခေါ်ကို ဆန့်ကျင်တော်လှန်ပြီး ကျေးကျွန်စနစ်ကို ဖျက်သိမ်းပစ်ဖို့ ဦးဆောင် တိုက်ပွဲဝင်ခဲ့ကြရတာ ဖြစ်ပါတယ်။

 

သမိုင်းဟာ ထူးဆန်းတယ်လို့ ဆိုရမှာပေါ့ခင်ဗျာ။ အခု နှစ်ပေါင်း ၁၅၀ အကြာမှာ ဒီမိုကရက်ပါတီက ပထမဦးဆုံး လူမည်းသမတ တင်မြှောက်ပြီး အမေရိကန်ကို အုပ်ချုပ်နေပါပြီ။ လူတန်းစား သာတူညီမျှဖို့၊ လိင်တူ လိင်ကွဲ မခွဲခြားဖို့၊ အသားအရောင် နဲ့ ဘာသာအယူဝါဒ တန်းတူလွတ်လပ်ခွင့် ရဖို့ ဒီမိုကရက်တွေက တောင်းဆိုနေကြတာကို လက်ဝဲဆန်လွန်းတယ်၊ လစ်ဘရယ်ကျလွန်းတယ်လို့ ဝေဖန် ပြစ်တင်နေသူတွေကတော့ ရှေးရိုးစွဲလွန်းတယ် လက်ယာစွန်းရောက်လွန်းတယ်ဆိုတဲ့ ရီပတ်ဘလစ်ကန်ပါတီ ဖြစ်နေပါတော့ပါ ခင်ဗျား။

အခု ၂၀၁၆ မှာ လာတော့မယ် အမေရိကန်သမ္မတအသစ်တယောက် တင်မြှောက်နိုင်ဖို့အရေး ရီပတ်ဘလစ်ကန် သမတလောင်း ၁၅ ယောက်လောက်က တတိုင်းပြည်လုံး လှည့်ပြီး မဲဆွယ် တရားဟော လှုံဆော်နေကြတဲ့ဆီမှာ သူတို့က တိုင်းသူပြည်သားတွေကို ဘာတွေနဲ့ နားချနေကြသလဲ၊ ဘာတွေနဲ့ လှုံဆော် အုံကြွနေစေကြသလဲ ကြည့်လိုက်တဲ့အခါ သူတို့တွေဟာ လွန်ခဲ့တဲ့ အနှစ် ၁၅၀က သူတို့စွဲကိုင်ခဲ့တဲ့ တန်းတူညီမျှမှုကို ပစ်ပယ်ပြီး မဲဆွယ်နေကြတာကို တွေ့ရပါတော့တယ်။

 

အခု အမေရိကန်ပြည် ဆင်းရဲဒုက္ခရောက်နေရတာဟာ အမေရိကန်တောင်ဖက် နယ်စပ်ဖြတ်ကျော် နိုင်ငံခြားသား တရားမ၀င်အလုပ်သမားတွေကြောင့်လို့ စွပ်စွဲပါတယ်။ အစိုးရကနေပြီးတော့ ဘဏ်လုပ်ငန်းကြီးတွေ၊ အရင်းရှင်လုပ်ငန်းတွေကို မတရားဖိနှိပ် ချုပ်ချယ် အခွန်ကောက်လွန်းတာ စည်းကြပ်လွန်းတာကြောင့် တိုင်းပြည် စီးပွားရေး ကျရတယ်လို့ ပြစ်တင်ပါတယ်။ (အခု ဒီမိုကရက်လက်ထက်မှာ စီးပွားရေးက ပြန်ဦးမော့လာပါပြီ၊ စကားချပ်)။ အခု တိုင်းပြည်ကို ချိမ်းခြောက်နေတဲ့ အစွန်းရောက်အကြမ်းဖက်သမားတွေကို နှိမ်နင်း အောင်မြင်နိုင်ဖို့အတွက် ဘာသာခြားတွေကို ကန့်သတ်ရမယ်လို့ ၀ါဒဖြန့်လာကြပါတယ်။ သူတို့ထဲက သမ္မတလောင်း ဒေါ်နယ်ထရန့်ဆိုရင် မူဆလင်ဟူသမျှ ဖိနှိပ် ရှင်းလင်းကြ ဆိုသလိုမျိုး အမုန်းပွား ၀ါဒဖြန့်လို့ နိုင်ငံတကာက ပြစ်တင် ဝေဖန်ခြင်း ခံနေရပါတယ် ခင်ဗျား။

 

အဲဒါ ရီပတ်ဘလစ်ကန်တွေပါ။ လွန်ခဲ့တဲ့ အနှစ် ၁၅၀ တုန်းက ငွေဝယ်ကျွန် လူမည်းတွေဖက်က ကာကွယ် စစ်ခင်းခဲ့ကြတဲ့ သူရဲကောင်း ပါတီပါ။ ဒီအချက်ဟာ သမိုင်းနဲ့ ချိန်ထိုးပြီး နိုင်ငံရေးပါတီတွေ ဘက်ပြောင်း အမြင်ပြောင်း အခြေအနေပြောင်းသွားကြတာကို စဉ်းစားနိုင်ဖို့အတွက် တင်ပြရခြင်း ဖြစ်ပါတယ်။

 

ရီပတ်ဘလစ်ကန်တွေလိုပဲ blame game ဆိုတဲ့ သူတပါး လက်ညိုးထိုးပြစ်တင်တဲ့ နိုင်ငံရေးကစားနည်းလုပ်ခဲ့သူကို ပြရမယ်ဆိုရင် ဂျာမဏီပြည်က ဟစ်တလာ ဖြစ်ပါတယ် ခင်ဗျာ။ အမျိုးသားရေးဝါဒ၊ မျိုးချစ်၊ မျိုးစောင့်၊ ဘာသာ သာသနာ ကာကွယ်ရေးကို ရှေ့တန်းတင်ပြီး လူထုကို လှုံဆော် စည်းရုံး အုံကြွစေခဲ့တာ ဟစ်တလာပါတီပါ။ ဟစ်တလာက သူတို့ဂျာမဏီ ဆင်းရဲရတာ ဂျူးတွေကြောင့်လို့ လက်ညိုးထိုး ပြစ်တင်ပါတယ်။ တိုင်းပြည်က ဂျူးတွေကို မုန်းလွန်းမက မုန်းတကနေ လူမျိုးရေး မျိုးတုန်းတဲ့အထိ သုတ်သင်ရာကနေ ကမ္ဘာစစ်ကြီးဖြစ်ပြီး အစွန်းရောက်အာဏာရှင်တွေကို  ပြည်သူအများက ပြန်လှန်စုဝေးပြီး ချေမှုန်းခဲ့ရတယ် မဟုတ်ပါလား။ 

 

အခုလည်း တဖက်ကို ပြန်ကြည့်ရင် ISIS တွေကလည်း ဒီလိုနည်းလမ်းတွေ အလွဲသုံးပြီး တကမ္ဘာလုံးနဲ့ သူတို့ စစ်ခင်းနေကြတယ် မဟုတ်ပါလားဗျာ။ သူတို့ရဲ့ အစွန်းရောက် အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ် စောင့်ရှောက်ရေး၊ သူတို့ ၀ါဒဖြန့်ချိ ပြန့်ပွားရေးအတွက် အကြမ်းဖက်နည်းလမ်းမျိုးစုံကို သုံးစွဲတာ တရားတယ် မျှတတယ်လို့ တဖက်သတ် မှတ်ယူ ကျုးလွန်နေကြတယ် မဟုတ်ပါလား။ 

 

သူတို့တွေက ခရစ်ယာန်တွေ၊ တခြားဘာသာဝင်တွေကို မုန်းတီး ဖျက်ဆီးရေး ၀ါဒဖြန့်နေတာနဲ့ ဒီဖက်က ရီပတ်ဘလစ်ကန်တွေလိုမျိုး မူဆလင်တွေ အစ္စလာန်တွေကိုလည်း ကန့်သတ် တားဆီးပစ်ရမယ်လို့ တုန့်ပြန်တာကတော့ သူတို့ရဲ့ အစွန်းရောက်နည်းလမ်းကို တန်ပြန်ကျင့်သုံးရာ ရောက်ပါတယ်။ ကိုယ်တိုင်လည်း အစွန်းရောက်အကြမ်းဖက်သမားအဖြစ်ကို ရောက်ပါတယ်။ ကိုယ်တင်မကပါဘူး၊ ပါတီနောက်လိုက် အမေရိကန်ပြည်သူအချို့တွေကိုပါ အကြမ်းဖက် အရိုင်းစိတ်ဝင်စေ အားပေးစေပြီး ဥပဒေမဲ့ အပြစ်ကျုးလွန်အောင် မီးထိုးပေးရာ ရပါတယ်။

 

ဥပမာပြရရင် အမေရိကန်ပြည်က မူဆလင်တွေဟာလည်း အစွန်းရောက်တွေလိုပဲ အစွန်းရောက်အားပေးတွေပဲလို့ ရီပတ်ဘလစ်ကန် သမ္မတလောင်းတွေ၊ ခေါင်းဆောင်တွေ၊ မီဒီယာတွေက စွပ်စွဲ ပြစ်တင်ကြတဲ့အခါ သွေးဆူ သွေးကြွတဲ့ အမေရိကန်အချီု့က သူတို့အနီးအနားက အပြစ်မဲ့တဲ့ မူဆလင်တွေ ဘာသာခြားတွေကို အကြမ်းဖက်တိုက်ခိုက်တာတွေ လုပ်ကုန်ကြပါတယ်။ သည်လိုနဲ့ မူဆလင်တွေထဲက နာကျည်းသွားသူတွေကလည်း ISIS အစွန်းရောက် အကြမ်းဖက်တွေ ၀ါဒဖြန့်မှုကို နားယောင်ပြီး ပြန်လှန် လက်စားချေကြတာတွေနဲ့ အမုန်းသံသရာ လည်ကြရတာပါ။

 

အမေရိကန်ပြည်ထောင်စုကိုယ်တိုင်က အခြေခံဥပဒေပြဌာန်းပြီးကာမှ ပြင်ဆင်ဖြည့်စွက်ချက်တွေ ၁၀ ခုကျော် ထပ်မံပြင်ဆင်ခဲ့ကြရတာပါ။ အဲသည်ထဲမှာ ဖြည့်စွက်ချက် ၁၅ က လူတိုင်း အသားအရောင် ဘာသာမရွေး မဲပေးခွင့် ရှိသည်ဆိုတာပါ။ ဖြည့်စွက်ချက် ၁၃ က ကျွေးကျွန်စနစ် ဖျက်သိမ်းတဲ့ ပြင်ဆင်ချက်ပါ။ ဖြည့်စွက်ချက် ၃ က တပ်မတော်က လူနေအိမ်တွေမှာ ကျုးကျော်နေထိုင်ခွင့် မရှိ ဖြစ်ပါတယ်။ ဖြည့်စွက်ချက် ၂ က လူတိုင်း ကို်ယ့်ကိုယ်ကို ကာကွယ်ရန် လက်နက်ကိုင်ဆောင်ခွင့် ရှိခြင်း ဖြစ်ပါတယ်။ အရေးအကြီးဆုံး ဖြည့်စွက်ချက်ကတော့ နံပါတ် ၁ ပါ။ လွတ်လပ်စွာ ပြောဆို၊ စည်းရုံး၊ ကိုးကွယ်ခွင့် ဖြစ်ပါတော့တယ်။ အဲဒါကို နိုင်ငံတော်က မည်သည့်နည်းနဲ့မှ တားမြစ်ခွင့် မရှိစေရ ဖြစ်ပါတယ်။

 

အခု ISIS လို ဘာသာရေးအစွန်းရောက် အကြမ်းဖက်သမားတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ အမျိုးမျိုး အထွေထွေ ဝေဖန် ပြောဆို ဆွေးနွေးကြပါတယ်။ အဲသလိုပဲ ရှေးရိုးစွဲ ရီပတ်ဘလစ်ကန်ပါတီကိုလည်း ကျနော်တို့ လွတ်လပ်စွာ ဝေဖန် ပြောဆို ပြစ်တင် ထောက်ပြနေကြပါတယ်။ ဘာသာတရားအစွဲကြောင့် ဘယ်သူကိုမှ ဘယ်ပါတီကိုမှ မပြောရ မဆိုရ မစည်းရုံးရလို့ ပိတ်ပင်ခွင့် ဘယ်သူမှာမှ မရှိစေရလို့ အာမခံချက် ရှိနေလို့ကျနော်တို့ လွတ်လပ်စွာ ပြောဆိုနေကြတာပါ။ အဲသည်အတွက် ကျနော်တို့ကို ဘယ်သူမှ သတ်ဖြတ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း မရှိစေတာကြောင့် ကျနော်တို့ ပြောရဲ ဆိုရဲ စောဒက တက်ရဲတာ ဖြစ်ပါတယ်။

 

အဲသည် အာမခံချက်တွေကို ဆောင်ကျဉ်းပေးခဲ့တဲ့ အမေရိကန်ပြည်ထောင်စုက ဒီမိုကရက်တို့ ရီပတ်ဘလစ်ကန်တို့ နိုင်ငံရေးပါတီကြီးတွေရဲ့ ဖြတ်သန်း ရုန်းကန်မှုကို ကျေးဇူးတင်မိပါတယ်။ ထို့အတူ ငါနိုင်ရင် မင်းရှုံး၊ မင်းရှုံးရင် အသေပဲ ဆိုတဲ့ စနစ်ကို ဖျက်သိမ်းခဲ့တဲ့ အမေရိကန်ပြည်ထောင်စုက နိုင်ငံသားစိတ်ဓာတ်ကိုလည်း အသိအမှတ် ပြုမိပါရဲ့။ 

 

လွန်ခဲ့တဲ့ ၁၈၆၅ မှာ အမေရိကန်က ကျေးကျွန်စနစ်ကို စစ်ဖြစ်ပြီး ဖျက်သိမ်းခဲ့တယ်။ အဲသည် ၁၉ ရာစု၊ ၁၈၈၅ မှာ မြန်မာပြည်ဟာ ဗြိတိန်ကိုလိုနီအဖြစ်နဲ့ သူတပါးကျွန်အဖြစ် သက်ဆင်းခဲ့ရပါတယ်။ အဲသည်ကနေ ကျနော်တို့ လွတ်လပ်ရေးအတွက် တိုက်လိုက် ခိုက်လိုက်ခဲ့ကြတာ ခုထိ အချင်းချင်း တိုက်နေရတုန်း။ အခု ၂၀၁၅ အနှစ် ၁၃၀ ကျော် အကြာ လွတ်လပ်နေတဲ့ မြန်မာပြည်မှာ လက်ညိုးထိုးပြစရာ ဒီမိုကရက်တွေ ရီပတ်လစ်ကန်တွေ နေနေသာသာ စစ်လက်နက်ကိုင် အာဏာရှင်မျိုးဆက်နဲ့ အသိုင်းအ၀ိုင်းတွေ တသိုက်ပဲ ရှိနေတာသာ တွေ့နေရဆဲပါ။ အင်း … အခုမှစပြီးတော့နောက်ပိုင်းကျမှသာ မြန်မာ့နည်း မြန်မာ့ဟန် – ဒီမိုကရက်တွေ ရီပတ်ဘလစ်ကန်တွေ ၊ ၀ဲ – ယာ ပါတီတွေ ဘာတွေ စ တွေ့ကြရတော့မယ် ထင်ပါရဲ့ဗျာ။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts