သတင်းဆောင်းပါး မောင်မောင်စိုး

မောင်မောင်စိုး – တရုတ်မီဒီယာ

 
မောင်မောင်စိုး – တရုတ်မီဒီယာ
(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၁၅
 
ယနေ့ခေတ် မီဒီယာဆိုသည်ကတော့ အတော်ပင်စုံလင်သည် ဟု ဆိုရမည်။ သတင်းစာ ဂျာနယ်ရေဒီယို ရုပ်မြင်သံကြား အစီအစဉ်များသာမက online ဟုခေါ်သော အင်တာနက်စာမျက်နှာများ

ကိုလည်း အသုံးပြုကြသည်။ မီဒီယာတိုင်းသည် လူထုကို သတင်း အချက်အလက်များပေးသည်သာမက သူတို့၏ အာဘော်များကိုလည်း ပေးသည်။ လူထု လိုလားတောင့်တသော သတင်းအချက်အလက်များ ဖြစ်ရပ်မှန် အချက်အလက်များ ပေးစွမ်းနိုင်သည့် သတင်းမီဒီယာများသည် အောင်မြင်လေ့ရှိကြသည်။ လူထုနှင့် နီးစပ်သော လူထုအမြင်သဘောထားကို ဖေါ်ပြနိုင်သော မီဒီယာများကို လူထုကကြိုဆိုလက်ခံကြသည်။ ထိုသို့သော မီဒီယာများက လူထုအပေါ်သြဇာကြီးသည်ဟု ဆိုကြသည်။

 
ဆန့်ကျင်ဖက်အနေနှင့်ဆိုလျင် ခေတ်အခြေအနေနှင့် ကိုက်ညီ သောသတင်းအချက်အလက်မှန်များကို ဖေါ်ပြနိုင်ခြင်းမှိသော သတင်းမီဒီယာများ သည် လူထုကြားမတိုးနိုင်သည့်အပြင် လူထုကြား၌ သြဇာမရှိဟုဆိုရပေမည်။ ထို့အတူ အစိုရများ၏ မီဒီယာများသည်လည်း အစိုးရဝါဒဖြန့်ချိရေးပေါ်လစီများ အလွန် အမင်းကဲသည့်အခါ လူထု၏ လိုလားနှစ်သက်မှု မခံရသကဲ့သို့ လူထုပေါ်၌လည်းသြဇာမရှိကြပေ။
 
အောက်တိုဘာလအတွင်း တရုတ်ခရီးစဉ်၌နောက်ဆုံး ရောက်ရှိသည့်မြို့မှာ ယူနန်ပြည်နယ် ခွင်းမင်းမြို့ဖြစ်သည်။ တရုတ်ပြည်မှ ပြန်မထွက်မှီ နောက်ဆုံးနေ့ရက်သည် ခရီးစဉ် ကြပ်သည့်ရက် ဟု ဆိုရမည်။ မနက်ပိုင်းတွင် မြစ်ဆုံစီမံကိန်းတာ ဝန် ယူနေသည့် CPI ကုမ္ပဏီနှင့် မိမိတို့အဖွဲ့တွေ့ ဆုံဆွေးနွေးကြ သည်။ နှစ်ဦးနှစ်ဖက် စိတ်ပါလက် ပါ အားဘောင်အာရင်းသန်သန် ဆွေးနွေးလိုက်ကြ၍ အချိန်အတော်လင့်သွားပြီး တရုတ်စံတော်ချိန် ညနေ နာရီ ခန့်မှပြီးသည်။ ဟိုတယ်ပြန်နားချိန် မရှိတော့ဘဲ ယူနန်တက္ကသိုလ် ပါမောက္ခများနှင့်ဆွေးနွေးပွဲသို့ပြေးရသည်။
 
ယူနန်တက္ကသိုလ်သည် တောင်ကုန်းငယ်လေးတခုပေါ် တွင်တည်ရှိသည်။ အဆောက်အဦး များ နီးကပ်စွာတည်ရှိသည်။ ရန်ကုန်ပင်မတက္ကသိုလ်လောက်တော့ မခန်းနားလှပေ။ သို့သော် အဆောက်အအုံအတွင်းအပိုင်း အပြင်အဆင်များကတော့ သူတို့၏ ကြွယ်ဝမှုကိုဖေါ်ပြသည်။ နှစ်ဖက်အလွတ်သဘော အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးကြပြီး ယူနန်တက္က သိုလ် ပါမောက္ခများ အဖွဲ့က မိမိတို့အား ညစာဖြင့်တည်ခင်းဧည့်ခံသည်။
 
တကယ်တော့ ထိုသို့သော ထမင်းစားပွဲများတွင်စကားပြောရ သည်က ပို၍ လွတ်လပ်သည်။ ရင်းနှီး မှု လည်းပိုရသည်။ ထိုညစာ စားပွဲတွင် ယူနန်တက္ကသိုလ်မှ ပါမောက္ခ တဦးအား မိမိမှ မေးခွန်းထုတ်လိုက်သည်။ ယခု မြန်မာပြည်တွင် အမေရိကန်မှ VOA / RFA အင်္ဂလန်မှ BBC ဥရောပ မှ DVB စသည့် အသံလွှင့်ဌာနများနှင့် သတင်းဌာနများရှိသည်။ ထိုသတင်းဌာနများအား မြန်မာနိုင်ငံအနှံ့မှလူအများက နေ့စဉ် မပြတ်နားထောင်ကြသည်။ အလေးထားကြသည်။ တရုတ်ပြည်၏ ဘေကျင်းအသံလွှင့်ဌာနနှင့် ရှင်ဟွာသတင်းဌာနဆိုလျင် မြန်မာပြည်၌ နားထောင်မည့်သူ မရှိသလောက်ရှားသည် ဖြစ်ရာ ထိုအချက်ကိုလက်ခံနိုင်ပါသလော ဟု ထိုပါမောက္ခအား မိမိမေးခွန်းထုတ်ခဲ့သည်။
 
သူကပြုံး၍ လက်ခံပါသည်ဆိုသည်။ သို့သော် သူက ထိုအနောက် တိုင်းအသံလွှင့်ဌာနများ၏ လွှင့်ထုတ်သမျှအားလုံး လည်း အမှန်တော့မဟုတ်ပါဟု ပြန်လည်တုန့်ပြန်သည်။ မိမိက လည်း အနောက်တိုင်း အသံလွှင့်ဌာနတိုင်း၏ထုတ်လွှင့်ချက်တိုင်း အမှန်မဟုတ်သည်ကို မိမိလက်ခံကြောင်း သို့သော် ဘေကျင်း အသံနှင့် ရှင်းဟွာသတင်းများမှ သတင်းမည်မျှ မှန်မှန် နားထောင်သူဖတ်ရှုသူမရှိကြောင်း ဤပြသနာကို မည်သို့မြင်

သနည်း မည်သို့ဖြေရှင်းမည်နည်းဟု မိမိက ပြန်လည်မေးခွန်း ထုတ်ခဲ့၏။ သူက ချက်ခြင်း အဖြေပြန်မပေးနိုင်သည့်ပြင် မိမိအား မည်သို့ မြင်သနည်းဟုပင်ပြန်လည်မေးခွန်းထုတ်ခဲ့သည်။ ဤသို့နှင့် ထိုအကြောင်းအရာကို စကားလက်စသတ်၍ အပြန်အလှန် တွေးစရာပေးခဲ့ကြသည်ဟု ဆိုရပါမည်။

 
တကယ်တော့ ဘေးကျင်းအသံ ( ပီကင်းအသံ)ဆိုသည်မှာ တချိန်က လွန်ခဲ့သော နှစ် ၅၀ ခန့်ကမြန်မာပြည်တွင် လူသိများ ခဲ့သောအသံလွှင့်ဌာနတခုဖြစ်သည်။ ပုံမှန်နားထောင်သူအချို့ ရှိသကဲ့သို့ နားမထောင်သူများကပင် ဒီဘေကျင်းအသံက တရုတ်မလေး အတော်စွာဘဲဟု သတိပြုမိကြ သည်။ ၁၉၆၆ ယဉ်ကျေးမှု တော်လှန်ရေး နှင့် ၁၉၆၇ တရုတ်မြန်မာ အရေးအခင်း ကာလက ဘေကျင်းအသံသည်နေဝင်းစန်းယု စစ်အစိုးရဟုသုံးစွဲကာ မြန်မာစစ်အစိုးရကို ဗြောင်အတိအလင်း တိုက်ခိုက်ခဲ့ကြသည်။ မြန်မာပြည်တွင်းရှိ လက်ဝဲ သမားများ လိုလားအားပေး မှုကို ရခဲ့ပြီး ကျန်ပြည်သူများ၏ သတိပြုမှုကိုရခဲ့သည်။
 
နောက်ပိုင်းတွင်မတော့ ဗကပတို့၏ပြည်သူ့ အသံဆိုသည့် အသံလွှင့်ဌာနပေါ်လာပြီးနောက် ဘေကျင်းအသံမှ မြန်မာ စစ်အစိုးရအား တိုက်ရိုက်တိုက်ခိုက်မှု လျော့ကြခဲ့သည်။ သို့သော် ၁၉၈၀ မတိုင်ခင်အထိ အင်တာနေရှင်နယ်တေးသံ နှင့်အတူ ဘေကျင်းအသံသည် လက်ဝဲအယူအဆ များကို ရပ်ခံထုတ်လွှင့်ခဲ့ရာ လက်ဝဲလိုလားသုများ၏ အားပေးမှုတော့ ရခဲ့သေးသည်ဟုဆိုရမည်။ မည်သို့ဆိုစေ ထိုစဉ်က လက်ဝဲလေထု အားကောင်း နေသည်ဖြစ်ရာ ဘေကျင်းအသံကို နားထောင်မည့်သူရှိသလို အများကလည်း သတိပြုမိကြသည်ဟုဆိုရမည်။ ထိုစဉ်က BBC တို့ VOA တို့ မြန်မာပြည်တွင်ရေပန်းမစားသေးပေ။
 
၁၉၈၀ နောက်ပိုင်း ဘေကျင်းအသံမှ အင်တာ နေရှင်နယ် တေးသံမကြားရတော့ အယူဝါဒရေးရာဘက်ဇောင်းမပေး တော့ပေ။ သို့သော်လည်း သတင်းအချက်အလက်မှန်များကိုလည်း အားပြုထုတ်လွှင့်သည့် အသံလွှင့်ဌာနလည်း ဖြစ်မလာဘဲ တရုတ်အစိုးရ၏ ပေါ်လစီများကိုသာ ဝါဒဖြန့်သည့် အစိုးရ ယန္တယားသက်သက် ဖြစ်သွားကာ ပျင်းရိငြီးငွေ့ဘွယ် အစီအစဉ် များဖြင့် လူထုကြား၌ စိတ်ဝင်စားမှု လျော့ပါးသွားလေသည်။
 
တကယ်တမ်းဆိုလျင် BBC VOA သတင်းဌာနများ လူထုကြား၌ ရေပမ်းစားလာသည်မှာ ၁၉၈၈ အရေးအခင်းနှင့်အတူ ဖြစ်သည်။ လူထုအုံကြွမှု ဆန္ဒပြမှုသတင်းများကို လူထုအကြား အလွန်အမင်း တက်တက်ကြွကြွ စိတ်ဝင်စားနေချိန်တွင် သတင်းဌာန ခုမှ အချိန်နှင့်တပြေးညီ ထိုသတင်းများကို ထုတ်လွှင့်ပေးရာ လူထုအကြား ရေပန်းစားသည့် သတင်းဌာနများဖြစ်လာ ပြီး နေ့စဉ် လူအများစု အလေးထားနားထောင်သည့် သတင်းဌာနများ ဖြစ်လာခဲ့သည်။
 
၁၉၈၈ နောက်ပိုင်းတွင်လည်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ရေးကို စံသတ်မှတ်ထားသည့် အနောက်နိုင်ငံများ၏ မူဝါဒ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်သည့် မူဝါဒ ကို ကိုင်စွဲပြီး မြန်မာစစ်အစိုး ကို ပိတ်ဆို့ဆန့်ကျင်သည့် မူဝါဒနှင့် အညီ VOA BBC တို့သည်လည်း ဆက်လက်ရပ်တည်ခဲ့သည်။တဖက်ကလည်း မြန်မာလူထုအဖို့ စစ်အစိုးရလက် ထက် သတင်းမှောင်ချမှုနှင့် ကြုံတွေ့နေရရာ အဆိုပါသတင်းဌာနများ၏ သတင်းသည် လူထုလှုပ်ရှားအုံကြွမှုနှင့် စစ်အစိုးရဖိနှိပ်မှုများကို မီးမောင်းထိုးပြ နေပေရာ လူထု၏ အသဲစွဲ သတင်းဌာနများဖြစ်လာတော့သည်။ မနက်မိုးလင်းသည်နှင့် BBC VOA တို့၏ အသံကို အိမ်တိုင်းလိုလိုတွင် ကြားရသည်။ မိုးချုပ်သည်နှင့် ကြားရသည်။ BBC VOA တို့ကလည်း လူထု အလုပ်နားချိန် အားချိန်ကိုရွေး၍ စနစ်တကျထုတ်လွှင့်ကြသည်။
 
အနောက်တိုင်းအဖို့ သတင်းဖြန့်ချိလှုံ့ဆော်ရေးအတွေ့အကြုံကို ကောင်းစွာရှိပြီးဖြစ်သည်။ ဆိုဗီ ယက်ပြည်ထောင်စုကို ထိုးနှက်ရန် သတင်းဖြန့်ချိရေးကို စနစ်တကျ လုပ်ဆောင်ခဲ့ကြဖုးသည်။ သို့ပြုလုပ်ရန် အချိန်လည်းများစွာရယူသည်။ စိတ်ရှည်လှသည်ဟု ဆိုရပေမည်။ မြန်မာလူထုတွင်း လူထုလက်ခံမှုမြင့်လာသည်နှင့် နောက်ထပ် အသံလွှင့်ဌာန ခု ဖြစ်သော RFA နှင့် DVB ကိုတိုးချဲ့ ထုတ်လွှင့်ရာ လူထုလက်ခံမှုကို လျင်မြန်စွာရ သည်။ထို့ပြင် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများ၏ သတင်းဌာနများသည် အနောက်၏ ပံပိုးမှုနှင့် အတူ ပေါ်လာကြသည်။ ထိုထဲတွင် ဧရာဝတီ နှင့်မဇ္ဇျိမတို့က ပို၍ ထင်ရှားသည်။ သူအတိုင်းအတာ နှင့်သူ အောင်မြင်သည့် သတင်းဌာနငယ်များ လည်း မနည်းလှပေ။ ဤသို့ဖြင့် အနောက်တိုင်းမီဒီယာများ အနောက်တိုင်း လူအခွင့်အရေးနှင့် ဒီမိုကရေစီကို လိုလားသော သတင်းဌာနများ  အားကောင်းလာသည်။
 
ထိုသတင်းဌာများသည် လူထုလိုလား သိချင်သော သတင်း အချက်အလက်မှန်များကို ဖေါ်ထုတ်တင်ပြခြင်းမှ အစပြုခြင်း ဖြစ်သည်။ လူထုထောက်ခံ လိုလားမှု ရလာကြခြင်းဖြစ်သည်။ ဤသို့ဖြင့် ဤသတင်းဌာနများ လူထုတွင်းသြဇာရလာလေ နောက်တိုင်း၏ အယူအဆ သြဇာများ အာဘော် များ လူထုကြား၌ ပျံ့နှံ့လာခြင်းမှာ အံ့သြဘွယ်ရာမရှိပေ။
 
ထိုအချိန်တွင် တရုတ်တို့၏ ဘေကျင်းအသံသည်၎င်း ရှင်းဟွာသတင်းသည်၎င်း မြန်မာလူထုကြားတွင်း မေ့ပျောက်ခြင်း ခံရတော့သည်။ မည်သူမပြု မိမိမှုဟုသာဆိုရပေမည်။ မြန်မာ လူထုပကတိဘဝ လိုအပ်ချက်နှင့်မကိုက်ညီသော သတင်းများကို ထုတ်လွှင့်နေသည့် သတင်းဌာနများ လူထုကြား၌ ရေပန်း မစားသည့်အပြင် မေ့လျော့ခြင်းပင်ခံ လိုက်ရပေတော့သည်။
 
ထို့ကြောင့် ၁၉၈၈ နောက်ပိုင်း မြန်မာအစိုးရနှင့်ဆက်ဆံရေး မကောင်းသော အနောက်တိုင်းသည် မြန်မာလူထုကြားတွင်း သူတို့မီဒီယာများမှတဆင့်သူတို့၏ သြဇာကို တည်ဆောက်နိုင်ခဲ့ကြ သည်။၎င်းနှင့် ဆန့်ကျင်စွာပင် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေး ကောင်းသော တရုတ်တို့၏ မီဒီယာနှင့်၎င်း၏ သြဇာသည် လူထုကြားတွင် နတ္တိဖြစ်ခဲ့တော့သည်။
 
အယူအဆ သဘောတရားတခုသည် လူထုကြီးအား လွှမ်းမိုး ချုပ်ကိုင်မိသည်နှင့် ကြီးမားသောအင်အားကြီးတရပ်ဖြစ်လာ တော့သည်ဟု တရုတ်ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းက ပြောခဲ့ သည်။ သို့သော် လက်တွေ့တွင် တရုတ်ကွန်မြူနစ်တို့ မလုပ်နိုင်ကြ။ အနောက်တိုင်းက အားကောင်းမောင်းသန် လုပ်နိုင်ခဲ့ကြသည်။ အံ့သြဖွယ်ပင် ဖြစ်ပေတော့သည်။ သဘောတရားရေးဦးထိပ်ပန်ဆင်သော ကွန်မြူနစ်တို့ ဝါဒဖြန့်ချိရေးတွင်

အရင်းရှင်ဟုဆိုသော အနောက်တိုင်းကို မမှီခဲ့ပေ။ မြန်မာပြည်နှင့် ပတ်သက်၍ အခြေခံရပ်တည်မှုလည်းမတူခဲ့ကြ၍ ဖြစ်သည်။

 
ထို အနောက်တိုင်းမီဒီယာများ မည်မျှအားကောင်းလာပြီး လူထုအပေါ် သြဇာသက်ရောက်လာမှုကြောင့် အစိုးရပိုင် သတင်းစာများ ရုပ်မြင်သံကြားအစီ အစဉ်များ၌ BBC VOA RFA DVB သတင်းဌာနများကို လေလှိုင်းကြားမှ လူသတ်သမားများ အဖြစ် နေ့စဉ် တိုက်ခိုက်ခဲ့ရသည်အထိ ဖြစ်ခဲ့ပေသည်။
 
တရုတ်တို့ကား ၂၀၁၁ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခံရပြီးနောက် အိပ်မက်မှ နိုးထလာပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး၌ မြန်မာအရေးနှင့်ပတ်သက်ပြီး တရုတ်တို့ပြောင်းလဲချိန်တန်ပြီဆိုသည်ကို ကောင်းစွာ သဘောပေါက်သွားပုံရသည်။ မြစ်ဆုံစီမံကိန်း လက်ပတောင်းတောင်စီမံကိန်းတို့နှင့် ပတ်သက်ပြီး မြန်မာလူထု၏ ပြင်းပြင်းထန်ထန်ဆန့်ကျင်မှုကလည်း တရုတ်တို့အတွက် အချက်ပေးခေါင်းလောင်းများ ဖြစ်ကြသည်။
 
တရုတ်တို့၏ အပြောင်းအလဲတွင် မီဒီယာများလည်းပါသည်။ ၂၀၁၅ ထဲတွင် ရှင်ဟွာ မြန်မာသတင်းဌာန၏ သတင်းတင်ဆက် မှုသိသိသာသာစတင် ပြောင်းလဲလာသည်။ လူထု၏ စိတ်ဝင်စားမှု စတင်ရရှိသည်။ တရုတ်တို့၏ Globles Times ကလည်း ပညာရှင်ဆန်သော သုံးသပ်ချက် ထူးခြားသည့် သတင်းတင်ဆက်မှု များ ကြောင့် မြန်မာပြည်မှ သတင်းသမားများ ပညာရှင်များ နိုင်ငံရေး ဝေဖန်သုံးသပ်သူများ စိတ်ဝင်စားမှုရရှလာသည်ဟု ဆိုရမည်။ သို့သော် ဘေကျင်းအသံကတော့ နောက်တွင် ကျန်နေဆဲ ဖြစ်သည်။
 
သို့သော် နှစ်ပေါင်းများစွာ မြန်မာလူထုကြား အခြေကျနေသော အနောက်တိုင်းမီဒီယာများနှင့်ယှဉ်နိုင်ရန် တရုတ်တို့ များစွာ ကြိုးစားရုန်းကန်အားထုတ်ရန် လိုနေပေသေးသည်။ မီဒီယာတခု၏ အရှိန်သြဇာ ဂုဏ်သိက္ခာသည် လူထုကြားတွင် ကြီးစွာသက်ရောက်မှုရှိပေရာ တရုတ်တို့အနေနှင့် ၎င်းတို့၏ မီဒီယာသြဇာ သက်ရောက်မှုရှိရန် အနောက်တိုင်းမီဒီယာများနှင့် ယှဉ်နိုင်ရန် မြန်မာလူထု၏ စိတ်ဝင်စားအလေးထား မှု ရရန် အရှိန်ဟုန်ပြင်းပြင်းနှင့် အခြေခံမှစ၍ ပြောင်းလဲသွားမှသာ ဖြစ်နိုင်ပေလိမ့်မည်။ တရုတ်တို့ မည်မျှ စွမ်းဆောင်နိုင်မည်ကို စောင့်ကြည့်ရပေအုံးမည်။
လက်ရှိအချိန်တွင်မတော့ တရုတ်မီဒီယာများ များစွာခြေလှမ်း နောက်ကျကျန်ခဲ့သည်ဟုဆိုရမည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts