>Maung Yit – Dialogue with Broken Hearted Voters

>

မတ်လ ပြောစရာများ –

အသဲကွဲတဲ့ မဲတမဲနှင့် စကားပြောခြင်း

မောင်ရစ်

ဧပြီ ၄၊ ၂၀၀၉

တမ္ဘာလုံး စီးပွားပျက်လို့ဆိုလား လူတွေ အိုးအိမ်တွေပစ်၊ အလုပ်တွေပစ် ဖြစ်နေကြချိန်မှာ သွေးပျက်ပြီး သေနတ်နဲ့ သူများတွေကို ပစ်၊ ကိုယ့်ကိုယ်လည်း ပစ်နေကြချိန်မှာ – ကြက်ဆူပင်က မီးတကျီကျီလုပ်တယ်လို့ ပြောကြမယ် ထင်တယ်။

၂၀၁၀ ရွေးကောက်ပွဲ ဘာလဲ၊ ဘယ်လဲပေါ့လေ။ ဖြစ်ပုံက ၂၀၀၈ နှစ်ကုန်ကတည်းမှာ စပြီး နှစ်ဖက်စလုံးက ဒါကိုစဉ်းစားကြပုံရပါတယ်။ စာတမ်းရေးနိုင်တဲ့သူတွေရေး၊ စင်ပေါ်တက် ဟောနိုင်တဲ့သူတွေက ဟော၊ ရေဒီယိုကတဆင့် ပြောနိုင်တဲ့သူကလည်း ပြောပေါ့လေ။

အဓိကကတော့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ဒါကို အရင်ဆုံး လိုအပ်ချက်တခုအဖြစ် ပြောနေကြပုံရပါတယ်။ နောက်ပြီးတော့ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ကြဖို့။ အင်န်အယ်လ်ဒီပါတီနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့။ (တရားမျှတ လွတ်လပ်တဲ့) တရားဥပဒေစနစ် စိုးမိုးပြီး အာမခံချက်ရှိဖို့။ နိုင်ငံရေးအင်အားစုတွေ အကုန်လုံး (အားလုံး) ပါဝင်နိုင်ဖို့။ စတာတွေ ပြောဆိုဆွေးနွေးနေကြတယ် ထင်ပါတယ်။

မေးမိတဲ့ မေးခွန်းတခုက ၁၉၈၈ အရေးတော်ပုံက မွေးဖွားလိုက်တဲ့ အင်န်အယ်ဒီ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေး အတိုက်အခံအင်အားစုများ ၀ိုင်းဝန်းပါဝင်ပတ်သက်ခဲ့ကြပြီး ပြည်သူတွေရဲ့ တခဲနက်သော အသဲထဲက မဲတပြားနဲ့ ထောက်ခံခဲ့ကြလို့ ပေါ်ထွန်းလာတဲ့ ၁၉၉၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရဲ့ ရလဒ်ကြီးကို ဘယ်လိုများ လုပ်ကြမှာလဲ ဆိုတာပါ။

အဲဒီရလဒ်ကြီးကို အနှစ် ၂၀ နီးပါး ထမ်းပြီး တိုက်ပွဲဝင်နေခဲ့တဲ့ဆီမှာ သေတဲ့လူတွေ၊ ဘ၀ပျက်တဲ့လူတွေ၊ ပျောက်ဆုံး ပျက်စီးကုန်ကြတဲ့သူတွေ အများကြီးပါပဲ။ အဲဒီ အရိုးတွေ တောင်လိုပုံနေခဲ့ပြီး အနှစ် ၂၀ ခန့်အကြာမှာ လာပြန်ပြီ … ကဲ … ၂၀၁၀ ရွေးကောက်ပွဲကြီး ဆိုပါကလား။ ကဲ ဘယ်လိုလုပ်ကြမှာလဲ ဆိုတဲ့ မေးခွန်းပါ။

နောက်မေးခွန်းတခုကတော့ အဲဒီ ၂၀၁၀ ရွေးကောက်ပွဲကြီးက (မပြောကောင်း မဆိုကောင်း) ဖြစ်မြောက်အောင်မြင်သွားလို့ အဲဒီကရွေးချယ်တင်မြှောက်လိုက်တဲ့ ရလဒ်ကြီးတခု ပေါ်ထွန်းလာခဲ့မယ်ဆိုရင် အဲဒီ ၂၀၁၀လူကြီးလူကောင်းများက ၁၉၉၀ ရွေးကောက်ပွဲက မွေးဖွားပေးခဲ့တဲ့ ပါတီတွေ၊ အတိုက်အခံ လူထုလူတန်းစားတွေကို ဘယ်လိုများ မျက်နှာချင်းဆိုင်ကြမှာပါလိမ့်။ ဘယ်လိုမျိုးသော လက်ကမ်းကြိုဆိုမှုတွေ၊ အာမခံချက်တွေ ပေးမှာပါလိမ့် ဆိုတာက မေးခွန်းပါ။

၁၉၉၀ ခုနှစ်တုန်းကလည်း ပြည်သူတွေက အသဲကြားက မဲတပြားကို ထုတ်သုံးခဲ့ကြရပါတယ်။ ၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲမှာကတော့ဖြင့် စစ်အာဏာရှင်တွေက ပြည်သူ့အသဲခွဲပြီး မဲကို လိုရာဆွဲသုံးခဲ့ပြီးပြီ ဖြစ်ပါတယ်။ ကဲ … လာတော့မယ့် ၂၀၁၀ ဒုတိယအကြိမ်မြောက် ပါတီစုံရွေးကောက်ပွဲကြီးမှာတော့ဖြင့် ပြည်သူတွေမှာ အသဲကွဲနေတဲ့ မဲတမဲနဲ့ ဆင်နွှဲကြရမှာ ဖြစ်တယ်လို့ မြင်ယောင်မိပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ အခု ၂၀၁၀ မှာ ပေါ်ထွန်းလာမည့် ငါတို့လွှတ်တော်ကြီး၊ ငါတို့ အစိုးရအဖွဲ့ကြီးကနေပြီးတော့ သပိတ်မှောက်နေတဲ့၊ အတိုက်အခံလုပ်နေတဲ့၊ ကဏ္ဍကောစလုပ်နေတဲ့ နိုင်ငံရေးအစုအဖွဲ့တွေအားလုံးကို သဘောထားကြီးစွာ သင်ပုန်းချေပါအံ့။ အားလုံး အတူတကွ ၀ိုင်းဝန်းတိုင်ပင်ဆောင်ရွက်ပါအံ့လို့ ကြေငြာချက်ထုတ်မှာလား၊ သို့မဟုတ် မိမိတို့အစိုးရအသစ်က တိုင်းပြည်မျက်နှာကိုထောက်၍ ထိုထိုသော ရန်သူများ၊ ကွန်မြူနစ်များ၊ သူပုန်များ၊ ကိုလိုနီလက်သစ်များကို မတရားအသင်းကြေငြာပြီး နှိမ်နှင်းပေတော့အံ့လို့ ကြေငြာလေမှာလား။ အဲဒါလည်း မေးခွန်းတခု ဖြစ်ပါတယ်။

အနောက်အုပ်စုအနေနဲ့ ဆန္ဒမဲစနစ်ကို အလွန်အလေးထားပါတယ်။ အဲဒီစနစ်ကိုသုံးပြီးတော့ အကြမ်းဖက်ဝါဒနဲ့ အာဏာရှင်စနစ်တွေကို ပြန်လှန် ကာပြန်ပြီး ဖြေရှင်းလေ့ရှိပါတယ်။ အနောက်အုပ်စုတွေက စဉ်ဆက်တစိုက် တိုက်တွန်းခဲ့လို့၊ ဖိအားတွေပေးနိုင်ခဲ့လို့ အာဖရိကနိုင်ငံတွေက အာဏာရှင်တွေဟာ သူတို့နိုင်ငံတွေမှာ (မကျက်တကျက်) ရွေးကောက်ပွဲတွေကို အလျင်းသင့်သလို တခြိမ်းခြိမ်းနဲ့ ကျင်းပပေးနေရတာ တွေ့နိုင်ပါတယ်။

တလောကလေးတင်ပဲ ဇင်ဘာဘွေမှာ ကျင်းပလိုက်တဲ့ ပါတီစုံရွေးကောက်ပွဲရလဒ်အဖြစ်နဲ့ အနိုင်ရတဲ့ အတိုက်အခံခေါင်းဆောင်ခင်ဗျာ အာဏာမလွှဲချင်တဲ့ သမ္မတကြီး မူဂါဘီမျက်စောင်းကြောင့် သံရုံးထဲ ၀င်ပြေးလိုက်ရပါသေး။ ပြီးတော့ ပူးတွဲအာဏာခွဲယူကြဖို့ မနည်း သဘောထားတွေယူခဲ့ရတာ လက်မတင်လေးပေါ့ခင်ဗျာ။ ကံဆိုးမ သွားလေရာ မိုးလိုက်လို့ရွာတဲ့ အဲသည် အတိုက်အခံဝန်ကြီးချုပ်လက်သစ်ခင်ဗျာ ထော်လာဂျီဝင်တိုက်လိုက်လို့ မုဆိုးဖိုလုံးလုံး ဖြစ်ရရှာတယ်။

အာရှက အချို့နိုင်ငံတွေမှာ ဆန္ဒမဲစနစ်တော့ ရှိပါရဲ့။ အတိုက်အခံအင်အားချည့်နဲ့ ချို့တဲ့နေတဲ့အခြေအနေတွေမှာ ကျင်းပကြတဲ့ ရွေးကောက်ပွဲတွေဆိုတော့ မဲပေးတဲ့ပြည်သူရယ်၊ အာဏာရှင်ရယ်၊ ဘေးက စောင့်ကြည့်သုံးသပ်စမ်းစစ် သတင်းပို့၊ အစီရင်ခံစာရေးကြတဲ့ လေ့လာသူတွေ၊ အဖွဲ့အစည်းတွေရယ်ပဲ ရှိတာဆိုတော့ အသဲမပါတဲ့ မဲဗလာပွဲတွေလို့ ပြောရမယ် ထင်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတောင် တရားမျှတ၊ ဥပဒေစိုးမိုး၊ လွတ်လပ်မှုအာမခံချက်တွေ အပြည့်အ၀ရှိနေပါရက်နဲ့ အထက်တန်းလွှာတွေ၊ သီးခြားနိုင်ငံရေးအလွှာတွေရဲ့ လက်ဝါးကြီးအုပ်မှုတွေကြောင့် အမေရိကန်မျိုးဆက်သစ်တွေက မဲဆန္ဒစနစ်ကို အယုံအကြည်မရှိနေတဲ့အချိန်မှာ ကံကောင်းထောက်မလို့ လူရွယ်ခြေရည်တက် လူမည်းသမ္မတ အိုဘားမားကျေးဇူးကြောင့် မဲဆန္ဒစနစ်ဖက် စိတ်လည်ခဲ့ကြတဲ့ အောင်ပွဲကို မြန်မာပြည်ပုံစံခွက်ထဲ ထည့်ဖို့ ကြိုးစားကြမယ်လို့နဲ့ ထင်ပါရဲ့။ အဲသလိုမျိုး စိတ်ကူးယဉ်ကြရင် ၂၀၁၀ လား၊ ၂၁၀၀ လား။

အင်း … နောက်ဆုံးတခုကတော့ ကိုယ့်ကိုယ်ကို မေးဖို့ပဲ ရှိတော့တာပါ။ သင့်လက်ထဲက မဲတပြားနဲ့ မြန်မာနိုင်ငံသား ကာယကံရှင်၊ သင် …။ မြန်မာပြည်မှာမွေး၊ မြန်မာပြည်သားတဦးအဖြစ်ရပ်တည်။ ၂၁ ရာစုအ၀င်ဝမှာ သင် ဘယ်နှစ်ခါ မဲပေးခဲ့ဖူးပြီလဲ။ ၁၉၉၀ ကဆိုရင်တော့ အနှစ် ၂၀ ကြာခဲ့ပြီ။ ၂၀၀၈ တုန်းကဆိုရင်တော့ အဲသည်ရဲ့ အတည်ပြုချက်ကြောင့် သင် ၂၀၁၀ကို မဲပေးခွင့် ရပေဦးတော့မည်။ ကျနော်တို့ရဲ့ မဲတပြားချင်းစီဖြင့် ကျနော်တို့သမိုင်းကို အသစ်ရေးထိုးနိုင်ခဲ့ကြပြီလား။ သို့မှမဟုတ် မဲပေးသည်၊ မပေးသည် ဖြစ်စေကာမူ သင်တို့အတွက် စိတ်ကျေနပ်ဖွယ် အပြောင်းအလဲတွေကို ပါဝင်ပတ်သက်နိုင်ပြီလား။

အခု သည်စာကိုရေးနေတဲ့သူက ဒီအသက်ဒီအရွယ်ကြီးရောက်နေပြီ၊ သင်းချိုင်းကုန်း မျက်စောင်းထိုးက အိမ်မှာနေတဲ့သူ။ တခါဖူးမှ မဲမပေးခဲ့ဘူးချေ။ မဲဖြင့် ကောင်းကောင်းပေးဖူးသူလည်း ဟုတ်ဘဲနဲ့ အခုလိုမျိုး ဘယ့်နှယ် ရှေ့ကလည်း မသွား၊ နောက်ကလည်း မလိုက်နိုင်ဘဲ၊ ဘေးက တရွတ်တိုက် ပြောနေတဲ့သူကကော ဘာလုပ်မှာလဲဆိုတာလဲ မေးခွန်းတခုပါပဲ။

မည်သို့ပင်ဖြစ်စေကာမူ မဲရုံတွေ ရှိရှိမရှိ၊ မဲတွေကို အသွေးတွေ အသားတွေကြားထဲက ထုတ်၍ပဲ ပေးရ၊ ပေးရ၊ လက်နက်မိုးအောက်က အတင်းအဓမ္မပဲ ပေးရ ပေးရ၊ လက်နက်မဲ့တဲ့၊ အပြစ်မဲ့တဲ့၊ အခွင့်အာဏာသြဇာမဲ့တဲ့၊ အရင်ကမွေးမွေး၊ အခုပဲ မွေးမွေး၊ နောင်လာမယ့် မြန်မာပြည်သူ၊ ပြည်သားတွေအတွက် ထိန်ဝှက်လို့မရတဲ့ သမိုင်းကို အမှန်အတိုင်း အရှိတရားအတိုင်း တင်ပြပေးတဲ့အလုပ်ကို ကျနော်တို့ကတော့ ဆက်လုပ်နေရုံသာ ရှိပါသည်။

ကျနော်တို့မှာက အသဲကြားက မဲတပြား ခုထိ ရှိသေးသည်။ အသဲတော့ မကွဲရသေး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts