>Local Private Clinics turn away flu patients

>

တုပ်ကွေးရောဂါသည်များ အပြင်ဆေးခန်းနဲ့ ဆေးရုံက လက်မခံတော့
မိုးမခအထောက်တော် ရန်ကုန်
ဇူလိုင် ၂၊ ၂၀၀၉


ရန်ကုန်မြို့တော်အတွင်းရှိ ပုဂ္ဂလိက အထူးကု ဆေးခန်းများတွင် တုပ်ကွေးနှင့်ပတ်သက်သည့် လူနာများကို လက်ခံ ကုသပေးခြင်း မပြုတော့ဘဲ ရန်ကုန်ဆေးရုံကြီးနှင့် ဝေဘာဂီ ကူးစက် ဆေးရုံကြီးများသို့ သွားရောက် ကုသခိုင်းနေသည်။

“သာမန် တုပ်ကွေးပဲဖြစ်ဖြစ် A/ H1N1 ပဲဖြစ်ဖြစ် အထူးကု ဆေးခန်းတွေက လက်မခံချင်ကြဘူး။ ဒီ ၃၊ ၄ ရက် မှပါ။ အဖျား တအားကြီးတဲ့ လူနာဆိုရင် ပိုဆိုးတယ်။ ဆေးရုံကြီးကိုပဲ လွှတ်တော့တာပဲ” ဟု ရန်ကုန်မြို့ခံ တစ်ဦးက ဆိုသည်။ အဆိုပါ A/ H1N1 နှင့် ပတ်သတ်ပြီး ကျန်းမာရေး ၀န်ကြီးဌာနမှ အထူးကု ဆေးခန်းများကို တုပ်ကွေးရောဂါလူနာများ လာရောက် ကုသလျှင် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ရမည်ဟု မှာကြားထားခြင်း မရှိကြောင်း နေပြည်တော် ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စင်ကာပူနိုင်ငံမှ ပြန်လည်ရောက်လာသော အသက် ၁၃နှစ် အရွယ် အမျိုးသမီးလေး တစ်ဦးတွင် A/H1N1 ရောဂါပိုး ကူးစက်ခံနေရကြောင်း နိုင်ငံပိုင် မီဒီယာတွင် ဇွန်လ ၂၇ရက် နေ့က သတင်း ထုတ်ပြန်ပြီးနောက် ပုဂ္ဂလိက အထူးကု ဆေးခန်းများ အနေဖြင့် လေထဲမှ အလျင်အမြန် ကူးစက်လွယ်သော ရောဂါပိုးကို ကုသမှု မပြုလုပ်နိုင်၍ ယင်းဆေးခန်းများတွင် လက်ခံ ကုသပေးခြင်း မပြုတော့ဟု ဆိုကြသည်။

မိုးတွင်းကာလတွင် ဖြစ်တက်သော တုပ်ကွေးများကြောင့် နှာစေးခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း စသော လက္ခဏာများ အပြင် အဖျားကြီးပြီး အပူချိန် မြင့်တက်လာသော လူနာများ အထူးကု ဆေးခန်းများသို့ လာရောက် ပြသလျှင် ယင်းဆေးခန်းရှိ ဆရာဝန်များက လက်ခံ ကုသပေးခြင်း မရှိတော့ဘဲ ရောဂါပိုး အခြားလူများသို့ ကူးစက်မှု မရှိစေရန်နှင့် ရောဂါ ပိုမို မပြင်းထန်စေရန် ရန်ကုန်ဆေးရုံကြီးသို့ သွားရောက် ကုသရန် ညွှန်ကြားမှုများ အဆိုပါ အထူးကု ဆေးရုံများက ပြုလုပ်နေသည်။

ရန်ကုန်မြို့တော်ရှိ ပုဂ္ဂလိက အထူးကု ဆေးရုံကြီးများဖြစ်သော SSC ၊ ပင်လုံ နှင့် ရွှေဂုံတိုင် ဆေးရုံကြီးများတွင် သာမန် တုပ်ကွေးများကို လက်ခံ ကုသပေးနေပြီး သာမန်တုပ်ကွေးထက် ပြင်းထန်သော ရောဂါ ရှိနေလျင် လက်ခံ ကုသပေးခြင်း မရှိတော့ကြောင်း သိရသည်။

တုပ်ကွေးရောဂါနှင့် ပတ်သတ်ပြီး လူနာများကို အောင်ဇေ အထူးကုဆေးခန်း၊ ပါရဂူ အထူးကုဆေးခန်း၊ မဟာမြိုင် အထူးကုဆေးခန်းနှင့် မိုးသီး အထူးကုဆေးခန်းများတွင် လက်ခံ ကုသပေးခြင်း မရှိကြောင်း၊ ဆင်ခြေဖုံး ရပ်ကွက်များရှိ ဆေးခန်းငယ်လေးများသည် တုပ်ကွေးရောဂါ ဖြစ်သော လူနာများကို လက်ခံ ကုသပေးနေသေးသည်ဟု အင်းစိန်မြို့ခံ တစ်ဦးက ဆိုသည်။

၂၀၀၉ ခုနစ် ဧပြီလ ၂၉ ရက်နေ့ မက္ကဆီကို နိုင်ငံတွင် စတင် ဖြစ်ပွားခဲ့သော A/H1N1ရောဂါပိုးသည် လက်ရှိတွင် နှိင်ငံပေါင်း ၁၀၀ ကျော် ကူးစက်ခံနေရကာ ကူးစက်ခံရသူ ၇၀၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၃၀၀ ကျော် ရှိနေသည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts