>Aung Way – The Previous …

>

ပြီးခဲ့သောများ …

အောင်ဝေး

မတ် ၁၆၊ ၂၀၀၉

မတ်လ ၂၁ ရက်နေ့ ဟာ ကမ္ဘာ့ကဗျာနေ့ (World Poem Day)ဖြစ်ပါတယ်။ အဲ့ဒီနေ့ဟာ အီကွေတာပေါ်ကို နေရောင်ခြည်တည့်တည့် ကျတဲ့နေ့ပါဘဲ။ ကမ္ဘာကုလသမဂ္ဂအဖွဲ့ကြီး (ယူနက်စကို)က ကမ္ဘာ့ကဗျာနေ့လို့ သတ်မှတ်ထားပြီး ကမ္ဘာပေါ်က လူမျိုးတိုင်းရဲ့ ကဗျာတွေ တိုးတက်ဖွံဖြိုးရေး ရည်ရွယ်ချက်နဲ့ နိုင်ငံတကာမှာ ကဗျာနဲ့ပတ်သက်တဲ့အခန်းအနားတွေ ပွဲလန်းသဘင်တွေ ကျင်းပခဲ့တာ ဆယ်စုနှစ် တခု ပြည့်ပါတော့မယ်။



ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းကတော့ ကမ္ဘာ့ကဗျာနေ့ ကို မဲဆောက်မှာ ဆင်နွှဲခဲ့ရတာပါ။ အမေရိကားကို ပါလာတဲ့ အဲ့ဒီဖိတ်စာကလေး ပြန်ထုတ်ဖတ်ကြည့်တော့ …



World Poetry Day


Poetry Recitation

Open – “No” Performance; Saw’s Star

– Message from Comrade Than Ge

1. Aung Way

2. Mg Lwan Ni

3. Khine Mar Kyaw Zaw

4. Dr Lun Swe


Poetry Singing

5.Aye Mi Phyu

6.Soe Nay lynn

7.Zun Hmine

8.Kyaw Thu Moe Myint


Poetry Music

9.Nyein Wai

10.Khin Lun

11.Pwint Thit (kareinkan)


END – Group Song – KABARMAKYEBUU


Music by –Banyarmaw & Friends

Presenter- Nyein Chan Nyein & Yee Mon Htaik Htar

Direction- DVB TV Live Show 15 th March 2008

– Peacock Squad



ဒီဖိတ်စာလေး ခုနေပြန်ဖတ်ရတာ လွမ်းစရာပါ။



အဲဒီပွဲကို မှတ်တမ်းတင် ဓာတ်ပုံတွေ ရိုက်ပေးခဲ့တဲ့ နိုင်ငံခြားသတင်းထောက် ကိုလောအယ်စိုးလည်း အခု အမေရိကားမှာ ရောက်နေပါတယ်။ ပြန်တွေးကြည့်တော့ လွမ်းစရာပါ။



ကျွန်တော်တို့ပြည်တွင်းက ထွက်လာပြီး မဲဆောက်မှာ ၅ လလောက် နေခဲ့ပါတယ်။ အဲဒီအတောအတွင်းမှာ မဲဆောက်မြို့ပေါ်မှာရော ဒုက္ခသည်စခန်းတွေမှာပါ စာပေဟောပြောပွဲလေးတွေ ဟောဖြစ် ပြောဖြစ်ပါတယ်။ အဓိကကတော့ ကဗျာဆရာကိုလွမ်းဏီတို့၊ ဒေါက်တာလွဏ်းဆွေတို့၊ ကိုငြိမ်းဝေတို့နဲ့ ဆက်နွယ်ပြီး လုပ်ဖြစ်ခဲ့တာပါပဲ။



ဒီလိုနဲ့ ကမ္ဘာ့ကဗျာနေ့ နီးလာတော့ ကျွန်တော်က ပြည်တွင်းမှာ ကမ္ဘာ့ကဗျာနေ့ ကျင်းပပုံတွေအကြောင်း မဲဆောက်က စာပေအသိုင်းအ၀ိုင်းမှာ ကဗျာဆရာတွေကို ပြောပြဖြစ်ပါတယ်။



ကျွန်တော်တို့ပြည်တွင်းမှာ စာပေ အနုပညာ မီဒီယာအဖွဲ့အစည်း တခုခုက တာဝန်ယူပြီး နှစ်စဉ် မတ်လ ၂၁ ရက်နေ့ ရောက်တိုင်း ကမ္ဘာ့ကဗျာနေ့ကို ကျင်းပတာပါ။ ပထမဦးဆုံး အကောင်အထည် ဖော်ဖြစ်တာက ဆရာမျိုးမြတ်သူတို့ ဆရာမတူးတူးသာတို့ရဲ့  Forever Media Group ပါ။



ကျွန်တော် နောက်ဆုံး တက်ရောက်ခဲ့ရတဲ့ ကမ္ဘာ့ကဗျာနေ့ အခမ်းအနားကတော့ မတ်လ ၂၁ ရက် ရန်ကုန်မြို့ ၊ မဟာဗန္ဓလပန်းခြံလမ်း Mr Brown Café မှာ ကျင်းပပြုလုပ်တဲ့ ပွဲပါပဲ။ ဒီပွဲကို စီစဉ်ခဲ့သူကတော့ စာရေးဆရာမ ယဉ်မင်းဦး (ဆေးတက္ကသိုလ်)ပါ။



ဒီပွဲမှာ ဆရာသစ္စာနီတို့ ဆရာမောင်ရန်ပိုင်တို့က ကဗျာစာတမ်းတွေ ဖတ်ကြားကြတယ်။ ကျနော် အပါအ၀င် လူကြီး လူငယ် ကဗျာဆရာတွေက အုံနဲ့ ကျင်းနဲ့ ကဗျာတွေ လှိုင်လှိုင်ရွတ်ဆိုခဲ့ကြတယ်။ အောင်မြင်တဲ့ ပွဲတပွဲပါပဲ။



မဲဆောက်မှာ အဲ့ဒီပွဲအကြောင်း လွမ်းလွမ်းနဲ့ ပြောပြမိတယ်။ အဲ့ဒီမှာ ဒီဗွီဘီ ရေဒီယိုသတင်းထောက်၊ ကဗျာဆရာလည်းဖြစ်တဲ့ ထက်ရာဇာက မဲဆောက်မှာ ကမ္ဘာ့ကဗျာနေ့ ကျင်းပနိုင်ဖို့  ပြီးတော့ ဒီဗွီဘီတီဗွီက ဒီပွဲကို Live Show သဘောမျိုး ရုပ်သံ ရိုက်နိုင်ဖို့၊ ချင်းမိုင်က ဒီဗွီဘီ တာဝန်ရှိသူတဦးဖြစ်တဲ့ ဆရာ မောင်သာမညနဲ့ လှမ်း တိုင်ပင် ညှိနှိုင်းပါတော့တယ်။



ဒီဗွီဘီ ဘက်ကလည်း အလေးအနက် စိတ်ဝင်တစားရှိတာမို့ တိုတိုပြောရရင် ကျွန်တော်တို့ ဒီလိုလေး မဲဆောက်မှာ လုပ်ဖြစ်ခဲ့တယ် ဆိုပါစို့။ (စိတ်မကောင်းစရာဖြစ်ရတာက ထက်ရာဇာက ဒီပွဲမှာ ဒီဗွီဘီသတင်းထောက် ဖြစ်ရတာမို့ ကဗျာရွတ်ဆိုခွင့် မရခဲ့တဲ့ အချက်ကလေးဗျာ)



ပွဲမတိုင်မီ တရက်ကြိုပြီး ချင်းမိုင်က ဆရာမောင်သာမညရယ် နော်ဝေးက ခေတ္တရောက်နေတဲ့ ဆရာမ မသီတာရယ်၊ ကင်မရာမင်း ကိုအောင်ခိုင်ရယ် ဆင်းချလာပါတယ်။ မဲဆောက်မှာနေတဲ့ ဒီဗွီဘီတီဗွီ သတင်းထောက် မခင်မင်းဇော်နဲ့ ပူးပေါင်းပြီး Live Show မြိုင်မြိုင်ကြီး ရိုက်ခဲ့တဲ့ ပွဲပါ။



ဒီပွဲမှာ ဇတ်ခုံဆက်တင် ဒီဇိုင်းတာဝန်ယူတာက ကျွန်တော်တို့ ကိုကျော်သူမိုးမြင့်တို့၊ ငြိမ်းချမ်းငြိမ်းတို့ နဲ့ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးမှာ ပြည်ပကိုထွက်ခွာလာတဲ့ ကွန်ပြူတာ ဂရပ်ဖစ်ဒီဇိုင်းပညာရှင် ကိုသီဟမောင်မောင်တို့ပါ။

ဇာတ်စီးသူကတော့ ကျွန်တော် အောင်ဝေးပါ။ ပွဲလုံခြုံရေးအတွက် ထိုင်းရဲတွေကို ခွံ့ရ၊ ဆို့ရတဲ့တာဝန်ကို ကိုလွမ်းဏီက ယူပါတယ်။ ပရိသတ်ကလည်း အတော်ကြီးကို လာရောက် အားပေးကြတာပါ။



ဒီနေရာ (ဒေါင်းရင်ပြင်) ဟာ မဲဆောက်မှာ စာပေအနုပညာနဲ့ နိုင်ငံရေး အခမ်းအနားတွေ ကျင်းပပြုလုပ်နေကျ နေရာပါ။ ထုံထောင်းရပ်ကွက်ထဲကပေါ့ (ခုတော့ ဒေါင်းရင်ပြင် မရှိတော့ဘူးလို့ ကြားရတယ်။ စိတ်မကောင်းပါ)



ဒီပွဲ မရိုက်ခင်ရှေ့မှာက ကျွန်တော်တို့ ညီမငယ်ခင်မင်းဇော်နဲ့ သီးလေးသီး ဆေးရောင်စုံအဖွဲ့ မဲဆောက်မြို့ မယ်တော်ဆေးခန်းမှာ ကတဲ့ပွဲကို Live ရိုက်ပြီး ရန်ပုံငွေအခွေ ထုတ်ခဲ့ဖူးထားတဲ့ အတွေ့အကြုံက ရှိခဲ့ပြီးသားမို့ အဲဒီ ကမ္ဘာ့ကဗျာနေ့ ကဗျာရွတ်ဆိုပွဲကို Live ရိုက်ဖို့ ကျွန်တော်တို့တဖွဲ့သားလုံး စိတ်အားထက်ထက်သန်သန်နဲ့ လုပ်ခဲ့ကြတာပါ။ ဒါ ၂၀၀၈ တုန်းက။



ဟော ခု ၂၀၀၉ ။ ကမ္ဘာ့ကဗျာနေ့တောင် နောက်တကြိမ် ပြန်ရောက်လာပြန်ပြီ။ မဲဆောက်ပွဲတုန်းကပါဝင်ခဲ့တဲ့ ကျွန်တော်၊ ကျော်သူမိုးမြင့်၊ ဆရာမခိုင်မာကျော်ဇောတို့က ဒီအမေရိကားကို ထွက်လာရတယ်။ (မကြာသေးခင်ကပဲ ကိုထက်ရာဇာလည်း အမေရိကား ရောက်ပါတယ်)



ပွင့်သစ် (ကရိန်ကန်) ဂုရု တယောက်ကတော့ မဲဆောက်မှာ ကွယ်လွန်ခဲ့ရှာတာ မကြာသေးပါဘူး။ ကျွန်တော်တို့ပွဲမှာ နောက်ခံဂီတ ဖန်တီးပေးတဲ့ ကိုဗညားမော် ဆိုတာ ဂုရုညီ အငယ်ဆုံးပါ။ အဲ့ဒီညက အစီအစဉ်ကြေငြာသူလုပ်ပေးခဲ့တဲ့ ငြိမ်းချမ်းငြိမ်းဆိုရင် ပြည်တွင်းမှာတုန်းကလည်း မျှော်စင်ကျွန်းလိုနေရာ၊ Strand Hotel လိုနေရာတွေမှာ HIV- AIDS ရန်ပုံငွေဂီတပွဲတွေ စီစဉ်ခဲ့တဲ့သူပါပဲ။



အဲ့ဒီပွဲကို မှတ်တမ်းတင်ဓာတ်ပုံတွေ ရိုက်ပေးခဲ့တဲ့ နိုင်ငံခြားသတင်းထောက် ကိုလောအယ်စိုးလည်း ခု အမေရိကားမှာ ရောက်နေပါတယ်။ ပြန်တွေးမိတော့ လွမ်းစရာပါ။ အမေရိကမှာလည်း ကျွန်တော်ကြုံ၍ အခွင့်အရေးရ၍ ကဗျာတွေ ရွတ်ဆိုတတ်ပါတယ်။ ၂၀၀၈ အင်ဒီယားနားတက္ကသိုလ် (ဖို့ ဝိန်း) ရွှေဝါရောင်ဟောပြောပွဲ၊ ၂၀၀၈ နိုဝင်ဘာ ဆန်ဖရန်စစ္စကိုနဲ့ လော့အိန်ဂျယ်လိစ် စာပေဟောပြောပွဲတွေ၊ ၂၀၀၉ ၀ါရှင်တန်ဒီစီ (၆၁) ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့နဲ့ ရန်ကုန်တက္ကသိုလ် ၈၈ နှစ်မြောက်ပွဲတွေမှာ ကျွန်တော် ကဗျာတွေ ရွတ်ခဲ့ပါတယ်။



ကျွန်တော်တို့ ပြည်တွင်းမှာလုပ်ခဲ့တဲ့ HIV၊ ရေဘေးလေဘေး ရန်ပုံငွေ၊ အဖြူရောင်သက်တံ ကဗျာရွတ်ဆိုပွဲ၊ ၀န်တင်လိပ်ပြာ ကဗျာရွတ်ဆိုပွဲနဲ့ မဲဆောက်က ကမ္ဘာ့ကဗျာနေ့ ကဗျာရွတ်ဆိုပွဲတို့လိုမျိုး၊ ဒီ အမေရိကမှာလည်း ကျွန်တော်တို့ မြန်မာဒီမိုကရေစီအရေးတော်ပုံကို စည်းရုံးလှုံ့ ဆော်နိုင်တဲ့ ကဗျာရွတ်ဆိုပွဲတွေ လုပ်ရင် ရမယ်လို့ မျှော်လင့်မိတာပါပဲ။ ကမကထ လုပ်ပေးမယ့် အဖွဲ့ အစည်းတွေရှိရင် ဖြစ်နိုင်မယ်လို့ ထင်ပါရဲ့ ။



အမေရိကန်မြေပေါ်မှာ ကိုယ့်အမိမြေ လွတ်မြောက်ရေးခံစားမှုတွေနဲ့၊ ဖျော်ဖြေမှုလည်းပါ၊ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ အိမ်လွမ်းစိတ်ကိုလည်း ဖြေသိမ့်နိုင်မယ့်၊ ဒီမိုကရေစီ ကဗျာရွတ်ဆိုပွဲကြီး တပွဲလောက် ကျွန်တော်တို့ စုပေါင်း ကျင်းပနိုင်ရင် မကောင်းဘူးလားဗျာ။



ဆရာမောင်စွမ်းရည်တို့၊ ဆရာဦးဝင်းဖေတို့၊ ဒေါ်မာမာအေးတို့၊ ဆရာမ မေငြိမ်းတို့လည်း ၀ိုင်းဝန်း အကြံပေးကြပါဦး။



ဘာပဲဖြစ်ဖြစ် ကမ္ဘာ့ကဗျာနေ့ကတော့ မှတ်မှတ်ရရကို ဖြတ်သန်းသွားဦးတော့မယ်။ ဒီနှစ် ကမ္ဘာ့ကဗျာနေ့ မတ်လ ၂၁ ရက်နေ့ မှာ သီးလေးသီးဆေးရောင်စုံအဖွဲ့က အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့ မှာ ကမှာ ဆိုတော့၊ ကိုဂေါ်ဇီလာတို့ကိုပဲ ကမ္ဘာ့ကဗျာနေ့နဲ့ ပဋ္ဌာန်းဆက် ပါသွားအောင် ဇာတ်ခုံပေါ်မှာပဲ ကဗျာ တပုဒ်၊ နှစ်ပုဒ်လောက် ရွတ်ဆိုခိုင်းရတော့မှာပဲ။



ကိုင်း … ငါ့ညီတို့ရာ …။ ပန်းသီးက ဆရာဇော်ဂျီရဲ့ တို့တိုင်းပြည် ကဗျာရွတ်။ စိန်သီး … မင်းကတော့ မင်း အင်မတန် ကြိုက်တဲ့ ဆရာမင်းသုဝဏ်ရဲ့  ပျဉ်းမငုတ်တိုကဗျာ ရွတ်ပေတော့။ အကိုတို့၊ ကဗျာဆရာ ဆောင်းယွန်းလတို့၊ ကဗျာဆရာ ချမ်းမှိုင်းအောင်တို့က ပရိသတ်ပေါ့ကွာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts