>NLD officially disbaned by Burmese Regime

>

လူထုထောက်ခံမှု အများဆုံးရထားသည့် အန်အယ်လ်ဒီအား စစ်အစိုးရက ဖျက်သိမ်း
မိုးမခ အထောက်တော်၊ ရန်ကုန်
စက်တင်ဘာ ၁၅၊ ၂၀၁၀
ပါတီတည်ထောင်ပြီးနောက် ၂၂ နှစ်ပြည့်ရန် ရက်ပိုင်းမျှ အလိုတွင် မြန်မာလူထု ထောက်ခံမှုအများဆုံးရရှိထားသည့်  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီအား အခြားသော နိုင်ငံရေးပါတီ ၄ခုနှင့် အတူ ဖျက်သိမ်းလိုက်ကြောင်း မနေ့က နေ့စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့သည်။
ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ယခင် ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်းကျန်ရှိနေသည့် ပါတီ ၁၀ ပါတီအနက် ပြန်လည်မှတ်ပုံမတင်သည့် ပါတီ ပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) နှင့် ပြည်ထောင်စု ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် တို့သည် သတ်မှတ်ရက်အတွင်း နိုင်ငံရေးပါတီ အဖြစ် ဆက်လက်တည်ထောင်လိုကြောင်း လျှောက်ထားခြင်း မရှိ၍ ဥပဒေအရ အလိုအလျောက် ပျက်ပြယ်ပြီး နိုင်ငံရေးပါတီများအဖြစ် ဆက်လက်ရပ်တည်ခွင့် မရှိသော အဖွဲ့အစည်းများ ဖြစ်သဖြင့်  နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီများကိုလည်း ဖျက်သိမ်းလိုက်သည်ဟု ကြေညာချက်တွင်ပါရှိသည်။
အန်အယ်လ်ဒီပါတီကို ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ စတင်ဖွဲ့စည်းစဉ်က အငြိမ်စား ဗိုလ်မှူးချုပ်အောင်ကြီးနှင့် သူ့အပေါင်းအပါများပါ ပါဝင်ခဲ့ပြီး နောက်မကြာမီ သဘောထားကွဲလွဲပြီး ပါတီမှ ထွက်သွားခဲ့သည်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီပါတီ အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တခဲနက်အောင်နိုင်မှုရရှိ ခဲ့သော်လည်း အာဏာလွှဲပြောင်းပေးခြင်းမရှိပဲ နှစ်ပေါင်း ၂၀ ကျော်အကြာတွင် ဖျက်သိမ်းသည့် အမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယခုလို ၂၀၁၀မှာ ဖွဲ့စည်းခဲ့တဲ့ ရွေးကောက်ပွဲ ကော်မရှင်က ၁၉၈၈ ခုနှစ်ကတည်းက တည်ရှိခဲ့သည့် အန်အယ်လ်ဒီပါတီကို ဖျက်သိမ်းဖို့ ဥပဒေကြောင်းအရ တရားမ၀င်ဟု အန်အယ်လ်ဒီပါတီ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက သတင်းဌါနများအား ပြောဆိုခဲ့သည်။
၉၀ ခုနှစ် ရွေးကောက်ပွဲမှာ မော်လမြိုင်မြို့မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ တဦးကအခုလို လုပ်လိုက်တာ နိုင်ငံရေးအရ ကောင်းတယ်လို့ မြင်တယ်။ အန်အယ်လ်ဒီ အနေနဲ့ သူလျှောက်ရမယ့်လမ်းကို ပြတ်ပြတ်ပြတ်သားသားနဲ့ ရွေးဖို့ နှိုးဆော်လိုက်သလိုပဲ။ စစ်အစိုးရကအခုလို လုပ်မယ်ဆိုတာ မျှော်လင့်ထားတာပဲ။ ဘယ်တော့လုပ်မလဲ ဆိုတာကိုသာ စောင့်ကြည့်နေကြတာ၊ အခုတော့ တခုခုကို လုပ်ဖို့နှိုးဆော်လိုက်တယ်လို့ ကျွန်တော်မြင်တယ်ဟုပြောသည်။
အန်အယ်လ်ဒီ ပါတီအပါအ၀င် ပါတီအချို့အား ဖျက်သိမ်းသည့် ကြေညာချက်နှင့် ပတ်သက်ပြီး ရန်ကုန်မြို့ခံ လူထုများအကြားတွင် လှုပ်လှုပ်ရှားရှား ဆွေးနွေးပြောဆိုမှုများ မတွေ့ရပေ။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် မြန်မာပြည် လူထုအများစုက လေးစားယုံကြည်တဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် ပါတီဖြစ်ပြီး စစ်အစိုးရက စီစဉ်ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲသည် တရားမျှတမှုမရှိ၊ အခြေခံဥပဒေမှ စပြီးရွေးကောက်ပွဲ ဥပဒေကိုလည်း လက်မခံနိုင်သဖြင့် ရွေးကောက်ပွဲ မ၀င်ရန် မတ်လ ၂၉ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ကြသည်။ ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်သဖြင့် ပြန်လည်မှတ်ပုံမတင်ခဲ့ရာမှ ယခုစက်တင်ဘာလလယ်တွင် ကော်မရှင်မှ ကြေညာချက်ထုတ်ပြီး ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts