>Win Pe Bag – 9

>

ဝင်းဖေလွယ်အိတ် အမှတ် ၉

စစ်အာဏာရှင်များခေတ် ရုပ်ရှင်ဆင်ဆာ
ဝင်းဖေ
ဒီဇင်ဘာ ၂၄၊ ၂၀၀၈

သောတရှင်များခင်ဗျား
ပြီးခဲ့တဲ့အပတ်က “မဟူရာ”ဇာတ်ကား ရိုက်ကူးခဲ့တဲ့ အကြောင်းတွေ ပြောရင်း သောတရှင်တွေ သိသင့်တဲ့ အချက်တချက်ကိုလည်း သွားပြီး သတိရမိပါတယ်။ ဆန်းဆန်းပြားပြား မဟုတ်ပါဘူး။ စစ်အာဏာရှင်များခေတ် ရုပ်ရှင်ဆင်ဆာအကြောင်းပါ။

“မဟူရာ” ဇာတ်ကားမှာ အဓိကပြောချင်တဲ့ စကားက တပါးသူအတွက် ကျေးဇူးပြုထားတဲ့ ကျေးဇူးရှင် ဆိုတဲ့သူဟာ ကျေးဇူးစားဆီက အတုန့်အလှည့် ကျေးဇူးပြန်ဆပ်ဖို့ တောင်းတဲ့နေရာမှာ အလွန်အကျွံ တောင်းခံလာတဲ့အတွက် အားလုံး ပျက်စီးဆုံးရှုံးကုန်ကြရတဲ့အကြောင်း ဓမ္မဓိဋ္ဌာန်ကျကျ ဖော်ကျူးလိုခြင်းပါပဲ။

ဇာတ်ကြောင်းကို တိုတိုပြောရရင် ကောလိပ်ဂျင်နေ၀င်းက အသက်သခင်ကျေးဇူးရှင်၊ ဦးထွန်းဝေက ကျေးဇူးစားပါ။ ကောလိပ်ဂျင်နေ၀င်းက အကူအညီ လိုလာတော့ ဦးထွန်းဝေကို အကူအညီ ပြန်တောင်းပါတယ်။ ဦးထွန်းဝေက ကောလိပ်ဂျင်နေ၀င်းကို ကျေကျေနပ်နပ်ကြီး ပြန်လည် ကူညီရင်း ကျေးဇူးဆပ်ပါတယ်။ ဒါပေမဲ့ ကောလိပ်ဂျင်နေ၀င်းက အကူအညီ အကြိမ်ကြိမ် တောင်းလာရုံတင်မက မဖြစ်နိုင်တဲ့ မတောင်းသင့်တဲ့ အကူအညီတွေကို တောင်းလာပါတယ်။ အဲဒီမှာတင် နှစ်ဦးစလုံးရဲ့ ဘ၀တွေ ပျက်ကြရတော့တာပါပဲ။

စစ်ရုပ်ရှင်ဆင်ဆာက “မဟူရာ”ဇာတ်ကားဟာ စစ်တပ်နဲ့ ပြည်သူအကြောင်းကို ရိုက်ထားတာပဲ လို့ စွပ်စွဲရင်း ဓမ္မဓိဋ္ဌာန် လုပ်ပစ်လိုက်ပါတယ်။ ပေ သောင်းတထောင်လောက်သာရှိတဲ့ ဇာတ်ကားကို ပေပေါင်း ထောင့်သုံးရာကျော် ဖြတ်ပစ်ခိုင်းပါတယ်။

“မဟူရာ”ဇာတ်ကားထဲက လူကြမ်း လူဆိုးနေရာမှာ ဘာ့ကြောင့် ကောလိပ်ဂျင်နေ၀င်းကို သုံးရတာလဲ ဆိုတဲ့ သေးသေးမွှားမွှား ပြဿနာမျိုးကလေးတွေလည်း စွပ်စွဲချက် အဖြစ် ပါပါသေးတယ်။

“မဟူရာ”ဇာတ်ကားက ပြောချင်တာက ဘယ်ကျေးဇူးရှင်နဲ့ ဘယ်ကျေးဇူးစားမဆို အဖေနဲ့သားပဲဖြစ်ဖြစ်၊ လင်နဲ့မယားပဲဖြစ်ဖြစ် မိတ်ဆွေသူငယ်ချင်းပဲဖြစ်ဖြစ်၊ တိုင်းပြည်နှစ်ပြည်ပဲဖြစ်ဖြစ် သူတို့အကြားမှာ မဖြစ်သင့်တာ မဖြစ်ကြရအောင် ထောက်ပြ အကြံပြုဖို့ ကြိုးပမ်းထားတာသာ ဖြစ်ပါတယ်။ တခုတော့ ရှိပါတယ်၊ စစ်တပ်နဲ့ ပြည်သူအကြားမှာလည်း ဒီလို မလိုလားအပ်တာတွေ မဖြစ်စေချင်ဘူး ဆိုတာကလည်း ဓမ္မဓိဋ္ဌာန်သဘောအရ အလိုလို ပါဝင်နေတာကတော့ အမှန်ပါပဲ။

“မဟူရာ”ဇာတ်လမ်းထဲမှာ စစ်ဗိုလ်စစ်သားတွေအကြောင်း မပါပါဘူး။ “မဟူရာ”ဇာတ်ကားထဲမှာ ကလေးချော့တဲ့ အခန်းကလေးတခု ပါပါတယ်။ ကလေးပုခက်လေးနဲ့ ၀န်းကျင်ကို ပြင်ဆင်တဲ့အခါမှာ နိုင်ငံတော်အစိုးရကိုယ်တိုင်က မေတ္တာရပ်ခံ ညွှန်ကြားထားချက်တခုကို သွားသတိရပါတယ်၊ ရုပ်ရှင်ကားတွေမှာ အလျင်းသင့်တိုင်း မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ ရိုးရာအနုပညာကလေးတွေကို ဖော်ပြပေးကြပါ တဲ့။ ဒါနဲ့ တိမ်ကော ပပျောက်လုနီးနီး ဖြစ်နေတဲ့ စစ်ကိုင်းက ရုပ်သေးရုပ် ခုတ်ရုပ်ကလေးတွေကို ခက်ခက်ခဲခဲ ရှာကြံပြီး ကလေးပုခက်လေးနားမှာ တန်ဆာဆင် ရိုက်ကူးခဲ့ပါတယ်။ မင်းသမီး၊ မင်းသား၊ ၀န်နီ၊ ၀န်စိမ်း၊ မြင်းရုပ် နဲ့ ဇော်ရုပ် အားလုံး ၆ ရုပ် ရှိပါတယ်။ ရုပ်ရှင်စိစစ်ရေးဆင်ဆာက အဲဒီအရုပ်ကလေးတွေကို နတ်ရုပ်တွေ ဆိုပြီး အဲဒီအခန်းကို ဖြတ်ပစ်ရမယ် လို့ ပြောပါတယ်။ မဟုတ်ပါဘူး၊ ၀န်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ အလျင်းသင့် ဆီလျော်တဲ့ မြန်မာ့ရိုးရာ အနုပညာကို ကြိုးကြိုးစားစား ဖော်ထုတ်ထားတာပါ လို့ ရှင်းပြတော့လည်း “မဆလ စစ်အစိုးရ ၀န်ကြီးတွေဟာရုပ်သေးရုပ်တွေပဲ” လို့ လှောင်ပြောင်ထားတာမဟုတ်လား ဆိုပြီး ဖြတ်တောက် ပိတ်ပင်ခံရတာပါပဲ။

မြန်မာ့ရုပ်ရှင်လောကမှာ ရုပ်ရှင်ဆင်ဆာဘုတ်အဖွဲ့က ဒုက္ခပေးခဲ့တာတွေ အများကြီး ရှိပါတယ်။ ရုပ်ရှင်ပညာသည်တွေအားလုံး မခံရဘူးတဲ့သူ မရှိသလောက်ပါပဲ။ အရင် ကျနော် တင်ပြခဲ့သလို ဆရာကြီးဦးသုခက ကျနော့်ကို ဇာတ်ညွှန်းရေးပေးဖို့ အပ်တုန်းက တခါတည်းနဲ့ သုံးပုဒ်တောင် အပ်ပါတယ်။ ဘာပြုလို့လဲ ဆိုတော့ ရုပ်ရှင်ဇာတ်လမ်း စိစစ်ရေးက ပယ်ချတာ သိပ်ကြမ်းတယ် တဲ့။ တခုမရ တခု ပြန်ပြန်ပြီး တင်နိုင်အောင် တခါတည်းနဲ့ သုံးပုဒ်သာ ရေးပေးကွာလို့ အပ်ပါတယ်။ ဆရာကြီး တွေးခေါ် မျှော်မြင်တာ အလွန် မှန်ပါတယ်။ တကယ်တမ်း ရိုက်ကူးခွင့် တင်တဲ့အခါမှာ သုံးပုဒ်စလုံး အပယ်ခံရပါတယ်။

ဆရာကြီးဦးသုခလိုပဲ ၀ါရင့် သဘာရင့် သိက္ခာရင့်တဲ့ ဒါရိုက်တာကြီးတွေ ဒီတုန်းက အများကြီး ရှိနေပါသေးတယ်။ ဆရာကြီး ရွှေဒုံးဘီအောင်တို့ ဆရာကြီးဦးချစ်ခင်တို့ ဆိုတာတွေလည်း ရုပ်ရှင်ရိုက်ကူးခွင့် တင်ကြတဲ့အခါမှာ အကြိမ်ကြိမ် ပယ်ချခံကြရပါတယ်။ ဒီဆရာကြီးတွေဟာ သိက္ခာကြီးတဲ့ ပညာပေးကားတွေ အများကြီး ရိုက်ကူး တင်ပြခဲ့ကြပြီးဖြစ်တာကို မထောက်ထားဘဲ နတ်နေကိုင်းမချန် စိစစ်ရေးက ဖိနှိပ်ချုပ်ချယ်ထားခဲ့ပါတယ်။ မြန်မာ့ရုပ်ရှင် ပန်းကောင်းအညွန့်ချိုးခံရပြီး အရည်အသွေး ညံ့ဖျင်း ခေတ်နောက်ကျန်ခဲ့ရတဲ့ အကြောင်းရင်းတွေထဲမှာ စစ်အစိုးရရဲ့ ရုပ်ရှင်စိစစ်ရေးဟာ ထိပ်တန်းက တာဝန်ရှိသူတွေ ဖြစ်ပါတယ်။

စစ်အစိုးရက ရုပ်ရှင်စိစစ်ရေးအဖွဲ့ ဘာ့ကြောင့် ဒီလို မတရား ဖိနှိပ် ချုပ်ချယ်နေတာလဲလို့ မေးရင် တစ်က စစ်အစိုးရက သူ့ကို ဆန့်ကျင်တိုက်ခိုက်မှာ သိပ်ကြောက်တဲ့ အကြောက်လွန်ရောဂါ ဖြစ်ပါတယ်။ နှစ်ကတော့ အာဏာအလွဲသုံးစားလုပ်မှု ဖြစ်ပါတယ်။ သုံးကတော့ မသိနားမလည်မှု မတတ်ကျွမ်းမှု ဖြစ်ပါတယ်။ လေးက ဖိနှိပ်ချုပ်ချယ်ခြင်းအားဖြင့် စားပေါက် ဖန်တီးပြီး ငွေညစ် အကျင့်ပျက် ချစားမှု စတာတွေကြောင့် ဖြစ်ပါတယ်။ ဒီဒဏ်ရာဒဏ်ချက်တွေကို အနုပညာသည်တွေ ဘယ်လိုများ ခံနိုင်ရည် ရှိနေကြသလဲ ဆိုတော့ ဒီလို မသိနားမလည်မှု၊ အာဏာအလွဲသုံးစားလုပ်မှု၊ အနိုင်ကျင့်မှု၊ အကျင့်ပျက်ငွေညစ်မှု ဆိုတာတွေဟာ အနုပညာလောကမှာသာ မဟုတ်ဘူး၊ တနိုင်ငံလုံးမှာ ကျင့်သုံးနေတာပါပဲလေ ဆိုတဲ့ အတွေးနဲ့ ခါးစည်းခံနေကြရရှာတာဖြစ်ပါတယ်။ အလျင်းသင့်သလို ဆက်လက် တင်ပြပါ့မယ်။

ကျန်းမာ ချမ်းသာကြပါစေ။ ကျနော် ၀င်းဖေပါ။ ။

[ မူရင်း – ဘီဘီစီ၊ မြန်မာဌာန – http://www.bbc.co.uk/myanmar ]


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts