မောင်စွမ်းရည်

မောင်စွမ်းရည် – သံသယကဗျာဆရာမ ကေသီလှိုင်

မောင်စွမ်းရည် – သံသယကဗျာဆရာမ ကေသီလှိုင်

(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၅

ကျနော်တို့ငယ်စဉ် အခြေခံပညာကျောင်းသားဘဝမှာကတည်းက အနုမြူဗုံးစမ်းသပ်မှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ဖူးတယ်။ တက္ကသိုလ်ရောက်တော့ “အနုမြူဗုံး ပိတ်ပစ်ပါ” ဆိုတဲ့ သီချင်းကို ဝိုင်းဖွဲ့ဆိုဖူး တယ်။ ရန်ကုန်တက္ကသိုလ်ကယူလာတဲ့ သီချင်းပါ။ တေးရေးအဆိုကျော် ကိုမြတ်လေး၊ စန္ဒယားချစ်ဆွေ၊ အဆိုတော်မာမာအေးတို့ ရန်ကုန်တက္ကသိုလ်မှာ ဆိုကြတဲ့သီချင်းပေါ့။ မြို့တော်ထဲမှာကားနဲ့လှည့်ပြီးတော့ သီဆိုကြပါဖူးတယ်လို့လဲ ကြားဖူးပါတယ်။ ကိုမြတ်လေးရေးတဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။

မန္တလေး-ရန်ကုန်၊ တက္ကသိုလ်သမဂ္ဂချင်း ဆက်သွယ်လှုပ်ရှားမှုအရ ကိုမြတ်လေး၊ ကိုချစ်ဆွေတို့လဲ မန္တလေးတက္ကသိုလ်ကိုလာကြတယ်။ ကျနော်တို့လဲ ရန်ကုန်တက္ကသိုလ်ကို သွားကြတယ်။ ဒီလိုနဲ့ ရင်းနှီးတဲ့ ရဲဘော်သူငယ်ချင်တွေ ဖြစ်လာခဲ့ကြတယ်။ ကျနော်တို့လဲ အနုမြူဗုံးပိတ်ပင်ရေး ကဗျာတွေဝိုင်းဝန်းရေး သားခဲ့ကြဖူးပါတယ်။ အဲဒီလိုရေးကြတဲ့အထဲမှာ တင်မိုး၊ ကြည်အောင် အစရှိတဲ့ကျောင်းသားကဗျာဆရာများ အပြင် ကျောင်းသူကဗျာဆရာ(များ)လဲ ပါဝင်ခဲ့ကြပါတယ်။

ကျောင်းမှာတုန်းကတော့ အရိုင်း( ရွှေမန်းညာမြေ) ဆိုတဲ့ ကလောင်နာမည်နဲ့ ရေးခဲ့တာ။ နောက်တော့ ရန်ကုန်ကို ပြောင်းသွားပြီး ကေသီလှိုင်ကလောင်နာမည်နဲ့ ဆက်ရေးပါတယ်။ နာမည်ရင်းက ခင်စုလှိုင်တဲ့။

ခင်စုလှိုင်ကို ကျနော်တို့ရဲ့ တပ်ဦးရဲဘော်တဦးပါ။ မန္တလေးတက္ကသိုလ်၊ ကျောင်းသားညီညွှတ်ရေးတပ်ဦး The Student United Front  မှာ ပါဝင်လှုပ်ရှားတဲ့ ကျောင်းသူတဦးဖြစ်ပါတယ်။ ဗမာလိုအတိုကောက် “တပ်ဦး” အင်္ဂလိပ်လိုအတိုကောက် SUF (ဆပ်ဖ်) လို့လဲ ခေါ်တယ်။ ကျနော်တို့အဖွဲ့မှာ ခင်စုလှိုင်က အတူပါဝင် လှုပ်ရှားခဲ့တဲ့ ရဲဘော်မပါ။

ကေသီလှိုင်ရဲ့ အနုမြူဗုံးဆန့်ကျင်ရေးကဗျာတပုဒ်ဟာ အခြေခံပညာကျောင်းသုံးစာအုပ်မှာ ပါခဲ့ဖူးပါတယ်။ ကျနော့်ဆီမှာရှိတဲ့ အထက်တန်း ကဗျာလက်ရွေးစင် စာအုပ် (၁၉၇၉ ပုံနှိပ်ထုတ်ဝေ)၊ စာမျက်နှာ ၄၈မှာပါရှိပါတယ်။ ကဗျာခေါင်းစဉ်က “သံသယ” တဲ့။

            သံသယ

ကြည်ကြည်လင်လင်၊ ရေကိုမြင်လျက်
ရေတွင်ဆိပ်ခိုး ပါလေနိုးနှင့်
စိုးရွံ့မသောက်သာပြီတကား။

သန့်သန့်စင်စင်၊ လေကိုခင်လျက်
လေတွင်ဆိပ်ခိုး၊ ပါလေနိုးနှင့်
စိုးရွံ့မရှိုက်သာပြီတကား။

ရွှမ်းမှည့်ရွှင်ရွှင်၊ သစ်သီးမြင်လျက်
သူ့တွင်ဆိပ်ခိုး၊ ပါလေနိုးနှင့်
စိုးရွံ့မစားသာပြီတကား။

ဖြူဖွေးလွင်လွင်၊ စပယ်မြင်လျက်
သူ့တွင်ဆိပ်ခိုး၊ ပါလေနိုးနှင့်
စိုးရွံ့မရှိုက်သာပြီတကား။

အော် လက်နက်ချင်းပြိုင်၊ ဂုဏ်ချင်းဆိုင်ကြ
နိုင်ငံကြီးသား၊ ထိုသူများက
စွမ်းအားရှိတိုင်း အဆိပ်မှိုင်းနှင့်
ရှစ်တိုင်းကိုလွှမ်း၊ ဖေါက်ခွဲစမ်း၍
ယမ်းငွေ့ယှက်ဖြာ၊ ဤကမ္ဘာဝယ်
အရာခပ်သိမ်း၊ ဆိပ်ငွေ့လိမ်းခဲ့
မတိမ်းရှောင်တတ်၊ ရွံ့စိတ်ဓါတ်နှင့်
မပြတ်သံသယဝင်သည်တကား။

ကေသီလှိုင်

ဒီကဗျာလေးကို အထက်တန်းမြန်မာကဗျာလက်ရွေးစင်စာအုပ်မှာ- ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ ပါဝင်ဦးဆောင်တဲ့ ကျောင်းသုံးမြန်မာ စာပြုစုရေးအဖွဲ့က ရွေးချယ်ထည့်သွင်းဖေါ်ပြခဲ့တာပါ။ (အဲဒီတုန်းက ကျနော်က မြန်မာစာသင်ရိုးအဖွဲ့မှာ မပါသေးပါ။) သံသယ- ကဗျာကို ကျနော်က မြန်မာစာဆရာအဖြစ်နဲ့ ကျောင်းသားတွေကို သင်ပေးရပါတယ်။ ကေသီလှိုင်ဆိုတာ ဆရာတို့ရဲ့ သူငယ်ချင်းပေါ့-လို့ ဂုဏ်ယူပြောဆို ခဲ့ရဖူးပါတယ်။ (တင်မိုးက- မဟုတ်ပါ ဆိုဖူးပါတယ်)

ကေသီလှိုင်ခေါ် ခင်စုလှိုင်ဟာ မန္တလေးတက္ကသိုလ်ကို ၁၉၅၆ မှာ ကျနော်တို့နဲ့ အတူရောက်လာခဲ့ပါတယ်။ သူက ခင်အေးမွန်ဆိုတဲ့ တပ်ဦးရဲဘော်မတစ်ဦးနဲ့ အမြဲတွဲလေ့ရှိပါတယ်။ သူတို့နှစ်ဦးဟာ ဝတ်စုံဆင်တူဝတ်ပြီး ဝါးခမောက်ကိုယ်စီ ပခုံးမှာလွယ်ချိတ်ထားလေ့ရှိပါတယ်။ ခင်အေးမွန်က ကျနော်နဲ့ အဌမတန်း၊ နဝမတန်းမှာကတည်းက တတန်းတည်း စာသင်ဘက်ပါ။ မန္တလေး အထက-၁ မှာ စာအတူသင်ခဲ့ပြီး၊ တက္ကသိုလ်ကို အတူရောက်လာသူတစ်ဦးပါ။ သူရော ခင်စုလှိုင်ပါ။ မုံရွာကိုတင်ရွှေ၊ မောင်သာနိုး၊ မောင်မိုးသူ၊ မောင်စွမ်းရည်တို့ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ဒါ့ကြောင့် သူငယ်ချင်း ရဲဘော်မ-တွေလို့ခေါ်လေ့ရှိပါတယ်။ တပ်ဦးအဖွဲ့ဝင် အချင်းချင်းညီအကို မောင်နှမတွေလို ဆက်ဆံလေ့ရှိပါတယ်။

ခင်စုလှိုင်တို့မှာ ညီအကိုမောင်နှမ ခုနှစ်ယောက်လောက်ရှိတယ်လို့ မှတ်သားမိပါတယ်။ သူတို့ရဲ့ အစ်မအကြီးဆုံး မခင်သန်းလှိုင်၊ နောက် မေမေလှိုင်၊ ညီအမနှစ်ယောက်လုံး ကျနော်တို့ အရင်တပ်ဦး တကသ အမှုဆောင်အဖွဲ့မှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ သူတို့ရဲ့ မောင် အငယ်ဆုံး အုန်းမြင့်လှိုင်က ကျနော်တို့ရန်ကုန် ပြောင်းသွားပြီးမှ ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်သူဖြစ်ပြီး ကိုကိုကျွန်းကို အပို့ခံခဲ့ရသူဖြစ်ပါတယ်။ စစ်အစိုးရရဲ့ နှိပ်စက်တဲ့ ဒဏ်နဲ့ ငယ်ငယ်ရွယ်ရွယ်မှာပဲ ကွယ်လွန်သွားခဲ့ရရှာပါတယ်။ သူတို့ဟာ မန္တလေး – ပြည်ဦးလွင် အရပ်မှာ ခြံကျယ် ဝင်းကျယ်ကြီးနဲ့နေပါတယ်။ ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်သူတွေနဲ့ စားအိမ်သောက်အိမ်လဲ ဖြစ်ပါတယ်။ သူတို့မိသားစု ကိုလှိုင်မိသားစုလို့ မန္တလေးမှာ ထင်ရှားပါတယ်။

အလားတူပဲ ဒို့ဘုရင်- ဦးဘရင်ရဲ့ သားသမီးတစုဟာလဲ ကျောင်းသားလှုပ်ရှားမှုမှာ မိသားစုလိုက်ပါဝင်ခဲ့ပြီး ထောင်ကျတန်းကျနဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားမိသားစုတွေဖြစ်ပါတယ်။ ဖဆ-ဆိုရှယ်အစိုးရနဲ့ စစ်အစိုးရတို့ကို တလျှောက်လုံးဆန့်ကျင် တိုက်ပွဲဝင်ခဲ့ကြသူတွေပါ။ လှိုင်- မိသားစုထဲက ခင်စုလှိုင်၊ ဒို့ဘုရင်-မိသားစုထဲက စောလွင်တို့ဟာ ကျနော်နဲ့ ကျောင်းနေဘက်တွေပါ။ စောလွင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမတ်ဖြစ်ခဲ့ဖူးပါတယ်။ (၁၉၉၀ ကပါ)။

ကေသီလှိုင်- မဖြစ်ခင်၊ အရိုင်း( ရွှေမန်းညာမြေ) ဘဝကရေးခဲ့တဲ့ နံရံကပ်စာစောင်ကဗျာတပိုင်းတစကို ကျနော်မှတ်မိနေပါသေးတယ်။

လိမ်လည်ပြီးမှ၊ ဦးနှိမ်ချ၍
နောင်တသနစ်၊ နှောင်းအဖြစ်ကို
သီလှစ် ဟစ်ကြွေး မလာပါ လေလေနှင့်တော့-

လို့ အဆုံးသတ်ထားတဲ့ ကဗျာပါ။ ဘယ်သူက သူ့ကို လိမ်လည်ခဲ့ပါလိမ့်။

ကျနော် ၂၀၁၅ နိုဝင်ဘာထဲက ရန်ကုန်ကိုရောက်ခဲ့တယ်။ တက္ကသိုလ်ဆရာမ လုပ်နေတဲ့ သူ့ကိုရှာခဲ့တယ်။ အငြိမ်းစား ယူသွားပြီပေါ့။ လိပ်စာမေ့လို့လဲမရခဲ့။ နောက်တခါ ရန်ကုန်ရောက်မှပဲ တွေ့အောင်ရှာပါအုံးမယ်။

သူငယ်ချင်း

မောင်စွမ်းရည်

၂၀၁၅

Photo credit – http://schotography.co.uk/category/art/


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts