ဖိုးထက် သရော်စာ

ဖိုးထက် – လူဟာ လူ၊ Gender နဲ့ မဆိုင်

 

ဖိုးထက် – လူဟာ လူ၊ Gender နဲ့ မဆိုင်

(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၅

ပျားအုံးကို တုတ်နဲ့ သွားထိုးသည့် ကိစ္စတွင် ပုဆိုး ခေါင်းမြီးခြုံနှင့် သော်လည်းကောင်း၊ အဆိပ်အတောက်ရှိသော အင်းဆက်များ ကိုက်ခဲခြင်းကို ကာကွယ်သော ခေတ်မှီ အကာအကွယ် အ၀တ်အစားဖြင့်သော် လည်းကောင်း ထိုးသင့်သည်။ သို့မဟုတ်ပါဘဲ အကြောင်းမဲ့ သက်သက် ရန်စသည့် သဘောဖြင့် တုတ်ဖြင့်ထိုးသော် ဒေါသထွက်နေသော ပျားများ၏ သည်းကြီး မည်းကြီး တိုက်ခိုက်ခြင်းကို ခံရတတ်သည်။ ထို့အပြင် ကင်းသုံးကင်း (ကင်းမြီးကောက်၊ ကင်းခြေများ၊ ကင်းမလက်မဲ) ကိုက်လျှင် တစ်ကင်း တော့ပြီးတယ်ဟု တစ်ခါမှ ကင်းအကိုက်မခံရဘူးသော ရှေးပညာရှိစကားက မှန်သည်ဆိုအုံးတော့ ပျားကိုက်လျှင် မနာဘူးဟု အဘယ်ပညာရှိကမျှ မှတ်ချက် မချခဲ့ပေ။

    အဆိုပါ သဘောအရ ကိုသောင်းမြင့်သည် သူ့မိန်းမ မသူဇာ၏ ဒေါသပျားများကို အဆင်အခြင်မဲ့ တုတ်ဖြင့် သွားသွားထိုးတတ်သည်။ ထို့အတူ မသူဇာ၏ ဆတ်ဆတ်ထိမခံဘဲ ပြန်ပက်သည့် ကင်းကိုက်သလို နာကျင်ရသော စကားလုံးများ၏ ကိုက်ခဲခြင်းအမှုကိုလဲ အလူးအလဲ ခံရရှာ၏။

    ချစ်သူ ခင်သူ အချင်းချင်း အစားကောင်း အသောက်ကောင်း စားရလျှင်သော် လည်းကောင်း၊ ၀ါသနာတူကိစ္စများကို မိမိ တစ်ဦးတည်း လုပ်နေရလျှင် သော်လည်းကောင်း အပြန်အလှန် သတိရတတ်ကြသည်မှာ လူတိုင်းတွင် ရှိတတ်ကြသည် မဟုတ်တုံလော။ အခုလဲ ကိုသောင်းမြင့် တစ်ယောက် စာဖတ်နေရင်း အဘယ် အကြောင်းအရာကို တွေ့သည် မသိ။ စာရင်းတွက်နေသည့် မသူဇာကို လှမ်းခေါ်သည်။ သူ့မိန်းမ မသူဇာသည်လည်း စာဖတ် ၀ါသနာ ပါသည် မဟုတ်လော။

    “ဟေ့..မသူဇာ..လာစမ်းပါအုံးကွ။ မင်း စာရင်းတွေ ခဏချထားခဲ့စမ်းပါ။ ဒါလေး လာဖတ်စမ်းပါ”

    “အို..ကျွန်မ မအားဘူး။ အဲဒီကနေ ရှင်ဖတ်ပြလိုက်”

    “ပြီးရော..ဒါဆိုလဲ ငါဖတ်ပြမယ်။ ခရစ်ယာန်သာသနာကို ပြန့်ပွားအောင် လုပ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်ကြီးတွေထဲကမှ ရှင်ပေါလုရဲ့ စာတစ်ချို့ကို မင်းကို ဖတ်ပြချင်လို့ပါ..ဟဲ..ဟဲ”

    မသူဇာက အကင်းပါးသည်။ နပ်သည်။ နောက်ဆက်တွဲ “ဟဲ..ဟဲ” ဆိုသည့် အဓိပ္ပါယ်သည် အနှောင့်မလွတ်၊ အသွားမလွတ် ကန့်လန့်ကြီး တိုက်၊ ရန်စချင်သည့် သဘောဆိုတာ နားလည်လိုက်သည်။ သို့သော်လည်း ဘာမှန်း မသိရသေးဘဲ အသားလွတ်ကြီး ရန်မလိုချင်သောကြောင့်

    “ဖတ်စမ်းပါ ဆိုတော်…လျှာနယ် ရှည်ရန်ကော ကိုသောင်းရယ်”

    “ဒီလိုကွာ..ရှင်ပေါလုက မိန်းမတွေနဲ့ပါတ်သက်ပြီး ဒီလို ပြောခဲ့တယ်…. “မိန်းမသည် အုပ်စိုးခြင်းကို အစဉ်ဝန်ခံပြီး တိတ်ဆိတ်စွာသင်စေ၊ မိန်းမသည် ဆုံးမသြ၀ါဒပေးခြင်း၊ ယောင်္ကျားကို အစိုးတရ ပြုစေခြင်း အခွင့်ကို ငါမပေး။ သူသည် တိတ်ဆိတ်စွာ နေအပ်၏။ အကြောင်းမူကား အာဒံကို ရှေးဦးစွာ ဖန်ဆင်းတော်မူ၍၊ နောက်မှ ဧ၀ကို ဖန်ဆင်းတော် မူ၏” …. တဲ့ကွ..ဟား..ဟား…ရှင်ပေါလုကိုတော့ မင်း ပြိုင်မငြင်းနဲ့ဗျား။ မင်းဘာသာ ဗုဒ္ဓဘာသာဝင်ဆိုပေမယ့် ရှင်ပေါလုဟာ ပညာရှိ၊ သူတော်ကောင်းကြီးဆိုတာတော့ မင်းသိတာဘဲ..ဟဲ..ဟဲ..ဟဲ”

    မသူဇာ စကားမပြန်။ သူ၏ အရေးကြီး စာရင်း ဇယားများကို ချထားခဲ့ပြီး ကိုသောင်းမြင့်ရှိရာသို့ ထလာသည်။ ထို့နောက် ကိုသောင်းမြင့် ဖတ်လက်စ စာအုပ်ကို တောင်းယူသည်။ ရှင်ပေါလု အကြောင်းကို တိတ်တိတ်ဆိတ်ဆိတ် ဖတ်သည်။ ဖတ်လို့ ပြီးသော် မသူဇာ၏ ပါးစပ် တစ်ဖက်သည် ရွဲ့သွားသည်။ လေဖြတ်ချင်လို့ မဟုတ်။ တွေ့ကြသေးတာပေါ့ ကိုသောင်းရယ် ဆိုသည့် သဘော။

    “ကိုသောင်းမြင့်..ရှင် အခုဖတ်နေတဲ့ စာထဲမှာလဲ ပါတာဘဲ။ ရှင်ပေါလုဟာ လူပျိုကြီး ဖြစ်ဖို့ များတယ်တဲ့။ လူပျိုကြီးများ၊ အပျိုကြီးများဟာ သိပ်ပြီး သြဇာအာဏာ ပြချင်တယ်။ အိမ်ထောင်ရေး ကိစ္စကို ဒင်းတို့ နည်းနည်းမှ နားမလည်ပါဘဲ အဲဒီကိစ္စမှာ သိပ်ပြီး ဆရာလုပ်ချင်တယ်။ ယောင်္ကျား၊ မိန်းမ ဘယ်သူသာတယ်၊ မသာဘူး ပြောတာလဲ ဒင်းတို့ အပြောဆုံး။  လူပျိုးကြီး ဖြစ်ဖွယ်ရှိခဲ့တဲ့ ရှင်ပေါလုကို ဘာမှ မသိဘူးလို့ ပြောချင်တာ မဟုတ်ဘူး။ သူဟာ သခင်ယေရှုနဲ့ မနီးယိုးစွဲ အဆင့်မှာ ရှိတယ်ဆိုတာ ကျွန်မသိတယ်။ ဒါပေမယ့် ဒီကိစ္စမှာတော့ ရှင်ပေါလုကို ကျွန်မ ပြိုင်ငြင်းရလိမ့်မယ်”

    မသူဇာသည် အမျိုးအဆွေ၊ မိသားစုကြားထဲတွင် အတော် သြဇာအာဏာရှိသော အမျိုးသမီး တစ်ယောက်ဖြစ်သည်။ သာရေး၊ နာရေး၊ သားရေး၊ သမီးရေး၊ စီးပွားရေးကိစ္စများတွင် မသူဇာ၏ အကြံဥာဏ်၊ ဆုံးဖြတ်ချက်က ဆွေမျိုးတွေကြားထဲတွင် အတော်ကြီး တာသွားသူဖြစ်သည်။ ခပ်ထက်ထက်၊ ခပ်စွာစွာ အမျိုးသမီးပီပီ သူဦးဆောင်ရမှ၊  သူက ဆုံးဖြတ်ချက်ချရမှ ကျေနပ်သူ ဖြစ်သည်။ ဥပမာအားဖြင့် ဆန်အိတ်မသည့် နေရာတွင် သူ့ယောင်္ကျားကို ဦးစားပေးသော်လည်း အဆိုပါ ဆန်အိတ်ကို ဘယ်နေရာမှာ ထားမည်ဆိုသည့် ကိစ္စကို အဆုံးအဖြတ်ပေးသူမှာ မသူဇာပင်ဖြစ်သည်။  သို့ကြောင့် အခုလို ယောင်္ကျား မိန်းမ ခွဲခြား ဖိနှိပ်သော သဘောပါသည့် စကားများကို ရှင်ပေါလုမကလို သခင်ယေရှူ၊ ဂေါတမ ဗုဒ္ဓ၊ မိုဟာမက် သခင်တို့ ပြောလျှင်သော်မှ လက်ခံမည့် လူစားမျိုး မဟုတ်။ ဒီလို စိတ်ထားမျိုးကို ကိုသောင်းမြင့်က သိသောကြောင့် မသူဇာအား ကြုံလျှင် ကြုံသလို စတတ်၊ နောက်တတ်၊ နှိပ်ကွပ်တတ်သည်။

    “ဟ..မသူဇာရ။ မင်းတို့ မိန်းမတွေ ယောင်္ကျားတွေနဲ့ တန်းတူ အခွင့်အရေး ရသင့်တယ်။ ရ ရမယ်။ ၂၁ ရာစု ခေတ်ကြီးမှာ ယောင်္ကျား မိန်းမခွဲခြားတာ မရှိတော့ဘူး..ဘာ..ညာနဲ့ ဘယ်လောက်ဘဲ အော်အော် ငါတို့ ယောင်္ကျားတွေကို မင်းတို့ ယှဉ်လို့ မရပါဘူးကွာ။ ကိုယ်ကာယ တည်ဆောက်ပုံတစ်ခုတည်းဘဲ ကြည့်။ မင်းတို့ မိန်းမတွေ နောက်ကောက်ကျပါတယ်ကွာ…ဟဲ..ဟဲ”

    မသူဇာ၏ ဒေါသ ပျားကောင်များက “၀ရီး” ဆိုသည့် အသံကြီးနှင့် အတူ တုတ်ဖြင့် ထိုးသူ ကိုသောင်းမြင့် ရှိရာသို့ အရှိန်အဟုန်ကြီးမားစွာ ပျံသန်းလာတော့သည်။

    “ရီစရာ ကောင်းလိုက်တာတော်… ဟာသဘဲ… ကိုယ်ကာယ တည်ဆောက်ပုံတစ်ခုထဲနဲ့ ရှေ့ရောက်ကြေးသာဆိုရင် ဟိုအလေးမတဲ့ လက်ကားယား၊ ခြေကားယား လမ်းလျှောက်တတ်တဲ့ ယောင်္ကျားကြီးတွေအကုန်လုံး သမ္မတတွေ၊ နိုင်ငံ ခေါင်းဆောင်တွေ ဖြစ်နေမှာပေါ့။ ဒါရှိဖို့ မလိုဘူး။ (မသူဇာက သူ့လက်မောင်းကို လက်ညှိုးထိုးပြသည်)။ ဒါကြီးဖို့ လိုတယ်။ (သူ့ခေါင်းကို လက်ညှိုးထိုးပြသည်။)

    သဘောက ကိုယ်ကာယထက် ဦးဏှောက်ကြီးဖို့ အဓိကလို့ ဆိုလိုဟန်တူသည်။

    “ရှင်တို့ ယောင်္ကျားတွေ ကာယအားကိုးနဲ့ အနိုင်ကျင့်တယ်။ ဗလကာယ ပြုတယ်။ ခွေး၊ တိရစ္ဆာန်တွေလို သင့်တော်၏၊ မသင့်တော်၏ မတွေးဘဲ ကလေးအရွယ်လဲ အနိုင်ကျင့်တာဘဲ။ ဒါလား ယောင်္ကျားတွေက မိန်းမတွေထက် မြင့်မြတ်တာ။ ဘယ်မိန်းမကများ ဘယ်ယောင်္ကျားကို အလိုမတူဘဲ ဟိုဒင်း ဟိုဝှာပြုတာ ကြားဘူးလဲ။ ရှင်တို့ ယောင်္ကျားတွေသာ ဒီကိစ္စအတွက် ဘ၀အပျက်ခံကြတာ။”

    “တောင်အာဖရိကမှာတော့ ဖြစ်သွားတယ်လို့ ငါ ဟိုတစ်လောက သတင်းဖတ်ဘူးလိုက်တာဘဲကွ။ ငါတောင် တောင်အာဖရိက ပြောင်းမလားလို့..ဟဲ..ဟဲ” ဟု ကိုသောင်းမြင့်က စကားထောက်သည်။

    ပျားအကိုက်ခံရသော် ပျားကောင်များ မလိုက်နိုင်သည့် ရေထဲသို့ ခုန်ဆင်းပြီး ရေငုပ်ရာသည်။ သို့မဟုတ် ခြင်ထောင်ထဲသို့ ၀င်ပုန်းရာသည်။ အခု ကိုသောင်းမြင့်က မသူဇာ၏ ဒေါသပျားကောင်များကို မခန့်လေးစား သဘောဖြင့် မပြေးဘဲ လှုပ်လီလှုပ်လဲ့ ပြုမူသောအခါ..

    “ရှင့်ဘာသာ တောင်အာဖရိက ပြောင်းနေနေ၊ အမေရိက ပြောင်းနေနေ၊ ဆီရီးယားဘဲ သွားသွား ကျွန်မ ကိစ္စ မဟုတ်ဘူး။ ရှင် စကားကို ကပ်မပြောနဲ့။ ဒါ မြန်မာနိုင်ငံ။ မြန်မာနိုင်ငံမှာဘဲ ပြောနေတာ။ မုဒိန်းသမားတွေကို ထောင်ချ။ ပြီးရင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်နေမှတော့ ဒီလို ကိစ္စတွေ ဖြစ်နေအုံးမှာဘဲ။ ကျွန်မသာဆိုရင် အဲဒီလို အကောင်တွေကို နောင် မလုပ်ရဲအောင် အကုန် ဖြတ်တောက် ပြစ်။ သေဒဏ်တောင် ပေးပြစ်မှာ။”

    ကိုသောင်းမြင့်က ထိုင်နေသည့် ပုံစံကို စိတ်ချ အလုံခြုံဆုံး ဖြစ်ရအောင် ပြင်ထိုင်လိုက်ရင်း..

    “ဟ..မသူဇာရ..သေဒဏ်ဆိုတာ မယဉ်ကျေးတဲ့ နိုင်ငံတွေမှာဘဲ ပေးတော့တာကွ။ လူအချင်းချင်း ဘာအကြောင်းနဲ့မှ သတ်စရာမလိုဘူးဆိုတာ မင်းလဲ သိတာဘဲ။ မင်းဟာက တစ်ဖက်စွန်း ရောက်လွန်းပါတယ်။”

    “ကျွန်မကို ဆရာမလုပ်နဲ့။ ကျွန်မသိတယ်။ သေဒဏ်ဆိုတဲ့ အပြစ်ဒဏ်ဟာ ဒီခေတ်ကြီးမှာ မရှိသင့်တော့ဘူးဆိုတာ ကျွန်မ လက်ခံတယ်။ ဒါပေမယ့် ဒီလို လူမဆန်တဲ့ အကောင်တွေကိုတော့ လူ ဆန်ဆန် တုန့်ပြန်နေဖို့ မသင့်ဘူး။ မသတ်ရင်တောင် ကိစ္စတုံး လုပ်ပြစ်ရမယ်”

    “အေးပါ..ငါလဲ အဲဒီ မုဒိန်းသမားတွေကို ကာကွယ်ချင်တာ မဟုတ်ပါဘူး။ ဒါတွေက မင်း အမေစု ပြောပြောနေတဲ့ တရားဥပဒေ စိုးမိုးမှု မရှိခြင်းတွေရဲ့ နောက်ဆက်တွဲတွေဘဲ မို့လား။ ပညာမတတ်၊ ဥပဒေက အားနည်း။ အုပ်ချုပ်ရေး ယန္တရားက ပျက်နေတော့ ဖြစ်နေကြတဲ့ ကိစ္စပါ။ ပညာတတ်ပေါတဲ့ အမေရိကားလို မှာတောင် မုဒိန်းမှုတွေ အများကြီး ရှိတာဘဲမို့လား။”

    “မဆိုင်ဘူး။ အမေရိကန်မှာတောင် ဖြစ်တယ်။ မြန်မာနိုင်ငံမှာလဲ ဖြစ်မှာဘဲ ဆိုတဲ့ အပြောကို ကျွန်မ လုံးဝ လက်မခံဘူး။ ကောင်းတာဆို ဟိုမှာ ဖြစ်တယ်။ ဒီမှာကျ မရှိဘူး။ မကောင်းတာဆို ဟိုမှာလဲ ဖြစ်တယ် ဒီမှာလဲ ဖြစ်မှာဘဲဆိုတဲ့  ဒီအပြောတွေ ကျွန်မ မုန်းနေတာတော် ကိုသောင်း….ဟိုအဘတွေ လေသံ မလိုက်နဲ့။ အမေစု ပြောတဲ့ တရားဥပဒေ အားနည်းလို့ ဖြစ်တာ။ ရှင်တို့ ယောင်္ကျားတွေ အခု ညမိုးချုပ် အပြင်ထွက်ရင်တောင် အသက်အန္တရာယ်ရှိနေတဲ့ အခြေအနေမှာ မိန်းမတွေ လုံခြုံမှု မရှိတာက အဓိကဘဲ။ အုပ်ချုပ်သူအစိုးရမှာ ဒီကိစ္စအတွက် လုံးဝတာဝန်ရှိတယ်။ မဖြစ်အောင် ကာကွယ်ပေးရမယ်။ ကာကွယ်ပေးရဲ့သားနဲ့ ဖြစ်လာရင်လဲ ဥပဒေက ပြင်းပြင်းထန်ထန် အရေးယူရမယ်။ အခုက ရဲတွေ ကိုယ်တိုင်က မကောင်းတဲ့ မိန်းမတွေကို ခေါ်အိပ်ပြီး ပြန်လွှတ်ပေးတယ်။ မုဒိန်းသမားကို အာမခံပေးတယ်။ မျက်နှာကြီးရာ ဟင်းဖတ်ပါတယ်။ ဒီလို လုပ်နေသမျှ ကာလ ပါတ်လုံး ဒီလို မုဒိန်းမှုတွေ ဖြစ်နေမှာဘဲ။”

    “ဒီမိန်းမ အတော် အငြင်းသန်တာဘဲ။ ငါလဲ မင်းစကားတွေကို လက်မခံတာမှ မဟုတ်ဘဲ။ လက်ခံပါတယ်။ ဒါပေမယ့် ဘာဖြစ်ဖြစ်ကွာ…မိန်းမတွေသည် ယောင်္ကျားတွေလောက် မမြတ်ဘူးကွာ။ မိန်းမ ဘုရား မရှိဘူး။ ယောင်္ကျား ဘုရားဘဲ ရှိတယ်ကွ။ ဒါကိုတော့ လက်ခံလိုက်စမ်းပါ…ဟား..ဟား”

    မီးလောင်ရာ လေပင့်ရုံသာ မက ဓာတ်ဆီပုံးလိုက်ဖြင့် ကိုသောင်းမြင့်က လောင်းမိပြန်သည်။

    “ဟား..ဟား..ရီစရာ ကောင်းလိုက်တာရှင်။ ယောင်္ကျား၊ မိန်းမ Gender ခွဲတဲ့ နေရာမှာ ဘာမှ မဆိုင်တဲ့ ဘုရားတွေမှာ မိန်းမဘုရား၊ ယောင်္ကျား ဘုရား ရှိခြင်း၊ မရှိခြင်းနဲ့ လာပြောနေသေး။ ရှင့်လိုသာ ပြောကြကြေးဆို…နတ်ပြည်မှာ နတ်သားတစ်ယောက် နတ်သမီး တစ်ဖက် ငါးရာနဲ့ ဆိုတဲ့ စကားကျတော့ရော။ ယောင်္ကျားတစ်ယောက် နတ်ပြည်ရောက်ရင် မိန်းမ အယောက် တစ်ထောင် နတ်ပြည်ရောက်နေတာရော။ အဆ တစ်ထောင် ကွာနေတာကြီးကရော။ ရှင်တို့ ယောင်္ကျားတွေက ကျွန်မတို့ မိန်းမတွေထက် အဆတစ်ထောက် အကုသိုလ် ပိုများတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား။ တကယ်တော့ ယောင်္ကျား မိန်းမ ကိစ္စ က ဘာမှ မဆိုင်ဘူး။ ယောင်္ကျားလဲ လူ၊ မိန်းမလဲ လူ။ ယောင်္ကျား မိန်းမ အတူအတူ အပြန်အလှန် ဆက်စပ် ပါတ်သက် နေရတဲ့ ကိစ္စမှာ ငါက သာတယ်၊ ဒီက သာတယ် ပြောနေတာလောက် ရူးတာ မရှိဘူး။ လူတစ်ယောက် တော်ရင် ထက်ရင် ဦးဆောင်နိုင်ရင် နေရာပေးရမှာဘဲ။ နင်က မိန်းမ၊ နောက်မှာ နေဆိုတဲ့ စိတ်ထားကြောင့် ပြဿနာတွေက မလိုအပ်ဘဲ များနေရတာ။ လူဟာ လူဘဲ ဆိုတဲ့စကားလို လူကို လူလို့ မြင်ပြီး နေရာ ပေးကြရင် အကောင်းဆုံးဘဲ။ ယောင်္ကျားကြီးတွေ ဖြစ်ပြီး မိန်းမတစ်ယောက်ကို အမျိုးမျိုး လှည့်ပါတ် ကောက်ကျစ်နေတဲ့ ဟိုလူတွေကိုဘဲ ရှင်ကြည့်လိုက်။ ဝေးဝေး မကြည့်နဲ့။ နိုင်ငံ အပြင်ထွက်မကြည့်နဲ့။ ဒီ မြန်မာနိုင်ငံထဲမှာဘဲ ကြည့်။ အိုကေ..ကိုသောင်းမြင့်…တော် တော်..လေကုန်တယ်။ ကျွန်မ အလုပ်တွေ ရှိတယ်။ ရှင်နဲ့ ရန်ဖြစ်ဖို့ အချိန်မရဘူး။ သမီးကိုလဲ ကျောင်းသွားကြိုရအုံးမှာ။ လာသွားမယ်။ ကားလိုက်မောင်းပို့။”

    မသူဇာတို့ စုံတွဲ သမီးဖြစ်သူအား ကျောင်းသွားကြိုတော့ ကားမောင်းသူက ကိုသောင်းမြင့်။ သို့သော်…အရှိန်လျှော့..ညာဘက် ကပ်ထား…ဒီနားမှာ မရပ်နဲ့..ဟိုမှာ သွားရပ်..နောက်က ကား ကျော်တက်ပစေ..ရှေ့က ကားကို အမြန်ကျော်တက် ဆိုသည့် ဆုံးဖြတ်ချက်များကို ပေးသူကား မသူဇာပင် ဖြစ်သည်။ ထိုအချိန်တွင် ကိုသောင်းမြင့်ခမျာ ရှင်ပေါလုကိုလဲ မေ့နေ၏။ အာဒံကိုလဲ မေ့၏။ ယောင်္ကျားသည် မိန်းမထက် သာသည် ဆိုသည့် သူ့စိတ်အခံကလေးကိုလဲ မေ့နေရှာ၏။
အာဒံခမျာ ဧ၀၏ ပူဆာမှုကို မခံစားနိုင်သဖြင့် ဘုရားသခင်၏ အမှာစကားကိုတောင် တော်လှန် ပုန်ကန်ခဲ့ရသည့် အဖြစ်ကို ကိုသောင်းမြင့် မတွေးမိရှာဘဲ နေလေတော့သည်။

ဖိုးထက်



Photo credit – http://www.wikiart.org/en/victor-brauner/adam-eve-1923


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts