>Maimi – 02

>

အမှတ်တရ မိုင်ယာမီ (၂)
ဉာဏ်ဦးမောင်
ဒီဇင်ဘာ ၂၄၊ ၂၀၀၈

လေဆိပ်ကို လာကြိုသူက ကိုကောင်းထွဋ်။ နာမည်မကြားဖူး၊ လူမတွေ့ဖူးပေမယ့် ကိုယ့်ကိုလာကြိုသူဟာ သူပဲဖြစ်မယ်ဆိုတာ မြင်လိုက်တာနဲ့ပဲ သိလိုက်တယ်။ ဟုတ်တယ်လေ။ ကိုယ့်ကို ဖော်ရွေတဲ့အမူအယာနဲ့ ပြုံးပြနေတာက ဒီပတ်ဝန်းကျင်မှာ သူတယောက်တည်း ရှိတာ။ နောက်ပြီး အနီးအနားမှာ အာရှမျက်နှာကလည်း အနည်းပဲ ရှိတာပဲဟာ။

ဖော့လော်ရာဒေး လေဆိပ်ကထွက်ထွက်ခြင်း သတိထားမိတာက ရာသီဥတု နွေးနွေးထွေးထွေးဖြစ်နေတာနဲ့ နေရောင်ခြည် လင်းလင်းလက်လက် ဖြစ်နေတာကိုပါ။ မနေ့က ကာလီဖိုးနီးယားကနေ ကိုယ်ထွက်လာတော့ ဒေသအပူချိန်က ဖာရင်ဟိုက် ၅ဝ ဝန်းကျင်။ ရာသီကလည်း အုံ့အုံ့ဆိုင်းဆိုင်း၊ မှိုင်းမှိုင်းမှုန်မှုန်။ ခု ဖလော်ရီဒါမှာက ဖာရင်ဟိုက် ၇ဝ ကျော်ကျော်။ ဆောင်းလို့ ဆိုဖို့ပင် အခက်။ ဒီတော့ ဖလော်ရီဒါက နွေးထွေးလှပစွာပဲ ကိုယ့်ကို ကြိုဆိုလိုက်တယ် လို့ ဆိုနိုင်မယ်ပေါ့။ ကျေးဇူးပါ၊ ဖလော်ရီဒါ။

ဖလော်ရီဒါမှာ နောက်တခု သိသာတာက သစ်ပင်တွေ ကြီးကြီးမားမား မရှိတာကိုပါ။ ဒါပေမယ့် မြင့်မြင့်တွေကတော့ နေရာအနှံ့။ လမ်းဘေးဝဲယာတခို စိမ်းစိမ်းစိုကာ မှိုင်းညို့နေတဲ့ ထန်းပင်တွေ၊ အုန်းပင်တွေက မျက်စိတဆုံး။ ညီညာစွာ။ ရှုမဆုံးနိုင်။ ဖလော်ရီဒါရဲ့ သင်္ကေတ အလှတွေပေါ့။ ဒီတော့လည်း ထန်းတောတွေပေါတဲ့ အညာကျေးလက် တောသဘာဝတွေကို ပြန်လည်လို့ သတိရမိပြန်ရော။ ဒါပေမယ့် ဒီက ထန်းပင်တန်းတွေကြားမှာက အဝတ်မပါ ကိုယ်ဗလာနဲ့ ဟိုဟိုဒီဒီ ပြေးလွှားကာ ဆော့ကစားနေတဲ့ ကလေးငယ်တွေ မပါသလို ဘူးဘဲတွန်အော်မည်ကာ အစာရှာနေတဲ့ နွားအုပ်တွေလည်း ဘယ်မှာပါနိုင်မှာလဲ။ နောက်ပြီး မီးခိုးငွေ့တလူလူနဲ့ ထန်းတောင်သူတို့ရဲ့ ထန်း ရွက်မိုးကာ အိမ်ဂေဟာတွေလည်း မရှိဘူးလေ။ ဒါတွေအစား ဘေးဘက်ဝဲယာ ထန်းပင်တွေ စီကာတန်းနေတဲ့ ညီညာ လမ်းမများပေါ်မှာ ဖြူနီပြာဝါ ရောင်စုံဖြာနေတဲ့ ကားမျိုးစုံတွေသာ တလှစ်လှစ် ပြေးလွှားနေတာနဲ့ ဟိုတစု ဒီတစု ကောင်းကင်ကို အပြိုင်လုတက်နေတဲ့ မိုးမျှော်ခေတ်မီ အဆောက်အဦတွေကိုပဲ တွေ့နိုင်တယ်ပေါ့။ တောအလှ တောသဘာဝကို ချစ်ပေမယ့် အလွန်ကွာခြားလှတဲ့ လူနေမှုဘဝရဲ့ ဖြစ်စဉ်တွေကို နှိုင်းယှဉ်လို့ တွေးမိပြန်တော့ ရင်မှာ အပူမီးက လာဟပ်ပြန်တယ်။ အို … ခွင့်လွှတ်ပါ ဖလော်ရီဒါ။ ဒီအပူက မင်းနဲ့ ဘာမှ မဆိုင်ပါဘူး။တည်းခိုမယ့်နေရာနဲ့ လေဆိပ်က မိနစ် ၂ဝ လောက် မောင်းရတယ်။ တည်းခိုရာနေရာရောက်တော့ ၁ဝ နာရီခွဲခန့်။ နေ့လည်စာစားဖို့ ပြင်နေသူတွေက ပြင်ဆင်နေကြတယ်။အော် ဟုတ်တာပေါ့။ ကိုယ်ဒီကိုလာခြင်းအကြောင်းကို မပြောရင် ကိုယ့်မိုင်ယာမီခရီးက ဘယ်ပြည့်စုံမှာလဲ။ သိပ်ကို ပြောဖို့လိုတာပေါ့။

လွန်ခဲ့တဲ့ တလလောက်က ခင်မင်တဲ့ဆရာတော်လေး အရှင်ပညာဇောတကမိန့်တယ်။ နိုဝင်ဘာရဲ့ ကျေးဇူးတော်နေ့နားရက်မှာ သူသီတင်းသုံးနေတဲ့ ဖလော်ရီဒါ မီရမာမြို့က ဓမ္မာလောကကျောင်းမှာ သိမ်သမုတ်ပွဲနဲ့ ကထိန်ပွဲ စုပေါင်းကျင်းပမယ်။ အနီးအနားက မြန်မာမိသားစုတွေလည်း လာကြမယ်။ သူရင်းနှီးတဲ့ အဝေးနေဆရာတော် တော်တော် များများကိုလည်း ပင့်ဖိတ်ထားတယ်။ အနီးအနားကိုလည်း လိုက်ပို့ပေးဦးမယ် (ဒီစကား က ကိုယ့်အကြိုက်)။ ဒီပွဲကို လာနိုင်မယ်ဆို လာခဲ့ဖို့ ကိုယ့်ကိုလည်း ဖိတ်တယ်။ မြန်မာစကားပုံလေးနဲ့ ပြောရရင် “ရေငတ်နေသူ ရေတွင်းထဲ ကျ” ဆိုသလိုပေါ့။ ဘယ် မလာနိုင်ပဲ ရှိလိမ့်မလဲ။ ပြောခဲ့သလို ဖလော်ရီဒါရဲ့ မိုင်ယာမီက ကိုယ့်အိပ်မက်ရဲ့ တစိတ် တပိုင်းပဲလေ။ နောက်ပြီး ဒီအိပ်မက်က လှပတဲ့ အိပ်မက်။ လှပတဲ့ အိပ်မက်ဆိုတာက တကယ် မဟုတ်ခဲ့ရင်တောင် အနည်းဆုံး အိပ်ပျော်နေခိုက်မှာတော့ အလွန်ချမ်းမြေ့စရာ ကောင်းတယ်မဟုတ်လား။ ခု ကိုယ်မက်နေတာက နိုးနေစဉ်မက်တဲ့ တကယ့်အိပ်မက်။ ရောက်နေတာကလည်း ဓမ္မာလောကဆိုတဲ့ ကျောင်းလေးမှာ။ ဒီလိုဆိုတော့ ကံကြမ္မာက ကိုယ့်ကို မျက်နှာသာပေးသား။ အရာရာမှာ ဒီလိုပဲ ဖြစ်သင့်တာပေါ့။
နေရောင် တနှစ်ပတ်လုံးနီးပါး တောက်ပနေတတ်လို့ ဖလော်ရီဒါသားတွေက သူတို့ပြည်နယ်ကို ချစ်စနိုးနဲ့ Sun Shine State လို့ အမည်ပေးထားတယ်။ ဆီလျော်လိုက်ဖက်တဲ့ နာမည်လေးဖြစ်မှာပါ။ ဓမ္မာလောကဆိုတာကလည်း တရားအလင်းရောင်တွေ တောက်ပတယ် ဆိုတဲ့သဘော။ လောကဓာတ်တခုလုံး တရားအလင်းရောင်တွေ ထွန်းလင်းစေမယ်ဆိုတဲ့ သဘော။ ဘယ်လောက် မင်္ဂလာရှိတဲ့ နာမည်လေးလဲ။

ကိုယ်ကတော့ မျှော်လင့်မိတယ်။ တရားအလင်းရောင်တွေ တောက်ပစေရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ တည်ထောင်ထားတဲ့ မီရမာလမ်းထောင့်ရှိ ဓမ္မာလောကကနေ စတင်ထွန်းညှိလိုက်တဲ့ တရားအလင်းရောင်တွေကနေ နေရောင်က ပယ်ဖျောက်နိုင်တဲ့ သဘာဝ အမိုက်အမှောင်တွေကိုပါမက နေရောင်က လုံးဝ မပယ်ဖျောက်နိုင်တဲ့ ကိလေသာအမှောင်တွေကိုပါ ပယ်ဖျောက်ကာ ဖလော်ရီဒါရဲ့ မီရမာမြို့လေး၊ ဒီကတဆင့် ဖလော်ရီဒါ ပြည်နယ်၊ ဒီကမှတခါ ထပ်ကာထပ်ကာ ဆင့်လို့ ကမ္ဘာမြေကြီးတပြင်လုံး၊ စင်္ကြာဝဠာကြီး တခွင်လုံး ထွန်းလင်း တောက်ပ လာနိုင်စေဖို့ကို။ ဒါက တကယ် ဖြစ်မလာနိုင်တဲ့ အိပ်မက်မျိုးမှ မဟုတ်တာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts