>Bamaw Tin Aung by Htain Linn

>

နိုင်ငံရေးနဲ့ စာပေအနုပညာ (၁၃)
ပြည်သူ့စာဆို ဗန်းမော်တင်အောင်
ထိန်လင်း
နိုဝင်ဘာ ၈၊ ၂၀၀၈

မြန်မာပြည် လွတ်လပ်ရေးရပြီးတဲ့အချိန်ကနေ ဒီကနေ့အထိ စာပေလွတ်လပ်ခွင့် အရှိဆုံးခေတ်ကို ပြောပါဆိုရင် ဖဆပလ အစိုးရ အုပ်ချုပ်တဲ့ခေတ်ကိုပဲ ပြောရမှာပါ။ အဲဒီလို လွတ်လပ်တဲ့ခေတ်မှာ စာပေရေးသားမှုနဲ့ ပတ်သက်လို့ ပထမဆုံး အဖမ်းခံရတဲ့ စာရေးဆရာကို ပြပါဆိုရင်တော့ ဆရာ ဗန်းမော်တင်အောင်ပဲ ဖြစ်ပါတယ်။ စာရေးဆရာ၊ သတင်းစာဆရာအဖြစ် ကွယ်လွန်ချိန်အထိ ရပ်တည်ခဲ့တဲ့ ဆရာဗန်းမော်တင်အောင်ဟာ စာပေသက် နှစ်ပေါင်း ၄ဝ အတွင်း အကျဉ်းထောင်နဲ့ ကျွန်းမှာ ၁၃ နှစ် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပါတယ်။ သူရေးသားခဲ့တဲ့ စာပေတွေဟာ ခေတ်ကို ထင်ဟပ်စေသလို သူ့အမြင်ကိုလည်း ပွင့်ပွင့်လင်းလင်း ရေးသားဝံ့သူ ဖြစ်ပါတယ်။ အကျဉ်းကျနေစဉ်မှာတောင် စာပေရေးသားခွင့်ရှိတဲ့ ခေတ်မို့လို့ ရေးရဲတာ ဆိုပေမယ့် အကြိမ်ကြိမ် အဖမ်းအဆီးခံ အကျဉ်းကျခံရတဲ့ကြားက ရေးသားခဲ့သူ ဖြစ်ပါတယ်။

ဆရာဗန်းမော်တင်အောင်ဟာ ၁၉၂ဝ ပြည့်နှစ်မှာ မွေးဖွားခဲ့ပြီး ၁၉၇၈ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူကွယ်လွန်ခဲ့တာက အောက်တိုဘာလ ၂၃ ရက်နေ့ဆိုတော့ အခုဆိုရင် ဆရာ ကွယ်လွန်ခဲ့တာ နှစ်ပေါင်း ၃ဝ ကျော်သွားပါပြီ။ ဆရာဟာ အသက် ၁၈ အရွယ်က စပြီး စာပေရေးသားခဲ့သူဖြစ်ပြီး ဗန်းမော်တင်အောင်ဆိုတဲ့ ကလောင်အမည်ကို ၁၉၄၅ ခုနှစ်မှာ စတင်သုံးစွဲခဲ့ပါတယ်။ ဆရာ့ကို ပဲခူးမြို့မှာ မွေးဖွားခဲ့ပြီး ကလောင်နာမည်ရှေ့မှာ ‘ဗန်းမော်’ ကို တပ်တာက ဗန်းမော်မြို့မှာ ပညာသင်ယူခဲ့တာကို အမှတ်ရတဲ့အနေနဲ့ မှည့်ခေါ်ခဲ့တာလို့ ရာပြည့်တိုက်က ထုတ်ဝေတဲ့ ‘၂ဝ ရာစု မြန်မာစာရေးဆရာ ၁ဝဝ’ စာအုပ်ထဲက အတ္ထုပ္ပတ္တိအကျဉ်းမှာ အတိအကျ ဖော်ပြထားပါတယ်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ထုတ်ဝေတဲ့ ‘နှစ်ဆယ်ရာစု မြန်မာစာရေးဆရာများနှင့် စာစုစာရင်း’ စာအုပ်မှာတော့ မွေးဖွားရာမြို့ကို ဗန်းမော်မြို့ လို့ဖော်ပြထားပါတယ်။ အတ္ထုပ္ပတ္တိဆိုတာ သမိုင်းအချက်အလက်အနေနဲ့ မှတ်တမ်းတင်တာလည်း ဖြစ်တာမို့ အမှားအယွင်းတွေ မဖြစ်စေချင်ပါဘူး။ ဒီလို စာအုပ်တွေက သေသေချာချာ စစ်ဆေးပြီးမှ ထုတ်ဝေသင့်တဲ့ စာအုပ်တွေဖြစ်ပါတယ်။

ဗန်းမော်တင်အောင်နာမည်နဲ့ ပထမဆုံး ထုတ်ဝေတဲ့ လုံးချင်းဝတ္ထုက ‘ဘုန်းမောင်တစ်ယောက်တည်းရယ်’ ဆိုတဲ့ ဝတ္ထုဖြစ်ပြီး ၁၉၄၇ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ အဲဒီဝတ္ထုဟာ လူငယ်တွေကြားမှာ အရမ်းရေပန်းစားခဲ့ပြီး ဝတ္ထုထဲက ဇာတ်ကောင်နာမည် ဘုန်းနိုင်ကို ယူပြီး ကလောင်အမည်အဖြစ် စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်က သုံးစွဲခဲ့ပါတယ်။ ဒီအချက်ကို ကြည့်ပြီး ဘယ်လောက်အထိ အရှိန်အဝါရှိခဲ့တယ်ဆိုတာ မှန်းဆနိုင်ပါတယ်။ ဆရာ ဗန်းမော်တင်အောင်ဟာ ကလောင်အမည် စုစုပေါင်း ၁၄ ခု ရှိပြီး ဆီမီးခွက်၊ တင်ဦး၊ မောင်ရေချမ်း၊ မောင်တင်အောင်၊ ဗန်းမော်တင်အောင်၊ ဟိုက်စကူးကျောင်းသား တင်အောင်၊ အယ်ဒီတာ ဦးတင်အောင်၊ မဟာအောင်၊ မောင်မောင်လတ်၊ လင်းယုန်၊ လင်းယုန် (ဗမာနိုင်ငံ)၊ မောင်သစ္စာ၊ ထွန်းလင်း၊ မောင်အေးသွင် ဆိုတဲ့ ကလောင်အမည်တွေ ဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံ စာရေးဆရာသမဂ္ဂရဲ့ ပထမဆုံး ဥက္ကဋ္ဌဖြစ်ပါတယ်။

ဆရာဟာ ပြည်သူတွေရဲ့ ပကတိ ဘဝတွေကို ထင်ဟပ်တဲ့ စာပေတွေ၊ နိုင်ငံရေးအခြေအနေများအပေါ် သုံးသပ်ချက်တွေ အပြင် သမိုင်းစာအုပ်တွေ၊ သိပ္ပံဆိုင်ရာ စာအုပ်တွေကိုလည်း ရေးသားခဲ့ပါတယ်။ ဆရာဟာ ဆရာဒဂုန်တာရာ ထုတ်ဝေတဲ့ တာရာမဂ္ဂဇင်းမှာ တွဲဖက်အယ်ဒီတာအဖြစ် ၁၉၄၇ ခုနှစ်မှာ တာဝန်ယူခဲ့သလို နောက်ပိုင်းမှာ လင်းယုန်ဂျာနယ်၊ လင်းယုန်သတင်းစာ၊ မြန်မာစာပေမဂ္ဂဇင်း တို့ကို ကိုယ်တိုင်ထုတ်ဝေပြီး အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

ပထမအကြိမ် အကျဉ်းကျတုန်းမှာ ‘မြန်မာနိုင်ငံတော်သမိုင်း’ စာအုပ်ကို ရေးသားခဲ့ပြီး ဒုတိယအကြိမ် အကျဉ်းကျတုန်းမှာ ‘ကိုလိုနီခေတ် မြန်မာနိုင်ငံသမိုင်း’ စာအုပ်တို့ကို ပြုစုခဲ့ပါတယ်။ ဒီလို စာပေတာဝန်ကို ရောက်ရာနေရာမှာ ထမ်းဆောင်ခဲ့ပေမယ့် အမျိုးသားစာပေဆုလို့ အခု ခေါ်ဆိုတဲ့ အရင်က ‘စာပေဗိမာန်ဆု’ ကို အိမ်စောင့်အစိုးရ လက်ထက်မှာ ရွေးချယ်ပေးအပ်ခဲ့ပေမယ့် အဲဒီဆုကို ဆရာ လက်မခံခဲ့ပါဘူး။

ဆရာ့ရဲ့ အရေးအသားနဲ့ပတ်သက်လို့ ‘မိုးလိုက်လို့ရွာ’ ဆိုတဲ့ ဝတ္ထုမှာ ရေးသားထားတာကို ပြောပြချင်ပါတယ်။ အဲဒီဝတ္ထုရဲ့ အဖွင့်မှာတင် ဆရာက အခုလို ရေးသားခဲ့ပါတယ်။
“လွတ်လပ်ရေးရပြီးနောက် ဆယ်နှစ်ဆယ်မိုးမျှ ဖြစ်ချင်သလို ဖြစ်နေခဲ့သော တိုင်းပြည်ကြီးတွင် ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ပြန်လည်ထူထောင်၍ တရားမျှတသော သန့်ရှင်းသော အထွေထွေ ရွေးကောက်ပွဲကြီးကို ကျင်းပပေးရန်အတွက် ၁၈ လမျှလောက်သာ အုပ်ချုပ်သွားခဲ့သော ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရ လက်ထက်အတွင်း ‘တရားဥပဒေ၏ရှေ့မှောက်တွင် ညီမျှခြင်းရှိစေရမည်’ဟူ၍ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီးက အတိအလင်း ရည်ညွှန်းထားသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ကံကောင်းသူများနှင့် ကံဆိုးသူများ ဟူ၍ ၂ မျိုး ၂ စား ရှိခဲ့ကြလေသည်။ အဆိုးနှင့်အကောင်း ဒွန်တွဲနေသော သဘာဝကြီးအတွင်း၌ ယင်းကဲ့သို့ ကံဆိုးသူနှင့် ကံကောင်းသူဟူ၍ ၂ မျိုး ၂ စား ရှိနေခြင်းမှာ သဘာဝနှင့် ဆန့်ကျင်သော တရားဓမ္မကား မဟုတ်ချေ။ ကံဆိုး၍ လူပေါင်းမှားသွားသော အဇာတသတ်ကဲ့သို့ ပါရမီရင့်သန်ပြီး ပုဂ္ဂိုလ်ကြီးတစ်ဦးကိုပင် သံသရာမှ ရွေးနုတ်၍ ၎င်းနှင့်အတူ နိဗ္ဗာန်သို့တပါတည်း ခေါ်ဆောင်သွားလိုသော ဗုဒ္ဓြွသည် မည်သို့မျှ မတတ်နိုင်သဖြင့် လက်လွှတ်ထားခဲ့ရသည့်အဖြစ်ကို ဗုဒ္ဓရှင်တော်၏ ဒေသနာနှင့် ကျမ်းဂန်များ၌ အတိအလင်း ဖော်ပြထားလေသည်။

ယင်းသို့ ကံကောင်းသူများနှင့် ကံဆိုးသူများ၏အကြောင်းကို ဘက်မလိုက်သော စာရေးဆရာတစ်ဦး အနေနှင့် မှတ်တမ်းတင်ရေးသားဖော်ပြနိုင်ရန်အတွက် ကျနော်သည် ထိုအခွင့်အရေးကို မရရှိခဲ့ပေ။ သို့ရာတွင် ကံဆိုးရှာကြသူများ၏ အကြောင်းကိုကား ထိုက်သင့်သလောက် ရေးသားဖော်ပြခြင်းပြုရန်အတွက် ကျနော်သည် အခွင့်အရေးကောင်းစွာ ရရှိခဲ့လေသည်။ အဘယ့်ကြောင့်ဆိုသော် ဗိုလ်ချုပ်နေဝင်း၏ လက်ထက်အတွင်း ရန်ကုန် ဗဟို စံပြထောင်ကြီးသို့ ကျနော်သည် ဒုတိယအကြိမ် ဝင်ရောက်နေထိုင်ခြင်း ပြုခဲ့ရပြန်သောကြောင့် ဖြစ်လေသည်။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးကိုလည်းကောင်း၊ သန့်ရှင်း၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရေးကိုလည်းကောင်း တနည်းမဟုတ် တနည်းနည်းဖြင့် နှောင့်ယှက်ဖျက်ဆီးခြင်း ပြုလိမ့်မည်ဟု သတ်မှတ်ခြင်းကို ခံရသဖြင့် ရန်ကုန် ဗဟိုထောင်ကြီးအတွင်း၌ ချုပ်နှောင်ခြင်း ခံနေရသူများထဲတွင် နိုင်ငံရေးသမားများ၊ စီးပွားရေးသမားများ၊ အစိုးရအမှုထမ်း အရာထမ်းများ၊ စာရေးဆရာ သတင်းစာဆရာများ၊ ရုပ်ရှင်ဒါရိုက်တာများ၊ အလုပ်သမားနှင့် ခါးပိုက်နှိုက်မှအစ မိန်းမထိန်းများမကျန် လူတန်းစားပေါင်းစုံ ပါဝင်လျက် ရှိလေသည်။”

အဲဒီဝတ္ထုထဲမှာ အကျဉ်းကျနေတုန်း တွေ့ခဲ့ရတဲ့ အကျဉ်းထောင်ရဲ့ ဆိုးဝါးတဲ့ သရုပ်တွေကို ရေးပြခဲ့ပါတယ်။ ဆရာ့ရဲ့စာထဲက အခြေအနေတွေဟာ အခုဖြစ်ပေါ်နေတဲ့ မြန်မာပြည်ရဲ့ လက်ရှိအနေအထားနဲ့ မကွာလှပါဘူး။ ဆရာဗန်းမော်တင်အောင်လိုပဲ လက်ရှိအကျဉ်းအကျပ်ထဲမှာ စာပေတာဝန်ကျေပွန်အောင် ကြိုးစားထမ်းဆောင်နေတဲ့ စာပေပညာရှင်တွေ ရှိနေပါတယ်။ ဒီလို ပြည်သူဘက်က ရပ်တည်တဲ့ စာပေပညာရှင်တွေ ခေတ်အဆက်ဆက် ရှိနေတာဟာ တိုင်းပြည်အတွက် ကောင်းတဲ့အချက်ဖြစ်ပေမယ့် ဒီလိုပညာရှင်တွေကို ဖိနှိပ်နေတဲ့ အုပ်စိုးသူ အဆက်ဆက် တည်ရှိနေတာကတော့ စိတ်မကောင်းစရာပါပဲ။ ။

ထိန်လင်း (၂၊ ၁၁၊ ၂ဝဝ၈)

၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts