သန်းဝင်းလှိုင်

သန်းဝင်းလှိုင် – ပါမောက္ခချုပ် ဦးကျော်ရင်

ပါမောက္ခချုပ် ဦးကျော်ရင် 
သန်းဝင်းလှိုင်
ဒီဇင်ဘာ ၆၊ ၂၀၁၃


ပါမောက္ခချုပ် ဦးကျော်ရင်သည် ရခိုင်အမျိုးသား တစ်ဦးဖြစ်သည်။ ဦးကျော်ရင်ကို ရခိုင်ပြည်နယ် သံတွဲမြို့ ကမ်းနားလမ်း၌ မြန်မာသက္ကရာဇ် ၁၂၇၈ခု၊ နတ်တော်လဆန်း (၁၃)ရက်၊ (ခရစ် ၁၉၁၆ခု၊ ဒီဇင်ဘာလ (၇)ရက်) ကြာသပတေးနေ့ နံနက် ၄နာရီ အချိန်တွင် အဖ ခရိုင်ဝန်စာရေးကြီး ဦးဖိုးဦး၊ အမိ ဒေါ်မြရင်တို့မှ ဖွားမြင်သည်။ တစ်ဦးတည်းသောသားဖြစ်သည်။ ဖခင်မှာ ၎င်းငယ်စဉ်ကပင် ဆုံးခဲ့သည်။ သူ၏ဘထွေးမှာ ဦးဘိုးတုနှင့် ဦးညီကြီး (အမတ်လောင်း) တို့ ဖြစ်သည်။ ဦးကျော်ရင်၏ အဘိုးမှာ ပန်းထိမ်ဆရာကြီး ဦးဖိုးဖြစ်၍ အဘွားမှာ ဒေါ်ရွှေဥ ဖြစ်သည်။
ဦးကျော်ရင်သည် သံတွဲမြို့ အေဘီအမ် (A.B.M) ကျောင်းနှင့် အစိုးရမြင့်ကျောင်းတို့တွင် ပညာသင်ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် သံတွဲအစိုးရမြင့်ကျောင်းမှ (၁ဝ)တန်း စာမေးပွဲအောင်သည်။ ဘာသာတွဲမှား၍ ကောလိပ်ဝင်ခွင့် မရခဲ့ပေ။ ၁၉၃၅ခုနှစ်တွင် ရန်ကုန်ဆရာဖြစ်သင်ကောလိပ် (T.T.C)၌ ပညာဆက်သင်သည်။ ၁၉၃၆ခုနှစ်တွင် စာမေးပွဲအောင်၍ တက္ကသိုလ်ဝင်ခွင့်ရသည်။ ပုဂံဆောင်တွင် နေရသည်။ တက္ကသိုလ်ကျောင်းတိုက် ‘မြန်မာအသင်း’ မှ နှစ်စဉ်ကျင်းပသော ကဗျာ၊ ဝတ္ထု၊ စာစီစာကုံး၊ ဘာသာပြန်၊ ပြဇာတ်ပြိုင်ပွဲများတွင် မလွတ်တမ်း ဝင်ပြိုင်လေ့ရှိရာ ပြိုင်ပွဲတိုင်း၌ ဆုတစ်ဆု သို့မဟုတ် နှစ်ဆု၊ သုံးဆု အမြဲရခဲ့သည်။
ဦးကျော်ရင်သည် တက္ကသိုလ်တက်နေစဉ် တက္ကသိုလ်ကျောင်းသားသမဂ္ဂ အမှုဆောင်အဖြစ် အရွေးခံရပြီး ပြန်ကြားရေးနှင့် ဝါဒဖြန့်ချိရေးကို တာဝန်ယူခဲ့သည်။ သမဂ္ဂအမှုဆောင်အဖြစ် ဆောင်ရွက်ရင်း အင်္ဂလိပ်မောင်းထုတ်ရေး မြေအောက်လျှို့ဝှက်လုပ်ငန်းများကို လုပ်ဆောင်သည်။
၁၉၄၂ခုနှစ်တွင် သံတွဲခရိုင် မြေအောက်တော်လှန်ရေး ခေါင်းဆောင်အဖြစ် လူငယ်ကျောင်းသားများကို တိုင်းပြည်အတွက်အသက်စွန့်လိုစိတ်များ သွင်းပေးပြီး နယ်ချဲ့မောင်းထုတ်ရေးအတွက် စစ်ပညာသင်တန်းများပေးခဲ့သည်။ လျှို့ဝှက်တပ်ဖွဲ့များ ဖွဲ့စည်းပေးခဲ့သည်။ အင်္ဂလိပ်နယ်ချဲ့များ ထွက်ပြေးသွားသည်နှင့် တပြိုင်နက် သံတွဲခရိုင်တွင် အုပ်ချုပ်ရေးအဖွဲ့ကို ခေါင်းဆောင်ကာ ရပ်ရွာအုပ်ချုပ်မှုများကို တာဝန်ယူရသည်။ ဒေါက်တာဘမော် အစိုးရခေတ်တွင် အုပ်ချုပ်ရေးဘက်တွင် ဝင်ရောက်အမှုထမ်းရန် ဦးကျော်ရင်အား တိုက်တွန်းသော်လည်း လက်မခံခဲ့ပေ။
၁၉၄၃ခု၊ စက်တင်ဘာလတွင် ဖက်ဆစ်တော်လှန်ရေး လုပ်ငန်းအတွက် မဟာမိတ်နိုင်ငံများနှင့် ဦးကျော်ရင်ကို ဖက်ဆစ်တော်လှန်ရေး ခေါင်းဆောင်များက တာဝန်ပေးသည်။ တရုတ်ပြည်သို့ သွားကြရာ မအောင်မြင်ပေ။ ထို့ကြောင့် ရန်ကုန်သို့ ပြန်ဆင်းလာသည်။ ဤတွင် ခေါင်းဆောင်များက ဦးကျော်ရင်အား တာဝန်တစ်ခုထပ်ပေးသည်။ ထိုတာဝန်မှာ အိန္ဒိယပြည်ရောက် သခင်သိန်းဖေ (သိန်းဖေမြင့်)ထံမှ မြန်မာပြည်တွင်းရှိ ဖက်ဆစ်တော်လှန်ရေး ခေါင်းဆောင်များထံ အဆက်အသွယ်ရရန် ပြန်လွှတ်လိုက်သော သခင်တင်ရွှေကို အိန္ဒိယသို့ အပြန်ခရီးလိုက်ပို့ရန် တာဝန်ဖြစ်သည်။ သခင်တင်ရွှေနှင့်အတူ ဦးညိုထွန်း (ယခု ဝန်ကြီးဟောင်း)နှင့် မမြရီ (ကျောက်ဆည်)တို့ကို ဂွမြို့မှ ကိုသန်းမောင်၏ အကူအညီဖြင့် သံတွဲခရိုင် ဂွမြို့တောင်ဘက်ရှိ တောင်ပေါက်ရွာအနီး ပင်လယ်ချိုင့်ကလေးမှ  အင်္ဂလိပ်စစ်သဘောင်္ဖြင့် အချိန်းအချက်ပြု၍ ပြန်ပို့ခဲ့သည်။
၁၉၄၄ခုနှစ်၊ ဇူလိုင်လတွင် မန်းဝင်းမောင် (နောင်နိုင်ငံတော်သမ္မတ)၊ သခင်ဗိုလ် (ကွယ်လွန်)၊ ကိုအုန်းမောင် (လေထီးအုန်းမောင်)၊ ကိုချစ်ကောင်း (ကာနယ်ချစ်ကောင်း ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် – ကျဆုံး)တို့နှင့် အတူ ဦးကျော်ရင်သည် ဖက်ဆစ်ဂျပန်တော်လှန်ရေးလုပ်ငန်းအတွက် အိန္ဒိယသို့ ခရီးထွက်ခဲ့သည်။
အိန္ဒိယရောက်သောအခါ လေထီးသင်တန်းများ တက်ခဲ့သည်။ တပ်များသိမ်းပြီးသည်နှင့် အိန္ဒိယမှ မန္တလေးသို့ ပြန်လာပြီး အထက်မြန်မာပြည် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ခွဲကို စတင်ဖွဲ့စည်းရာတွင် လူထုဦးလှတို့နှင့်အတူ ဆောင်ရွက်ခဲ့သည်။ ဤသို့ဆောင်ရွက်နေစဉ် ဦးကျော်ရင်သည် ‘နယ်ချဲ့စစ်မှ လူထုစစ်သို့’ စာအုပ်ကို ရေးသားခဲ့သည်။
မန္တလေးမှ အိန္ဒိယသို့ ပြန်သွားပြီး ၁၉၄၅ခုနှစ်၊ ဧပြီလတွင် ဂျပန်ဖက်ဆစ်များနှင့် ဗမာ့မျိုးချစ်တပ်မတော်များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသော ဒေသများသို့ သခင်ဗိုလ်တို့နှင့်အတူ လေထီးဖြင့်ဆင်းရန် အစမ်းလေ့ကျင့်ရင်း ခြေခုံရိုးကွဲသွား၍ ဆေးရုံသို့ တက်ရောက်ကုသရသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးခါမှ မြန်မာနိုင်ငံသို့ ပြန်ရောက်သည်။
ဖက်ဆစ်တော်လှန်ရေးတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ခြင်းများကြောင့် ၁၉၄၅ခုနှစ်တွင် ကွန်မြူနစ်ပါတီ ကွန်ဂရက်က ဗဟိုကော်မတီဝင်အဖြစ် ဦးကျော်ရင်အား တင်မြှောက်ခဲ့သည်။ ၁၉၄၆တွင် ဖဆပလညီလာခံ၌ သံတွဲခရိုင်အတွက် ဖဆပလ ဗဟိုဦးစီးအဖွဲ့ဝင် ဖြစ်လာသည်။ ၁၉၄၆တွင် ကွန်မြူနစ်ပါတီ နှစ်ခြမ်းကွဲသွားသောအခါ ညီညွတ်ရေးဘက်မှ ရပ်တည်ကြိုးစားခဲ့သည်။ ဖဆပလ ကွန်မြူနစ်ကွဲသောအခါတွင်လည်း ညီညွတ်ရေးအတွက် ကြိုးစားခဲ့သေးသည်။ မရနိုင်မှန်းသိလာသောအခါ ဦးကျော်ရင်သည် နိုင်ငံရေးနယ်ပယ်မှ ထွက်ခဲ့ပြီး မူလကပင် ဝါသနာအထုံပါခဲ့သော ပညာရေးနယ်ပယ်ကို ဝင်ရောက်လာသည်။
တိုင်းပြည်ပြု လွှတ်တော်ပေါ်လာသောအခါ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်ပြုလွှတ်တော်အမတ်စာရင်းတွင် ဦးကျော်ရင်ကို သွင်းခဲ့သည်။ သို့သော် လက်မခံဘဲ ဗိုလ်ချုပ်အောင်ဆန်းထံ ခွင့်ပန်သည်ဟု ဆိုသည်။
ဦးကျော်ရင်သည် ၁၉၄၆ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၌ မဟာဝိဇ္ဖာတန်းတက်ရင်း ဝင်ရောက်အမှုထမ်းသည်။ ၁၉၄၉တွင် မဟာဝိဇ္ဖာဘွဲ့ ရရှိ၍ မဟာဝိဇ္ဖာဘွဲ့အတွက် တင်သွင်းသောကျမ်းမှာ ‘မြန်မာစကားပုံသမိုင်း’ အမည်ရှိကျမ်း ဖြစ်သည်။
ဦးကျော်ရင်သည် မြန်မာစာဌာနတွင် (၁၆)နှစ်တိုင် နည်းပြဆရာ၊ လက်ထောက်ကထိက စသည်ဖြင့် အဆင့်ဆင့် ဆောင်ရွက်ခဲ့သည်။ ၁၉၅၁ခုနှစ်မှ ၁၉၅၉ခုနှစ်အထိ ပဲခူးကျောင်းဆောင် အဆောင်မှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ 
၁၉၆၂ခု၊ ဒီဇင်ဘာလတွင် ဆိုဗီယက်ပြည်ထောင်စု (ယခု ရုရှားဖရက်ဒရေးရှင်း သမ္မတနိုင်ငံ) မော်စကိုတက္ကသိုလ်တွင် မြန်မာစာပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၄ခုနှစ်တွင် ပြန်လာ၍ မြန်မာစာဌာနတွင် မလုပ်တော့ချေ။ ရန်ကုန်တက္ကသိုလ်အုပ်ချုပ်ရေးရုံး၊ အုပ်ချုပ်ရေးမှူး၊ ထို့နောက် တက္ကသိုလ်များ အုပ်ချုပ်ရေးအဖွဲ့၊ ဒု-ညွှန်ကြားရေးမှူး တာဝန်များကို ထမ်းဆောင်သည်။
၁၉၆၅ခု၊ စက်တင်ဘာလ (၃၀)ရက်နေ့တွင် မန္တလေးဝိဇ္ဖာနှင့် သိပ္ပံတက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ခန့်အပ်ခြင်းခံရ၍ ကွယ်လွန်သည်အထိ ဆက်လက်အမှုထမ်းခဲ့သည်။
ဦးကျော်ရင်သည် အဘိုးဖြစ်သူ၏ မျိုးချစ်စိတ်နှိုးဆွပေးမှု၊ စာပေစိတ်သွင်းပေးမှုတို့ကြောင့် ကျောင်းသားဘဝကပင် စာပေဝါသနာထုံကာ ကလောင်သွေးနိုင်ခဲ့သည်။ တက္ကသိုလ်ရောက်သောအခါ တက္ကသိုလ်စာပေလောကတွင် တောက်ပြောင်သည့် ကြယ်တစ်ပွင့် ဖြစ်လာသည်။ တက္ကသိုလ်စာပေ ပြိုင်ပွဲများ၌ စာပေဆုများ အကြိမ်ကြိမ် ဆွတ်ခူးရရှိခဲ့သည်။
ဦးကျော်ရင်သည် ရွှေတွဲကျော်၊ မောင်ဘကွန်း၊ ဦးကထိက၊ အုတ်လှ၊ သိပ္ပံမျိုးတင့်၊ တက္ကသိုလ်ကြိုင်သင်း၊ ကထိကဦးကျော်ရင် စသည့် ကလောင်ခွဲများဖြင့် ပြဇာတ်များ၊ စာပေဆောင်းပါးများ၊ ဝေဖန်စာများကို မဂ္ဂဇင်းဂျာနယ် အမျိုးမျိုးတွင် ရေးသားပြုစုခဲ့သည်။ ၎င်း၏ ထင်ရှားသော စာအုပ်များမှာ ‘ဇင်းဒါးအကျဉ်းသမား ဝတ္ထု’ (ဘာသာပြန်) (၁၉၃၈)၊ ‘နယ်ချဲ့စစ်မှ လူထုစစ်သို့’ (၁၉၄၄)၊ ‘ကညွန်ရိုးဗိုလ်ချုပ်’ (ပြင်သစ်သမ္မတ ဒီဂေါအကြောင်း ဘာသာပြန်) (၁၉၄၅)၊ ‘မာ့က်စ်ဝါဒနှင့် ဘာသာဝေါဟာရ’ (၁၉၄၆)၊ ‘မှတ်မိသမျှလီနင်’ (ပထမတွဲ) (၁၉၄၆)၊ ‘မှားတတ်သော စာလုံးပေါင်းများ (မြန်မာ – တရုတ်)’ (၁၉၅၁)၊ ‘ဆွာမိဝိဝေကနန္ဒာ အတ္ထုပ္ပတ္တိ’ (ဘာသာပြန်) (၁၉၅၂) စသည်တို့ ဖြစ်သည်။ ထို့ပြင် စာပေတည်းဖြတ်ခြင်း၊ သုတေသနပြုခြင်းများ ပြုခဲ့သည်။ တည်းဖြတ်ခဲ့သော စာအုပ်များမှာ ရခိုင်မင်းသမီးဧချင်း၊ ကျပင်းတရားစာ၊ ငရဲခန်းပျို့၊ ပလဲဆင်မင်းပျို့ စသည်တို့ဖြစ်သည်။ ‘ကဝိလက္ခဏာ ဒီပနီသစ်’ ကိုလည်း သုတေသနပြုစု ထုတ်ဝေခဲ့သည်။
ဦးကျော်ရင်သည် တက္ကသိုလ်ဆရာတစ်ဦးအနေဖြင့် ကျောင်းစာသင်ခန်းဝန်းကျင်တွင်သာ မွေ့လျော်နေသူမဟုတ်။ ကျောင်းကိစ္စ၊ ကျောင်းဆောင်ကိစ္စ၊ တိုင်းပြည်ကိစ္စ၊ စာပေကိစ္စများတွင်လည်း တတ်စွမ်းသမျှ ဆောင်ရွက်ခဲ့သူဖြစ်သည်။
၁၉၅၁ခုနှစ်တွင် စတင်ဖွဲ့စည်းသော ‘တက္ကသိုလ် အနုပညာအသင်းကြီး’တွင် ဦးကျော်ရင်သည် စိတ်ပါလက်ပါဖြင့် ပါဝင်ဆောင်ရွက်ခဲ့သည်။ မြန်မာ့ယဉ်ကျေးမှု အနုပညာများ တိုးပွားရာတိုးပွားကြောင်း ဆောင်ရွက်ခဲ့သည်။ ရှမ်းပြည်နယ်၊ အင်းလေး၊ ချင်းတောင်၊ ရခိုင်ပြည်နယ် စသည်တို့သို့ တက္ကသိုလ်အနုပညာအသင်းကြီးမှ ဒေသန္တရခရီးထွက်ရာတွင် ဦးဆောင်ခဲ့သူတစ်ဦးဖြစ်သည်။
ဦးကျော်ရင်သည် ‘တက္ကသိုလ် ကလောင်အသင်း’တွင်လည်း ပါဝင်လုပ်ဆောင်ခဲ့သည်။ ထို့ပြင် အစိုးရအထက်တန်းကျောင်းများသို့ သွားရောက်ကာ မြန်မာစာပေနှင့် ပတ်သက်၍ ဟောပြောခဲ့သည်။ စာပေဟောပြောပွဲများ၊ ဥာဏ်ကြီးရှင်ဖြေဆိုပွဲများ၊ စကားရည်လုပွဲများတွင်လည်း စိတ်ပါလက်ပါ တက်တက်ကြွကြွ ဟောခဲ့ပြောခဲ့သည်။ ကျောင်းသားရေးရာများ၌လည်း ဦးကျော်ရင်သည် ရှေ့တန်းမှ ဦးဆောင် ဆောင်ရွက်တတ်သည်။
ဦးကျော်ရင်၏ ချီးကျူးအတုယူစရာကောင်းသော အချက်ကား မည်သည့်ဘဝအခြေသို့ရောက်ရောက် ပုံသဏ္ဌာန်မပြောင်းဘဲ အစဉ်အမြဲ ပွင့်ပွင့်လင်းလင်း ဖော်ဖော်ရွေရွေ ဆက်ဆံပေါင်းသင်းတတ်ခြင်းပင် ဖြစ်သည်။
ဦးကျော်ရင်သည် ဆီးချိုရောဂါ၊ သရက်ရွက်ရောင်ရောဂါနှင့် အသားဝါရောဂါဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေရာမှ မြန်မာသက္ကရာဇ် ၁၃၂၇ခု၊ တန်ခူးလဆုတ် (၉)ရက် (၁၉၆၆ခု၊ မတ်လ ၃၀ရက်) ဗုဒ္ဓဟူးနေ့ (၅)နာရီ မိနစ် (၅၀)အချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အခန်းအမှတ် (၇-၈)၊ ခုတင်အမှတ် (၄)တွင် ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်၌ အသက်(၄၉)နှစ်သာ ရှိသေးသည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်ဖြူဖြူနှင့် သား ဥာဏ်ထွန်းအောင်၊ သမီး သန္တာဖြူတို့ ကျန်ရစ်ခဲ့သည်။
စာကိုး
အပေါင်းအသင်းရောင်းရင်းတို့၏ကျော်ရင်၊ ရန်ကုန်၊ ဦးကျော်ရင် အထိမ်းအမှတ် စာအုပ်ထုတ်ဝေရေးကော်မတီ (မြန်မာစာဌာန၊ ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်) ၁၉၆၇ခု။

* ဦးကျော်ရင် ဖွားသက္ကရာဇ် ပတ်သက်သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိတွင် ၁၉၁၈ခု၊ ဇန်နဝါရီလ ဆိုထားသည်။ ဦးကျော်ရင် ဘဒွေး ဦးကြီး၏ “အသေစော၍ နှမြောသည်” ဆောင်းပါးတွင်မူ ၁၉၁၆ခု၊ ဧပြီလဟု ဆိုသည်။ ဦးကျော်ရင် အမျိုးသားမှတ်ပုံတင်ကတ်ပြားတွင် ၁၉၁၉ခု၊ ဇန်နဝါရီလဟု ရေးထားသည်။ မိခင်ကြီး ဒေါ်မြရင် ပြောပြချက်နှင့် ဗေဒင်ဆရာကြီး ဆရာဝထံမှ ရရှိသော ဇာတာအရ ၁၂၇၈ခု၊ နတ်တော်လဆန်း ၁၃ရက် (၇-၁၂-၁၆) ကြာသပတေးဟု သိရသည်။ ထို့ကြောင့် ယင်းတို့၏ အဆိုကို အတည်ပြု၍ အထက်ပါသက္ကရာဇ်ကို ဦးကျော်ရင် ဖွားသက္ကရာဇ်ဟု အမှန်ယူပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts