ရန်လင်းအောင်

ရန်လင်းအောင် – ည

ရန်လင်းအောင်
ဒီဇင်ဘာ ၆၊ ၂၀၁၃


ည !
စတီယာရင် မပါတဲ့ကားကိုမှ
အပြင်းမောင်းနှင်လာတဲ့   ည
ည !
လေထုတစ်ခုလုံး
အသက်ရှုကျပ်နေတဲ့         ည
ည !
သူနဲ့သင့်လျော်တဲ့ကဗျာတစ်ပုဒ်လေမှ
ရှာမရတော့တဲ့                    ည
ည !
သစ်ရွက်ခြောက်ကလေး
တစ်ရွက်ကတောင်အဖက်လုပ်ပြီး
ကြွေမကျချင်တော့တဲ့              ည
ည !
ည !
ည !
ည  ပြီးတော့  ည
ညတွေ၊ ညတွေ
တစ်ညပြီးတစ်ည
ထိုးဆင်းချလာတဲ့         ည
ညဖြစ်နည်းတစ်ခုတည်းမှာပဲ
ကျွမ်းကျင်နေတဲ့         ည
အဲ့ဒီညက
အဲ့ဒီညတွေကို
ညများစွာနဲ့ကင်းရှင်းခဲ့ကြောင်း
ကင်းရှင်းတဲ့အကြောင်း
ခပ်တည်တည်နဲ့
ညကြီးမင်းကြီး ထထအော်နေတဲ့    ည!
သူ့ပိုက်ကွန်ထဲ
အတောင်ပံတွေမရိုးမရွ
ရုန်းကြွဗြောင်းဆန်နေတာတောင်
နံနက်ခင်းလေးကိုမှအားမနာ
ဆာလောင်ရကောင်းမှန်း

မသိနိုင်တော့တဲ့  . . . . . .   ည ! !    ။. . . . . . ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts