>waiting people and UN (stamps)

>

လည်တဆန့်ဆန့် ပြည်သူများနှင့် ကမ္ဘာ့ကုလသမဂ္ဂ (တံဆိပ်ခေါင်းများ)

ဦးအုန်းကျော်

စက်တင်ဘာ ၇၊ ၂၀၀၈

“ဒုတိယကမ္ဘာစစ်ကြီး ပြီးတော့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေက နောက်ထပ် ဒီလိုကမ္ဘာစစ်မျိုး ထပ်မဖြစ်ဖို့ ဘယ်လိုလုပ်ရပါ့မလဲ လို့ နည်းလမ်းတွေ ရှာကြံကြရင်းနဲ့ ကမ္ဘာ့ကုလသမဂ္ဂ(United Nations-UN) ကို ၁၉၄၅ မှာ စပြီး ဖွဲ့စည်းခဲ့ကြတာပဲကွ။ အေး … အခုဆိုရင် နှစ် ၆ဝ ကျော်လာပြီပေါ့ကွာ။ တို့ရဲ့ အစိုးရအဆက်ဆက်က UN နှစ် ၂ဝ မြောက်၊ ၂၅ နှစ်မြောက်၊ နှစ် ၅ဝ မြောက် အထိမ်းအမှတ်အဖြစ် တံဆိပ်ခေါင်းတွေ ထုတ်ခဲ့တာကို ငါ့တူကို ပြရဦးမယ်”

၁၉၆၅ ခုနှစ်ထုတ် ကမ္ဘာ့ကုလသမဂ္ဂ နှစ် ၂ဝ ပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်း

(ဂျပန်ပြည်တွင် ပုံနှိပ်သည်။)



၁၉၇ဝ ပြည့်နှစ်ထုတ် ကမ္ဘာ့ကုလသမဂ္ဂ ၂၅ နှစ်ပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်း

ဒီဇိုင်း – ဗမိုး၊ (ဂျပန်ပြည်တွင် ပုံနှိပ်သည်။)

၁၉၉၅ ခုနှစ်ထုတ် ကမ္ဘာ့ကုလသမဂ္ဂ နှစ် ၅ဝ ပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်း

ဒီဇိုင်း – အောင်ကျော်လွင်၊ (မြန်မာပြည်တွင် ပုံနှိပ်သည်။)

“ဦးလေးက ဒီလမှာ ကမ္ဘာ့ကုလသမဂ္ဂ (UN) အကြောင်း စ လာလို့ ကျနော့်ရင်ထဲမှာ မတင်မကျ ဖြစ်နေတာကြီးကို ပြောရဦးမယ်”

“ဘာများတုန်းကွ၊ ပြောစမ်းပါဦး”

“ဒီလိုပါ ဦးလေး။ အခု လောလောဆယ်ဖြစ်နေတဲ့ အဖြစ်ဆိုး အခြေအနေဆိုးတွေကို ဦးလေးလည်း သိသားပဲ။ အဲဒီအခြေအနေတွေက လွတ်မြောက်နိုင်ဖို့နဲ့ ပြောင်းလဲမှုတွေ ဖြစ်နိုင်ဖို့ နည်းလမ်းမျိုးစုံ လမ်းစမျိုးစုံကို ကျနော်တို့တတွေ (တတိုင်းပြည်လုံးက ပြည်သူတွေ) ရှာဖွေ မျှော်လင့်နေကြတာ နှစ်တွေ ဘယ်လောက်ကြာနေပြီလဲ ဦးလေးရာ။ အဲဒီထဲက တစ်ခုဖြစ်တဲ့ ကမ္ဘာ့ကုလသမဂ္ဂမှာ မြန်မာပြည်အရေးကို အရေးတယူဆွေးနွေးကြဖို့၊ ပြီးတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချဖို့ အော်ရတာတွေ မျှော်ရတာတွေ အဲဒါတွေနဲ့ လည်တဆန့်ဆန့်ဖြစ်နေတာ နှစ်ပေါင်းဘယ်လောက်ကြာပြီလဲ ဦးလေးရာ။ အခုလည်း လည်တဆန့်ဆန့် ဖြစ်နေဆဲပဲ မဟုတ်လား”

“အမယ် … ငါ့တူကြည့်ရတာ အတော် မကျေမနပ် ဖြစ်နေပုံရတယ်။ အသံတွေ ဘာတွေတောင် တုန်လို့။ ဒီလိုရှိတယ် ငါ့တူရ။ ဒီကမ္ဘာကြီး အဘက်ဘက်က သာယာဝပြောအောင်၊ တည်ငြိမ်အေးချမ်းအောင် ရည်ရွယ်ချက်နဲ့ ဖွဲ့ထားတဲ့ ဒီကမ္ဘာ့ကုလသမဂ္ဂဟာ ဘယ်တုန်းကမှ (ကိုယ်နဲ့မဆိုင်သလို) လက်ပိုက်ကြည့်နေခဲ့တာ မဟုတ်ပါဘူးကွာ။ အခုလည်း အတတ်နိုင်ဆုံး လုပ်ကြမှာပါ။ ငါ့တူ မယုံရင် ကြည့်နေပါ”

“အင်းလေ၊ ဦးလေးက အခုလို နှစ်သိမ့်တော့လည်း ကျနော်တို့မှာ မျှော်နေရုံပဲ ရှိတာပေါ့နော်။ လည်ပင်းတွေလည်း ညောင်းလှပါပြီဗျာ”

“ကဲ … ကဲ … တံဆိပ်ခေါင်းတွေဆီ ဆက်ကြရအောင်ဟေ့။ အောက်မှာ အဖွဲ့အစည်း အများကြီးရှိတာ ငါ့တူ သိတယ်နော်။ အဲဒီထဲက တစ်ခုဖြစ်တဲ့ ယူနီဆက် – ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF- United Nations International Children’s Fund) ရဲ့ နှစ်ပတ်လည်နေ့တွေမှာ ထုတ်ခဲ့တဲ့ တံဆိပ်ခေါင်းတွေ ကြည့်ပါဦး”


၁၉၆၁ ခုနှစ်ထုတ် ယူနီဆက် ၁၅ နှစ်မြောက် အထိမ်းအမှတ် တံဆိပ်ခေါင်း နှင့် First Day Cover

ဒီဇိုင်း – ဦးမြ၊ (အင်္ဂလန်တွင် ပုံနှိပ်သည်)


၁၉၇၁ ခုနှစ်ထုတ် ယူနီဆက် ၂၅ နှစ်မြောက် အထိမ်းအမှတ် တံဆိပ်ခေါင်း ၂ မျိုး

ဒီဇိုင်း – သင်းသင်းအေး၊ (အင်္ဂလန်တွင် ပုံနှိပ်သည်)

၁၉၉၆ ခုနှစ်ထုတ် ယူနီဆက် နှစ် ၅ဝ အထိမ်းအမှတ် တံဆိပ်ခေါင်း ၃ မျိုး နှင့် First Day Cover

ဒီဇိုင်း – ကျော်စွာ၊ (မြန်မာပြည်တွင် ပုံနှိပ်သည်)



၁၉၉ဝ ပြည့်နှစ်ထုတ် UNDP (ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်) နှစ် ၄ဝ မြောက် အထိမ်းအမှတ်တံဆိပ်ခေါင်း

ဒီဇိုင်း – ဦးကျော်ကျော်ဝင်း၊ (မြန်မာပြည်တွင် ပုံနှိပ်သည်)

“အဲဒါတွေအပြင် တခြားနိုင်ငံတွေက ထုတ်တာတွေကိုလည်း ငါ့တူကို ပြရဦးမယ်”



၁၉၉၅ – UN နှစ် ၅ဝ ပြည့် (တရုတ်ပြည်)



၁၉၇ဝ – UN ၂၅ နှစ်ပြည့် (သီရိလင်္ကာ)


၁၉၅၃ ကမ္ဘာ့ကုလသမဂ္ဂနေ့ အောက်တိုဘာ ၂၄ (ထိုင်း)

၁၉၅၈ ကမ္ဘာ့ကုလသမဂ္ဂနေ့ (ထိုင်း)

“ကမ္ဘာ့ကုလသမဂ္ဂ လို့ပြောလိုက်တာနဲ့ တပြိုင်နက် တို့မြန်မာပြည်သူပြည်သားတွေရဲ့ နှလုံးသားမှာ ပထမဆုံး ပေါ်လာတာက ဦးသန့်ပဲကွ။ ထူးထူးခြားခြား တို့မြန်မာပြည်က ပေါ်ထွက်ခဲ့တဲ့ သားကောင်းရတနာတစ်ပါးပေါ့ကွာ။ UN အထွေထွေအတွင်းရေးမှူးချုပ် (အခုအချိန်ထိ) ၈ ဦး ဆောင်ရွက်ခဲ့တဲ့အထဲမှာ တို့နိုင်ငံသားတစ်ယောက်ပါခဲ့တာ ဘယ်လောက်ဂုဏ်ယူဖို့ကောင်းသလဲ။ အဲဒီတုန်းက ‘ကမ္ဘာမှာ မြန်မာဟေ့’ လို့ ကြွေးကြော်ခဲ့ကြတာပေါ့”

“ဟီးဟီး … အခုမတော့ အဲဒီ ဦးလေးတို့ ဟိန်းနေအောင် ကြွေးကြော်ခဲ့တဲ့ အသံလှိုင်းကြီးဟာ ပဲ့တင်သံ တိုးတိုးသဲ့သဲ့လေးတောင် မကျန်ရစ်လေတော့တာ တကယ့်ကို ဝမ်းနည်းစရာ မကောင်းဘူးလား ဦးလေးရာ၊ ဟင်”

“ဟ … ငါ့တူရ။ ဝမ်းနည်းရုံတင်မက ရှက်ဖို့တောင် ကောင်းသေးတယ်ကွ။ အခုမတော့ကွာ။ ‘တို့ကတော့ … မရှက်ရေးချ မရှက်ပေါင်’ ဆိုပြီး မရှက်တဲ့ကောင်တွေက များနေတော့ … ဟူး”

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်ရှေ့မှ ရုပ်တုတစ်ခု

အထွေထွေအတွင်းရေးမှူးချုပ် ၈ ဦး၏ ဓာတ်ပုံများ ပြသထားပုံ

(ဦးသန့်) (၁၉ဝ၉ – ၁၉၇၄)

ဦးသန့်လက်မှတ်

“ဦးသန့်က (၁၉၆၁ ကနေ ၁၉၇၁ အထိ) ၁ဝ နှစ် အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၄ က နယူးယောက်မှာ ကွယ်လွန်ခဲ့တယ်။ ကွယ်လွန်တော့ အသက် ၆၅ နှစ်ပဲ ရှိသေးတာကွ။ သူ့ရဲ့ ရုပ်ကလာပ်ကို မြန်မာပြည်ကို ပြန်သယ်လာတော့ ‘ဦးသန့်အရေးအခင်း’ ဆိုတဲ့ ကျောင်းသားနဲ့ လူထုအုံကြွမှု ဖြစ်ခဲ့တာပေါ့။ ဦးလေးက အဲဒီတုန်းက တက္ကသိုလ်မှာ တက်နေတုန်းပဲ။ ‘ဆင်ဖြူမျက်နှာ ဆင်မည်း မကြည့်ဝံ့ရှာ’ ဆိုတဲ့ စကားလုံးတွေလည်း တို့ပြည်သူတွေရဲ့ ကြားထဲမှာ မေးငေါ့ရင်း ရေပန်းစားခဲ့တာပေါ့ကွာ။ ဦးသန့်နဲ့ ဦးနေဝင်းကို နှိုင်းယှဉ်ပြီး ပြောကြတာလေ”

“ဦးသန့်ရဲ့ လက်မှတ်ကလည်း ချစ်စရာကလေး။ အင်္ဂလိပ်လို မောင်သန့် (MAUNG THANT) တဲ့နော်။ အခုမှပဲ မြင်ဖူးတော့တယ်”

“အေး … သူရေးခဲ့တဲ့ စာအုပ်တွေ၊ သူ့အကြောင်းကို တခြားသူတွေ ရေးထားတဲ့စာအုပ်တွေလည်း မြန်မာလိုရော အင်္ဂလိပ်လိုပါ အများကြီးရှိတယ်ကွ။ ဒါပေမယ့် အစိုးရက ထုတ်ဝေခွင့် မပေးဘူးကွာ။ အင်း … တို့တတွေ လွတ်လပ်ရေးရမှပဲ တဝကြီး ဖတ်ကြရတော့မှာပဲ”

“အဲဒီအခါကျရင် ဦးသန့်ပုံနဲ့ တံဆိပ်ခေါင်းလည်း ထုတ်ရဦးမယ်နော်”

“အေးပေါ့ကွ၊ ထုတ်ရမှာပေါ့။ ဒါပေမယ့် စောစောက မင်းပြောသလိုပဲ လည်တဆန့်ဆန့်နဲ့ မျှော်ကြဦးစို့ကွာ”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts