>saya pe’s words

>

နိုင်ငံရေးနဲ့ စာပေအနုပညာ (၅)

အချုပ်တန်းဆရာဖေ၏ သြဝါဒ

ထိန်လင်း

စက်တင်ဘာ ၇၊ ၂၀၀၈

မြန်မာပြည်ရဲ့ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် အာဏာရှင်တွေရဲ့ ရက်ရက်စက်စက် ဖိနှိပ်မှုတွေကို တွေ့နိုင်သလို တော်လှန်သူတွေကြားက မညီညွတ်မှုတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ မတူညီမှုတွေကို ညီညွတ်အောင် လုပ်နိုင်ခြင်းကိုက တကယ်တန်ဖိုးရှိတဲ့ ညီညွတ်ရေးဖြစ်တယ် ဆိုပေမယ့် မညီညွတ်မှုတွေကြောင့် ဖြစ်ပေါ်ရတဲ့ ဆုံးရှုံးမှုတွေကတော့ သမိုင်းနဲ့ချီပြီး နစ်နာလှပါတယ်။ အထူးသဖြင့် အလိုတော်ရိ ဆိုတဲ့ အာဏာရှင်များရဲ့ လက်ပါးစေတွေ ဘက်တော်သားတွေ များပြားနေမယ်၊ ပြည်သူကျောမွဲတွေအပေါ် ဖိနှိပ်သူတွေ များပြားနေမယ်ဆိုရင် အများလိုလား တောင့်တတဲ့ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး ဆိုတာတွေက ဝေးသထက် ဝေးနေဦးမှာပဲ ဖြစ်ပါတယ်။

မညီညွတ်ရခြင်းနဲ့ ပတ်သက်တဲ့ အခြေခံအကြောင်းတွေကို စဉ်းစားကြည့်တဲ့အခါ မတူညီတဲ့ စိတ်ဓာတ်တွေကို တွေ့ရပါလိမ့်မယ်။ အထူးသဖြင့် ယုံကြည်ချက်ကြောင့် မိမိရပ်တည်ချက်ကနေ လုံးဝ မရွေ့ဘဲ ကြံ့ကြံ့ခံနေသူတွေနဲ့ မိမိရဲ့ကိုယ်ကျိုးအပေါ်မှာ ရပ်တည်နေသူတွေ ဆိုပြီး ကွဲပြားကြတာတွေက မညီညွတ်ခြင်းကနေ ရန်ဘက်အသွင်ကိုတောင် ဆောင်တတ်ပါတယ်။ ဒီအကြောင်းတွေကို စဉ်းစားရင်း အချုပ်တန်းဆရာဖေရဲ့ ထင်ရှားတဲ့ တေးထပ်တစ်ပုဒ်အကြောင်း သတိရလိုက်မိပါတယ်။

အချုပ်တန်းဆရာဖေ ဆိုတာ ကုန်းဘောင်ခေတ်နှောင်းပိုင်းမှာ စာဆို ဦးပုည နဲ့ ခေတ်ပြိုင် ထင်ရှားခဲ့တဲ့ စာဆိုတစ်ဦးဖြစ်ပြီး တေးထပ်များအစပ်အဖွဲ့ ကောင်းသူဖြစ်ပါတယ်။ သူဟာ အချုပ်တန်းလို့ ခေါ်တဲ့ မန္တလေးမြို့ရိုး တောင်ဘက်ကျုံးထိပ်မှာရှိတဲ့ အချုပ်တန်းခေါ် မြင်းကုန်းနှီးတန်းမှာ နေထိုင်ခဲ့တဲ့အတွက် နောင် ထင်ရှားလာတဲ့အခါ နေခဲ့တဲ့အရပ် အချုပ်တန်းဆရာဖေ လို့ အမည်တွင်ခဲ့တာ ဖြစ်ပါတယ်။ အချုပ်တန်းဆရာဖေဟာ သူရသတ္တိနဲ့ ပြည့်စုံတဲ့အပြင် မျိုးချစ်စိတ်ဓာတ်လည်း ပြည့်စုံသူဖြစ်ပါတယ်။ သူဟာ အသက် ၂၆ နှစ် အရွယ်လောက်က စပြီး မက္ခရာမင်းသားဆီမှာ အမှုတော်ထမ်းခဲ့ရပါတယ်။

အဲဒီအချိန်မှာ အင်္ဂလိပ်က အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ထားပြီးပါပြီ။ မြန်မာသက္ကရာဇ် ၁၂၂၉ ခုနှစ်မှာ ရန်ကုန်အရေးပိုင် ကာနယ်ဖိုက်ခ်ျ မန္တလေးနေပြည်တော်ကို ရောက်လာပါတယ်။ မန္တလေးမှာ ရှိတုန်း ရွှေထီး ၂ လက် မိုးခွင့်ပေးဖို့ ခွင့်တောင်းတဲ့အတွက် မင်းတုန်းမင်းက ခွင့်ပြုလိုက်ရပါတယ်။ ဒါကို အချုပ်တန်းဆရာဖေ အပါအဝင် နန်းတွင်းသားတွေက မကျေနပ်ကြပါဘူး။

သက္ကရာဇ် ၁၂၃၆ ခုနှစ်မှာ အိန္ဒိယဘုရင်ခံချုပ် လော့ ဂျွန်လောရင့်စ် ဟာ စင်္ကာပူကျွန်းကို တိုင်းခန်း လှည့်လည်ပါတယ်။ အဲဒီလို တိုင်းခန်းလှည့်လည်တဲ့အခါ မြန်မာဘုရင်တွေ ထွက်တော်မူကြီး ထွက်တဲ့နည်းတူ ပြသာဒ်တင် ယာဉ်ပေါင်းချုပ်ကြီးပေါ်မှာ ထီးဖြူ ၂ လက် ဆောင်းပြီး ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား လှည့်လည်ပါတယ်။ ဒါကို အင်္ဂလိပ်သတင်းစာတွေမှာ ဖော်ပြတဲ့အတွက် ဆရာဖေ အပါအဝင် မြန်မာမျိုးချစ်တွေက မခံမရပ်နိုင်ဖြစ်ကြပါတယ်။ ဒီလို တိုင်းခန်းလှည့်လည်ခဲ့တဲ့ ဘုရင်ခံချုပ်ဟာ ကပ္ပလီကျွန်းအရောက်မှာ အမြင်ကတ်လို့လား၊ တကယ်ပဲ စိတ်မနှံ့သူလား မသိရတဲ့ အကျဉ်းသားတစ်ယောက်က ဓား နဲ့ ထိုးလိုက်တဲ့အတွက် ဒဏ်ရာ အပြင်းအထန်ရပြီး စင်္ကာပူဆေးရုံကို ပို့လိုက်ရပါတယ်။

အချုပ်တန်းဆရာဖေဟာ ဒီဖြစ်ရပ်ကို ကြားကြားချင်း ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ‘ဘုရင်ကိုတုတဲ့သူ ခွေးသေ သေပြီ’ ဆိုတဲ့သဘော ချက်ချင်း တေးထပ်တစ်ပုဒ် စပ်ဆိုလိုက်ပါတယ်။ ဒါကို မန္တလေးမြို့မှာရှိတဲ့ အင်္ဂလိပ်ကိုယ်စားလှယ် တွဲဖက်ရုံးက မကျေမနပ်ဖြစ်ပြီး ဘုရင်ခံကို ခွေးနဲ့နှိုင်းတဲ့အတွက် မြန်မာဘုရင်က အရေးယူပေးဖို့ တိုင်တန်းခဲ့တာကြောင့် မင်းတုန်းမင်းက ဆရာဖေကို ဟန်ပြ အရေးယူခဲ့ပါတယ်။

ဒီလို မျိုးချစ်စိတ်ရှိတဲ့ အချုပ်တန်းဆရာဖေဟာ သီပေါမင်း ပါတော်မူပြီး မင်းနေပြည်တော်တစ်ခုလုံး အင်္ဂလိပ်လက်အောက် ကျရောက်ပြီးတဲ့နောက် အင်္ဂလိပ်တွေရဲ့ အချုပ်အချယ်တွေကြားမှာ မနေချင်တော့လို့ ကွယ်လွန်ချိန်အထိ ရှမ်းပြည်ကို ပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ်။ သူ့ရဲ့ အတ္ထုပ္ပတ္တိမှာတော့ သင်္ကြန်ပွဲတစ်ခုမှာ ရေပက်ခံလိုက်ရရာက အအေးမိ အပြင်းဖျားပြီး ကွယ်လွန်ခဲ့ရတယ်လို့ဆိုပါတယ်။

တိုင်းပြည် တပါးသူရဲ့ လက်အောက် ကျရောက်တာကို မနှစ်သက်တဲ့ ဆရာဖေဟာ မြန်မာလူမျိုးအချင်းချင်း မညီမညွတ်ဖြစ်ကြတာ၊ ကိုယ့်အပေါ်မတရား အုပ်ချုပ်နေသူတွေကို စက်ဆုပ် ရွံရှာရမယ့်အစား ကပ်ပါးရပ်ပါး လုပ်ကြတာတွေကိုလည်း မနှစ်မြို့ပါဘူး။ ဒါကြောင့် ဒီလိုလူတွေကြောင့် အမျိုးကိုပါ ဆဲချင်တဲ့အကြောင်း တေးထပ်တစ်ပုဒ်ကို အခုလို ရေးသားခဲ့ပါတယ်။

မြန်မာတွေစည်းကမ်းဖောက်လို့

ထီးနန်းပျောက် ဖြစ်ပြီ၊

မှီးငြမ်းထောက်အသစ်မှီသည်

ညစ်ပလီလူမျိုး၊

မိပစ်လို့ ဖရှောင်သွေတယ်

ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး။

ဗမာချင်းတော့ ကြွားကြချင်

ဓားပြပင် သူခိုး

ကုလားမြင် သူ့အမေရိုးတော့မလိုပ

ခုမြေရှိုး ပုန်းရှောင်

မိုက်မနော် ပြုမဟေးတို့က

သူ့ပထွေးတော့ ခွေးသို့ မဟောင်၊

ပြောရော့ဟဲ့ ရာဇဝင်ပြောင်အောင်

ဆာသင်တောင် ဒူးချလို့

ပလူးရ ပြေးကျို့ကာ ခွေးသို့ပမာ

တွေးမိတိုင်း အရိုးနာသည်

အမျိုးပါ ဆဲချင်တော့လေး။

ကိုလိုနီအစိုးရရဲ့ အောက်ခြေအရာရှိလောက်ကို ခယပြီး ကိုယ်ကျိုးရှာခဲ့တဲ့ မြန်မာတွေကို အမြင်ကတ်လို့ ဒီတေးထပ်ကို ရေးသားခဲ့တဲ့ ဆရာဖေဟာ အင်္ဂလိပ် ကိုလိုနီခေတ်ဦးပိုင်းကိုသာ မြင်တွေ့ခဲ့ရသူ ဖြစ်ပါတယ်။ တကယ်လို့သာ အင်္ဂလိပ်ခေတ် ဂျပန်ခေတ်တွေမှာ မြန်မာပြည်သားတွေအပေါ် သစ္စာဖောက်ခဲ့ကြတဲ့ အလိုတော်ရိတွေကို တွေ့မြင်ခဲ့မယ်ဆိုရင် ဒီထက် အသုံးအနှုန်းကြမ်းတဲ့ အရေးအသားမျိုးတွေ ရေးလေမလားလို့ တွေးကြည့်မိပါတယ်။ တဆက်တည်းမှာပဲ အာဏာရှင်စနစ်ကနေ ကျော်လွှားဖို့ ကြိုးစားနေကြတဲ့ ဒီကနေ့ခေတ်မှာ ‘သခင်အားရ ကျွန်ဒဏ်ဝ’ သဘောမျိုး လုပ်ကိုင်ဆောင်ရွက်နေကြသူတွေကို ဆရာဖေ တွေ့ခဲ့မယ်ဆိုရင် ဘယ်လို ကလောင်လက်နက်မျိုးတွေနဲ့ ပစ်ခွင်းလေမလဲ ဆိုတာကိုလည်း တွေးတောနေမိပါတယ်။


ထိန်လင်း (၃၊ ၉၊ ၂ဝဝ၈)

၂ဝဝ၈ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts