>Letters from Michigan – 67

>

မစ်ရှီဂန်ကပေးတဲ့စာ (၆၇)
အောင်ဝေး
မေ ၈၊ ၂၀၁၁

မိတ်ဆွေကြီးကိုဒေါင်း …
ကျန်းကျန်းမာမာရှိပါစဗျာ။ ဒီတခါ ကျနော်ငယ်စဉ် စစ်တပ်ထဲမျာနေခဲ့ရတုန်းက ကြားခဲ့ရဖူးတဲ့စကားလေးတခွန်း နဲ့ စလိုက်ပါရစေ …။ အဲဒီစကားလေးကတော့ “ငါ့သားများ သူ့ကိုတွေ့ရင် ပြောလိုက်ကြပါ” ဆိုတဲ့စကားပါပဲ။

ဒီစကား ၀ါကျအပြည့်အစုံကိုတွေ့ခဲ့ရတာကတော့ … ကွယ်လွန်သွားပြီဖြစ်တဲ့ ကဗျာဆရာကြီး ထီလာစစ်သူရဲ့ ‘‘စီးဆင်းရစ်လေဦး ဧရာဝတီ” လုံးချင်းဝတ္ထုကြီးအဖွင့်မှာပါ။

‘‘ငါ့သားများ သူ့ကိုတွေ့ရင်ပြောလိုက်ကြပါ။ စစ်တပ်ဆိုတာ၊ ယောက်ျားကောင်း၊ ယောက်ျားမြတ်တွေကို၊ မွေး ထုတ်ပေးရာ ကျောင်းတော်ကြီး တခုပါပဲလို့”

ကျနော့်ဘ၀ဟာ စစ်မတိုက်ဖူးရုံတမယ်၊ ပဲဟင်း၊ ငါးပိချက်နဲ့ စစ်တပ်ထဲမှာကြီးပြင်းလာခဲ့တာပါ။ အဖေက စစ် သားဆိုတော့၊ ကျနော့်ကို ညောင်လေးပင်မြို့က စစ်တန်းလျားတခုမှာ မွေးဖွားခဲ့တယ်။ ပြည်တွင်းစစ်ကြီးထဲမှာ ကျနော်လူလားမြောက်လာတယ်။ တော်လှန်ရေးကောင်စီခေတ်ထဲမှာ ကျနော်အရွယ်ရောက်လာပြီ။ ဟော … မဆလ ခေတ်ထဲလည်းရောက်ရော၊ ကျနော်သူပုန်ဖြစ်သွားရောဆိုပါတော့ ကိုဒေါင်းရေ ….။

ကျနော်ဟာ စစ်တပ်ထဲမှာ၊ စစ်ဗိုလ် စစ်သားတွေကြားမှာ အကြာကြီးနေခဲ့ဖူးတယ်။ ညောင်လေးပင်၊ ပဲခူး၊ ပုသိမ်၊ အဖေ တပ်ပြောင်းရွှေ့ရာမြို့ တွေမှာ ကျနော်နေခဲ့ဖူးတယ်။ ပုသိမ်မှာ ကျနော် ကျောင်းစနေတယ်။ ပုသိမ်မှာပဲ ကျနော်ပထမဆုံးအကြိမ် ထောင်ထဲရောက်သွားတယ်။ ၁၉၇၆ ပုသိမ်ကောလိပ် မတ်လအရေးအခင်း၊ မှိုင်း ရာပြည့်အရေးအခင်းတွေနဲ့ ပုသိမ်အကျဉ်းထောင်ထဲရောက်သွားတဲ့အထိ၊ ကျနော် စစ်တပ်ထဲမှာပဲနေနေတုန်း ပါ။

တိုတိုပြောရရင် နိုင်ငံရေးပုဒ်မ ၅ (ည) နဲ့ ကျနော့်ကို ပုသိမ်ထောင်ထဲထည့်၊ ကြိုးတိုက်ထဲမှာထား၊ တညအိပ် တမိုးသောက်၊ နောက်တနေ့ ထောင်ပုံစံ ပဲဟင်းနဲ့ လုံးတီးထမင်းစားရတဲ့အချိန်မှာ၊ ကျနော်ပထမဆုံးပြေးပြီး သတိရလိုက်တာကတော့ ‘‘ငါ့သားများ သူ့ကိုတွေ့ရင်ပြော လိုက်ကြပါ” ဆိုတဲ့ ထီလာစစ်သူဝတ္ထုထဲကစာ သားတွေပဲ ကိုဒေါင်းရေ …။

ဒီတုန်းက ကျနော် (၂၂) နှစ်သား၊ မြန်မာစာတတိယနှစ်နဲ့ ထောင်ထဲရောက်လာတာ၊ ကျနော်အစစအရာရာကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင် ခဲ့ပါတယ်ဗျာ။ အကျဉ်းထောင်ထဲမှာ ခိုင်ခိုင်မာမာ ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့ပါတယ် ဗျာ။ ဒါတွေဟာ အနှစ် (၂၀) ကျော်လုံးလုံး၊ စစ်တပ်ထဲမှာ တူသား ပေသားကျကျ နေထိုင်ကြီးပြင်းလာခဲ့တဲ့ အတွေ့အကြုံကြောင့်လည်းပဲ ပါလေမလားပေါ့ ….။ စဉ်းစားကြည့်မိတာပါ။

ကျနော့်ဘ၀က၊ စစ်သားသားသမီးဘ၀ကနေ၊ ကျောင်းသားနိုင်ငံရေးဘ၀၊ ကဗျာဆရာဘ၀တွေကိုတက်လာခဲ့ တဲ့သူဖြစ်လေတော့၊ ကျနော် ရင်ဆိုင်ခဲ့ရတဲ့လောကဓံက၊ တခြားသူတွေရဲ့လောကဓံနဲ့ မတူချင်ဘူးဗျာ။

ဥပမာဆိုပါတော့ …. ပုသိမ်ကောလိပ် မတ်လအရေးအခင်းနဲ့ မှိုင်းရာပြည့်လှုပ်ရှားမှုမှာ ကျနော်၊ ဦးဆောင်တဲ့ ထိပ်ပိုင်းကပါလာတော့၊ ပထမပိုင်းမှာ ကျောင်းသားတချို့က၊ ကျနော့်ကို စစ်တပ်အသိုင်းအ၀ိုင်းကဆိုပြီး သိပ်မ ယုံကြည်ချင်ခဲ့ကြဘူး။နောက်တော့မှ သူတို့သဘောပေါက်ပြီး လက်ခံသွားကြတာ။ ဒီလိုမျိုးလည်း သံသယ အ၀င်ခံရဖူးပါတယ်။

နောက်တမျိုးက၊ နိုင်ငံရေးအမှုတွေရဲ့ ထုံးစံအတိုင်း၊ ပုသိမ်မြို့က၊ အမှတ် (၄) စစ်ထောက်လှမ်းရေးတပ်၊ စစ်ကြောရေးစခန်း၊ အမှောင် ခန်းထဲရောက်သွားတော့၊ အဲဒီမှာ စစ်သားသားသမီးဖြစ်နေလို့ တချက်ပို အထောင်းခံရတဲ့အဖြစ်နဲ့ ကြုံပြန်ရော ကိုဒေါင်းရေ …။

ထောက်လှမ်းရေး (၄) မှာ ကျနော့်ကိုလာစစ်တဲ့၊ အဲဒီတုန်းက၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) ဒုတိယတိုင်းမှူးဖြစ်တဲ့ ချင်းတိုင်းရင်းသားဗိုလ်မှူးကြီးဟာ၊ ကျနော့်ကိုလှိမ့်ပြီး ဆူပူကြိမ်းမောင်းတော့တာပဲ။ စစ်သားသားသမီးတယောက်ဖြစ်ပြီး၊ အစိုးရကိုဆန့်ကျင်ရသလား ပေါ့။ ကိုဒေါင်းရေ … စစ်သား သားသမီးဖြစ်ေ န လို့ တချက်ပိုအရိုက်ခံရတယ်ဆိုတာ အဲဒါပါပဲ။

ကျနော့်ဘ၀က အဲဒီလိုသံသယလည်း အ၀င်ခံဖူးပြီ။ တချက်အပိုရိုက်တာလည်း ခံဖူးပြီ။ စစ်တပ်နဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေ ကျနော် အများကြီးရခဲ့ပြီ။ အဲဒီအတွေ့အကြုံတွေထဲကနေ၊ အခုကျနော်ပြောမယ်။

ကိုဒေါင်း၊ ဟိုတလောက၊ တော်လှန်တဲ့ တပ်မတော်သားတွေဖွဲ့စည်းလိုက်ကြတဲ့ ‘‘မျိုးချစ်မြန်မာ့တပ်မတော်သား များကွန်ရက်” အကြောင်း ကျနော်တို့ ကြားလိုက်ရတယ်။ ကျနော်ချက်ချင်းပဲ သူတို့ကိုထောက်ခံအားပေးမိတယ် ကိုဒေါင်း။

သူတို့ဟာ အမှန်တရားမြတ်နိုးတဲ့စစ်သားကောင်းတွေဖြစ်တယ်။ သူတို့ဟာ တိုင်းပြည်နဲ့လူမျိုးအကျိုးကိုကြည့်တဲ့ စစ်သားမြတ်တွေဖြစ်တယ်။ သူတို့ဟာ “ပြည်သူသာအမိ၊ ပြည်သူသာအဖ” ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းစဉ် ကို၊ ဦးထိပ်ပန်ဆင်တဲ့ ယောက်ျားကောင်း၊ ယောက်ျား မြတ်တွေဖြစ်တယ်။ ကျနော်တို့အားလုံး သူတို့ကို ၀ိုင်း ၀န်းကြို ဆိုထောက်ခံရမယ် ကိုဒေါင်း။

ကိုဒေါင်းရေ … ကျနော့်လိုပဲ၊ အခြားအခြားသော စစ်သားသားသမီးတွေလည်း၊ စစ်တပ်ထဲမှာ နှစ်ပေါင်းများ စွာနေထိုင်ကြီးပြင်းလာပြီးမှ၊ အစိုးရကိုဆန့်ကျင်တဲ့ဘက်ရောက်သွားတာကတော့၊ အမှန်တရားမြတ်နိုးလို့ပဲ။ ဆဲဗင်းဂျူလိုင်စိတ်ဓာတ်နဲ့ ခွပ်ဒေါင်းအလံတော်ကို ရိုသေလေးစားလို့ပဲ။

ဒီလိုပဲ … ၁၉၇၆ တုန်းက၊ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ ပုန်ကန်မှုဖြစ်တာ၊ ရှစ်လေးလုံးအရေးတော်ပုံမှာ၊ ကြည်း -ရေ-လေ တပ်မတော်သား တွေ၊ပြည်သူနဲ့ပူးပေါင်းခဲ့တာ၊ အခုမြန်မာပြည်အကျဉ်းထောင်တွေထဲမှာ ဗိုလ်မှူးေ ဟာင်း ၀င်းနိုင်ကျော် သေဒဏ်ပေးခံထားရတာ၊ လေတပ်ဗိုလ်ကြီးဟောင်း ဇော်ညွှန့်ပြစ်ဒဏ်ချခံထားရတာ၊ မနေ့ တနေ့က ဗိုလ်ကြီးဟောင်း နေမျိုးဇင် အဖမ်းခံလိုက်ရတာ၊ ထောင်တွေထဲမှာ တပ်မှူး တပ်သားဟောင်းတွေ အများကြီးချုပ်နှောင်ခံနေရတာ၊ ဒါတွေဟာ တပ်မတော်သားတွေရဲ့ စစ်ကျွန်ဘ၀ကလွတ်လိုတဲ့စိတ်၊ ပြည်သူ့ ဘ၀ကို စာနာနားလည်တဲ့စိတ်၊ ဒီမိုကရေစီလိုလားတဲ့စိတ်တွေအရင်းခံကြောင့်ပဲ ကိုဒေါင်း။

ဒါကြောင့် ကျနော်ကတော့ တိုးတက်တဲ့တပ်မတော်သားတစုရဲ့ ‘‘မျိုးချစ်မြန်မာ့တပ်မတော်သားများကွန်ရက်” ကို လှိုက်လှိုက်လှဲလှဲကြိုဆို ထောက်ခံတယ်။ သူတို့ကွန်ရက်ကြီး အမြန်ဆုံးကြီးထွားအောင်မြင်လာအောင်၊ တပြည် လုံးက ၀ိုင်းဝန်းကူညီကြဖို့လိုပြီ ကိုဒေါင်းရေ။

အားလုံး ကျန်းမာချမ်းသာကြပါစေဗျာ။
အောင်ဝေး
ဧပြီ ၁၉၊ ၂၀၁၁။

မူရင်း – လွတ်လပ်သည့်အာရှအသံ- www.rfa.org/burmese

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts