>Interview with Aung Moe Zaw, VOA

>

လူဘောင်သစ်ပါတီ ဥက္ကဋ္ဌ ကိုအောင်မိုးဇော်နှင့် …

မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း (ဦးသန်းလွင်ထွန်း)

သြဂုတ်လ ၂၄ ရက် ၂၀၀၈ ခုနှစ် (ဗွီအိုအေ ညပိုင်းအစီအစဉ်)

သြဂုတ် ၂၄၊ ၂၀၀၈

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီဟာ မြန်မာနိုင်ငံကို ၆ ကြိမ်မြောက် သွားရောက်ခဲ့တဲ့ သူ့ရဲ့ခရီးစဉ်ကို စနေနေ့က အဆုံးသတ်ခဲ့ပါတယ်။ သူ့ရဲ့ခရီးစဉ်တွေအနက် ဒီခရီးစဉ်ဟာ အငြင်းပွားဖွယ်အဖြစ်ဆုံးလို့ ဆိုရပါလိမ့်မယ်။

မြန်မာစစ်အစိုးရဘက်က အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံခွင့်မရခဲ့သလို မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့ကို တွေ့ဆုံခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

တဖက်မှာလည်း သူဟာ စစ်အစိုးရက စီစဉ်ပေးတဲ့ စစ်အစိုးရ အလိုကျ အဖွဲ့အစည်းတွေနဲ့သာ တွေ့ဆုံမှုများခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုအချိန် နည်းပါးခဲ့လွန်းတာရယ် ဒါအပြင် စစ်အစိုးရရဲ့လမ်းပြမြေပုံ ၇ ချက်အတိုင်းပဲ ၂၀၁၀ ခု ရွေးကောက်ပွဲကို လုပ်ကိုင်ဖို့ပဲ ပိုပြီးတော့ တွန်းအားပေးတိုက်တွန်းမှုတွေလုပ်ခဲ့တာကြောင့် ပြည်တွင်း ပြည်ပ ဆန့်ကျင်မှုတွေကို ခံလာနေရပါတယ်။

ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ပြည်ပရောက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ ကျနော် ဆက်သွယ်ဆွေးနွေးထားပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အခု မစ္စတာဂမ်ဘာရီရဲ့ နောက်ဆုံးခရီးစဉ်ကို မအောင်မြင်မှုလို့ ပြောလို့ရှိရင်ကော ဦးအောင်မိုးဇော်နဲ့ သဘောတူလက်ခံနိုင်သလားခင်ဗျ။

ဦးအောင်မိုးဇော်။ ။ ကျနော်သဘောတူပါတယ် ခင်ဗျ၊ ကမ္ဘာ့ကုလသမဂ္ဂအနေနဲ့ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ်တယောက်အနေနဲ့ ဒီတခေါက်ခရီးစဉ်မှာ အနိမ့်ဆုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့ဖို့သင့်တယ်၊ အဲဒီလိုပဲ တဖက်ကလည်းပဲ နအဖ စစ်ခေါင်းဆောင်တွေနဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ သေသေချာချာ တွေ့ခဲ့ဖို့ သင့်တယ်။

ကျနော်တို့တိုင်းပြည်ရဲ့ ပြဿနာတွေကို ပြေပြေလည်လည်ဖြေရှင်းနိုင်ဖို့အတွက်ကို စစ်ခေါင်းဆောင်တွေကို သေသေချာချာ မက်ဆေ့ဂ်ျ ပေးခဲ့သင့်တယ်လို့ ကျနော်တို့အနေနဲ့တော့ ထင်ပါတယ်။

အဲဒီအခြေအနေ တွေ တခုကိုမှ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ်ဟာ မလုပ်နိုင်ခဲ့ဘူးဖြစ်တယ်။ ဒါကြောင့် ဒီခရီးစဉ် ဟာ မအောင်မြင်ဘူးလို့ ပြောလို့ရှိရင်လည်း ကျနော့်အနေနဲ့ သဘောတူပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ ဒီနေရာမှာ ဦးအောင်မိုးဇော်ပြောတဲ့နေရာမှာ တွေ့ခဲ့ဖို့သင့်တယ်ဆိုတဲ့ စကားလုံး ပေါ့နော်၊ အဲနေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ဆိုပြီးတော့ စောင့်ဆိုင်းခဲ့တယ်ဆိုတာလည်း ကျနော်တို့ သိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မစ္စတာဂမ်ဘာရီကို တွေ့ဖို့ ဆန့်ကျင်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ အတိအကျတော့ ကျနော်တို့မသိရဘူးပေါ့လေ၊ အဲဒါနဲ့ပတ်သက်လို့ကော ဦးအောင်မိုးဇော် တို့အနေနဲ့ ဘာတွေများကြားထားလဲခင်ဗျ။

ဦးအောင်မိုးဇော်။ ။ အခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည် ဘာ့ကြောင့်မတွေ့တာလဲဆိုတာကို ကျနော်တို့ မသိရပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့်မတွေ့တာလဲဆိုတာကို ကျနော်တို့ သေသေချာချာ သိဖို့ လိုပါလိမ့်မယ်။ ဒါမှလည်း ကျနော်တို့ရဲ့ သဘောထားအမြင်ကို ပြောဆိုလို့ရလိမ့်မယ်လို့ ကျနော်တော့ အဲဒီလိုထင်ပါ တယ်။

ဦးသန်းလွင်ထွန်း။ ။ ဒါဆိုလို့ရှိရင် တဖက်ကကျတော့လည်း ပြင်ပသတင်းတွေမှာ ရေးသားထားတဲ့ တချို့အချက် တချို့အရပေါ့နော်၊ ဒေါ်အောင်ဆန်းစုကြည်က မစ္စတာဂမ်ဘာရီအနေနဲ့ မြန်မာစစ်အစိုးရဘက်က ဆုံးဖြတ်ချက် တွေကို သေသေချာချာ ချမှတ်ပေးနိုင်စွမ်း၊ မူဝါဒတွေကို သေသေချာချာ ချမှတ်ပေးနိုင်စွမ်းရှိတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အရင်မတွေ့ဆုံဘဲနဲ့ သူနဲ့တွေလို့ကတော့ အပိုပဲဆိုတဲ့သဘောမျိုး ယူဆချက်ရှိလို့ မစ္စတာဂမ်ဘာရီကို မတွေ့ခဲ့တာလို့ ကျနော်တို့ကြားရပါတယ်။ ဒီနေရာမှာ မစ္စတာဂမ်ဘာရီအနေနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဖို့အခွင့်မရခဲ့တာနဲ့ ပတ်သက်လို့ရော ဘာတွေများကြားထားသလဲခင်ဗျ။

ဦးအောင်မိုးဇော်။ ။ ကျနော်အနေနဲ့ပြောချင်တာကတော့ နအဖစစ်ခေါင်းဆောင်တွေ အထူးသဖြင့် ဗိုလ်ချုပ်သန်းရွှေအနေနဲ့ပေါ့နော်၊ သူ့အနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂမှာ တစုံတရာ ကတိပေးလိုက်ရမယ့်ကိစ္စမျိုးကို ရှောင်တဲ့အနေနဲ့ မစ္စတာဂမ်ဘာရီကို မတွေ့တာပဲလို့ ကျနော်အနေနဲ့ ယူဆပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ ကုလသမဂ္ဂရဲ့အဓိကတာဝန်က မြန်မာနိုင်ငံမှာ နိုင်ငံရေးအရပြေလည်ဖို့၊ အမျိုးသား ရင်ကြားစေ့ရေးကိစ္စမှာ ကြားဝင်ဖျန်ဖြေရေးအတွက် ပါဝင်ရမယ့် အခန်းကဏ္ဍတခုအနေနဲ့ဆိုတော့ အထူးသဖြင့် မစ္စတာဂမ်ဘာရီရဲ့ အခန်းကဏ္ဍဟာလည်း နှစ်ဦးနှစ်ဘက် ထိပ်တိုက်ရင်ဆိုင်နေရတဲ့အကြားမှာ ကြားဝင် ဖျန်ဖြေပေးရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးကို တွန်းအားပေးဖို့ဆိုတော့ ဒီနေရာမှာ ကုလသမဂ္ဂရော မစ္စတာ ဂမ်ဘာရီအနေနဲ့ရော တဖက်က မြန်မာစစ်အစိုးရက တစိုက်မတ်မတ်လုပ်ဆောင်နေတဲ့ လမ်းပြမြေပုံ ၇ ချက် အတိုင်းသွားမယ်၊ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို မျှမျှတတ ဖြစ်ရေးဆိုပြီးတော့ တွန်းအားပေးဆောင်ရွက် သွားမယ်၊ ဒါတွေကို တွန်းအားပေးပြီးတော့ ဆောင်ရွက်လာတာကြောင့်မို့လို့ မြန်မာအတိုက်အခံတွေဘက်က အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က မကျေမနပ်ဖြစ်လာရတယ်ဆိုတဲ့ အချက်ကိုလည်း ကျနော်တို့ကြားရပါတယ်၊ အဲဒါနဲ့ပတ်သက် လို့ကော ဦးအောင်မိုးဇော်တို့အနေနဲ့ ဒီကိစ္စဟာ အထူးအလည် မကျေမနပ်ဖြစ်စရာလို့ မြင်သလားခင်ဗျ။

ဦးအောင်မိုးဇော်။ ။ ကျနော်အနေနဲ့တော့ မကျေမနပ်ဖြစ်စရာလို့မြင်ပါတယ်၊ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်အနေနဲ့ပဲဖြစ်ဖြစ် သူ့ကိုယ်စားလှယ်အနေနဲ့ပဲဖြစ်ဖြစ် သူတို့အဓိကထားပြီးတော့ အကောင် အထည်ဖော်သင့်တာက ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံအဆက်ဆက်က ချမှတ်ခဲ့တဲ့ ရီဆိုလူးရှင်းတွေ ပေါ့နော်၊ ဆုံးဖြတ်ချက်တွေ သူတို့ရဲ့ဆောင်ရွက်ချက်တွေက အထွေထွေညီလာခံအဆက်ဆက်က ချမှတ်ခဲ့တဲ့ ရီဆိုလူးရှင်းတွေနဲ့ ရောင်ပြန်ဟပ်သင့်တယ်လို့ ကျနော့်အနေနဲ့ထင်ပါတယ်။

အခြားတဖက်မှာလည်းပဲ ကျနော်တို့ တိုင်းပြည်ထဲမှာ တွေ့ဆုံဆွေးနွေးမှုတွေ ပေါ်ပေါက်လာဖို့ နောက် အမျိုးသားပြန်လည့်သင့်မြတ်မှုတွေ ပေါ်ပေါက် လာဖို့ဆိုတဲ့ကိစ္စမှာ ဆွေးနွေးဘက် တဖက်ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးတင်ဦးတို့ ကနေ့အထိ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတယ်၊ သူတို့ကို လွတ်အောင် လုပ်မပေးနိုင်ဘူး သူတို့နဲ့ နအဖ စစ်ခေါင်းဆောင်တွေနဲ့ကြားမှာ ဆက်စပ်မပေးနိုင်ဘူး ဆိုလို့ရှိရင် ကမ္ဘာ့ကုလသမဂ္ဂရဲ့ ကြိုးစား ဆောင်ရွက်မှုဟာ အောင်မြင်မှုရှိမှာ မဟုတ်ဘူး၊ အောင်မြင်တယ်လို့လည်း ပြောလို့ရမှာ မဟုတ်ပါဘူး။

ဦးသန်းလွင်ထွန်း။ ။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ အဆက်ဆက်ရဲ့ ရီဆိုလူးရှင်း ဆုံးဖြတ်ချက်တွေပေါ့ နော် ဒီဆုံးဖြတ်ချက်တွေက အကြိမ်ပေါင်းများစွာပေါ့နော် ၁၉၉၀ ရွေးကောက်ပွဲရဲ့ ရလဒ်ကို အသိအမှတ်ပြုပေးဖို့ ဆိုပြီးတော့ တောင်းဆိုခဲ့တာတွေရှိပါတယ်။ ဒါပေမယ့်လည်း မြန်မာစစ်အစိုးရဘက်က လိုက်နာခဲ့ခြင်းမရှိဘူးဆို တော့ ဒီဆုံးဖြတ်ချက်တွေဟာ ဘယ်ကိုမှ မရောက်ဘဲနဲ့ ရှေ့မတိုးနိုင်ဘဲနဲ့ ဖြစ်လာတဲ့အတွက်ကြောင့်မို့လို့ ကုလ သမဂ္ဂအနေနဲ့ ချဉ်းကပ်ပုံအသစ်တမျိုးပြောင်းပြီးတော့ တွန်းအားပေးလာတာမျိုးကော မဖြစ်နိုင်ဘူးလား ခင်ဗျ။

ဦးအောင်မိုးဇော်။ ။ ချဉ်းကပ်ပုံအသစ်နဲ့ တွန်းအားပေးတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ အဲလိုတွန်းအား ပေးမယ်ဆိုရင်လည်း အခြေခံအားဖြင့် တတိုင်းပြည်လုံးကကော နိုင်ငံတကာကရော အမျိုးသားပြန်လည်သင့် မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုတွေလုပ်ပါလို့ အကြိမ်ကြိမ်ပြောနေတာရှိပါတယ်။

အဲဒီလိုပဲ သက္ကရာဇ် ၂၀၀၇ ခုနှစ် စက်တင်ဘာလကဆိုလို့ရှိရင် ရဟန်းသံဃာတွေ သွေးမြေကျခံပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် တောင်းဆိုခဲ့တာတွေရှိတယ်၊ ဆိုတော့ အဲဒီလို အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက်လုပ်မယ်ဆို လို့ရှိရင် အဓိက အမျိုးသားပြန်လည် သင့်မြတ်ရေးမှာ ဆောင်ရွက်ရမယ့် ဇာတ်ကောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုတော့ သူတို့ လွှတ်ကိုလွှတ်ပေးရလိမ့်မှာဖြစ်တယ်။

အဲဒီလောက်ကိုမှာ ကမ္ဘာ့ကုလသမဂ္ဂက မဆောင်ကြဉ်း နိုင်ဘူးဆိုလို့ရှိရင် သူတို့ရဲ့မစ်ရှင်ဟာ ဖေးလ် ဖြစ်တယ်၊ သို့မဟုတ် သူတို့လုပ်ရမယ့်တာဝန်တွေကို အောင်မြင်အောင် မဆောင်ရွက်နိုင်ဘူးလို့ ကျနော်တို့ အဲဒီလို ပြောရလိမ့်မယ်ထင်တယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ ဒီနေရာမှာ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ အတိုက်အခံတွေနဲ့ ဆွေးနွေးရေးမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးရေးဟာ အဓိကဖြစ်တယ်ဆိုတာ ကုလသမဂ္ဂကလည်း အကြိမ်ကြိမ်ပြောထားပါတယ်၊

အဲဒါအပြင်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ အရေးအခင်းနောက်ပိုင်းမှာပေါ့နော်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေးကို အစပျိုးဖို့ဆိုပြီးတော့ မြန်မာအစိုးရဘက်ကလည်း ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်ကို ခန့်ပြီးတော့ ဆွေးနွေးရေးသဘောမျိုး အစပျိုးလုပ်ခဲ့တာရှိပေမယ့် နောက်ပိုင်း ဇန်န၀ါရီနောက်ပိုင်းမှာတော့ ကနဦး ဆွေးနွေးပွဲတွေတောင် ထပ်မဖြစ်တော့ဘူးဆိုတဲ့ အနေအထားမျိုး မှာရှိနေတော့ ဒီအခြေအနေဟာ ရှေ့ကိုရော ဆက်ရောက်နိုင်ပါ့ဦးမလား။

ဒီဆွေးနွေးပွဲဆိုတဲ့အလားအလာဟာ ကုလသမဂ္ဂအနေနဲ့ ဆက်တွန်းနိုင်ဖို့ဆိုတဲ့ အလားအလာကော ရှိသေးရဲ့လား။

ဦးအောင်မိုးဇော်။ ။ ကျနော့်အထင်ပေါ့နော်၊ အကယ်၍များ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သေသေချာချာ ဘိုင်းနင်းဖြစ်တဲ့ ရီဆိုလူးရှင်းတွေ ချမှတ်နိုင်မယ်၊ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အနေနဲ့ ကိုယ်တိုင် ကျနော်တို့တိုင်းပြည်ရဲ့ကိစ္စတွေကို ၀င်ရောက်ပြီးတော့ ဆောင်ရွက်မယ်၊ တပြိုင်နက်တည်းမှာပဲ ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေကို သေသေချာချာ သူနဲ့အတူတူ အလုပ်လုပ်နိုင်အောင်လို့ သူ သိမ်းသွင်းနိုင်မယ် ဆိုရင်တော့ ဆက်တွန်းနိုင်မယ့် အခြေအနေတော့ ရှိကောင်း ရှိနိုင်ပါတယ်။ သို့သော်လည်းပဲ ကျိန်းသေတာကတော့ ကနေ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နအဖ စစ်ခေါင်းဆောင်က တော်တော်သဘောထား တင်းမာနေတယ်၊

ကျနော်တို့ တိုင်းပြည်ရဲ့ပြဿနာတွေကို ပြေလည်အောင်ဖြေရှင်းနိုင်တဲ့ ဖြေရှင်းချင်တဲ့ စိတ်ဆန္ဒမရှိဘူးဆိုတာကို ကနေ့ အခြေအနေအထိ တွေ့နေရတယ်ဗျ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ ဒါပေမယ့် လက်ရှိအခြေအနေကို ခြုံငုံသုံးသပ်ရမယ်ဆိုလို့ရှိရင် လက်ရှိ အခြေအနေက ဘယ်လိုဖြစ်နေသလဲဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နဲ့ အခုလာမယ့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ အစီအစဉ်တွေအကြား အားပြိုင်မှုလို့ ပြောလို့ရနိုင်လိမ့်မယ်လို့ ကျနော်ထင်တယ်။

ဘာကြောင့်လည်းဆိုတော့ တဖက်ကလည်း ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပြင် မြန်မာအတိုက်အခံတွေကပေါ့နော်၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရဲ့ရလဒ်တွေကို အသိအမှတ်ပြုပေးရမယ်ဆိုပြီးတော့ ဆုပ်ကိုင်ထားမှုရှိသလို မြန်မာစစ်အစိုးရ ဘက်ကတော့ ဒီရွေးကောက်ပွဲရဲ့ရလဒ်အရ အမျိုးသားညီလာခံကို ခေါ်ပြီးပြီ၊ အခြေခံဥပဒေကိုလည်း ပြဋ္ဌာန်းပြီးပြီ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲတွေ ဆက်လုပ်မယ်ဆိုပြီးတော့ တွန်းအားပေးနေတယ်။

ဆက်သွားနေတယ်ဆို တော့ ဒီ ၂ ခုရဲ့ ကွာဟမှုတွေဟာ ဘယ်လိုနည်းနဲ့ ပြေလည်သွားနိုင်မလဲခင်ဗျ။

ဦးအောင်မိုးဇော်။ ။ အခြေခံအရပြောမယ်ဆိုလို့ရှိရင်တော့ ဒီနေ့ နအဖ စစ်ခေါင်းဆောင်တွေ ခုနလို ပြောဆိုနေတဲ့ကိစ္စတွေဟာ တရားဝင်မှုရှုထောင့်ကကြည့်မယ်ဆိုလို့ရှိရင် တရားလုံးဝမ၀င်ဘူးလို့ ကျနော်ပြောချင်ပါတယ်။ သူတို့အရင်လုပ်သွားတဲ့ ဆန္ဒခံယူပွဲဆိုတာကလည်း တကယ်တမ်းကျတော့ ဆန္ဒခံယူပွဲမဟုတ်ဘဲနဲ့ အတင်းအဓမ္မ ဆန္ဒတွေ လုယူသွားတဲ့ပွဲပဲဖြစ်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျနော် အဓိကပြောချင်တာကတော့ ကျနော်တို့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် မကြာခဏပြောတာရှိတယ်၊ ကိစ္စတိုင်းဟာ ဘယ်ကိစ္စပဲဖြစ်ဖြစ် ဆွေးနွေး ညှိနှိုင်းအဖြေရှာလို့ရတယ်ဆိုတာကို ခဏခဏ ပြောဖူးတာရှိတယ်၊ တဖက် နအဖက တွေ့ချင်စိတ်မရှိလို့ မတွေ့လို့သာပဲ တွေ့ဆုံဆွေးနွေးမှုလမ်းစ ပွင့်မလာတာလို့ အဲဒီလို ကျနော်သုံးသပ်ချင်တယ်ဗျာ။

ဦးသန်းလွင်ထွန်း။ ။ သဘောကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးရဲ့ရလဒ်ကို ယတိပြတ်ဆုပ်ကိုင်ထားမှာ မဟုတ်ဘူးဆိုတဲ့သဘောမျိုးကို ဦးအောင်မိုးဇော်က ပြောချင်တာ လား။

ဦးအောင်မိုးဇော်။ ။ ကျနော် အဲဒီလိုတော့ မပြောချင်ဘူး။ သို့သော်လည်းပဲ ကိစ္စတိုင်းဟာ ဆွေးနွေးလို့ရတယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် မကြာခဏပြောဖူးတယ်။ သူပြောတဲ့စကားကိုပဲ ကျနော် ပြန် ကုဒ် လုပ်တာဖြစ် ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဦးအောင်မိုးဇော်တို့ လူ့ဘောင်သစ်ပါတီအနေနဲ့ဆိုရင်ကော ဒီအခြေအနေကို ကြားထဲက နေပြီးတော့ ၂ ဘက် ပြောလို့ဆိုလို့ရအောင် ဆွေးနွေးလို့ရအောင် ရှေ့ဆက်တိုးနိုင်အောင်ဆိုလို့ရှိရင် ဘယ်လို ကမ်းလှမ်းချက်မျိုး လုပ်ချင်သလဲ။

ဦးအောင်မိုးဇော်။ ။ ကျနော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလို့ ပြောချင်တယ်၊ ဦးတင်ဦးတို့ကို လွှတ်ပေးလို့ပြောချင်တယ်၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလို့ပြောချင်တယ်။ တွေ့ဆုံဆွေးနွေးရေးကို နှစ်ဦးနှစ်ဘက် ပြန်တွေ့တဲ့ ပရောဆက်ကို ပြန်ပြီးတော့စပါ လို့ ကျနော်ပြောချင်တယ်။

ဦးသန်းလွင်ထွန်း။ ။ ဒီလိုလွှတ်ပြီးတော့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ပေးဖို့ဆိုတဲ့နေရာမှာ ကြိုတင်စည်းကမ်းသတ် မှတ်ချက်တွေမထားဘဲနဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုကို ပြောချင်သလား ဒါမှမဟုတ်ရင်လည်း တွေ့ဆုံ ဆွေးနွေးတဲ့နေရာမှာ ဒီအပိုင်း ဒီအပိုင်းတွေကိုပဲ အဓိကထားပြီး ပြောကြပါစို့ ဆိုတဲ့စည်းကမ်းသတ်မှတ်ချက်က လေးတွေထားပြီးတော့ တွေ့ဆုံဆွေးနွေးမှုမျိုးကို ဆိုလိုတာလား။

ဦးအောင်မိုးဇော်။ ။ ကျနော်ထင်တယ် စည်းကမ်းချက်တွေရှိမယ် ဘယ်ကိစ္စ ဘယ်ကိစ္စကို ဆွေးနွေးမယ် မဆွေး နွေးဘူး ဆိုတဲ့ကိစ္စတွေက ကာယကံရှင်တွေ စပြီးတော့ တွေ့ဖို့လိုတယ်လို့ ကျနော်ထင်တယ်။

ကာယကံရှင်တွေ စပြီးတော့ တွေ့လို့ရှိရင် အချိန်အကန့်အသတ်နဲ့ ကာယကံရှင်တွေ စတွေ့မယ်ဆိုလို့ရှိရင် ဘယ်လိုစည်းကမ်းသတ် မှတ်ချက်မျိုးတွေနဲ့ တွေ့ဆုံဆွေးနွေးမှုမျိုးကိုသွားမယ်ဆိုတာ အဖြေပေါ်လာလိမ့်မယ်လို့ ကျနော်တော့ အဲလိုပြောချင်တယ်။

အရေးအကြီးဆုံးအချက်ကတော့ နှစ်ဦးနှစ်ဘက် ကာယကံရှင်တွေမှာ တကယ်စစ်စစ်မှန်မှန် တွေ့ဆုံ ဆွေးနွေးချင်တဲ့ စိတ်ဆန္ဒတွေရှိဖို့လိုတယ်လို့ ကျနော် အဲဒီလိုပြောချင်တယ်။ အခုအခြေအနေအထိတော့ နအဖ မှာ အဲဒီစိတ်ဆန္ဒအရိပ်အယောင် မတွေ့ရသေးဘူးဗျ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ နောက်တချက်က ကျနော် မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်နဲ့ပတ်သတ်ပြီးတော့ ပြန်မေးရမယ်ဆိုလို့ရှိရင် မစ္စတာဂမ်ဘာရီအနေနဲ့ အခုတခေါက်ခရီးစဉ်အတွင်းမှာ စစ်အစိုးရက စီစဉ်ပေးလိုက်တဲ့ စစ်အစိုးရအလိုကျ အုပ်စုတွေနဲ့ပဲ အတွေ့များခဲ့တယ်လို့ ပြောတာတွေလည်း ရှိပါတယ်။ အဲဒီအချက်နဲ့ပတ်သတ် လို့ကော ဦးအောင်မိုးဇော်အနေနဲ့ ဘာပြောချင်ပါသလဲ။

ဦးအောင်မိုးဇော်။ ။ ကျနော်ထင်ပါတယ် အဲဒီကိစ္စတွေကိုတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်ချင်တယ်၊ ပြင်းပြင်း ထန်ထန် ကန့်ကွက်တယ်လို့ ကျနော်တို့ပြောချင်တယ်၊ နောက် သူတို့တွေ့တဲ့ အုပ်စုတချို့က တကယ်တမ်း ကျတော့ နိုင်ငံရေးအင်အားစုတွေကိုလည်း ကိုယ်စားပြုတာမဟုတ်ဘူး။ တဖက်ကလည်း တချို့က ကျောင်းသား အဖွဲ့အစည်းတွေလို့ ပြောတယ်၊ တကယ်တမ်းကျတော့ ကျောင်းသားအဖွဲ့အစည်းတွေ လူမှုအဖွဲ့အစည်းတွေ ကိုလည်း ကိုယ်စားပြုတာမဟုတ်ဘူး။ အချို့တိုင်းရင်းသားတွေဆိုလို့ရှိရင်လည်း တကယ်တမ်းကျတော့ တကယ့်တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေမဟုတ်ဘူး။ ဆိုတော့ အဲလို နအဖရဲ့အလိုကျ ပုဂ္ဂိုလ်တွေနဲ့တွေ့တဲ့ကိစ္စကိုတော့ ကျနော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ ကျနော် အဲဒီလိုပြောချင်ပါ တယ်။

ပြည်ပရောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။ ကျနော် သန်းလွင်ထွန်းပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts