ဇင်လင်း သူတို့အာဘော်

ဇင်လင်း ● ငြိမ်းချမ်းရေး တရက်နောက်ကျလျှင် တိုင်းပြည် တခေတ်နောက်ကျနိုင်သည်

ဇင်လင်း ● ငြိမ်းချမ်းရေး တရက်နောက်ကျလျှင် တိုင်းပြည် တခေတ်နောက်ကျနိုင်သည်
(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂ဝ၁၇

၂၁ ရာစု ပင်လုံ ညီလာခံ တတိယ အစည်းအဝေးကို ၂ဝ၁၈ ခုနှစ် ဇန္နဝါရီ နောက်ဆုံးအပတ်တွင် ကျင်းပမည်ဟု သတင်းများ အရ ကြားသိရသည်။ ယင်း အစည်းအဝေး၌ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာအပါအဝင် နိုင်ငံရေး ကဏ္ဍကို အထူးဦးစားပေး ဆွေးနွေးရန် ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးက ဆုံးဖြတ်ထားသည်။ အစိုးရ၊ အစိုးရ၊ နိုင်ငံရေးပါတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော UPDJC အစည်းအဝေးကို အောက်တိုဘာ ၃ဝ၊ ၃၁ ရက်က နေပြည်တော်၌ ကျင်းပခဲ့သည်။ UPDJC ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ အခွန်အကောက်ခွဲဝေမှု စသည်တို့အပါအဝင် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများကို ၂ဝ၁၈ တွင် အပြီးသတ်ချမှတ်နိုင်ရန် တိုက်တွန်းထားသည်။ ဒေါ်အောင်ဆန်းစုကြည်က ညီလာခံ သုံးကြိမ်အတွင်း အခြေခံမူများကို အကြေအလည် ဆွေးနွေး ပြီးပြတ်ခဲ့ပါက ဖက်ဒရယ်မူဆိုင်ရာ ခိုင်မာသည့်အုတ်မြစ်တစ်ခု ချမှတ်နိုင်ရေးအထိ ရည်မှန်းချက်ထားကာ ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းလျှက်ရှိသည်။

ဤအတောအတွင်း မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင်ပါဝင်ပြီးနောက် လိုလားချက်များကို ဆွေးနွေးညှိနှိုင်းသင့်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက တိုက်တွန်းပြောကြားခဲ့သည်ဟု ဒီဇင်ဘာ ၁၄ ရက်နေ့7Day Daily သတင်းက ဖေါ်ပြခဲ့သည်။ ငြိမ်းချမ်းရေးကော်မရှင် အနေဖြင့် ‘ဝ’နှင့်မိုင်းလားဒေသသို့ ပြီးခဲ့သည့် နိုဝင်ဘာက သွားရောက်ခဲ့စဉ်က ‘မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့’ ကို NCA လမ်းကြောင်းတွင် ပါဝင်၍ ငြိမ်းချမ်းရေးဆွေးနွေးရန် ထိုက်တွန်းခဲ့သည်ဟု ဦးအောင်စိုး က ဆိုသည်။ ‘မြောက်ပိုင်းလက်နက် ကိုင်ခုနစ်ဖွဲ့’ က NCA သည် မပြည့်စုံဟုဆိုကာ လက်မှတ်မထိုးဘဲ နိုင်ငံရေးဆွေးနွေးမည်ဟု ပြောဆိုထားခဲ့သည်။

‘‘NCA ထဲမှာ ပြည့်စုံခြင်း၊ မပြည့်စုံခြင်းထက် အထဲရောက်ပြီးမှ လိုအပ်တာကို ပြင်ဆင်ကြမယ်ဆိုရင် နိုင်ငံ့အတွက်          အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော်တို့က သူတို့ (‘ဝ’နှင့်မိုင်းလားလက် နက်ကိုင်အဖွဲ့တာဝန်ရှိသူများ) ကို ပြောခဲ့ပါတယ်။ မြောက်ပိုင်းအဖွဲ့များကိုလည်း အဲဒီလိုပဲ ပြောချင်ပါတယ်။’’ ဟု ၎င်းက ဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြောကြားထားသည့် လက်ရှိအစိုးရလက်ထက်တွင် ဖက်ဒရယ်ပြည်ထောင်စု အတွက် အရေးကြီးသည့် မူဝါဒများ ချမှတ်နိုင်အောင်ကြိုးစားရာတွင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များပါဝင်စေလိုကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်ဟု သိရသည်။

အောက်တိုဘာလ ၁၅ ရက်နေ့က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(Peace Process Steering Team – PPST )နှင့် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

“ကျွန်မတို့အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စတင်ခဲ့ချိန်မှာ NCA လက်မှတ်ရေးထိုးဖို့ ညှိနှိုင်းဆဲအဖွဲ့တွေ ရှိနေ သလို အခြား တစ်ဖက်မှာလည်း NCA ကို လက်မခံနိုင်သေးတဲ့အဖွဲ့တွေ ရှိနေခဲ့ပါတယ်။ ဒီအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ငြိမ်းချမ်းရေးတံခါးဖွင့်လှစ်ထားပြီး လက်ကမ်းကြိုဆိုလျက်ရှိနေပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အားလုံး လက်ခံနိုင်တဲ့ အခြေခံမူတွေ ဖြစ်အောင် ရည်ရွယ်ပြီး ဆွေးနွေးညှိ နှိုင်းခဲ့ကြတာဖြစ်ပါတယ်။ NCA လက်မှတ် မထိုးဘဲ ကျန်နေသေးတဲ့ အဖွဲ့တွေ အားလုံးအနေနဲ့လည်း အနာဂတ် နိုင်ငံတော် အတွက် ဖက်ဒရယ်အခြေခံမူတွေ ချမှတ် တဲ့လုပ်ငန်းစဉ်တွေမှာ ပါဝင်နိုင်ဖို့ အစဉ်အမြဲဖိတ်ခေါ်ထားပါတယ်။ တစ်ကယ်တော့ NCA ဆိုတာ ကျွန်မတို့ပြည်ထောင်စုရဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးရဲ့ စတင်မှုတစ်ရပ်လို့ ဆိုနိုင်ပါတယ်။ NCA ဟာ လမ်းဆုံးခရီး မဟုတ်ပါဘူး။ NCA ကနေ နိုင်ငံရေး ဆွေးနွေး ပွဲတွေ တက်လှမ်းမယ့် ငြိမ်းချမ်းရေးညီလာခံတံခါးကို ဖွင့်လှစ်ပေး လိုက်ခြင်း ဖြစ်တယ် ဆိုတာကို ဒီကနေ့ ထပ်လောင်း ပြောကြားလိုပါတယ်။” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ထိုနေ့က မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ဖူးသည်။

၂ဝ၁၇ ခုနှစ် မေလ ၁၂ နေ့က UPDJC ရဲ့ (၁ဝ) ကြိမ်မြောက် အစည်းအဝေးကို နေပြည်တော် သင်္ဂဟဟိုတယ်မှာ  ကျင်းပခဲ့စဉ်ကလည်း ထိုအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က အောက်ပါအတိုင်း ပြောခဲ့ဖူးသည်။     “ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တစ်ကမ္ဘာလုံးကလည်း စိတ်ဝင်စားမှု ရှိနေပါ တယ်။ ဘာဖြစ်လို့ စိတ်ဝင်စားလဲဆို ကျွန်မတို့ နိုင်ငံအတွက်တင် မဟုတ်ဘူးပေါ့။ တခြားပဋိပက္ခ ဖြစ်နေတဲ့ နိုင်ငံတွေ အတွက်လည်း အရေးကြီးတဲ့ သင်ခန်းစာတွေ ရနိုင်မယ့် ဖြစ်စဉ်လို့ပဲ သူတို့ ယူဆကြပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့သည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကိစ္စသည် တကမ္ဘာလုံး ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ချိတ်ဆက်လျှက်ရှိကြောင်း ဒေါ်အောင်ဆန်း စုကြည်၏ ရည်ညွှန်းပြောဆိုမှုအရ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အလွန်ကျယ်ပြန့်သော သဘောဖြစ်သည်။  ဒေါ်အောင်ဆန်း စုကြည်သည် တရုတ်နိုင်ငံ ဘေဂျင်းမြို့၌ မေ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ကျင်းပခဲ့သည့် Belt and Road Forum for International Cooperation  သို့တက်ရောက်ခဲ့ပြီး၊ မေ ၁၆ ရက်နေ့တွင် တရုတ်သမ္မတ ရှီကျင်ပင်းနှင့် ဘေဂျင်းမြို့၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံရာတွင် တရုတ်သမ္မတ ရှီကျင်ပင်းက မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်ရေးအတွက် မြန်မာနိုင်ငံကို ဆက်လက်ကူညီသွားရန် ဆန္ဒရှိကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် တည်ငြိမ် အေးချမ်းရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားကြားခဲ့သည်ဟု Xinhua News က ဖေါ်ပြ ခဲ့သည်။

ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်နှင့်လည်း တွေ့ဆုံခဲ့ပြီး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ သဘောတူစာချုပ်များ  ချုပ်ဆိုပွဲအခမ်းအနား ဆက်လက်တက်ရောက်ခဲ့သည်ဟု သတင်းက ဆိုသည်။  နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်တင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ မြန်မာသံအမတ် ကြီး ဦးသစ်လင်းအုန်း၊ တရုတ်စီးပွားရေးဝန်ကြီး H.E.Mr. Zhong Shan၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲ ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ H.E.Mr.ZhangYong၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကျန်းမာရေးနှင့် မိသားစု စီမံခန့်ခွဲရေးကော်မရှင်ဝန်ကြီး H.E.Ms. Li Bin၊ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးဝန်ကြီး H.E.Mr. Liu Yuzhu တို့သည် နှစ်နိုင်ငံ သဘောတူစာချုပ် ၅ စောင်ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံဝန်ကြီးချုပ် လီခချန်းတို့  ရှေ့မှောက်၌ လက်မှတ်ရေးထိုး၍ စာချွန်လွှာ အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက်အရ သိခဲ့ရသည်။

နှစ်နိုင်ငံသဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲ၌ “စီးပွား ရေးနှင့် နည်းပညာ ပူးပေါင်း ဆောင် ရွက်ရေး ဆိုင်ရာ သဘောတူညီ ချက်စာချုပ်”၊ “မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေး သဘောတူ စာချုပ်”၊ “စီးပွားရေးပိုးလမ်းမ  ရပ်ဝန်းတစ်ခုနှင့် (၂၁)ရာစု ရေကြောင်းဆိုင်ရာ ပိုးလမ်းမ ရပ်ဝန်းတစ်ခု စတင်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်”၊ “ကျန်းမာရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်”နှင့် “ငလျင်အလွန် ပုဂံရှိသမိုင်းဝင် အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘော တူစာချုပ်” များကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမစီမံကိန်း- One Belt One Road – ပြီးပါက မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယ၊ အရှေ့တောင်အာရှဒေသတို့ကို ဆက်စပ်ပေးမည့် မဟာဗျူဟာမြောက်လမ်းမကြီး၏ အဝင်တံခါးပေါက် ဖြစ်လာမည်ဟု ဆိုသည်။ လူဦးရေ သန်းတစ်ထောင့်သုံးရာကျော်စီ ရှိသော တရုတ်နှင့် အိန္ဒိယ၊ လူဦးရေ သန်းခြောက်ရာ့ ငါးဆယ်ကျော်ရှိသော အရှေ့တောင်အာရှတို့၏ စုစုပေါင်း လူဦးရေက သန်း ၃ ထောင်ကျော်ရှိသည့် ဈေးကွက်ကြီးတစ်ခု ဖြစ်သည်။ ထို ဈေးကွက်ကြီး၏ ဗျူဟာမြောက် OBOR တံခါးဝ၌ ရှိနေသော မြန်နိုင်ငံ၏ ငြိမ်းချမ်းရေးသည် ဒေသအတွက် အလွန် အရေးကြီးသည်ဟု ဆိုသည်။ တရုတ်၏ “One Belt, One Road” စီးပွားရေး မဟာဗျူဟာ စီမံကိန်းကြီးတွင် တရုတ်နိုင်ငံက အမေရိကန် ဒေါ်လာ ဘီလီယံ ၁ဝဝ ကျော် ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်ဟု တရုတ်သမ္မတ  ရှီကျင်ပင်း (Xi Jinping) က ဆိုထားသည်။ အဆိုပါစီမံကိန်းသည် ကမ္ဘာ့လူဦးရေ၏ ရာခိုင်နှုန်း ၆ဝ ဖြစ်သော အာရှ၊ ဥရောပ၊ အရှေ့ အလယ်ပိုင်း၊ အာဖရိက စသည့် ဒေသကြီးများရှိ နိုင်ငံပေါင်း ၆၅ ခုခန့်ပါဝင်၍၊ ကမ္ဘာ့ GDP  သုံးပုံတစ်ပုံခန့် ပါဝင်ပတ်သက် သဖြင့်၊ အလွန်ကျယ်ဝန်းသည့် စီးပွားရေး စီမံကိန်းဖြစ်သည်ဟု အောက်စ်ဖို့ဒ်စီးပွားရေးအုပ်စုက ဆိုသည်။ ၎င်း ကမ္ဘာ့ စီးပွားရေး အခင်းအကျင်းတွင် တရုတ်နိုင်ငံက ပဓါနကျနေပြီး၊ မြန်မာနိုင်ငံနယ်နိမိတ်ကို မလွဲမသွေ မဟာဗျူဟာမြောက် ဖြတ်ရမည် ဖြစ်သည်။ ထို့ကြောင့် တရုတ်-မြန်မာနယ်စပ် တည်ငြိမ် အေးချမ်းရေး လိုအပ်လာခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုသို့ဖြစ်ပေါ်လာသော ကမ္ဘာစီးပွားရေးဖြစ်ပေါ်တိုးတက်မှု လှိုင်းကို မြန်မာနိုင်ငံက အလိုက်သင့် လိုက်ပါစီးနင်းရမည် ဖြစ် သည်ဟု နိုင်ငံရေးအကဲခတ်များက ယူဆကြသည်။

ထို့ကြောင့် မြန်မာ့ငြိမ်းချမ်းရေးကိစ္စ စဉ်းစားသည့်အခါ တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကိုလည်း ထည့်သွင်း တွက်ချက်ရမည် ဖြစ်သည်။ တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပူးပေါင်းပါဝင်နေပြီး နှစ်ဖက်ထိတွေ့ ဆက်ဆံနိုင် ရေးအတွက် ကူညီနေသည်ဟု NCA ၂  နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်  (Mr. Sun Guoxiang) က အခမ်းအနားအပြီးတွင် ၇ ရက်နေ့စဉ် သတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားခဲ့ဖူးသည်ဟု ဆိုသည်။ ‘ဝ’အဖွဲ့ (UWSA) ဦးဆောင်ပြီး မြန်မာ-တရုတ်နယ်စပ် အခြေပြု တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့နှင့် မြန်မာအစိုးရတို့ အကြား တွေ့ဆုံ ဆွေးနွေးမှုများဖြစ်ပေါ်လာရန် တရုတ်နိုင်ငံက ကူညီနေသည်ဟု ‘ဆွန်ကော့ရှန်’ က ဆိုသည်။

တရုတ်နိုင်ငံအစိုးရ၏ ရပ်တည်ချက်မှာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ခိုင်ခိုင်မာမာ ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ကောင်းမွန်သည့် အလားအလာများ ရှိသည်ဟုလည်း ယုံကြည်ကြောင်း မစ္စတာဆွန်ကော့ရှန်က ပြောကြား သည်။  မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နီးကပ်စွာ ဆက်ဆံ၍ ငြိမ်းချမ်းရေး အတွက် ညှိနှိုင်းဆောင်ရွက် ပေးနေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်အရေးကိစ္စတွင် မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော် အနေဖြင့် နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းလုပ်ဆောင်နေသည်ကို သိရှိ ထောက်ခံပြီး အိမ်နီးချင်းမိတ်ဆွေကောင်း ပီသစွာဖြင့် ဆက်လက်ရပ်တည် ကူညီလုပ်ဆောင်သွားမည်ဟု ဆွန်ကော့ရှန်က ဆွေးနွေး ပြောဆိုခဲ့သည်ဟု သိရသည်။

ထို့ပြင် တရုတ်ကွန်မြူနစ်ပါတီနှင့် ကမ္ဘာ့နိုင်ငံရေးပါတီများမှ အဆင့်မြင့်ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲသို့ တက် ရောက်ခဲ့သည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် တရုတ်သမ္မတ ရှီကျင်းပင် (Xi Jinping) တို့ ဒီဇင်ဘာ ၁ ရက်နေ့က သီးသန့်တွေ့ဆုံခဲ့သည်။ အာဏာရပါတီ အချင်းချင်း မဟာဗျူဟာမြောက် ဆက်ဆံရေးခိုင်မာအားကောင်းစေရန် မျှော်လင့် ကြောင်း ‘ရှီကျင်းပင်’ က ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD ပါတီ အာဏာရပြီးနောက် သူတို့ နှစ်ဦး အကြိမ်များစွာ တွေ့ဆုံခဲ့ပြီး၊ နှစ်နိုင်ငံ အာဏာရပါတီများဖြစ်သော CPC နှင့် NLD ဆက်ဆံရေး ဆက်လက် တိုးတက် မှုကြောင့် တရုတ် မြန်မာနိုင်ငံရေးအရ ဆက်ဆံမှုသာမက ပြည်သူအချင်းချင်း ဆက်ဆံရေးကိုပါ ပိုမိုခိုင်မာစေသည်ဟု သမ္မတ ရှီက ပြောကြောင်း ဗွီအိုအေသတင်းက ဖေါ်ပြခဲ့သည်။ တရုတ်သည် One Belt One Road (OBOR) ခေတ်သစ် ပိုးလမ်းမ စီမံကိန်းအောင်မြင်ရေးအတွက်  မြန်မာနိုင်ငံကို ငြိမ်းချမ်းစေချင်သည့် သဘောရှိသည်။ မြန်မာနိုင်ငံ မငြိမ်းချမ်းဘဲ၊ OBOR အကောင်အထည်ဖေါ်နိုင်မည်မဟုတ်။ ခေတ်သစ် ပိုးလမ်းမ စီမံကိန်းအောင်မြင်ရေးသည် တရုတ်၏ နိုင်ငံရေး စီးပွားရေး သြဇာနယ်ပယ် ချဲ့ထွင်မှုနှင့်လည်း မလွဲမသွေ ဆက်စပ်ပတ်သက်နေသည်ဟု နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။

ကမ္ဘာ့နိုင်ငံရေး စီးပွားရေး ရေစီးလှိုင်းနှင့် အတူ လိုက်ပါလိုလျှင် မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးအောင်မြင်ရေးဆီ ရှေးရှုရပါလိမ့်မည်။ အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများနှင့်လည်း ကုန်ထုတ်စွမ်းအား ပြိုင်ကြရပါလိမ့်မည်။ စီးပွားရေး အရ ယှဉ်ပြိုင် ကုန်ထုတ်နိုင်စွမ်း မရှိလျှင် အခြားနိုင်ငံများမှ ကုန်ပစ္စည်းများ မြန်မာနိုင်ငံထဲသို့ လှိုင်းလုံးသဖွယ် လှိမ့်ဝင်လာပါလိမ့်မည်။ ထို့ကြောင့် လက်ရှိတရုတ်နိုင်ငံက ခင်းကျင်းထားသော “One Belt, One Road” စီးပွားရေး မဟာဗျူဟာ စီမံကိန်းကြီးသည် မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် လမ်းဖွင့်ပေးနိုင်သကဲ့သို့၊ ခက်ခဲကျပ်တည်းမှု ထောင့်ကျဉ်း ထဲတွင်လည်း ပိတ်မိနေနိုင်သည်။ ထိုကဲ့သို့သော ကမ္ဘာ့အခင်းအကျင်းမျိုး ဖြစ်ပေါ်နေစဉ် မိမိတို့တိုင်းပြည်အတွင်း အချင်းချင်း မညီညွတ်လျှင်၊ ပြည်တွင်းစစ်ဆက်ဖြစ်နေလျှင် အိမ်နီးချင်းနိုင်ငံများ၏ နောက်တွင် မြန်မာနိုင်ငံ နောက်ကျ ကျန်ရစ်ခဲ့မည် ဖြစ်သည်။ ယင်းကဲ့သို့သော နိုင်ငံတကာ နိုင်ငံရေး စီးပွားရေး အခြေအနေအရပ်ကို လေ့လာချင့်ချိန်၍ ပြည်သူလူထု အတွက် အကျိုးရှိမည့် ဗျူဟာတစ်ရပ်ကို ရွေျးယ်ကြရမည့် အချိန်ရောက်ပြီဟု ဆိုနိုင်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေး တစ်ရက်နောက်ကျလျှင် တိုင်းပြည်တခေတ်နောက်ကျနိုင်သော အချက်ကို နိုင်ငံ့ကံကြမ္မာ ဖန်တီးကြမည့် ခေါင်းဆောင်များ အားလုံး လေးလေးနက်နက် နှလုံးသွင်း စဉ်းစားဆုံးဖြတ်ကြရပေလိမ့်မည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts