>review on Gambari’s fourth trip

>

သံတမန်ကျင့်ဝတ်နဲ့ ညီပါ့မလား
ဗွီအိုအေ မြန်မာပိုင်း
သြဂုတ် ၂၄၊ ၂၀၀၈

မစ္စတာဂမ်ဘာရီ၏ခရီးစဉ်အပေါ် ပြည်ပရောက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ၂ ဦးနှင့် ဆက်သွယ်မေးမြန်းချက်

ကိုကျော်အောင်လွင်။ ။ မစ္စတာ ဂမ်ဘာရီရဲ့ မြန်မာပြည်ခရီးစဉ်အပေါ်ကိုကြည့်ပြီးတော့ ကိုအောင်ဇော်တို့ အနေနဲ့ ဘယ်လို သုံးသပ်ပါသလဲခင်ဗျ။ မြန်မာ့နိုင်ငံရေးအခြေအနေဟာ ကုလသမဂ္ဂ ပါဝင်ဆောင်ရွက်မှုကြောင့် ဘယ်လိုအပြောင်းအလဲတွေ အခုတခေါက်မှာ တွေ့ရပါလဲခင်ဗျ။

ကိုအောင်ဇော်။ ။ နှစ် ၂၀ အတွင်းမှာ မြန်မာပြည်ကို ယူအန် ကိုယ်စားလှယ်တွေ ဂမ်ဘာရီအဆင့်အတန်းလောက် ရှိတဲ့ ယူအန်အထူးကိုယ်စားလှယ်တွေ သွားခဲ့ကြပါတယ်။ သူ့ရဲ့လက်ထက်မှာ မြန်မာပြည်နဲ့ ပတ်သက်ပြီး ယူအန်ရဲ့ ကြိုးစားမှုဟာ ဆုံးရှုံးမှုတွေ အများဆုံးနဲ့တွေ့ရတယ်လို့ ကျနော်တော့ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့က ကျန်းမာရေးကြောင့် မဟုတ်ဘဲနဲ့ ဂမ်ဘာရီကို မတွေ့ဘဲနဲ့ ပြီးခဲ့တဲ့ကိစ္စက လုံးဝကို လေးနက်ပါတယ်။ ကျနော်ထင်တယ်၊ နိုင်ငံရေးအရလည်း အများကြီးကို လိမ်မာပါးနပ်တဲ့ မု (move)တခုလို့ အထဲကရော အပြင်ကပါ သုံးသပ် ကြတာ ကျနော်တွေ့ရပါတယ်။

ကိုကျော်အောင်လွင်။ ။ ဒေါ်အောင်ဆန်းစုကြည်လုပ်တာနဲ့ နိုင်ငံရေးအရ မှန်ကန်တယ်ဆိုတော့ နိုင်ငံရေးအရ ဘယ်လို အကျိုးအမြတ်တွေ ရလိုက်လို့ အခုလို ပြောရတာလဲ ခင်ဗျ။

ကိုအောင်ဇော်။ ။ အကျိုးအမြတ်က ပြဿနာရှိတယ်၊ ဘာကြောင့်လဲဆိုတော့ သူက သူ့အိမ်မှာ အကျဉ်းသားဖြစ်နေတဲ့သူကိုး။ သူ ဘာတွေးနေသလဲ၊ ဘာတွေ စဉ်းစားနေတယ်ဆိုတာကို အပြင်ကနေပြီးတော့ ခန့်မှန်းပြောကြရတာကိုး။ အန္တရာယ်တခုရှိတယ် ဘာလဲဆိုတော့ ယူအန်ကရော မြန်မာ နအဖ စစ်အစိုးရကရော ဒေါ်အောင်ဆန်းစုကြည်ဟာ ယူအန်နဲ့ ကိုအော်ပရိတ် (cooperate) မလုပ်ပါဘူး။ ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါဘူး ဆိုပြီးတော့ သူတို့က စပြီးတော့ စွပ်စွဲလာနိုင်တယ်။

ကိုကျော်အောင်လွင်။ ။ အန်အယ်လ်ဒီအနေနဲ့ အလုပ်ဖြစ်မယ့် မျှော်လင့်ချက်က ဘာလို့ ကိုအောင်ဇော်ထင် ပါသလဲခင်ဗျ။

ကိုအောင်ဇော်။ ။ စစ်အစိုးရကလည်း ယူအန်ကိုထားပြီးတော့ ဂမ်ဘာရီကို သူတို့က သုံးပြီးတော့ ဒိုင်ယာလော့ မလုပ်ဘဲနဲ့ အသုံးချနေတာကိုး။ ဂမ်ဘာရီနောက်မှာ အသာ လျှိုနေတာကိုး။ ဒါပေမယ့် အခု ဂမ်ဘာရီကို ဒေါ်စုက မတွေ့တော့ဘူး ဆိုတော့ ဟာလာဟင်းလင်းဖြစ်သွားတယ်။ ဒီအကွက်ကို ကစားတာကိုက လှတယ်လို့မြင်တယ်။ ရှေ့ဆက်ပြီး ဘာလုပ်မှာလဲ၊ အဲဒါ အန်အယ်လ်ဒီရဲ့အလုပ်။

ကိုကျော်အောင်လွင်။ ။ ဟုတ်ကဲ့ ကိုအောင်ဇော် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။ အခုတခါ မြန်မာ့အရေး လေ့လာသုံးသပ်သူတဦးဖြစ်တဲ့ ကိုအောင်သူငြိမ်းကို ဆက်ပြီးတော့ မေးပါရစေခင်ဗျ။ မြန်မာအစိုးရ သတင်းစာတွေထဲမှာ ရေးတာကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မစ္စတာ ဂမ်ဘာရီနဲ့တွေ့ဆုံဖို့ ငြင်းဆိုခဲ့တယ် လို့ ဆိုပါတယ်။ ဆိုတော့ ကိုအောင်သူငြိမ်းတို့အနေနဲ့ မစ္စတာ ဂမ်ဘာရီရဲ့ အခုတခေါက် မြန်မာပြည်ခရီးစဉ်အပေါ် မှာ နိုင်ငံရေးအရ ဘယ်လိုအကျိုးဖြစ်ထွန်းမှုတွေ တွေ့ရပါလဲ။

ကိုအောင်သူငြိမ်း။ ။ လူအများစုကလည်း မစ္စတာဂမ်ဘာရီမသွားခင်ကတည်းက ဒီခရီးစဉ်အပေါ် သိပ်ပြီးမျှော်လင့် ချက်မရှိပါဘူး။ အခု မစ္စတာဂမ်ဘာရီနဲ့ သူ့ရဲ့လက်ထောက်တွေလုပ်တဲ့ကိစ္စအပေါ်မှာ ကျနော် မေးခွန်းထုတ်စရာ ကိစ္စဖြစ်ပါတယ်။ လက်ရှိ အခု ဒေါ်အောင်ဆန်းစုကြည်က ဒီလိုမတွေ့တဲ့အပေါ်မှာ အိမ်ရှေ့ကိုသွားပြီးတော့ အခုလို အော်ဟစ်ပြီးတော့ ခေါ်တယ်ဆိုတဲ့အနေအထားက ဒါ သံတမန်ကျင့်ဝတ်နဲ့ ညီပါ့မလား ဆိုတာ ဒါ ကျနော့်အနေနဲ့ တော်တော် မေးခွန်းထုတ်စရာဖြစ်တယ်။ ဥပမာအားဖြင့် ဒီစစ်အစိုးရ ခေါင်းဆောင်ပိုင်း တယောက်ယောက်က မတွေ့ဘူးလို့ ငြင်းတဲ့အခါမျိုးမှာ သူ့အနေနဲ့ ဒီလို သွားပြီးတော့ အော်ခေါ်နိုင်တဲ့ အခွင့်အရေးမရှိပါဘူး။ ဆိုတော့ အခုအနေအထားမှာ အကျယ်ချုပ် ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုလုပ်တယ် ဆိုတာကတော့ ကျနော့်အမြင်က လဲနေတဲ့သူကို ဖိထောင်းတဲ့ပုံစံမျိုး သက်ရောက်ပါတယ်။ ဒါ သံတမန်ရေး ကျင့်ထုံးအရလည်း မညီဘူး။

နောက်တခုက ရိုးရိုး လူသားတယောက်အနေနဲ့ ကြည့်ရင်တောင် မမျှတဘူးလို့ ယူဆပါတယ်။ ဒါဟာ မေးခွန်းထုတ်စရာ အများကြီးဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။

(မူရင်း – သြဂုတ်လ ၂၄ ရက် ၂၀၀၈ ဗွီအိုအေ အသံလွှင့်ဌာန)


(photos: MNA)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts