>100 Anniversary Celebration for Burmese National Poet, Min Thu Wun facing situation

>

အမျိုးသား စာဆိုကြီး မင်းသုဝဏ် မွေးနေ့ နှစ် ၁၀၀ အကြို အခက်အခဲများနှင့် ကြုံတွေ့
မိုးမခ အထောက်တော် (ရန်ကုန်)
သြဂုတ် ၂၄၊ ၂၀၀၈

မြန်မာနိုင်ငံ၏ အထင်ကရစာဆိုကြီး မင်းသုဝဏ်၏မွေးနေ့ နှစ်တရာပြည့်ပွဲ ကျင်းပရန်ု ဆရာကြီးမွေးဖွားရာ ဇာတိ ကွမ်းခြံကုန်းတွင် မူလက ကျင်းပရန် စီစဉ်ထားသော်လည်း ယခုအခါ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ကွမ်းခြံကုန်းမြိုခံ စာပေသမားများက မိုးမခသို့ပြောသည်။

“မုန်တိုင်းတိုက်လိုက်တော့ မြို့ခံလူတွေ အားလုံး အကြပ်အတည်း ဆိုက်သွားတယ်။ အားလုံးလည်း စီးပွားပျက်သလောက် ဖြစ်သွားတော့ လာမယ့်နှစ် ဆရာကြီး နှစ်တရာပြည့်ကို သူတို့ရဲ့ ငွေ ထည့်ဝင်အားနဲ့ ကျနော်တို့က လုပ်ကြမှာ ဆိုတော့၊ အခု အားလုံး မြင်တဲ့အတိုင်းပဲ။ ကျနော်တို့မှာ ငွေမရှိဘူး။ အလှူငွေလည်း မြို့ခံတွေဆီက ကောက်ခံဖို့ လက်တွေ့မှာ မဖြစ်နိုင်ဘူး။ အဲသည်တော့ ဆရာကြီးရာပြည့်ပွဲလုပ်ဖို့ ကျနော်တို့ အတော်လေး အခက်ကြုံနေရပါတယ်”

ဟု မြို့ခံ ကဗျာဆရာတဦးက ပြောသည်။

မှုလက ဆရာကြီး နှစ်တရာပြည့်ပွဲတွင် ရန်ကုန်မြို့မှ စာရေးဆရာကြီးများကို ဖိတ်ခေါ်ကာ စာပေဟောပြောပွဲ၊ စာပေဆွေးနွေးပွဲ ၊ ဆရာကြီး၏ ဘ၀ဖြတ်သန်းမှု ဓာတ်ပုံပြကွက်များဖြင့် တတ်စွမ်းသလောက် စုံလင်စွာ ခင်းကျင်းပြသကြရန် ရည်စူးထားကြသော်လည်း၊ မေ ၂ ရက်က ၀င်ရောက်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ကွမ်းခြံကုန်းမြို့မှာ အတော်လေး အထိနာခဲ့ပြိး လူ ထောင်ချီလည်း သေးဆုံးခဲ့သဖြင့် အထွေထွေ အကြပ်အတည်းနှင့် ပြန်လည်ထူထောင်ရေး လိုအပ်ချက်များကြောင့် ယခုကဲ့သို့ အခက်ကြုံနေခြင်းဖြစ်သည်။

“ ဖျာပုံမှာ မနှစ်က ဆရာဇော်ဂျီ ရာပြည့်ပွဲနဲ့ အထိမ်းအမှတ်စာကြည့်တိုက် လုပ်ခဲ့နိုင်တယ်။ ကျနော်တို့ အားရတယ်။ ဆရာကြီး မင်းသုဝဏ်ကိုလည်း သူ့ နှစ်တရာပြည့် မွေးနေ့ကို ငါတို့ မြို့ခံတွေအနေနဲ့ တတ်နိုင်သလောက် စည်စည်ကားကားဖြစ်အောင် လုပ်မယ်လို့ ရင်နှီးတဲ့သူတွေကို ပြောပြထားတော့ အားလုံးကလည်း စိတ်အားထက်သန်နေတာ အခုလို ဖြစ်လိုက်တော့ အတော်လေး အားပျက်သွားမိတာပေါ့ဗျာ

ဟု မြို့ခံ စာပေသမားတဦးက ရှင်းပြသည်

မြို့ခံစာပေသမားများက ဆရာကြီး၏ ကြေးရုပ် ထားရှိရန် မူလ ကြိုးစားခဲ့ကြသော်လည်း မြို့နယ်အာဏာပိုင်များက ထားခွင့် မပြုကြောင်း၊ တားမြစ်ခဲ့ကြကြောင်း သိရသည်။

“ စပြီး လုပ်ကြဖို့ ရည်ရွယ်ကတည်းက ကျနော်တို့က ဆရာကြီး ကြေးရုပ် လုပ်မယ်။ ပြီးရင် မြို့မှာက ဆရာကြီး ကျောင်းဆရာလုပ်ခဲ့ဖူးတဲ့ အမျိုးသားကျောင်းဝင်းထဲမှာ ထားမယ်ပေါ့။ အဲဒါနဲ့ မြို့နယ်အာဏာပိုင်တွေကို ကြိုတင် ခွင့်တောင်းတယ်။ စာပေဟောပြောပွဲလုပ်ရင်လည်း မြို့နယ်အာဏာပိုင်ဆီက ပွဲမိန့် တောင်းရတယ်) တောင်းတော့ သူတို့က ကြေးရုပ်ကို ထားခွင့် မပြုနိုင်ဘူးတဲ့။ အကြောင်းကတော့ဗျာ … ဆရာကြီးက အင်န်အယ်ဒီ အမတ် ဖြစ်ခဲ့ဘူးတာကိုး။ ဒါကြောင့် ဆရာဇော်ဂျီ ကြေးရုပ်ကျတော့ ခွင့်ပြုပြီး ဆရာ မင်းသုဝဏ်ကျတော့ အငြိုးအတေးထားတာ။ အဲသလို အခက်အခဲတွေ မုန်တိုင်းမလာခင်ကတည်းက ကြုံရတယ်

ဆရာကြီးဘ၀ကိုက အခက်အခဲတွေထဲမှာ ရှင်သန်အောင် ရုန်းကန်ရတဲ့ ဇာတာ ပါလာပုံရတယ်။ သူရေးခဲ့တဲ့ ပျဉ်းငုတ်တို ကဗျာလိုပေါ့။ အခုလည်း မုန်တိုင်း တိုက်လိုက်တော့ ဆရာကြီး ရာပြည့်ပွဲက အတော်လေး အခက်အခဲနဲ့ ကြုံနေရပြန်ပြီ”

ဟု အထက်ပါ မြို့ခံ စာပေသမားကပင် ဆက်လက် ပြောပြသည်။

လက်ရှိဆရာကြီးမွေဖွားရာဇာတိကွမ်းခြံကုန်းတွင် ဆရာကြီးအထိမ်းအမှတ်အဖြစ် ဆရာကြီးနေထိုင်ခဲ့သည့်လမ်းကို မင်းသုဝဏ်လမ်း ဟု အမည်ပေးထားသည်မှတပါး အခြား အထိမ်းအမှတ်များ မရှိပါ။ အဆိုပါ မင်းသုဝဏ်လမ်းထိပ်မှာပင် ဆရာကြီး အသက်ထင်ရှားရှိစဉ်က မင်းသုဝဏ် စာကြည့်တိုက် တည်ဆောက်ရန် မြေကွက်လပ် တခု ၀ယ်ယူထားခဲ့သော်လည်း ၁၉၉၀ နောက်ပိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ (တဆည)က ကျူးကျော်ဝင်ရောက်ပြီး ပါတီရုံး တည်ဆောက်ထားခဲ့သည်မှာ ယနေ့အထိပင် ရှိပြီဖြစ်ကြောင်း၊း မြို့နယ် အာဏာပိုင်များကလည်း ဥပဒေကြောင်းနှင့် ဆန့်ကျင်ကာ မသိကျိုးကျွံ ပြုနေခဲ့ကြောင်း မြို့ခံစာပေသမားများက မိုးမသို့ ပြောသည်။

“ ကယ်လီဖိုးနီးယားပြည်နယ်မှာ သူတို့စာရေးဆရာတွေရဲ့ ဥယျာဉ်၊ ရင်ပြင်နဲ့ အထိမ်းအမှတ် အရုပ်တို့ လမ်းတို့ ရှိတယ်ဗျာ။ ကျနော် ရောက်ဖူးသလောက်က ဂျက်လန်ဒန် ရင်ပြင်၊ သူ့နေခဲ့တဲ့ သစ်တောဥယျာဉ်၊ စနုပီနဲ့ ချာလီဘရောင်းရဲ့ လက်ရာရှင် ချားလ်ဟစ်ရှု့ဇ် ကာတွန်းဆရာရဲ့ မြို့လေးနဲ့ ပြတိုက်၊ ချာလီချက်ပလင်နေသွားတဲ့ မြို့ကလေး စသည်ဖြင့်တို့ တွေ့ဖူးတယ်။ ဗိလပ်မှာဆို ရှိတ်စပီးယားနေခဲ့တယ် ဆိုတဲ့ အိမ်ကလေးတောင် အထိမ်းအမှတ်လုပ် သွားကြည့်ကြတယ်။ ကျနော်တို့ဆီမှာက သူတို့ကိုယ်တိုင်ကလည်း ဥဒါန်းမတွင်နိုင်တော့ သမိုင်းကို ဖျောက်ဖျက်ပစ်ကြဖို့သာ အားထုတ်နေကြတယ်” ဟု အမေရိကန်အခြေစိုက် စာနယ်ဇင်းသမားတဦးက မှတ်ချက်ပေးသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts