>
ကရုဏာရှင်
သြဂုတ် ၁၁၊ ၂ဝဝ၈
(၁)
သားရေ … တစ်ခါတုန်းက သားကို မေမေ စကားတစ်ခွန်းမေးခဲ့ဖူးတယ်။ တကယ်လို့များ အမေက သားထက်စောပြီး အရင်သေခဲ့မယ် ဆိုရင် သား ဘာလုပ်မလဲ ဆိုတော့။ သားလေးကပြောတယ် “အမေ့ကို သား နေ့တိုင်း လွမ်းနေမှာပေါ့” တဲ့။
“အော် သားရယ်၊ အမေအတွက် သားလေး နေတိုင်းလွမ်းနေရရင် သားလေး သိပ်ပင်ပမ်းနေမှာပေါ့၊ အမေ့အတွက်နဲ့တော့ သားလေးကို မပင်ပမ်းစေချင်ပါဘူး”
အမေလေ သားလေးပြောသွားတဲ့ စကားတွေကို တရက်မှ မမေ့နိုင်ဘူး သားရယ်။ သားလေး မေမေ့ဘဝထဲက မေလ ၂ နေ့ ကတည်းက ပျောက်ကွယ်သွားတာ ဒီနေ့ဆိုယင် ၃ လတင်းတင်း ပြည့်ခဲ့ပြီပေါ့။ အခုတော့ သားလေးအတွက် အမေ နေတိုင်းပဲ လွမ်းနေရပြီသားရယ်။ သားလေး အခုဘယ်ကို ရောက်နှေုပီလဲ။
သားရယ် … သားဟာ မေမေရဲ့ တစ်ဦးတည်းသော သားပါ။ သားဟာ မေမေရဲ့ အသဲနှလုံးပါ။ သားဟာ မေမေပိုင်ဆိုင်တဲ့ ပစ္စည်းတွေထဲမှာ မေမေ တန်ဖိုး အထားဆုံး အရာပါ။ သားကို ဘယ်သူကပဲ အန္တရာယ်ပြုပြု၊ ဘယ်အရာကပဲ အန္တရာယ်ပြုပြု၊ အဲဒီ အန္တရာယ်ပြုတဲ့အရာကို မေမေ အမြဲတမ်း မုန်းပစ်လိုက်မယ်။ ဒါကြောင့်လဲ သားရဲ့အသက်ကို ချွေသွားတဲ့ နာဂစ်မုန်းတိုင်းကို မေမေ မုန်းတယ်။
“နာဂစ်ကို မုန်းတယ်၊ နာဂစ်ကို မုန်းတယ်၊ နာဂစ်ကို မုန်းတယ် … … …”
(၂)
ကျွန်တော်တစ်ယောက် နာဂစ်မုန်းတိုင်းသင့် ပြည်သူများကို ကူညီပံ့ပိုး လှူဒါန်းရန် စောင် ခြင်ထောင်၊ အဝတ်အထည်၊ ၊ အစားအစာ၊ အမိုးအကာ၊ အိုးခွက် ပုဂံ၊ ဆံ ဆီ ဆေး စတဲ့ ပစ္စည်းများကို ယူဆောင်ပြီး ဧရာဝတီတိုင်း ငပုတော၊ လပွတ္တာမြို့နယ်အတွင်းရှိ ရွာကြီး၊ ရွာငယ်များသို့ ရောက်ခွင့်ကြုံခဲ့တယ်။
တချို့ရွာတွေဟာ နာဂစ်မုန်းတိုင်းကြောင့် ရွာလုံးကျွတ် မျောပါသွားရပြီး၊ တချို့ရွာတွေဟာ အချို့တဝက်၊ တချို့ရွာတွေဟာ အစိတ်အပိုင်းအနေနဲ့ အမိုးလန် အိမ်ပြို စတဲ့ ဘေးဒုက္ခတွေနဲ့ ကြုံကြရှာတယ်။ ပိုလို့ဆိုးတာက တချို့မိသားစုတွေဟာ မိသားစုအားလုံး သေဆုံးခဲ့ရပြီး၊ တချို့မိသားစုတွေဟာ တစ်ယောက်စ၊ နှစ်ယောက်စပဲ ကျန်နေရစ်တာကို တွေ့ခဲ့ရတယ်။
လပွတ္တာမြို့နယ်၊ နလင်ကျော်ရွာမှာနေတဲ့ မလွမ်းမေရဲ့ မိသားစုဟာ တမိသားစုလုံး နာဂစ်မုန်တိုင်းထဲမှာ ပါသွားတယ်။ အသက်ရှင်လျှက် ကျန်ခဲ့သူဆိုလို့ မိသားစုမှာ မလွမ်းမေတစ်ယောက်တည်းရယ်။ တစ်ယောက်တည်းသာ အသက်ရှင်ပြီး ရှင်ကျန်ရစ်ခဲ့တဲ့ မလွမ်းမေတစ်ယောက် မိသားစုအတွက် အဘယ်သို့ ဖြေသိမ့်မလဲ။ အဖြစ်ဆိုးလှတဲ့ သူ့ဘဝလေးကို မဖြေသိမ့်နိုင်တော့တဲ့အဆုံး စိတ်ဝေဒနာများ ဖိစီးမှုကို ခံရရှာတော့တယ်။
မလွမ်းမေအဖြစ်က တကယ်ကို ရင်နင့်စရာပါ။ နာဂစ်မုန်းတိုင်းမှာ လင်လဲသေ၊ တစ်ဦးတည်းသော သားလဲသေ၊ အိမ်ရေမျှော၊ ပစ္စည်းဥစ္စာအားလုံးရေထဲပါသွားပြီး လူတစ်ကို အဝတ်တစ်ထည်သာ ကျန်တော့ဘဝ။ နာဂစ်မုန်းတိုင်းဟာ သာယာ အေးချမ်းနေတဲ့ သူ့တို့ဘဝလေးကို ဖျက်ဆီးရက်လိုက်တာ။
ကျွန်တော်တို့ သူတို့ရွာကို ရောက်သွားတဲ့အချိန်မှာ စိတ်ထဲမှာ ရောက်တတ်ရာရာတွေကို ရေရွတ်မြည်တမ်းနေတဲ့ သောကဝေဒနာသည်လေး မလွမ်းမေကို တွေ့ခဲ့ရတော့ သူဘဝလေးကို စာနာသနား မိခဲ့တယ်။
ဘဝဆိုတာ တိုက်ပွဲများကို ဆင်နွဲနေရတာနဲ့ တူလှပါတယ်။ လောကဓံ မုန်တိုင်းတွေ ထန်လာပြီဆိုယင် နိုင်သည်လည်း ရှိမယ်၊ ရှုံးသည်လည်းရှိကြမယ်။ သို့သော် သူတူတူ၊ ကိုယ်တူတူ အနိုင်ဖက်ကိုသာ မျှော်လင့်ထားတတ်ကြတယ်။ တကယ်တော့ မလွမ်းမေသည် ဘဝတိုက်ပွဲကို ဆင်နွဲလိုသူတော့မဟုတ်။
လောကနှင့်ပတ်သက်လာလျှင် မိမိကသာ အနိုင် ရနိုင်ရေးအတွက် စီးပွား ဥစ္စာများကို ချိုးချိုးခြံခြံဖြင့် စုဆောင်းခဲ့တယ်။ ဘဝနှင့်ပတ်သက်လာလျှင် အပျက်ထက် အဖြစ်ကိုသာ မျှော်လင့်ထားတယ်။ လောကဓံစစ်ပွဲနှင့် ပတ်သက်လာလျှင်လည်း သားကို တိုက်စစ်မှူးအသွင်ထားလျှက် အရာရာမှာ အနိုင်ဘက်ကသာရှိရမည်ဟု တွက်ဆထား ခဲ့တယ်။ သူဘဝမှာ “သားကိုသခင် လင်ကိုဘုရား” ဆိုတာ အဓိပ္ပါယ်ရှိနေသလိုပဲ။ အဓိပ္ပါယ်ရှိအောင်လည်း သူနေပြခဲ့တယ်။
သို့သော် သူ့အတွက် အရာအားလုံးသည် မျှော်လင့်ထားသည်နှင့် ဆန့်ကျင် ဘက်တွေချည်းသာ ဖြစ်ခဲ့ရတယ်။ ဒါေ–ကာင့်လည်း သူမျှော်လင့်ထားတွေ ဖြစ်မလာတော့ စိတ်အပျက်ကြီး ပျက်ခဲ့ရပြီး စိတ်သောကဝေဒနာတွေကို ဖိစီးခံစားတော့ရတယ်။ လောကမှာ စိတ်သောကဖိစီးမှုတွေကို သတိမမူနိုင်တဲ့ လူတိုင်းဟာ ယဉ်ယဉ်လေးနှင့် ရူးနေတတ်တယ်ဆိုတာ မလွမ်းမေ တစ်ယောက် သိချင်မှ သိမှာပါ။
ကျွန်တော်တို့ လေဘေးကူညီရေးအဖွဲ့ဟာ လေဘေးဒုက္ခသည်များကို စောင် ခြင်ထောင်၊ အဝတ်အထည်၊ အစားအစာ၊ အမိုးအကာ၊ ဆန် ဆီ ဆေးတို့ဖြင့် သွားရောက် ကူညီကြရမှာ သူတို့ဘဝလေးတွေကို ဘုံးဘုံးလဲရာမှ ပြန်လည် ထနိုင်သည်အထိ၊ ပြန်လည် လှုပ်ရှားသွားလာနိုင်ရုံအထိ ဖြစ်နိုင်ရင် အကူအညီများ ပေးကြပေးဖို့ပါ။
ဘုံးဘုံးလဲကျသွားရာမှ ထိုင်နိုင်ရုံ အခြေအနေလေးမျှလောက်သာ အကူအညီများ ပေးကြရန်မဟုတ်ပါ။ မုန်းတိုင်း ဒဏ်ကြောင့် ယိုယွင်းပျက်စီးသော စိတ်ပိုင်းဆိုင်ရာ စိတ်သောကဝေဒနာများကိုပါ ငြိမ်းအေးသွားစေချင်တဲ့ စေတနာတို့ဖြင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ ပစ္စည်းများကို ပေးဝေ လှူဒါန်းနေကြခြင်းပါ။
မုန်တိုင်းဒဏ်ကြောင့်ဖြစ်စေ၊ တစုံတခုသော အကြောင်းကြောင့်ဖြစ်စေ ဘဝတွေ ပျက်စီးသွားကြပြီဆိုလျှင် ပျောက်ဆုံးသွားတဲ့ ပစ္စည်းများကို ပြန်လည် အစားထိုးပေးရခြင်းဟာ မခက်ခဲလှသော်လည်း ကျသွားသော စိတ်ဓာတ်များကို ပြန်လည် မြှင့်တင်ပေးရသည်မှာ ခက်ခဲလှပါတယ်။
လေဘေးသင့်ပြည်သူအချို့ဟာ စိတ်ဝေဒနာများကို ခံစားနေရရှာပါတယ်။ ပျက်စီးဆုံးရှုံးသွားတဲ့ ပိုင်ဆိုင်မှုများကို ပြန်လည် လွမ်းမော တသယင်းလည်း စိတ်ဝေဒနာကို ခံစားကြရရှာတယ်၊ သေဆုံးပျက်စီးသွားတဲ့ မိသားစုဝင်များကိုလည်း လွမ်းဆွတ်သတိရနေ ရင်းလည်း စိတ်ဝေဒနာများကို ခံစားကြရရှာတယ်။ စိတ်အားများ ငယ်လာပြီဆိုရင် လောကကြီးဟာ လွမ်းစရာကြီး၊ စိတ်ပျက်စရာချည်းပါ။
လေဘေးသင့်ပြည်သူများကို ရက်ရက်ရောရောဖြင့် ပေးကမ်းစွန့်ကြဲ၊ လှူဒါန်းကြတဲ့ အလှူရှင်မျာ့းရဲ့ စေတနာ၊ ကရုဏာတရားများဟာ လေဘေးသင့် ပြည်သူတို့ရဲ့ ယိုင်နဲ့ ချည့်နဲ့နေတဲ့၊ ကျဆင်း ချို့တဲ့သွားတဲ့ စိတ်ဓာတ်များကို ပြန်လည် မြှင့်တင်ပေးနိုင်ပါတယ်။ အလှူရှင်တို့ရဲ့ စေတနာ၊ အလှူရှင်တို့ရဲ့ ကရုဏာတရားတွေဟာ သူတို့အတွက် အားတွေ အင်တွေဖြစ်နေတာပါ။ အလှူရင်တို့ရဲ့ အကြင်နာတရားများကို ဆက်လက်ပြီး မျှဝေပေးကြပါ။
နာဂစ်မုန်တိုင်းပြီးကတည်းက လောကကြီးကို နာကျည်းစိတ်နဲ့ စကားမပြောပဲ နှုတ်ဆိတ်နေခဲ့တဲ့ မလွမ်းမေတစ်ယောက် စကားပြန်ပြောလာခဲ့ပြီ။ သေဆုံးသွားတဲ့ တစ်ဦးတည်းသောသားအတွက် အစားထိုး၍ သားနှင့်ရွယ်တူ အခြားသောလူငယ်လူရွယ် လေးများအပေါ် ချစ်တတ်လာခဲ့ပြီ။ စစ်မှန်သော အချစ်ဆိုတာ မိမိ သူတပါးတို့ရဲ့ အကျိုးစီးပွားများကို စိတ်ထားဖြူဖြူစင်စင်ဖြင့် လိုလားနေခြင်းဆိုတာ သူ နားလည်စပြုခဲ့ပြီ။
ပိုင်ဆိုင်ခြင်းကို ချစ်ခြင်းမေတ္တာလို့ အထင်မှားခဲ့တဲ့ လောကလူသားများဟာ သောကဝေဒနာကို ဝယ်ယူနေသူများပါ။ တရားသတိ အနည်းငယ်ရှိလာပြီးဖြစ်သော မလွမ်းမေသည် ဖြစ်နိုင်လျှင် သောကဝေဒနာကို လုံးဝ မဝယ်ယူလိုတော့ပါ။
ကံအကြောင်းတရားကို ဉာဏ်ဖြင့် ကောင်းကောင်း မသက်ဝင်နိုင်ကြသူများသည် အကြောင်းတရားများ ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ် လာနိုင်သော အကျိုးတရားများအတွက် စိတ်သောကများ ရောက်ရတတ်ကြောင်းကို ယခုတော့ မလွမ်းမေတစ်ယောက် လက်ခံနိုင်ခဲ့ပြီ။ မကျေနပ်တဲ့စိတ်တွေဖြင့် လောကကြီးကို အပြစ်တင်နေမည်ဆိုယင် အပြစ်တင်တတ်သူတို့သာ ပင်ပမ်းကြရစမြဲဆိုတာ မလွမ်းမေ တစ်ယောက် သဘောပေါက်ခဲ့ပြီ။
ရူးသွပ်လုနီးပါးဖြစ်ခဲ့ရတဲ့ မလွမ်းမေတစ်ယောက် သတိပြန်လည်ရလာပြီ။ နာဂစ်မုန်တိုင်းကြောင့် သေဆုံးသွားကြများသည် သူ့သားတစ်ယောက်တည်းသာ မဟုတ်။ ထောင်နှင့်ချီ၍၊ သောင်းနှင့်ချီ၍၊ သိန်းနှင့်ချီ၍ သေကြရသည်ကိုလည်း သူ ကောင်းကောင်းကြီး သဘောပေါက်ခဲ့ပြီ။
စာနာတတ်သော နှလုံးသားသည် သောကဝေဒနာကို လျော့နည်းစေနိုင်ပါတယ်။ ကြင်နာတတ်သော နှလုံးသားသည် ဒုက္ခဝေဒနာကို သက်သာစေနိုင်ပါတယ်။ ဝိုင်းဝန်းကူညီ စောင့်ရှောက်ခြင်းတို့ကို လာရောက် ပြုလာကြသော ကရုဏာရှင်တို့ရဲ့ နှလုံးသားများသည် ဘုံးဘုံးလဲကျနေသူများကို ထူမပေးနိုင်ပါတယ်။ ကရုဏာနှလုံးသားများဖြင့် လဲနေသူကို ထူမပေးလိုခြင်းဟာလည်း ကရုဏာရှင်တို့ရဲ့ မူလစိတ်စေတနာပါ။
အကယ်၍သာ ကရုဏာနှလုံးသားရှိသော လူအပေါင်းသည် နာဂစ်မုန်တိုင်းဒဏ်ကို ခံနေရရှာသော လေဘေးသင့်ပြည်သူများအား ပစ္စည်းများဖြင့် သော်၎င်း၊ စိတ်ဓာတ်အားဖြင့်သော်၎င်း မပန့်ပိုး၊ မကူညီ၊ မထောက်ပံ့ခဲ့ကြဘူး ဆိုလျှင် မလွမ်းမေ၏ဘဝသည် စိတ်ဝေဒနာရှင်ဘဝသို့ ရောက်သွားကောင်း ရောက်သွားနိုင်ပါတယ်။
ဘဝတစ်ပါးသို့ ကူးပြောင်းသွားသော သားဖြစ်သူအား လွမ်းတသသဖြင့် နေစဉ်ရက်ဆက် “သားရေ မေမေကို တစ်ယောက်တည်း မထားခဲ့ပါနဲ့” လို့ အော်မည် တမ်းတလျှက် အမြဲထာဝရ ငိုရှိုက်ကောင်း ငိုရှိုက်နေပေလိမ့်မယ်။
“အော် … အခုများရယ်တော့၊ ပြည်သူတို့ရဲ့ မေတ္တာ စေတနာတို့ဟာ မလွမ်းမေတည်းဟူသော ညှိုးနွမ်းနေတဲ့ ကြာပန်းလေးတစ်ပွင့်ကို လန်းဆန်းစေဖို့ ပက်ဖြန်းပေးတဲ့ စမ်းရေကြည်ပေါက်လေးများပမာ ဖြစ်ခဲ့ပါပြီ်။”