>ဆီးပန်းနီဆရာတော်၏ စာပေုသဇာ

>

နိုင်ငံရေးနဲ့ စာပေအနုပညာ (၁)
ဆီးပန်းနီဆရာတော်၏ စာပေသြဇာ

ထိန်လင်း
သြဂုတ် ၁၁၊ ၂၀၀၈

‘နိုင်ငံရေး’ ဆိုတဲ့ ဝေါဟာရဟာ သမားရိုးကျ စကားစု တစ်ခု ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ သီးခြားလူတန်းစားအတွက် သုံးနှုန်းတဲ့ ဝေါဟာရလို ဖြစ်နေပါတယ်။ ခေတ်အခြေအနေက မကောင်းတော့ နိုင်ငံရေး ဆိုတဲ့ စကားရပ်နဲ့ ဆက်နွယ်ပြီး ခေါ်ဝေါ်သုံးစွဲခြင်း ခံလိုက်ရပြီဆိုရင်ပဲ အန္တရာယ်တွေ ရှိနေပြီလားလို့ ထင်စရာပါ။ ဒီတော့ နိုင်ငံရေးသမား တို့၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေကို ဆောင်ရွက်တဲ့သူတို့ဆိုရင် ကြောက်စရာအဖြစ် တချို့က မြင်နေတတ်ကြပါတယ်။ အထူးသဖြင့် အရေးယူခံရမှာ၊ အန္တရာယ်အပြုခံရမှာတို့ကို ပိုပြီး စိုးရိမ်တတ်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူ့သမိုင်းမှာ အုပ်ချုပ်ရေးဆိုတဲ့ အခန်းကဏ္ဍတည်ရှိနေသရွေ့ နိုင်ငံရေးဆိုတဲ့ ဝေါဟာရလည်း ဆက်လက် တည်ရှိနေဦးမှာ ဖြစ်ပါတယ်။

တိုင်းပြည်တစ်ခုရဲ့သမိုင်း၊ ဒါမှမဟုတ် တိုးတက်မှုတွေကို ဆန်းစစ်ကြတဲ့အခါ သက်ဆိုင်ရာတိုင်းပြည်ရဲ့ ပကတိ မျက်မြင်အနေအထားတွေဖြစ်တဲ့ ရေမြေသဘာဝ၊ အုပ်ချုပ်ပုံ နည်းစနစ်တွေကိုသာမက အဲဒီတိုင်းပြည်ရဲ့ မှတ်တမ်းမှတ်ရာတွေ၊ အခြားသော တိုးတက်မှုတွေအကြောင်းတွေကိုပါ လေ့လာရမှာ ဖြစ်ပါတယ်။ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ၊ လူပုဂ္ဂိုလ်များရဲ့ အကြောင်းတွေကိုလည်း လေ့လာကြရမှာဖြစ်ပါတယ်။ ဒီနေရာမှာ မလွဲမသွေ ထိစပ်ရမယ့်အရာက အဲဒီတိုင်းပြည် အဲဒီလူမျိုးရဲ့ စာပေပဲဖြစ်ပါတယ်။ တချို့ကတော့ စာပေနဲ့ အတွေးအခေါ်ဆက်စပ်မှု၊ စာပေနဲ့ ယဉ်ကျေးမှုဆက်နွယ်မှု စသဖြင့် သီးခြားခေါင်းစဉ်ခွဲတွေအောက်မှာ စူးစမ်းလေ့လာကြပါတယ်။ ဒီလိုပဲ စာပေနဲ့ နိုင်ငံရေး ဆက်နွယ်မှုတွေကိုလည်း လေ့လာသူတွေ ရှိကြပါတယ်။

ကျနော်တို့ မြန်မာ့သမိုင်းထဲက စာပေနဲ့နိုင်ငံရေး ဆက်စပ်မှုတွေကို လေ့လာမယ်ဆိုရင် အုပ်စိုးသူတွေနဲ့ ဆက်စပ်ပြီး ပေါ်ပေါက်ခဲ့တဲ့ စာပေအရေးအသားတွေကို အများအပြား တွေ့ရမှာဖြစ်ပါတယ်။ အဲဒီအထဲမှာ အုပ်စိုးသူတွေရဲ့ ဘုန်းတော်ဘွဲ့ အရေးအသားတွေ အပြင်၊ အုပ်ချုပ်ရေးစနစ်နဲ့ ခေတ်အခြေအနေတွေကို ထုတ်ဖော်ရေးသားခဲ့တဲ့ အရေးအသားတွေကိုလည်း တွေ့ရပါလိမ့်မယ်။ ဒါပေမယ့်လည်း အာဏာစက် ပြင်းလှတဲ့ ပဒေသရာဇ်စနစ်ရဲ့ အောက်မှာ၊ အာဏာရှင်စနစ်တွေရဲ့ အောက်မှာတော့ ပွင့်လင်းတဲ့ စာပေအရေးအသားတွေက အုံလိုက်ကျင်းလိုက် ထွက်ပေါ်လာဖို့ မလွယ်ပါဘူး။

မြန်မာပြည်မှာ နိုင်ငံရေးစာပေတွေ အများအပြား စတင်ပေါ်ထွက်လာချိန်ဟာ ကိုလိုနီခေတ်အတွင်းမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ့်တိုင်းပြည်မှာ တိုင်းတပါးက အုပ်စိုးတာကို မခံမရပ်နိုင် ဖြစ်ကြတဲ့အတွက် ကိုယ့်ရဲ့ခံစားချက်ကို ထုတ်ဖော်ရေးသားတာတွေ၊ ကိုယ့်ထီးကိုယ့်နန်းနဲ့ နေနိုင်တဲ့ခေတ်ကို ပြန်ရောက်အောင် တော်လှန်ရမယ်ဆိုတဲ့ တိုက်တွန်းရေးသားချက်တွေက မြန်မာ့နိုင်ငံရေးလမ်းကြောင်းနဲ့ အသိအမြင်တွေ ကျယ်ပြန့်အောင် ဦးဆောင်ခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။

မြန်မာပြည်ရဲ့ နိုင်ငံရေးမှာ စာပေရဲ့ အခန်းကဏ္ဍက ဦးဆောင်တဲ့နေရာမှာ ရှိနေသလား၊ နိုင်ငံရေးက စာပေကို ဦးဆောင်သလား ဆိုတာ အားလုံးကို ရည်ညွှန်းပြီး ပြောဖို့ကတော့ ခက်ပါတယ်။ ဒါပေမယ့်လည်း စာပေနဲ့ နိုင်ငံရေးကတော့ အမြဲတမ်း ဆက်နွယ်နေတာပါပဲ။ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင်ဖိုးလှကြီး၊ သခင်နု စတဲ့ နိုင်ငံရေးခေါင်းဆောင်တွေက စာပေတွေ ရေးသားခဲ့ကြသလို၊ စာပေသမားစစ်စစ်တွေကလည်း နိုင်ငံရေးစာပေတွေကို ရေးသားခဲ့ကြတာ အများအပြား တွေ့နိုင်ပါတယ်။

အခုတပတ်မှာတော့ မြန်မာ့စာပေသမိုင်းမှာ မှတ်တမ်းဝင် ဆရာတော်တစ်ပါးဖြစ်တဲ့ ဆီးပန်းနီ ဆရာတော်ကြီးရဲ့အကြောင်းနဲ့ သူ့ရဲ့ စာပေသြဇာအကြောင်းကို တင်ပြချင်ပါတယ်။ ဆီးပန်းနီဆရာတော် ဆိုတာကတော့ ကုန်းဘောင်ခေတ်မှာ ထင်ရှားခဲ့တဲ့ ဆရာတော်ကြီးဖြစ်ပြီး ကုန်းဘောင်မင်းဆက် ၄-၅ ဆက်လောက် မီခဲ့တဲ့ ဆရာတော်လည်းဖြစ်ပါတယ်။ ဆရာတော်ကြီးရဲ့ ခမည်းတော်ဟာ အမရပူရ ပထမ မြို့တည်နန်းတည် ဘိုးတော်ဘုရားလက်ထက်မှာ ထင်ရှားခဲ့တဲ့ မင်းအတိုင်ပင်ခံ အမတ်ကြီး ရာဇသင်္ကြံ ဖြစ်ပါတယ်။

ဆီးပန်းနီဆရာတော်ကြီးဟာ စာပေထူးချွန်သူဖြစ်ပြီး ပိဋကတ် ၃ ပုံကိုတောင် ကျောင်းသားအဖြစ်နဲ့ တစ်ကြိမ်၊ သာမဏေအဖြစ်နဲ့ ၂ ကြိမ် စုစုပေါင်း ၃ ကြိမ် ဖြေဆိုပြီး အောင်မြင်ခဲ့သူဖြစ်ပါတယ်။ ဒီလို စာပေထူးချွန်တဲ့အတွက် မင်းတုန်းမင်းလက်ထက်မှာ ဘွဲ့တံဆိပ်တော် ၂ ကြိမ်၊ သီပေါမင်းလက်ထက်မှာ တစ်ကြိမ် ဆက်ကပ်ခြင်း ခံခဲ့ရပါတယ်။ မင်းတုန်းမင်းလက်ထက် ပြုလုပ်ခဲ့တဲ့ ပဉ္စမသင်္ဂါယနာတင်ပွဲကြီးမှာ ပိဋကတ် ၃ ပုံကို ဆရာတော်ကြီးက ကြီးကြပ် တည်းဖြတ်ခဲ့ပါတယ်။ မန္တလေး နေပြည်တော် မြို့သစ်တည်တဲ့အခါမှာလည်း ရပ်ကွက်နာမည်တွေ ရွေးချယ်ခဲ့တဲ့အခါ ရပ်ကွက်ပေါင်း ၄၉ ခုရဲ့ အမည်တွေကို ဆရာတော်က ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီအထဲမှာ လူအများကြားဖူးကြတဲ့ ပြည်ကြီးကျက်သရေ၊ ပြည်ကြီးပျော်ဘွယ်၊ ကျွန်းလုံးဥသျှောင်၊ ချမ်းမြသာစည်၊ ပုလဲငွေရောင် ရပ်ကွက်တို့လည်း ပါဝင်ပါတယ်။

ဆရာတော်ကြီးဟာ ရဟန်းဝါတော် ၁ဝ ဝါက စပြီး စာပေတွေ ရေးသားခဲ့ပြီး ဘုရားရှိခိုးနဲ့ ဇာတ်တော်များ သာမက ကဗျာဖွဲ့ဆိုမှုအကြောင်းတွေ၊ ဆုံးမစာတွေလည်း ရေးသားတော်မူခဲ့ပါတယ်။ အဲဒီစာစုတွေကို စုပေါင်းပြီး ‘ကဝိမဏ္ဍန မေဒနီကျမ်း’ဆိုတဲ့ အမည်နဲ့ စာအုပ်ထုတ်ဝေခဲ့ဖူးပါတယ်။

ဆီးပန်းနီဆရာတော်ကြီးရဲ့ စာပေထဲမှာ လူသိများ ထင်ရှားတဲ့စာပေက ‘သေသော်မှတည့် သြော် ကောင်း၏’ ဆိုတဲ့ စာလုံးနဲ့ အဆုံးသတ်တဲ့ ကဗျာဖြစ်ပါတယ်။ ဒီကဗျာစာပိုဒ်ဟာ ဆရာတော်ကြီးရေးသားခဲ့တဲ့ ‘ပါတော်မူ တမ်းချင်း’ ထဲက နိဂုံးပိုင်းဖြစ်ပါတယ်။

ပါတော်မူတမ်းချင်းကို ဆရာတော်ကြီးက သီပေါမင်း ပါတော်မူပြီး မြန်မာပြည်တစ်ခုလုံး အင်္ဂလိပ်ကိုလိုနီ ဖြစ်သွားတဲ့အချိန်မှာ ယူကျုံးမရဖြစ်ပြီး ရေးသားခဲ့တာပါ။ ဒီလင်္ကာ ရေးသားတဲ့အချိန်မှာ ဆရာတော်ကြီးဟာ သက်တော် ၇၄ နှစ် ရှိနေပါပြီ။ အဲဒီထဲမှာ နန်းတွင်းထဲက မှူးမတ်တွေ မညီမညွတ်ဖြစ်လို့၊ မျက်နှာလိုမျက်နှာရ ကပ်ပါးရပ်ပါးလုပ်နေတဲ့သူတွေများလို့၊ အချင်းချင်း အုပ်စုတွေဖွဲ့ပြီး ထင်ရာစိုင်းနေကြတာတွေကြောင့် အခုလို တိုင်းတပါးလက်အောက် ရောက်ခဲ့ရတာလို့ ဆရာတော်က ရေးသားခဲ့ပါတယ်။ ဒီရေးသားချက်ကို မခံမရပ်နိုင်ဖြစ်ပြီး တုံ့ပြန်ရေးသားတာတွေလည်း ရှိတယ်လို့သိရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်ကတော့ တိုင်းတပါးလက်အောက်ကို ရောက်သွားပြီ၊ ဖြစ်ပျက်ပြီးသား အရာက ပြန်ပြင်လို့ မရနိုင်တော့ဘူး၊ ဒါကြောင့် နောင်လာနောက်သားတွေ ဆင်ခြင်စိတ်နဲ့ မျိုးချစ်စိတ်ကိန်းအောင်းဖို့ နိဂုံးပိုင်းမှာ အခုလို ရေးဖွဲ့ခဲ့ပါတယ်။

“သိင်္ဃတန်ဆောင်၊ ဘုန်းတော်မှောင်၍၊ ကုန်းဘောင်နေမီး၊ မထိန်ညီးက၊ တိုင်းကြီးပြည်ကြီး၊ အချည်းနှီးလျှင်၊ ထီးသုဉ်းနန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊ ကြုံရပြန်လစ်၊ သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊ တို့တတွေသည်၊ သေသော်မှတည့် သြော်ကောင်း၏။”

ကိုယ့်ထီးကိုယ့်နန်းနဲ့ ကိုယ်နေခွင့်မရှိဘဲ တိုင်းတပါးရဲ့ အုပ်ချုပ်မှုအောက်မှာ နေရတာထက်စာရင် သေရတာကမှ မြတ်ဦးမယ်လို့ ဆရာတော်က ဆိုခဲ့တာပါ။ ဒီလို ဆိုညည်းတမ်းတခဲ့တဲ့ ဆရာတော်ကြီးဟာ ဒီလင်္ကာရေးသားပြီး ၃ နှစ်ခန့်အကြာ သက်တော် ၇၇ နှစ်မှာ ပျံလွန်တော်မူခဲ့ပါတယ်။ ဆရာတော်ကြီး သက်ရှိထင်ရှားမရှိတော့ပေမယ့် ဒီလင်္ကာရဲ့ အရှိန်အဝါကတော့ အင်္ဂလိပ်ကိုလိုနီခေတ်ကနေ ကနေ့ချိန်အထိ ရှိနေဆဲဖြစ်ပါတယ်။ မျိုးချစ်စိတ် ထက်သန်ရေးမှာ အကောင်းဆုံး အသုံးချနိုင်တဲ့ အရာလည်း ဖြစ်ခဲ့ပါတယ်။ နန်းတွင်းမှာ တချိန်လုံး သီတင်းသုံးလာခဲ့တဲ့ ဆရာတော်က နန်းတွင်းသားတွေ မှူးကြီးမတ်ရာတွေကို အမှန်အတိုင်း ဝေဖန်ပြီး ရေးသားခဲ့တဲ့ ဆရာတော်ကြီးရဲ့ စိတ်ဓာတ်ကိုလည်း မှန်းဆမိပါတယ်။

တဆက်တည်းမှာပဲ ကိုယ့်လူမျိုးအချင်းချင်း အုပ်ချုပ်တာမဟုတ်ဘဲ သူတပါးရဲ့ အုပ်ချုပ်မှုအောက်မှာ နေရတာဟာ ကျွန်ဖြစ်တာပဲ၊ ဒုက္ခဆင်းရဲ ကြီးတာပဲ၊ အဲဒီလို အသက်ရှင်နေရတာထက် သေရတာကမှ မြတ်သေးတယ်လို့ ရေရွတ်ခဲ့တဲ့ ဆီးပန်းနီဆရာတော်ကြီးဟာ ကိုယ့်လူမျိုးအချင်းချင်းက ဆိုးဆိုးဝါးဝါး အနိုင်ကျင့် အုပ်ချုပ်တာကို ခံနေရတဲ့ ဒီကနေ့ခေတ် မြန်မာပြည်မှာ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် ဘယ်လို စာပေတွေ၊ ဘယ်လို ကဗျာလင်္ကာတွေများ ဖွဲ့သီလေမလဲလို့ တွေးတောနေမိပါတယ်။ ။

ထိန်လင်း (၁၄၊ ၆၊ ၂ဝဝ၈)


၂ဝဝ၈ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts