>Burmese Junta itself still remember 88 – 20 years

>

၈ လေးလုံးကို မမေ့သူများထဲတွင် စစ်အစိုးရလည်း ရှေ့ဆုံးက ပါဝင်
မိုးမခ အထောက်တော် (ရန်ကုန်)

သြဂုတ် ၄၊ ၂၀၀၈

ရှစ်လေးလုံး နှစ်ပတ်လည်နေ့ နီးကပ်လာသည့်နှင့်အမျှ ရန်ကုန်မြို့တွင်အာဏာပိုင်များက လုံခြုံရေးများ တိုးမြှင့်ချထားသည်ကို တွေ့နေရသည်။ အဓိက နေရာများ ၊ လမ်းမများတွင် လုံခြုံရေးများကို သိသိသာသာ တိုးမြှင့်ချထားလာခြင်းဖြစ်ပြီး ကမ္ဘာအေးဘုရားလမ်း၊ ပြည်လမ်းမ တလျောက်တွင် နှစ်ယောက်တွဲ သုံးယောက်တတွဲဖြင့် လုံခြုံရေးယူထားသော ရဲသားများကို ထင်ထင်ရှားရှား မြင်တွေ့နေရပြီး အများပြည်သူများ၏ သွားလာ လှုပ်ရှားမှုများကို မျက်လုံးတောက်ထောက် အကဲခတ်လျှက်ရှိသည်မှာ ထင်ရှားသည်ဟု မြို့ခံများက ဆိုသည်။

ထို့အပြင် ကျိုက်ဝိုင်းဘုရားလမ်း၊ မြေနီကုန်း ၊ လှည်းတန်း စသည့် စည်ကားရာနေရာများတွင်လည် လုံခြုံရေးများချထားသည်ကို မြင်ရသည်။ အဆိုပါလုံခြုံရေးများ ချထားခြင်းမှာ တရက်ပြီးတရက် အရှိန်မြင့်လာခြင်း ဖြစ်ပြီး ယမန်နေ့ကထက် ယနေ့တွင် ပိုများလာသည်ဟု ဆိုကြသည်။

“သမီးတို့ မြောက်ဥက္ကလာပမှာလည်း ဒီမနက်က တချို့နေရာတွေမှာ လုံခြုံရေး ချထားတာကို တွေခဲ့ရတယ်။ အရပ်ထဲကလူတွေ ပြောတာတော့ ညကမှ စစ်ကားနှစ်စီးနဲ့ လာချသွားတာလို့ ပြောတယ်”

ဟု မြို့ထဲသို့ အလုပ်လာဆင်းသူ ကုမ္ပဏီ ၀န်ထမ်းတဦးက မိုးမခသို့ ပြောပြသည်။

လက်နက်ကိုင် လုံထိန်းများ အပြည့်ချထားသည် သာမက ရဲကားများကလည်း မြို့ကို လည့်ပတ်စစ်ဆေးလျက်ရှိရာ အစိုးရက မည်သည့် ဆူပူမှုမျိုးကိုမဆို လက်ဦးမှု ရယူနိုင်ရန် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်ပုံရသည်ဟု ထင်မြင်ချက်ပေးနေကြသည်။

ရှစ်လေးလုံး နှစ်ပတ်လည် အထိမ်းအမှတ်နေ့ နီးကပ်လာသည်နှင့် အမျှ အနီရောင် လှုပ်ရှားမှုဟု အမည်ပေးထားသည့် လှုံ့ဆော်မှုများကလည်း ပေါ်ထွက်နေရာ အစိုးရပိုင်းက သတိ ၀ိရိယ ကြီးစွာ စောင့်ကြည်နေရသည်ကို တွေ့နေရသည်။

ကောလဟလများအလိုအရ ၈ လေးလုံး နှစ်ပတ်လည်တွင် လူထုအုံကြွမည်ဟု ဖြစ်ရာ၊ စစ်အစိုးရက ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်လာသည်ကို ကြည့်ပြီး လူထုက ပို၍ စိတ်ဝင်တစား ဖြစ်လာကြသည်။

“၈ လေးလုံးကို မမေ့တဲ့အထဲမှာ စစ်တပ်က ထိပ်ဆုံးက ပါနေတာ ဆိုတော့၊ သူတို့ အုံကြွတာကို ကြည့်ပြီး လူထုကလည်း လိုက် အုံကြွရတော့မလို ဖြစ်လာတယ်”

ဟု ပရိသတ်တဦးက မှတ်ချက်ပေးသည်။

ရန်ကုန်တက္ကသိုလ် ပရ၀ုဏ်အတွင်းသို့ မည်သူမျှ အ၀င်မခံကြောင်း၊ မဖြစ်မနေ ၀င်ထွက်ရသူများကိုလည်း မှတ်ပုံတင်၊ ကျောင်းသားကဒ်က အစ သွားလိုသည့်အကြောင်းအရာ အထိ အထူး ကြပ်မတ် စစ်ဆေးလျှက်ရှိကြောင်း သွားရောက်ခဲ့သူများက ပြောပြသည်။

“၀င်လို့ကို မရတော့ဘူး၊ အတော်လေးကို လုံခြုံရေးက ကြပ်မတ်ထားတယ်။ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ အပေါက်စောင့်တွေက ၀င်ခွင့် မပြုဘူး။ မိန်းထဲမှာ M.Aတို့ Ph.D တို့ တက်နေတဲ့သူတွေ ရှိတယ်လေ။ သူတို့ပဲ ကျောင်းသားကဒ်ပြပြီး ၀င်လို့ရတာ တွေ့တယ်။ အပြင်လူ တွေ၊ ဒီ့ပြင် တက္ကသိုလ်က ကျောင်းသားတွေကတော့ လုံးဝကို ၀င်လို့ မရတော့ဘူး …”

ဟု ကိုယ်တိုင် သွားရောက်ခဲ့သူ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်ကျောင်းသားတဦးက ပြောသည်။

အခြားတက္ကသိုလ်များဖြစ်သည့် ဒဂုံတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ အရှေ့ပိုင်းတက္ကသိုလ်များတွင်လည်း စစ်သားများ၊ ရဲများ အစောင့်ချထားပြီး၊ ကျောင်းသားလူငယ်များ၏ လှုပ်ရှားမှုမှန်သမျှကို ကျောင်းအာဏာပိုင်ကိုယ်တိုင်က စောင့်ကြည့် သတင်းပေးနေရသည်ဟု ဆိုသည်။

ကျောင်းသား မဟုတ်သူများကိုစစ်ဆေးခြင်း၊ ကျောင်းဝန်းတ၀ိုက် လုံခြုံရေးကို ဆရာ ဆရာမများ ကိုယ်တိုင် တာဝန်ယူကင်းလှည့်ရခြင်း၊ စစ်အစိုးရ အခေါ် – “ထူးခြားဖြစ်စဉ်” များ ဖြစ်ပေါ်လာပါက ကျောင်းအုပ်ချူပ်ရေးအာဏာပိုင်များ၊ သက်ဆိုင်ရာ ဒေသအာဏာပိုင်နှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်သို့ ချက်ချင်းသတင်းပို့ရမည်ဟ လျို့ဝှက်အမိန့် ထုတ်ပြန်ထားခြင်းတို့ ရှိကြောင်း တက္ကသိုလ်ဆရာများက မိုးမခသို့ အကြောင်းကြားခဲ့သည်။

“ ၈ လေး လုံးကို အနီရောင် ကင်ပိန်းနဲ့ လူတွေက လုပ်၊ စစ်တပ်ကတော့ အစိမ်းရောင် ကင်ပိန်းနဲ့ ကြိုဆို … အဲသလိုမျိုးပေါ့ဗျာ။ အ၀ါရောင်ကတော့ ဘုရားသားတော်တွေ ဆိုတော့ … နီ၊ စိမ်း၊ ၀ါတွေနဲ့ ကြိုကြလေမလားပဲ …” ဟု တဦးက ထင်မြင်ချက်ပေးသည်။

Myanmar soldiers are reflected in the mirror of a street cart as they walk past a vendor peeling a pineapple while waiting for customers, Wednesday, July 16, 2008, in Yangon City, Myanmar. (AP Photo)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts