မိုးမခကို ပေးတဲ့စာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံအဆင့်ဆင့် အောင်မြင်စွာကျင်းပနိုင်ရေးသို့ 

(ဟင်္သာတ(ဧရာဝတီတိုင်း) ဇန်န၀ါရီ ၁၂၊ ၂၀၁၂ )

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံအဆင့်ဆင့် အောင်မြင်စွာကျင်းပနိုင်ရေးသို့ 
ဘက်မလိုက်နိုင်ငံရေးအဖွဲ့ (ဧရာဝတီတိုင်း) ၁၅/၁/၂၀၁၃ (စာ – ၂) ဆ/ရ

ဇန်န၀ါရီ ၁၆၊ ၂၀၁၃

ဟင်္သာတမြို့ နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် အထူးတင်ပြစာ

ကျွန်ုပ်တို့၏ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်က တိုင်းတစ်ပါး၏ အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ခဲ့သည်ကားမှန်ပါ၏။ သို့သော် ပြည်သူများ လွတ်လပ်ရေး၏ အသီးအပွင့်များကို အပြည့်အဝ ခံစားရပါသလား။ အဖြေကား ရှင်းပါ၏။ မရပါ။ တိုင်းတစ်ပါး၏ ကျွန်ပြုမှုအောက်မှ လွတ်မြောက်ပြီး (၁၀) နှစ် ကြာသောအခါ စစ်အာဏာရှင်အောက် (၂) နှစ် ခန့် ရောက်ခဲ့ ပြီးနောက် ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ အာဏာသိမ်းစစ်အစိုးအောက်တွင် ပြည်သူများ ဒုက္ခအပေါင်းကို ခါးစီးခံခဲ့ရပြီး ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ တစ်ပါတီ (မဆလ) အာဏာရှင် အစိုးရအောက်တွင် ပြည်သူများ လွတ်လပ်ခွင့်အားလုံး ဆုံးရှုံးခဲ့ရလေသည်။ တိုင်းပြည်လည်း အဆင်းရဲဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့ရလေသည်။ (ဖိနှိပ်မှုအားလုံးတွင် တန်ပြန် သက်ရောက်မှုရှိသည်)

၁၉၈၈ ခုနှစ်တွင် ၈၈၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီး အံမခမ်းနှိုင်အောင် ပေါ်ပေါက်လာကာ တစ်ပါတီအာဏာရှင်စနစ်သည်လည်း ချုပ်ငြိမ်းခဲ့ရေပေတာ့သည်။ သို့ သော် စစ်အာဏာရှင်တို့၏ ချယ်လှယ်စိုးမိုးမှုအောက်သို့  ရောက်ခဲ့ရပြန်လေသည်။ ပါတီစုံစနစ်ဟုဆိုကာ လမ်းခင်းပေး၏။ ၁၉၉၀ ရွေးကောက်ပွဲ လုပ်ပေးပြန်၏။သို့သော် အနိုင်ရပါတီကို အာဏာမလွှဲဘဲ သူတို့ ပါဝါသာ မြဲလေသည်။

ဤသို့ဖြင့် ရွေးကောက်ပွဲအနိုင်ရပါတီကြီး ဖြစ်သည့် အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်သည်   စစ်အာဏာရင်တို့၏  ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးအောက်တွင် လူးကာလွန့်ကာဖြင့် မပြိုမလဲရုံတမယ် ကြံ့ ကြံ့ ခံကာ ရပ်တည်ခဲ့ရသည်မှာ ရာစုနှစ် လေးပုံတစ်ပုံနီးပါး ကြာမြင့်ခဲရပေသည်။ အသက်များစွာနှင့် ဘဝများစွာ ပေးဆပ်ခဲ့ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အာဏာမရခဲ့သော်လည်း ပြည်သူ့တို၏ မေတ္တာနှင့် ဂရုဏာကိုတော့ အပြည့်အ၀ ရခဲ့ပေသည်။ အနှစ်၂၄ နှစ်ကျော် ကြာသည်အထိ အဖွဲ့ချုပ် မြို့ နယ်ရုံးများကို မပြိုမလဲအောင် စောင့်ရှောင့်ခဲ့ကြသည့် မြို့ နယ်စည်းရုံးရေးအဖွဲ့ ဦးဆောင် ဦးရွက်ပြုသူများကို အထူးလေးစားပါကြောင်း၊ ဤစာ၌ ထည့်သွင်းဖေါ်ပြ အပ်ပါသည်။

၂၀၁၂ ဧပြီလတွင် ကျင်းပပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရာနှန်းပြည့်နီးပါး အနိုင်ရရှိခဲ့သည့်အဖွဲ့ ချုပ်သည် ၂၀၁၅ တွင် အာဏာရပါတီဖြစ်ရန်မှာ အထူးအရေးကြီးသော အခန်း ကဏ္ဍတခု ဖြစ်ပေသည်။ မည်သည့်နိုင်ငံတွင်မဆို အာဏာရပါတီသည် ပြည်သူကိုဦးဆောင် ဦးရွက်ပြုရန် တာဝန်ရှိပေသည်။ မိမိတို့၏ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရန်မှာ အာဏာရပါတီအပေါ်တွင် များစွာ မူတည်နေသာကြောင့် ပါတီခေါင်းဆောင်များ အရည်အချင်းပြည့်ဝရန်၊ (သို့မဟုတ်) အရည်အချင်းပြည့်ဝသည့် ခေါင်းဆောင်များကို ရွေးချယ်ပေးရန်မှာ ရွေးချယ်ပေးလိုက်သူများ၏ အရေးအကြီးဆုံးတာဝန်ဟု ဆိုပါက မမှားနိုင်ပါ။ ပါတီညီလာခံ အဆင့်ဆင့်အတွက် ညီလာခံကိုယ်စားလှယ်များ ရွေးချယ်ရာတွင် ညံ့ဖျင်းသောသူများကို မရွေးချယ်မိစေဖို့ လိုပါသည်။

အချို့ ဒေသများတွင် မိမိ(သို့ မဟုတ်) မိမိအလိုရှိသောသူများ ရွေးချယ်ခံရရေးအတွက် အခြားညီလာခံကိုယ်စားများကို နှိမ့်ချ ပြောဆိုနေခြင်းသည် လုံးဝမဖြစ်သင့်သည့် ကိစ္စဖြစ်ပေသည်။

ထိုသို့  ပြောဆိုနေသူများသည်
(၁) မိမိ၏ ညံ့ဖျင်းမှု
(၂) နိုင်ငံရေးသ၀န်တိုမှု
(၃) ဒီမိုကရေစီ၏ အနှစ်သာရကို သဘောမပေါက်မှု
(၄) ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေးစည်းမျဉ်း စည်းကမ်းများကို မလေ့လာမှု
(၅) လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖေါက်နေမှု
(၆) အာဏာရှင်ဆန်နေမှုကို မသိမြင်မှု
(၇) အဖွဲ့ ချုပ်ဥက္ကဋ္ဌ၏ သဘောထားနှင့် ဆန့်ကျင်နေမှု
(၈) တရားမျှတစွာ ယှဉ်ပြိုင်ခြင်းကို မလေးစားမှု
(၉) ပါတီအတွင်း စည်းလုံးညီညွှတ်မှုကို ပြိုကွဲစေမှု
(၁၀) အသရေပျက်စေမှု

စသည့် မိမိတို့၏ ချို့ယွင်းချက်ပေါင်းများစွာကို ဖေါ်ပြရာရောက်နေပေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ချိန်မှ ယနေ့အချိန်အထိ တစ်ခါမှ  ဗဟိုညီလာခံ ကျင်းပနှိုင်ခြင်း မရှိခဲ့ချေ။ ဖေဖ်ါဝါရီလအတွင်း ကျင်းပရန်ရှိကြောင်း သိရှိရသဖြင့် ဝမ်းမြောက်ဝမ်းသာစွာဖြင့် ကြိုဆိုလျှက်ရှိပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ခုနှစ် အချိန်က အကိုင်းအခက်စုံလင်ပြီး ပြည်သူတို့အတွက် အေးမြသာယာသော အရိပ်အာဝါသကို ပေးနိုင်နေသည့်အချိန်ရောက်ခါမှ အကိုင်းကြီး၊ အကိုင်းငယ်၊ အခက်ကြီး၊ အခက်ငယ် အားလုံးကို ခုတ်ဖြတ်ခြင်း ခံခဲ့ရပေသည်။  ယခုအချိန်တွင် ထွက်ခါစ အကိုင်းနု၊ အခက်နုတို့ ဖြင့် ဝေဖြာကာစ အချိန်ဖြစ်ပေသည်။ ထိုအချိန်တွင် မိမိအကိုင်းအခက်ကို မိမိကိုယ်တိုင် မချိုးမိစေဘို့  အထူးအရေးကြီးပေသည်။

ဆိုလိုသည်မှာ မူဝါဒက ပြဿနာမဖြစ်ပါဘဲ၊ လူအချင်းချင်း မိမိတို့အဖွဲ့ဝင် ညီအစ်ကိုအချင်းချင်း ပြဿနာဖြစ်နေပါက တစ်ဖက်ပြိုင်ဖက်များအတွက် အားဖြည့်ပေးရာ ကျပါလိမ့်မည်။ ဤအချက်ကို အထူးသတိမူကြရန်လိုအပ်ပါသည်။ ပြည်သူအတွက် တည်ဆောက်ထားသောပါတီတစ်ခုသည် ပြည်သူ့အကျိုးအတွက်ကိုသာ ဦးထိပ်ထား၍ စည်းရုံးလှုပ်ရှားရမည် ဖြစ်ပါသည်။ မိမိကိုယ်ကျိုးအတွက် ရှေ့တန်းတင် မစည်းရုံးသင့်ပါ။ ပါတီသည် ပြည်သူ့အတွက် ဖြစ်ရမည်။  ပြည်သူအားလုံး၏ အကျိုးကိုသာ ရှေ့တန်းတင် ရပါမည်။ အမျိုးသားဒီမီုကရေစီအဖွဲ့ ချုပ်ပါတီဝင်တိုင်း ကိုယ်ကျိုးမျှော်နိုင်ငံရေးသမား မဟုတ်ကြဘဲ ကိုယ်ကျိုးစွန့် နိုင်ငံရေးးသမားများသာ ဖြစ်သင့်ပါသည်။ ဖြစ်လည်း ဖြစ်စေလိုပါသည်။

ကျွန်ုပ်တို့ ဘက်မလိုက်နိုင်ငံရေးအဖွဲ့  (ဧရာဝတီတိုင်း)သည်  ၉/၁/၂၀၁၃ ရက်စွဲဖြင့် ဟင်္သာတမြိုနယ် အမျိုသားဒီမီုကရေစီအဖွဲ့ချုပ်မြို့ နယ်ညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်၎င်း၊ လူကောင်းလူတော်များ ရွေးချယ် တင်မြှောက်နှိုင်ရေးအတွက်၎င်း၊ အကြံပြုချက်သဘောထားဆောင်သည့် စာတစ်စောင်ကို ပြုစုရေးသားတင်ပြပြီး ဖြစ်ပါသည်။ ယခုစာမှာ ဒုတိယအကြိမ် ရေးသားပြုစုတင်ပြထားသည့် စာဖြစ်ပါသည်။ ပထမစာတွင် ပါရှိသည့် (ရွေးချယ်ခံထိုက်သူများ၏ ကိုယ်ရေးရာဇ၀င်များကို တောင်းခံတင်ပြပါမည်)။ အကြာင်းအရာအတွက် ၄င်းတို၏ ခွင့်ပြုချက်လိုအပ်ပါသဖြင့် ကြန့်ကြာနေမှုကို နားလည်ခွင့်လွှတ်ပါရန် အနုးအညွတ် တောင်းပန်အပ်ပါသည်။ နောင်တွင်လည်း အခါအားလျှော်စွာ ဆက်လက် တင်ပြသွားမည် ဖြစ်ပါကြောင်း အမျိုသား ဒီမိုကေရစီအဖွဲချုပ်ပါတီဝင်များနှင့် ပြည်သူအပါင်းအား လေးစားစွာဖြင့် …

 ဘက်မလိုက်နိုင်ငံရေးအဖွဲ့  (ဧရာဝတီတိုင်း) ၁၅/၁/၂၀၁၃(စာ – ၂) ဆရ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံအဆင့်ဆင့် အောင်မြင်စွာကျင်းပနိုင်ရေးသို့ 
  1. ဘက်မလိုက်နိုင်ငံရေးအဖွဲ့သဘောထားအမြင်အပေါ်အဝေးရောက်မြန်မာနိုင်ငံသူ/သားများကအထူးလေးစားဂုဏ်ယူကြိုဆိုထောက်ခံကြလိမ့်မည်ဟုယုံကြည်ပါသည်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီညီလာခံအဆင့်ဆင့်အောင်မြင်စွာကျင်းပနိုင်လိမ့်မည်ဟုလည်းအကြွင်းမဲ့ယုံကြည်ပါသည်၊ခေါင်းဆောင်ကောင်းများဦးဆောင်ဦးရွက်ပြုနိုင်ကြပါစေ။
    ညိုညိုစန်း(တိုကျို-ဂျပန်)

Comments are closed.