>ဘီဘီစီ တပတ်အတငြ်း သတင်းကောကိုံတ်ခဵက်

>

တပတ်အတွင်း မြန်မာ့သတင်း ကောက်နှုတ်ချက်
ဘီဘီစီ၊ မတ်လ ၂၂ ရက် ၂ဝဝ၈

မတ် ၂၅၊ ၂၀၀၈

ဒီတခေါက် မြန်မာနိုင်ငံခရီးစဉ်မှာ လက်ဆုပ်လက်ကိုင်ပြစရာ ချက်ခြင်းမြင်သာတဲ့ တိုးတက်မှု တခုမှမရ ခဲ့ပါဘူးလို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီက လုံခြုံရေးကောင်စီမှာ သူ့ခရီးစဉ်နဲ့ပတ်သက်လို့ ရှင်းပြရင်း ပြောသွားတာပါ။ နအဖ ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင် တွေ့ချင်သူအားလုံးနဲ့လည်း တွေ့ခွင့်မရခဲ့ဘူးလို့လည်း ဆိုပါတယ်။

တိုးတက်မှုလို့ ဆိုရမယ်ဆိုရင်တော့ အစိုးရရဲ့လမ်းပြမြေပုံမှာ အခု အဆင့် ၄ ကို ရောက်လာပြီ။ ရွေးကောက်ပွဲအတွက် အချိန်စာရင်းတွေ ထွက်လာခဲ့ပြီဆိုတာပဲ ပြောစရာရှိပါတယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့တော့ အစိုးရကို မကြာခင်မှာလုပ်မယ့် ဆန္ဒခံယူပွဲတွေမှာ အများယုံကြည်လက်ခံအောင်လုပ်ဖို့၊ လွတ်လပ်တဲ့ စောင့်ကြည့်သူတွေထားဖို့ တိုက်တွန်းခဲ့ပါတယ် တဲ့။ အစိုးရဘက်ကရော ဒီ အကြံပြုချက်တွေကို လက်ခံခဲ့ပါရဲ့လား။ ဘီဘီစီ ဝေါလ်တူဒေး အစီအစဉ်က မစ္စတာ ဂမ်ဘာရီကို မေးကြည့်တော့ …

ချက်ချင်းတော့ သဘောမတူပါဘူး။ မြန်မာ အစိုးရက သူတို့မှာ ရွေးကောက်ပွဲ အတွေ့အကြုံတွေ ရှိတယ်လို့ ပြောပါတယ်။ ကျနော်တို့ဘက်ကလည်း အခုမဲထည့်မယ့်ကိစ္စက ၁၉၉ဝ ပြည့်နှစ်တုန်းကနဲ့ မတူတဲ့အကြောင်းနဲ့ သူတို့ရဲ့အကျိုးစီးပွား၊ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားတွေအတွက် ကျနော်တို့ရဲ့ ကမ်းလှမ်းချက်ဖြစ်တဲ့ နည်းပညာအကူအညီနဲ့ သီးခြားစောင့်ကြည့်လေ့လာရေးအဖွဲ့ စေလွှတ်မှာကို လက်ခံဖို့ ပြီးတော့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်နိုင်မယ့် အနေအထားကို ဖော်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

နောက် အများသိချင်တာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ပါ။ နောက်ဖြစ်လာမယ့် ရွေးကောက်ပွဲတွေမှာ၊ နိုင်ငံရေးအခင်းအကျင်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့်ပေးသင့်တယ် ဆိုတဲ့အမြင်နဲ့ ပတ်သက်လို့ရော အစိုးရနဲ့ ဆွေးနွေးခဲ့ပါရဲ့လား။ဒါဟာ ကုလသမဂ္ဂရဲ့ ရပ်တည်ချက် တိုက်တွန်းချက်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ် ပေးဖို့ကိုလည်း အစဉ်တစိုက်တောင်းဆိုနေပြီး မြန်မာနိုင်ငံမှာ အမျိုးသားရင်ကြားစေ့ရေးအတွက် ဒေါ်အောင်ဆန်စုကြည်ပါဝင်မှ ဖြစ်မယ်လို့ ကုလသမဂ္ဂက ယုံကြည်ပါတယ်။

ကုလသမဂ္ဂရဲ့တိုက်တွန်းမှုနဲ့ ထိရောက်တဲ့ ဆွေးနွေးမှုတွေဖြစ်လာအောင် လမ်းခင်းပေးတဲ့ ဆက်သွယ်ရေးဝန်ကြီးတဦး ခန့်အပ်ပေး ထားပြီး ဖြစ်တဲ့အတွက် အခုအခါမှာ တကယ် ထိရောက်တဲ့အဆင့်နဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်ဖို့အတွက် တိုက်တွန်းနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ကန့်သတ်မှုတွေကို အရင်အတိုင်း ဆက်ထား ရင် ဒီဆွေးနွေးမှုတွေ အဓိပာယ်ရှိရှိ လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

မစၥတာ ဂမ္ဘာရီပါ။ သူက သူ့ခရီးစဉ်မှာ ဘာမှအောင်မြင်တာမရှိခဲ့ဘူးလို့ ဆိုပေမယ့် အန်အယ်လ်ဒီက ဦးဉာဏ်ဝင်းကလည်း ကုလသမဂ္ဂဘက်က ဆက်ပြီး ပတ်သက်နေဦးမှာကို ကြိုဆိုပါတယ် တဲ့။

ကျနော်တို့အဖွဲ့ချုပ်အနေနဲ့ကတော့ ကုလသမဂ္ဂက မစ္စတာ ဂမ်ဘာရီက လက်တွေ့အကောင် အထည် ပြစရာ မရှိဘူးလို့ ဆိုပြီးတော့ သူတို့လက်မလျော့ဘဲနဲ့ ဆက်လက်ဆောင်ရွက်မယ် ဆိုတဲ့ဟာ ကိုလည်း တွေ့တယ်လေ။ ဒါကြောင့် ကုလသမဂ္ဂက ဆက်လက် ဆောင်ရွက်တာကိုတော့ အန်ကယ်လ် တို့ ကြိုဆိုပါတယ်။

လောလောဆယ် အဖွဲ့ချုပ်အနေနဲ့ ကုလသမဂ္ဂဆောင်ရွက်ချက် အောင်မြင်ဖို့ ညွန်ပြချက်တော့ အခုအချိန်အထိ မတွေ့ရသေးဘူးလို့ပဲ ပြောရမှာပါ။ ဒီလိုအမြင်တွေ ရှိကြပေမယ့် ကုလသမဂ္ဂရဲ့လမ်းကြောင်းက ဆုံးသလောက်ဖြစ်သွားပြီဆိုတဲ့ အမြင်ကို တင်ပြလာသူကတော့ ချင်းမိုင်မြို့က မြန်မာ့အရေးလေ့လာသူ ဦးအောင်နိုင်ဦးပါ။

အခုတော့ ဖြစ်သွားတဲ့ပုံစံကတော့ စစ်အစိုးရဟာ ယူအန်ကပြောတဲ့ကိစ္စတွေကို ဘာမှ လက်မခံဘူး။ သူ့လမ်းအတိုင်း သူသွားမယ်၊ သူ့မှာ အဆင်သင့်ဖြစ်နေပြီ ဆိုတဲ့အနေအထားမျိုးကို ရောက်သွားတယ်ပေါ့နော်။ အဲ့တော့ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့အနေအထားကလည်း လုံးဝ မဖြစ်နိုင် တော့ဘူးဆိုတဲ့ အနေအထားကို ပြသွားတာပေါ့နော်။ ယူအန် ရဲ့ ဗမာပြည်မှာ ပါဝင်ပတ်သက်မှုကိစ္စမှာ ဆောင်ရွက်ပေးမှုတွေကလည်း တော်တော်ကြီးကို အဆုံးသတ်သွားတဲ့သဘောပေါ့နော်။ ကျနော်တို့ ကြားရသလောက်ဆိုရင် ဒီတခေါက်မှာ ဆိုလို့ရှိရင် မစ္စတာ ဂမ်ဘာရီရဲ့ နောက်ဆုံးအခေါက်တောင်ပဲ ဖြစ်ဖို့များတယ်ပေါ့နော်။

သူ့အနေနဲ့ ဘာတွေမျှော်လင့်နေသေးသလဲတော့ မသိဘူးပေါ့နော်၊ သို့သော်လည်းပဲ ကမ္ဘာ့ကုလသမဂ္ဂအနေနဲ့ ဗမာပြည်မှာ တကယ်ပဲ ထိထိရောက်ရောက် ပါဝင်ဖို့ကိစ္စအားလုံးမှာ တော်တော်ကြီးကို နှောင့်နှေးသွားတဲ့ သဘောရှိတယ်။

အဲတော့ အထူးသဖြင့်တော့ဗျာ တကယ်လို့ မေလပြီးသွားရင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွေ ဘာတွေ ပြီးသွားတယ်၊ ဖွဲ့စည်းပုံအခြေဥပဒေသစ်ကို လည်း အတည်ပြုဖြစ်သွားတယ်ဆိုရင်လည်း ကမ္ဘာ့ကုလသမဂ္ဂက ဘာဆက်လုပ်မလဲဆိုတာကို သေသေချာချာ စဉ်းစားဖို့လိုတယ်။ အခုအချိန်ကနေပြီးတော့ ဒီပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်တဲ့အချိန် အထိတော့ သူတို့ဘာမှ လုပ်နိုင်မယ်လို့တော့ မထင်ဘူးခင်ဗျ။

ဟုတ်ကဲ့၊ အဲတော့ ကုလသမဂ္ဂလို အဖွဲ့အစည်းပေါ့လေ၊ ကမ္ဘာ့နိုင်ငံအများကြီးကို ကိုယ်စားပြုတဲ့ ကုလသမဂ္ဂလို အဖွဲ့အစည်းကမှဝင်ပြီး မြန်မာ့အရေးမှာ ဆောင်ရွက်မပေးနိုင်ရင် ဘယ်သူက ဝင်လုပ်ပေးဖို့ကော ကျန်ပါဦးမလဲခင်ဗျ။

တကယ်တမ်းပြောရလို့ရှိရင်တော့ဗျာ၊ ကျနော်တို့ကမ္ဘာပေါ်မှာဖြစ်တဲ့ပြဿနာတွေ ကြည့်လို့ရှိရင်တော့ ကမ္ဘာ့ကုလသမဂ္ဂက ဝင်ပြီးတော့လုပ်ရင်လုပ် ဒါမှမဟုတ်လို့ရှိရင်လည်း ကမ္ဘာ့ ကုလသမဂ္ဂက ဝင်ပြီးလုပ်နိုင်အောင်လို့ အင်အားကြီး နိုင်ငံတွေကနေပြီးတော့ အားပေးရတယ်၊ လုပ်ရတဲ့သဘောရှိတာပေါ့နော်။ အဲ့တော့ ဒီနိုင်ငံတွေရဲ့အကျိုးစီးပွားတွေလည်း ကမ္ဘာ့ကုလသမဂ္ဂက နိုင်ငံ တခုမှာ ပါဝင်ပတ်သက်တဲ့ဆိုတာဥစ္စာ အများကြီးပါနေတာပေါ့နော်၊

ကျနော်တို့နိုင်ငံမှာကျတော့ အမေရိကန်နိုင်ငံအနေနဲ့ ဦးစားပေးပြီးတော့ လုပ်တာရှိတယ်။ သို့သော်လည်း မြန်မာနိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့ ရေဒါပေါ်မှာတောင်မှ သေသေချာချာပေါ်တဲ့ အနေအထားမျိုး မဟုတ်ဘူး။ တရုတ်နိုင်ငံ၊ အာစီယံ၊ အိန္ဒိယ စသည်ဖြင့် ဒီနိုင်ငံတွေကလည်း မြန်မာစစ်အစိုးရရဲ့ လမ်းပြမြေပုံပေါ်ကို ထောက်ခံထားတာ အခုမှမဟုတ်ဘူး၊

၉၅-၉၆ ထဲကဆိုတဲ့အခါကျတော့ ကျနော်တို့သိပ်ပြီးတော့ များများ မျှော်လင့်လို့ မရဘူး။ အဲ့တော့ အများဆုံးဖြစ်နိုင်တာကတော့ ကျနော်တို့နိုင်ငံမှာ ဒီလမ်းပြမြေပုံ အတိုင်း ဆက်သွားမယ်၊ နောက်တခုကတော့ ပြည်သူတွေက ဆန္ဒပြပွဲတွေ မကျေနပ်တဲ့အတွက် ထပြီးတော့ ဆန့်ကျင်တာမျိုးတွေတော့ ဖြစ်နိုင်တယ်၊ အဲဒီကနေပြီးတော့ အပြောင်းအလဲဖြစ်သွားတာ မျိုးရှိတယ်။ နိုင်ငံတကာကိုတော့ ဘာမှ များများအားကိုးလို့ မရဘူးလို့ ကျနော်ထင်တယ်ဗျ။

ဦးအောင်နိုင်ဦးဖြစ်ပါတယ်။ လာမယ့်မေလမှာ လုပ်မယ့် အခြေခံဥပဒေဆန္ဒခံယူပွဲတွေနဲ့ ပတ်သက်လို့ အစိုးရကတော့ အတည်ပြုနိုင်ဖို့ အပူတပြင်း ပြင်ဆင်မှုတွေ လိုက်လုပ်နေတာ တွေ့ရပါတယ်။ နေ့စဉ်သတင်းစာ ဆောင်းပါးတွေမှာ လူထုကို ထောက်ခံမဲထည့်ကြဖို့ ကန့်ကွက်မယ့်သူတွေဟာ မျိုးချစ်စိတ်မရှိသူတွေလို့ ရေးသားပြောဆို နေသလိုပဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးအမှုဆောင်တွေကလည်း နယ်အသီးသီးကို လိုက်လှည့်ပြီး စည်းရုံးပြောဆို နေကြပါတယ်။

ဒီထက်ပိုတာကတော့ ဝန်ကြီးတွေကိုယ်တိုင်က ဌာနဆိုင်ရာ ဝန်ထမ်းတွေကို အတိအလင်း ညွှန်ကြားတာတွေလုပ်လာတာပါ။ ရန်ကုန်မှာ ပြန်ကြားရေးဝန်ကြီးက ဝန်ထမ်းတွေသာမက မိသားစုတွေပါ ထောက်ခံရမယ်လို့ ပြောလာခဲ့ပါတယ်တဲ့။

ရုံးအုပ်ကနေပြီးတော့ ညစောင့်အထိပေါ့၊ ဝန်ထမ်းအားလုံးကို ၃ နာရီ အစည်းအဝေး ဆိုပြီးတော့ အားလုံးကို ခေါ်လိုက်တယ်ပေါ့နော်။ ပြန်ကြားရေးရုံးမှာ ဒီအစည်းအဝေးမှာ တက်တဲ့အခါမှာ အတန်းတက်ထိုးရတယ်လေ၊ လက်မှတ်ထိုးရတယ်၊ အဓိကကတော့ ညီလာခံနဲ့ပတ်သက်ပြီးတော့ ဗိုလ် မှူးချုပ်ကျော်ဆန်းကနေပြီးတော့ပြောတာ။

ပြန်ကြားရေးဝန်ကြီးဌာနကနေပြီးတော့ ဒီညီလာခံကို ထောက်ခံတယ်ပေါ့နော်၊ အဲလိုမျိုးခေါ်ပြီးပြောတာ၊ အားလုံးက လက်ခံရမယ်။ ပြီးတော့ အဲဒီထက် အပြင် ပိုသေးတာက ဝန်ကြီးဌာနမှာလုပ်နေတဲ့ ဝန်ထမ်းရဲ့မိသားစု၊ အခုဗျာ ဝန်ထမ်းတယောက်မှာ မိသားစု ၅ ဦးရှိရင် အဲဒီ ၅ ယောက်လုံးကလည်း ဒီဝန်ကြီးဌာနအနေနဲ့ပေးရမယ်လို့ သူက ပြောတယ်။

မန္တလေးမှာလည်း စက်မှု ၁ ဝန်ကြီးဌာန စက်ရုံအလုပ်ရုံတွေက စက်ရုံမှူးတွေကို ပလိပ်ချည်မျှင် နဲ့အထည်စက်ရုံကို ခေါ်ပြီး ဝန်ကြီးကိုယ်တိုင်က တယ်လီဖုန်းနဲ့ ငွေပေးမယ်ဆိုပြီး စည်းရုံးခဲ့တယ်လို့ အဲဒီ အစည်းအဝေးကိုတက်ခဲ့တဲ့ ဝန်ထမ်းတဦးက ဘီဘီစီကို ပြန်ပြောပြခဲ့ပါတယ်။

စက်ရုံတခု အလုပ်ရုံတခုကို ဟန်းဖုန်း ၁၁ လုံးချပေးမယ်၊ အတိုးမဲ့ငွေချေးမယ်ပေါ့၊ အတိုးမဲ့ငွေ ကလည်း အဲဒီစက်ရုံလိုဟာမျိုးဆိုရင် စက္ကူနဲ့ဓာတုလုပ်ငန်းအောက်လေ။ အဲကျတော့ သူတို့က သိန်း ၇ဝ ထုတ်ချေးမယ်ပေါ့၊ အတိုးမဲ့။ ပြီးရင်သူတို့က ထောက်ခံမဲပေးကြဖို့လိုက်စည်းရုံးနေတယ်။ဒီလို ဝန်ကြီးတွေကိုယ်တိုင်က ထောက်ခံမဲထည့်ကြဖို့ လိုက်စည်းရုံးနေတာဟာ မသင့်တော်တဲ့ ကိစ္စတခုပါလို့ အန်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးဉာဏ်ဝင်းကတော့ အခုလိုဆိုပါတယ်။

ကျနော့်အမြင့်တော့ လုံးဝ မဖြစ်သင့်တဲ့ဟာပဲ၊ အဲတော့ ဘာဖြစ်သွားမလဲလို့ ဆိုရင် အဲဒီလို လုပ်နေတာမှန်ရင် ဒါဟာ ဆန္ဒခံယူပွဲမဟုတ်ဘဲနဲ့ ဆန္ဒလုယူပွဲပဲ ဖြစ်သွားတော့မှာပါ။

အန်အယ်လ်ဒီဘက်ကတော့ အခုအနေအထားတိုင်းသွားတယ်ဆိုရင် ဆန္ဒခံယူပွဲက လက်ခိုင်နိုင်စရာ မရှိတဲ့အနေအထားလို့ပြောခဲ့တယ်ပေါ့လေ၊ ဒါပေမယ့် ဆန္ဒခံယူပွဲမှာ လူတွေ ဘာလုပ် ရမလဲဆိုတာနဲ့ပတ်သက်လို့ကော အခုအထိ မပြောသေးဘူးပေါ့လေ၊ တိတိကျကျ မပြောသေးဘူးပေါ့၊ ဘာကြောင့်မို့ စောင့်နေရတာလဲခင်ဗျ။

ဘာကြောင့်မို့စောင့်နေတာလည်း ဆိုတာနဲ့ ပတ်သက်ရင် ကျနော့်အနေနဲ့ ဒီကိစ္စကို တာဝန်ခံ ပြောလို့မဖြစ်ပါဘူး။ ဒါပေမယ့်လို့ ကျနော်ပြောနိုင်တာက သိပ်မကြာခင်အချိန်မှာ ပြည်သူလူထုကို အသိပေးတာကော၊ ကျနော်တို့အဖွဲ့ချုပ်ရဲ့ ဆန္ဒခံယူပွဲနဲ့ပတ်သက်တဲ့ မူဝါဒကိုရော ထုတ်ပြန်ဖို့ ရှိပါတယ်။

တဖက်ကတော့ အခုကြားခဲ့သလိုပဲနော် သြဇာတို့ အာဏာတို့နဲ့ ဝန်ကြီးအဆင့် တွေကပြီး လိုက်သုံးပြီးတော့မှ ဆွဲစည်းရုံးတာတို့ လုပ်နေပြီဆိုတော့ အန်အယ်လ်ဒီဘက်က အခုအထိ ထုတ်မပြောနိုင်သေးလို့ရှိရင် အန်အယ်လ်ဒီဘက်က ပြောချင်တဲ့စကားတွေက နောက်ကျမနေဘူးလား ခင်ဗျ။

ကျနော်တို့က ပြည်သူ့ဆန္ဒခံယူပွဲမှာ ပြည်သူတွေကိုယုံကြည်ပြီးသား။ ပြည်သူနဲ့ တသားတည်းဖြစ်တဲ့ဟာမျိုးကို ကျနော်တို့ ထုတ်ပြန်ဖို့ ရှိပါတယ်။

အန်အယ်ဒီက ဦးဉာဏ်ဝင်းဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts