Han Thit Naing ဓာတ်ပုံသတင်း

လယ်ယာမြေပြဿနာဖြေရှင်းရေး မအူပင်မှာ NLD အမတ် ဦးစိန်ဝင်း ကွင်းဆင်း

လယ်ယာမြေပြဿနာဖြေရှင်းရေး မအူပင်မှာ NLD အမတ် ဦးစိန်ဝင်း ကွင်းဆင်း
ဟန်သစ်နိုင်၊ မေ ၁၀၊ ၂၀၁၄

ဧရာဝတီတိုင်း၊ မအူပင်မြို့ တိုးရွှေဝါခမ်းမတွင် NLDမှ မအူပင်လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းဦးဆောင်၍ လယ်ယာမြေပြဿနာဖြေရှင်းရေး အစည်းအဝေးကို မေ၄ရက် နံနက် ၁၀နာရီတွင်ကျင်းပပြုလုပ်ခဲ့သည်။ ဦးစိန်ဝင်းသည် လွှတ်တော်ထဲတွင် စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတတ်ရေး ကော်မတီဝင်တစ်ဦးဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်တွင်လည်း မတရားအသိမ်းဆည်းခံ လယ်ယာမြေဖော်ထုတ်စုံစမ်းရေး ဧရာဝတီတိုင်းဒေသကြီးအဖွဲ့ဝင် ၂တွင် ပါဝင်သည်။

အစည်းအဝေး၏ ရည်ရွယ်ချက် ၃ ချက်မှာ

(၁) မတရားသိမ်းဆည်းခံ လယ်ယာမြေတွေကို ပြန်လည်ရရှိအောင် ဆောင်ရွက်ဖော်ထုတ်ရန်၊

(၂) လယ်ယာမြေတွေပြန်မရတော့ပါက သိမ်းဆည်းခံလယ်ယာမြေအတွက် လျော်ကြေး၊ နစ်နာကြေး၊ ထောက်ပံ့ကြေးတွေကို အချိန်မှီမှီ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရန်

(၃) လယ်ယာမြေပြဿနာတွေကို လက်ရှိဖြေရှင်းတဲ့အခါမှာ တချို့နေရာတွေမှာ ဆွေမျိုးအတွက် ဘက်လိုက်ခြင်း၊  တချို့နေရာတွေမှာ အုပ်ချုပ်ရေး၏ဘက်လိုက်ခြင်းတွေ ရှိနေကြောင်း၊ အဆိုပါ လယ်ယာမြေပြန်လည်ရရှိရေးစီမံခန့်ခွဲသူ အဖွဲ့ဝင်တော်တော်များဟာ မှန်မှန်ကန်ကန်ဆောင်ရွက်မှု အားနည်းနေသလို ပြီးစီးမှုကိုလည်း နှေးကွေးတဲ့အတွက် ဖြေရှင်းရန် တို့ဖြစ်ကြောင်း ပြောကြားပါတယ်။

ရည်ရွယ်ချက် ၃ချက်ကို အကောင်ထည်ဖော်ရာတွင် တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့် လုပ်ဆောင်၍မရကြောင်း၊ လယ်ယာမြေဖြေရှင်းနိုင်ဖို့ဆိုရင် အများစုပူးပေါင်းလက်တွဲဖို့လိုကြောင်း၊ လယ်ယာမြေသိမ်းသွားသောသူများသည် ဥပဒေနှင့်သိမ်းသွားခြင်းမဟုတ် သိမ်းသွားသောလယ်ယာမြေများကို ဥပဒေနှင့်အညီ ပြန်လည်ရရှိအောင် တောင်သူတွေဟာ အင်အားရှိဖို့လိုသလို အရည်အချင်းရှိဖို့လိုကြောင်း၊ လွှတ်တော်ကလည်း လယ်ယာမြေတွေအားလုံးကို ကာလဒေသပေါက်ဈေးနဲ့ ပြန်ပေးဖို့ပြောထားပြီးဖြစ်ကြောင်း၊ အုပ်ချုပ်ရေးက ပေးသင့်တာပေးနေသော်လည်း အများစုကို မပေးသေးကြောင်း ထောက်ပြသွားသည်။

ဆက်လက်၍ “အာဏာရှင်စနစ်မှာ မှားခဲ့တာတွေမှားခဲ့ပြီးပြီ ဒီမိုကရေစီခေတ်မှာ ထပ်မမှားအောင် ပြည်သူလူထုမှာ အဓိကတာဝန်ရှိပါတယ်၊ အကယ်၍ ဒီမိုကရေစီစနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ သွားနေတဲ့အချိန်မှာ နောက်ပြန်လှည့်တယ်ဆိုရင် အုပ်ချုပ်ရေးရဲ့အားနည်းချက်ကြောင့်မဟုတ်ဘူး ပြည်သူလူထုရဲ့ အားနည်းချက်ကြောင့်ပဲ” ဟုပြောသည်။

ဧရာဝတီတိုင်း၊ မအူပင်မြို့၊ ညောင်တုန်းမြို့၊ ပန်းတနော်မြို့၊ ဓနုဖြူမြို့၊ ကျောင်းကုန်းမြို့၊ မြောင်းမြမြို့၊ လပွတ္တာမြို့၊ ဝါးခယ်မမြို့၊ ဖျာပုံမြို့၊ ကျိုက်လက်မြို့၊ မော်လမြိုင်မော်ကျွန်းတို့မှ ဒေသခံတောင်သူများအားလုံးသည် မတရားသိမ်းဆည်းခံ လယ်ယာမြေပြဿနာ ဖြေရှင်းရေး အစည်းအဝေးကို တိုးရွှေဝါခမ်းမတစ်ခုလုံးပြည့်အောင် အားတက်သရောတက်ရောက်ခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts