>ရန္လိုကၾဵဲ – မဲပေးရေး မပေးရေး

>

မဲရုံသွားရေး မသွားရေး
ရန်လိုကျွဲ

မတ် ၂၂၊ ၂၀၀၈

ဘန်ကောက်မြို့၏ တပေါင်းနွေက ပူပြင်းလှပါဘိတောင်း။ မြန်မာပြည်သားများ မုန်းတီးသည့် မြန်မာသံရုံးကြီးက Sathorn Nua လမ်းပေါ်တွင် အခန့်သား။ ရွှေတိုင်းကြောက်သည့် သံရုံးကြီးကို မရောက်ချင်လည်း ရောက်ခဲ့ရပြန်ပြီ။ သံရုံးအဆောက်အဦးထဲတွင်မူ အေးမြနေသည်။ လောကဓာတ်ပညာရပ်ကြောင့် သို့ကလို အေးမြနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လက ဆူကွန်ဗစ်လမ်းမကြီးတစ်နေရာတွင် ဗိုလ်ချုပ်ကျော်ဆန်းနှင့်တွေ့စဉ် စကားဝှက်တစ်ခုတော့ ရခဲ့ဖူးသည်။ ဤမြန်မာသံရုံးရောက်လျှင် သူပေးသည့် စကားဝှက်ကိုသာ ပြောလိုက်၊ အားလုံးအဆင်ပြေမည်၊ လိုချင်တာရမည် ဟူ၏။ သူ့စကားဝှက်က ဂါထာနှင့်ပင် တူသေးတော့။

စကားဝှက်ဆိုသည်မှာ ရှေးခေတ်စုံထောက်ဝတ္ထု၊ သူလျှိုဝတ္ထုများထဲတွင်သာ သုံးသည်ဟု မှတ်သားခဲ့ဖူးသည်။ ယခုတော့ မြန်မာသံရုံးတွင်လည်း စကားဝှက်သုံးသည်ဟူ၏။ အံ့အားသင့်စရာ။ မည်သို့ပင်ဆိုစေ မြန်မာပြည်သားများကို ပါးပါးလှီးဖို့မူဝါဒ ချမှတ်ထားသော မြန်မာသံရုံးတွင် စကားဝှက်အသုံးပြုသည် ဟူသည့်အချက်က စိတ်ဝင်စားဖွယ်ကောင်းလှချေသည်။ လုပ်ငန်းအဆင်မပြေလျှင်တော့ အနှီစကားဝှက်ကို ထုတ်သုံးတန် သုံးရမည်။ အရှုံးတော့ရှိမည်မဟုတ်။

ထုံးစံအတိုင်း သံရုံးထဲတွင် မြန်မာပြည်သားအချို့ ရှိနေသည်။ ကျွန်ုပ်၏အလှည့်သို့ရောက်ရန် ကြာမြင့်စွာ မစောင့်ရပါ။ ထမင်းအိုးနှစ်လုံးကျက်ခန့်အကြာတွင် ကျွန်ုပ်၏အလှည့်သို့ရောက်သည်။ ကိုရွှေဝန်ထမ်းနှင့် မျက်နှာချင်းဆိုင်ရသည်။ ဘာရာထူးမှန်းမသိ။ စာရေးကြီးဖြစ်မည်ဟု ထင်ရသည်။ ပေးလိုက်သည့် လျှောက်လွှာကိုကြည့်ပြီး ဘယ်သူ့ကိုမှ လူမထင်၊ ဘန်ကောက်တစ်မြို့လုံးကို လုပ်ကျွေးထားရသည့် မျက်နှာပေးပိုင်ရှင် ဆရာသမားက စတင် ဟိန်းဟောက်လေသည်။

“ဘယ်မှာလဲ အခွန်ဆောင်တဲ့ ပြေစာမိတ္တူတွေ။ စာရွက်စာတမ်းလည်း မပြည့်စုံဘူး။ မင်းက ဘယ်မှာ အလုပ်လုပ်တာလဲ။ ကုမ္မဏီမှာလား၊ အင်န်ဂျီအိုမှာလား။”

မဆိုင်ဘာတွေလျှောက်မေးနေသည်။ ခက်ချေပြီ။ အမှန်အတိုင်းပြောလိုက်ပါကလည်း စာအုပ်(နိုင်ငံကူးလက်မှတ်) အသိမ်းခံရဦးမည်။ စာအုပ်သက်တမ်းကလည်း ကုန်တော့မည်။ သို့နှင့် စကားဝှက် ဆိုသည်ကို မရဲတရဲ ထုတ်ပြောလိုက်မိသည်။

“ကင်းဝန်မင်းကြီးရဲ့ ကွမ်းအစ်”

ဆရာသမား သံရုံးစာရေးကြီး မျက်နှာအမူအယာ ပြောင်းသွားသည်။ မျက်ခုံးတွေလည်း အပေါ်မြှောက်တက်သွားသည်။ “ဟင် – ဘာ၊ ဘာလဲ။ ဘာပြောလိုက်တာလဲ”

“ကင်းဝန်မင်းကြီးရဲ့ကွမ်းအစ် လို့ ပြောတာပါ” ဟု ဆိုလိုက်သောအခါ စာရေးကြီး ပြုံးပြသည်။ သွားအချောင်း ၃၀ခန့် ပေါ်အောင် ပြုံးပြခြင်းဖြစ်သည်။ မြန်မာသံရုံးသို့လာရောက်သော မြန်မာနိုင်ငံသားတစ်ယောက်ကို ၀န်ထမ်းတစ်ယောက်က နှစ်လိုဖွယ်ရာမဟုတ်သော်လည်း ဤသို့ပြုံးပြသည်ဟုပြောပါက ယုံကြည်ကြမည်မဟုတ်။ မယုံလည်း မတတ်နိုင်။

သောက်ကျိုးနည်း တန်ခိုးကြီးလှသည့်ကွမ်းအစ်ပါလား။ စာရေးကြီးက တယ်လီဖုန်း လှမ်းကိုင်သည်။ တနေရာရာသို့ ဖုန်းဆက်သည်။ ကင်းဝန်မင်းကြီးထံ ဆက်ခြင်းတော့ ဟုတ်မည်မထင်။ ထို့နောက် စာရေးကြီးက စာအုပ်သက်တမ်း အခုချက်ချင်း တိုးပေးလိုက်ပါမည် ဟု ဆိုသည်။ ဤတွင်မပြီးသေးပါ။ သံအမတ်ကြီးရုံးခန်းထဲတွင် စောင့်နေသည်၊ သွားတွေ့ပါ၊ လိုက်ပို့မည်ဟူ၏။

သို့နှင့် သံအမတ်ကြီးရုံးခန်းထဲသို့ ကျွန်ုပ် ရောက်သွားလေသည်။ ကင်းဝန်မင်းကြီးရဲ့ ကွမ်းအစ်ဟု ထပ်မံပြောဆိုရန် လိုအပ်တော့မည်မဟုတ်ဟု ယူဆရသည်။ သို့သော် မသေချာ။ သံရုံးစာရေးကြီးနှင့်ပြီးရမည့် စာရွက်စာတမ်းလုပ်ငန်းမှာ ကင်းဝန်မင်းကြီးရဲ့ ကွမ်းအစ် ဟူသော စကားဝှက်ကို ထုတ်ပြောမိသောကြောင့် သံအမတ်ကြီးနှင့် နှစ်ယောက်ချင်း တွေ့နေရသည်။ ဘာတွေဖြစ်လာဦးမည် မသိ။ ဘန်ကောက်မြို့ မြန်မာသံရုံးကြီးက ဂမ္ဘီရ ဆန်လှချေသည်။

သံအမတ်ကြီး၏ ရုံးခန်းက ခမ်းနားလှသည်။ ပေါတာကြီး နာမည်ပြောင်ပိုင်ရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဓာတ်ပုံကြီးကို မှန်ဘောင်သွင်းပြီး နံရံတွင် ချိတ်ထားသည်။ သံအမတ်ကြီးဦးရဲဝင်းက ကျွန်ုပ်ကို သေချာကြည့်ပြီး “ရေ ဗူး ပေါက် တာ မ လို ချင် ဘူး”ဟု တစ်လုံးချင်း ပြောလေသည်။

စကားဝှက်ဖြစ်ရမည်၊ သူက စပြောသည့် စကားဝှက်ဖြစ်သည်။ မီးစင်ကြည့်ကမည်ဟု ဆုံးဖြတ်ထားသော ကျွန်ုပ်လည်း “ရေ ပါ တာ ပဲ လို ချင် တယ်”ဟု တစ်လုံးချင်း ပြန်ပြောလိုက်သည်။ သံအမတ်ကြီး၏မျက်နှာ အနည်းငယ် ပြုံးယောင်သမ်းလာတော့မှ ကျွန်ုပ်လည်း သက်ပြင်းတစ်ခုကို ခိုးကြောင်ခိုးဝှက် ချလိုက်ရသည်။ စကားဝှက်များကို အကုန်မပေးဘဲ တ၀က်တပျက်သာပေးသွားသည့် ဗိုလ်ချုပ်ကျော်ဆန်းကိုလည်း စိတ်ထဲမှ အပြင်းအထန် ကျိန်ဆဲလိုက်မိသည်။

ကူညီတတ်သော၊ သတင်းအချက်အလက် ဖလှယ်လိုဟန်ရှိသော သံအမတ်ကြီးနှင့် ကျွန်ုပ် စကားပြောဖြစ်ကြလေသည်။

“ကဲ- ဆိုပါဦး။ ဘာကူညီရမလဲ။ အစစ အရာရာ အဆင်ပြေတယ်မဟုတ်လား။”

“ဟုတ်ကဲ့၊ ပြေပါတယ်။”

“မင်း ဘယ်မှာ တာဝန်ကျတာလဲ”

“ကျနော် ယိုးဒယားမှာပဲ တာဝန်ကျပါတယ်”

“အေး။ ကောင်းသကွာ။ ဟိုနေ့ကပဲ ယိုးဒယားတွေကတော့ ပြောလိုက်ပြီ တို့နဲ့ဆက်ဆံတဲ့အခါ ဆိုင်းလင့်ဒီပလိုမေစီ သုံးမယ် တဲ့။ ဒီကောင်တွေကို နေပြည်တော် အလည်ခေါ်ရတာ ဒီတစ်ခေါက်တော့ ထင်တဲ့အတိုင်း ဂွဒ်ရှယ်ဖြစ်သွားတယ်။”

“ဒါပေါ့ဗျာ။ သံတမန်လုပ်ငန်းဆိုတာ တိုးတိုးတိတ်တိတ် ကြိတ်လုပ်ရတာတွေ ရှိမှာကိုး ဗျ”

“တိုးတိုးတိတ်တိတ် ကြိတ်လုပ်မယ်လို့ပြောတာမဟုတ်ဘူးလေ။ ဆိုင်းလင့် ဆိုတာ အသံမထွက်တာကို ဆိုလိုတာ။ ဘာမှ မပြောဘူးလို့ ဘာသာပြန်လို့ရသကွ။”

“သြော်- ဟုတ်ကဲ့။ ဟုတ်ကဲ့။”

“ဒါနဲ့ ဆန္ဒခံယူပွဲနဲ့ ပတ်သက်လို့ ဘာသံတွေ ထူးထူးခြားခြား ကြားသေးလဲ။”

“ယိုးဒယားမှာရှိတဲ့ အဖွဲ့အစည်းတွေကြားထဲမှာ အယူအဆ ၂မျိုး ကွဲနေတယ်။”

“ဘယ်လို ကွဲတာလဲ”

“မဲရုံကို မသွားဖို့ ပြောတဲ့အဖွဲ့တွေ ရှိသလို၊ မဲရုံကိုသွားပြီး ကန့်ကွက်မဲထည့်ဖို့ ပြောတဲ့အဖွဲ့တွေလည်း ရှိတယ်။ အသံ တစ်သံတည်း မထွက်ဘူး။ ကောင်းတယ်လို့ ပြောရမှာပေါ့ဗျာ။”

“ဒါပေါ့ ကွ။ ကောင်းတာပေါ့ကွ။ သူတို့တွေ မပြတ်သားကြဘူးထင်ပါရဲ့။ ကွဲကြတာ ကောင်းပါတယ်။ အတိုက်အခံအခက် ငါတို့အချက် ဆိုပြီး အစီရင်ခံစာထဲ ထည့်ရေးလိုက်ဦးမှပဲ။ ဟားဟားဟား။”

“ဟုတ်တယ်ဗျာ။ နိုင်ငံတော်အစိုးရကလက်နဲ့ရေးတာကို သူတို့က ခြေနဲ့ ဖျက်ချင်နေကြတာ။”

“အေး-ငါလည်း အံ့သြလို့ မဆုံးဘူး။ ဘာကြောင့် သူတို့ အသံနှစ်သံ ထွက်နေသလဲမသိ။”

“တချို့က သူတို့ကြောက်ရတဲ့သူတွေရဲ့ အကြိုက်ကိုလိုက်ပြီး သံယောင်လိုက်နေတယ်လို့ ဆိုတယ်။ ဒါကြောင့် အသံမတူတာလို့ ကျနော့်အဆက်အသွယ်တွေက ပြောပြတယ်။”

“သူတို့ကြောက်ရတဲ့သူတွေဆိုတော့ ဘယ်သူတွေပါလိမ့်။ စိတ်ဝင်စားစရာပဲ။ အေးကွာ။ မကြာမကြာ ဆက်သွယ်ပါကွာ။”

သံအမတ်ကြီးအားနှုတ်ဆက်ပြီး မြန်မာသံရုံးမှ အထွက်တွင် ရွှေအတိချထားသောလက်များဖြင့် လက်ခုပ်တီး၍ ရယ်ချင်စိတ်ကို မနည်း အောင့်အည်းထားခဲ့ရလေသည်။ မည်သို့ပင်ဆိုစေ ကျွန်ုပ်၏ပတ်စ်ပို့စာအုပ် သက်တမ်းတိုးပြီးချေပြီ။ ကင်းဝန်မင်းကြီး၏ကွမ်းအစ်ကား တန်ခိုးထက်လှပါဘိ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts