ဇွန်ပွင့်

Zun Pwint – Articles

ဖေဖေ့အကြောင်း (၉) 
ဇွန်ပွင့်
ဇူလိုင် ၂၈၊ ၂၀၁၃


မနေ့က မီးမလာပါ။ တယ်လီဖုန်းလိုင်း ပျက်နေပါတယ်။ အင်တာနက်လိုင်း မမိပါ။
ဖေဖေကတော့ ပြောဖူးပါတယ်။ သတင်းစာထဲမှာ ရေမလာ၊ မီးမလာ၊ ဘတ်စ်ကားကြပ်အကြောင်း ကာတွန်းရေးတာ လူမှုရေးကာတွန်း၊ နိုင်ငံရေးကာတွန်းကတော့ အခု လတ်တလောဖြစ်နေတဲ့ နိုင်ငံရေးအခင်းအကျင်း၊ ကမ္ဘာ့အရေးကို သရော်တဲ့ကာတွန်းပါ။ ကော်မစ်ကာတွန်း ကတော့ ကာတွန်းဆရာက ဇာတ်ကောင်မွေးထားတာပေါ့။ ကာတွန်းဆရာကြီး ဦးအောင်ရှိန်ရဲ့  ဦးစံရှားနဲ့ ဦးဒိန်းဒေါင်၊ ဆွေမင်း(ဓနုဖြူ) ရဲ့  မြိုင် ရာဇာ တွတ်ပီ၊ မင်းဇော်ရဲ့  ဘိုဘို တို့ပါပဲ။  
ဖေဖေနဲ့ မေမေနွယ် အိမ်ထောင်ကျပြီး နှစ်နှစ်မှာပဲ (၆-မိုင်၊ မောင်ဗမာ စွပ်ကျယ်စက် လမ်း၊ မာလကာခြံ) ခုတော့ (၆)မိုင်၊ ဓမ္မာရုံလမ်းမကြီး၊ လှိုင်မြို့ နယ် အိမ်ကို ပြောင်းလာ ခဲ့ကြပါတယ်။ အဒီတုန်းက လမ်းမီးတိုင်ရှိပြီး ဖြစ်ပေမယ့် ဖုန်းလိုင်းကတော့ ဖေဖေ ပြောင်းလာမှ အိမ်မှာ ဖုန်းလိုင်းသွယ်ဖို့လုပ်တော့မှ တိုင်စိုက်ပြီး ဖုန်းလိုင်းချိတ်တာလို့ ပြောဖူးပါတယ်။ ဖေဖေက ကြေးမုံသတင်းစာတိုက်မှာ ပင်တိုင်ကာတွန်း ဆရာလည်းဖြစ်၊ ကြေးမုံခေါင်းစည်းစာလုံးကိုလည်း ဒီဇိုင်းရေးသဖြစ်လို့ ဆရာအောင်ဗလက ဖေဖေ့ကို အတော်ကြည့်ပါ။ ဖေဖေက မြေ ၀ယ်ပြီးပေမယ့် အိမ်ဆောက်ကိုဖို့ ကြေးမုံကနေ ကြိုတင်ငွေထုတ်ပေးပါတယ်။ ဒါလည်း ဆရာအောင်ဗလကျေးဇူးပါ။ နောက် ဖေဖေ ကာ တွန်းရေးဖို့အတွက် လတ်တလောအဖြစ်အပျက်ကို အချိန်နဲ့တပြေးညီသိရအောင် ဆရာအောင်ဗလက ဖေဖေ့ကို တယ်လီဖုန်းတပ်ဖို့ အကြံ ပေးတာကြောင့် တပ်ဆင်ဖြစ်တာပါ။  
ကျွန်မတို့ရပ်ကွက် မီးမလာရင် ဖေဖေကပဲ လျှပ်စစ်ဌာနကိုဖုန်းဆက်ပြီး အိမ်မှာမီးမလာလို့ အကြောင်းကြားပါတယ်။ ချက်ချင်းပဲ တာဝန်ကျ ၀န်ထမ်းတွေလာပြီး ပြင်ပေးပါတယ်။ ဖုန်းပျက်ရင်တော့ ဟံသာဝတီအ၀ိုင်းက ဆက်သွယ်ရေးကို ဖေဖေက ကြေးမုံတိုက်ကပဲ ဖုန်းဆက်အ ကြောင်းကြားပါတယ်။ တိုင်တဲ့နေ့မှာပဲ ချိတ်ဆက်ပေးပါတယ်။ အဲဒီတုန်းက လျှပ်စစ်ဝန်ထမ်းရော ဆက်သွယ်ရေးဝန်ထမ်းပါ ဖေဖေ့ကို လေးစားသလို ဖေဖေကလည်း သူတို့ကို တလေးတစား ဆက်ဆံကြပါတယ်။  
၁၉၇၅ခု နောက်ပိုင်းကျတော့ ဒီလိုဆက်ဆံရေးမျိုး ကျဲပါးလာပါတော့တယ်။ 
ဖေဖေက ကာတွန်းဆရာဖြစ်တဲ့အတွက် မော်တော်ဆိုက်ကယ်ပုံစံ၊ ခေတ်ပေါ်ကားပုံစံ၊ ဆိုက်ကားပုံ၊ စက်ဘီး၊ မြင်းလှည်း၊နွားလှည်း စသဖြင့် ရေးမယ်ဆိုရင် အမြင်နဲ့ကြည့် ပြီး ရေးပါတယ်။ အထင်နဲ့ ဘယ်တော့မှ လွှဲမရေးပါ။  
ဒါနဲ့ပတ်သက်လို့ ဖေဖေပြောခဲ့ဖူးပါတယ်။ နိုင်ငံခြားက ပန်းချီဆရာတစ်ယောက်က လမ်းကြိတ်စက်ပုံရေးဖို့အကြောင်း ဖြစ်လာတော့ လမ်း ကြိတ်စက်ကုမ္ပဏီကို ဖုန်းဆက်ပြီး ကျွန်တော်ပန်းချီဆရာပါ၊ လမ်းကြိတ်စက်ပုံရေးဖို့ လာကြည့်ချင်လို့ ခွင့်ပြုပါလို့ပြောတော့ ကုမ္ပဏီက ဆရာကြီးမလာပါနဲ့ ဆရာကြီးအိမ်လိပ်စာပြောပါ။ ကျွန်တော်တို့ လမ်းကြိတ်စက်တစ်စီးခုပဲ ပို့လိုက်ပါမယ်၊ ဆရာစိတ်ကြိုက်ဆွဲပါ။ ဘယ် နှစ်ရက်ကြာကြာပို့ထားပါမယ်လို့ ပြန်ပြောတယ်။ သူတို့ဆီက ပန်းချီ ကာတွန်း ဆရာတွေ၊ အနုပညာရှင်တွေကို သိပ်လေးစားကြတာလို့ ပြောပါတယ်။  
ခုနေ ဖေဖေများရှိသေးရင် အင်တာနက်လိုင်း မမိတာကို လူမှုရေးကာတွန်းထဲထည့်မှာလား၊ နိုင်ငံရေးကာတွန်းထဲထည့်မှာလာလို့ ကျွန်မ မေးလိုက်ချင်ပါသေးတယ်။ 
မြင်းအရှင်၊ ဆင်အရုပ်လို့ အဆိုရှိသလိုပါပဲ။ သက်ရှိမြင်းရဲ့ လှုပ်ရှားဟန်ပန်က ကြည့်မြင်သူဘ၀င်ကျစေပါတယ်။ ဆင်ရဲ့ ပုံကတော့ ရုပ်ပုံ ကားချပ်က မြင်သူကို စိတ်ဝင်စားစေပါတယ်။ သက်မဲ့ပစ္စည်းများကို ကြည့်ရေးရတဲ့ ရေးချက်နဲ့ သက်ရှိကိုကြည့်ရေးရတဲ့ ပန်းချီ ကာတွန်း ပညာယူစဉ်ကအကြောင်းကို ဖေဖေ ပြောပြခဲ့ပါသေးတယ်။ 
ဖေဖေရယ်၊ ပန်းချီဦးအောင်စိုးရယ် ကာတွန်းဦးဘဂျမ်းဆီမှာ ပညာသင်စဉ်အခါက တစ်နေ့တော့ ဆရာက ဖေဖေတို့ကို မင်းတို့ ဒီနေ့ တိရစ္ဆာန်ရုံသွား မျောက်တွေပုံ သွားဆွဲချည်ကြလို့ အဆွဲခိုင်းခဲ့ဖူးပါတယ်။ မျောက်ဆိုတဲ့အတိုင်းဘယ်ငြိမ်မလဲ ဖေဖေတို့နှစ်ယောက်လည်း မှီရာအကောင် ရရာပုံစံ၊ တွေ့ ရာအကောင် ခဲနဲ့လိုင်းကောက်ရတာပေါ့ အဲဒီတစ်နေ့ ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ဖူးလို့ ပြောပါ တယ်။  

(ဆက်ပါဦးမယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts