Nyi Saw Lwin – Articles

ဟံသာဝတီ ဦးဝင်းတင် (သို့မဟုတ်) အရေးတော်ပုံ တပ်သား (၂)
ညီစောလွင်
ဇူလိုင် ၂၈၊ ၂၀၁၃


မေး။ ဆရာ ငယ်ငယ်တုန်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဆုံခဲ့တဲ့အကြောင်း၊ ဆရာ့ဘ၀အပေါ် သက်ရောက်မှုရှိခဲ့တယ်လို့ဆိုတော့ အဲ့ဒီအ ကြောင်းကို ပြောပြပါဦး။ 
ဖြေ။ အဲဒါက ကြာခဲ့ပြီပေါ့ဗျာ။ အဲဒီအချိန်တုန်းက ကျနော် အင်မတန် ငယ်သေးတယ်။ အသက် ၁၅ နှစ် လောက်ပဲ ရှိဦးမယ်။ ကျနော်တို့တွေ ရွာကလေးတရွာမှာ နေကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ရှေ့တန်းထွက်နေတဲ့ အချိန်ပေါ့။ ကျနော့် ဦးလေးတယောက်ကလည်း ဗိုလ်ချုပ် အောင်ဆန်းရဲ့တပည့်တွေထဲက တယောက်ပါပဲ။ အဲဒီအချိန်မှာ မဟာမိတ် စစ်လေယာဉ်၊ စစ်သဘောင်္တွေကလည်း ပစ်နေခတ်နေတဲ့အချိန် ပေါ့ဗျာ။ သူတို့တွေ ညတွင်းကြီး ပြန်လာကြတယ်။ ပြီးတော့ ကျနော်တို့ရွာမှာ ခဏတည်းခိုတယ်။ အဲဒီမှာ ဗိုလ်ချုပ်အောင်ဆန်းကို ကျနော် တွေ့တာပဲ။ သူကို စကားပြောရတာ မလွယ်ဘူးဗျ။ အင်မတန် စကားနည်းတဲ့လူ။ 
ကျနော်က စစ်တပ်ထဲဝင်ချင်တယ်လို့ ပြောလိုက်တယ်။ အဲဒီအချိန်တုန်းက စစ်တပ်က အင်မတန်ခေတ်စားတယ်။ လူငယ်မှန်သမျှ စစ်တပ် ထဲ ၀င်ချင်ပြီးတော့ တိုက်ချင် ခိုက်ချင်ကြတယ်။ ကျနော်က အဲ့သလိုပြောလိုက်တော့ ဗိုလ်ချုပ်အောင်ဆန်းက တချက်စဉ်းစားပြီးတော့ ကျနော့်ကို ပြန်မေးတယ်။ ကျောင်းနေသလားတဲ့။ ကျနော်ကနေတယ်လို့ ဖြေလိုက်တယ်။ ဗိုလ်ချုပ်က ဒါဖြင့်ရင် ကျောင်းပဲဆက်တက်ပြီး ပညာဆက်သင်တာက ပိုကောင်းမယ်တဲ့။ ငါတို့ အရေးတော်ပုံအတွက် စစ်တိုက်မယ့် လူတွေက အများကြီးရှိတယ်။ ဒါပေမယ့် ပညာတတ်တဲ့ လူတွေက လုံလောက်အောင် မရှိဘူးလို့ ပြောတယ်။ 
ကျနော့်ကို ပညာဆက်သင်ဖို့ပြောတဲ့စကားက ကျနော့်စိတ်ထဲမှာ စွဲသွားတယ်ဗျ။ အဲဒီအချိန်ကစလို့ ကျနော် အလုပ်တဖက်နဲ့ ကျောင်းတက် တယ်။ လေ့လာတယ်။ စာရေးတယ်။ သတင်းစာသမားတယောက်ဖြစ်လာတယ်။ အန်အယ်ဒီ ပါတီထဲရောက်ပြီး နိုင်ငံရေးသမားတပိုင်း ဖြစ် တဲ့အထိဆိုပါတော့။ 
မေး။ ဆရာဘ၀မှာ အားကျရတဲ့ စံပြပုဂ္ဂိုလ်လို့ပြောရင် ဘယ်သူဖြစ်မလဲ။ မြန်မာပြည်ရဲ့ဒီမိုကရေစီ အနာဂတ်နဲ့ပတ်သက်လို့ရော ဆရာက ဘယ်လောက်အထိ မျှော်လင့်ချက်ထားလဲ။ 
ဖြေ၊ ကျနော် ဒီလိုဖြေချင်တယ်ဗျာ။ တကယ်တော့ ကျနော်က ငယ်စဉ်ကတည်းက နိုင်ငံရေးသမားတယောက် မဟုတ်ခဲ့ဘူးဗျ။ ကျနော့် အထက်တန်းကျောင်းသားဘ၀မှာ ကျောင်းသားသမဂ္ဂမှာ ခေါင်းဆောင်တွေထဲက တယောက်ဖြစ်ခဲ့တယ်။ အသက် ၁၆-၁၇ လောက်မှာ ကျောင်းသားသမဂမှာ ဥက္ကဌဖြစ်လာတယ်။ ကျောင်းသားလှုပ်ရှားမှုတချို့မှာ ပါဝင်ခဲ့တယ်။ အဲဒါကလွဲလို့ ကျနော့်ဘ၀မှာ နိုင်ငံရေးနဲ့ အချိန် အများကြီး မပတ်သက်ခဲ့ဘူး။ 
ကျနော့်ဘ၀မှာ ကျနော်ဖြစ်ချင်တာက သတင်းစာဆရာ၊ စာရေးဆရာ၊ ကဗျာဆရာ။ ကျနော့်အသက် ၆၀ အထိလည်း ဒါပဲလုပ်ခဲ့တယ်။ ၁၉၈၀ ပြည့်လွန် နှစ်တွေမှာ ဒီမိုကရေစီ အရေးတော်ပုံကြီး ပေါ်ပေါက်လာတဲ့အထိ ဆိုပါတော့။ စာရေးဆရာများသမဂ္ဂမှာ ကျနော် ဥက္ကဌ လုပ်ခဲ့တယ်။ အဲဒီတာဝန်ကြောင့်လည်း အန်အယ်ဒီကို စတင်ထူထောင်သူတွေထဲမှာ ကျနော်လည်းပါဝင်ခဲ့တယ်။ အခုဆိုရင် ပါတီဖောင်ဒါ တွေထဲက ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဦးတင်ဦးရယ်၊ ကျနော်ရယ် သုံးယောက်ပဲ ကျန်တော့တယ်။ ဒါကြောင့် ကျနော်လည်း ဆက်ပြီးတော့ လုပ်နေရဦးမယ်။ ဒါပေမယ့် ကျနော့်ရဲ့နှလုံးသားထဲမှာ ကျနော်ဟာ အမြဲတမ်း သတင်းစာဆရာပဲ။ ဘာကို ပြောချင်တာလဲဆိုရင် ကျနော့်ကိုယ် ကျနော် ဒီမိုကရေစီဘ၀အတွက် ရပ်တည်တယ်။ ဒီမိုကရေစီက ကျနော့်နှလုံးသားထဲမှာ အမြဲတမ်းရှိတယ်။ ကျနော့်ဘ၀ကို ဒီမိုကရေစီအ တွက်ပဲ ဦးတည်တယ်၊ ရှေးရှုတယ်၊ လုပ်ကိုင်တယ်။
ကျနော် ထုတ်ဖော်ချင်တာတွေကိုလည်း ဒီမိုကရေစီနည်းလမ်းအတိုင်းပဲ လွတ်လွတ်လပ်လပ် ထုတ်ဖော်တယ်။ ပါတီလိုင်းချည်းပဲ အမြဲတမ်း မရပ်တည်ဘူး။ နိုင်ငံရေးလှုပ်ရှားမှု၊ နိုင်ငံရေးအပြောင်းအလဲတွေနဲ့ပတ်သက်လို့ ကျနော် မြင်တဲ့အမြင်က တခါတလေ ပါတီလိုင်းနဲ့ သွေဖယ် တယ်။ တခါတလေ ကျနော့်အမြင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်နဲ့လည်း ခြားနားတယ်။ ကိစ္စမရှိဘူး။ ကျနော်က သတင်းစာ ဆရာ၊ သတင်းစာဆရာဆိုတာ ဒီမိုကရေစီကို ဦးတည်တယ်။ 
မြန်မာပြည်မှာ တနေ့တော့ ဒီမိုကရေစီလူ့အဖွဲ့အစည်းကြီး ပေါက်ပေါက်လာလိမ့်မယ်လို့ မျှော်လင့်တယ်။ ဒီအတိုင်းပဲ ယုံကြည်တယ်။ မြန်မာပြည်မှာ ဒီမိုကရေစီ အင်စတီကျူးရှင်းတွေ၊ ဒီမိုကရေစီပါတီတွေ၊ ဒီမိုကရေစီအစိုးရ၊ ဒီမိုကရေစီပါလီမန်တွေ ပေါ်ပေါက်လာမယ့် ဒီမိုကရေစီဘ၀ဆိုတာ တနေ့တော့ မုချပေါ်ပေါက်လာလိမ့်မယ်။ ဒီမိုကရေစီအတွက် မျှော်လင့်ချက်ဆိုတာက ကျနော်ဆီမှာ အမြဲတမ်းရှိတယ်။ ဒိမိုကရေစီအရေး ရုန်းကန်မှုတွေ၊ မလျှော့တဲ့ လုံ့လနဲ့ အားထုတ်မှုတွေဟာ အနာဂတ်မှာ သီးပွင့်လာလိမ့်မယ်။ 
မေး။ ထောင်ကျနေတဲ့အချိန်တုန်းက ကိုယ့်အတွက်ရော၊ တိုင်းပြည်ရဲ့ အနာဂတ်အတွက်ပါ မျှော်လင့်ချက်တွေ အားလျှော့နေခဲ့ဖူးလား။ 
ဖြေ။ ကျနော်က အိုပြီဗျ။ ကျနော့်ရဲ့ အနာဂတ်နဲ့ပတ်သက်လို့တော့ မဆွေးနွေးချင်တော့ဘူး။ ကျနော့် အနာဂတ်ဆိုတာက အလွန်တိုတောင်းပြီး အလွန်ေ၀၀ါးနေပြီ။ ကျနော့်ဘ၀တလျှောက်မှာ တပါတီစနစ်နဲ့ စစ်အစိုးရအုပ်ချုပ်ရေးကာလတွေကို ဖြတ်သန်းခဲ့ရတာ မှန်တယ်။ ဒါပေမယ့် တနေ့ကျရင် မြန်မာပြည်မှာ ဒီမိုကရေစီလူ့အဖွဲ့အစည်းတရပ် မုချထွန်းကားလိမ့်မယ်လို့ မျှော်လင့်နေတုန်းပဲ။ အခုတော့ မရသေးဘူး။ လူတွေ သေကြတယ်၊ ဒုက္ခရောက်ကြတယ်။ မြို့ကြီးတွေမှာရော၊ တောဘက် နယ်ဘက်တွေမှာတော့ လူတွေက ဒုက္ခအကြီးအကျယ် ခံစား နေရတယ်။ ကျနော်တို့လို တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေက ဒီမိုကရေစီအတွက် အမြဲတမ်းရုန်းကန်တယ်။ တိုက်ပွဲက ရှည်ကြာပြီး ခက်ခဲတယ်။ 
ဒေါ်အောင်ဆန်းစုကြည်က နတ်ဘုရားမဟုတ်ဘူးဗျ၊၊ နိုင်ငံရေး နတ်ဘုရားမဟုတ်ဘူး။ အားနည်းချက်တွေအများကြီးပဲ၊ အမှားတွေလည်း ရှိသလောက်ရှိတယ်။ ဒါပေမယ့် ဒီနေ့ ဒီအချိန်မှာ အန်အယ်ဒီမှ မဟုတ်ဘူး၊ မြန်မာပြည်သူတွေအတွက် ဒေါ်စုပဲရှိတယ်။ ဒေါ်စုမှာ ဥာဏ်ပညာ အမြော်အမြင်ရှိတယ်။ လုပ်နိုင်ကိုင်နိုင်တဲ့ အစွမ်းရှိတယ်။ နိုင်ငံရေးအရ တွေးခေါ်စဉ်းစားနိုင်တယ်။ ဒီနေ့အချိန်မှာ ပြည်သူတွေနဲ့ မျိုးဆက် သစ်တွေကို ဦးဆောင်မှုပေးနိုင်သူဆိုလို ဒေါ်စုတယောက်ပဲရှိတယ်။ ဒီလိုပဲ ကျနော်တို့ အခိုင်အမာယုံကြည်တယ်။ 
မေး၊ ဆရာနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတူတာတွေကို ရှင်းပြပါဦး။ 
ဖြေ။ ကျနော် အမြဲတမ်းပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြီးပြင်းရတဲ့ဘ၀က ကျနော်တို့နဲ့ မတူဘူး။ ကျနော်က ရွာဇနပုဒ်၊ မြို့ ငယ်မြို့သိမ်ကနေ လာတယ်။ မြန်မာပြည်မှာပဲ ပညာသင်ခဲ့ရတယ်။ ကျနော်တို့ ပညာရေးစနစ်ကလည်း သိပ်ပြီးတော့ အဆင့်မမြင့်လှဘူ။ ကြီးပြင်းလာတာကလည်း သူလိုငါလို ပုံမှန်ဘ၀ပဲ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အိန္ဒိယလိုမျိုး ဖွံ့ဖြိုးတဲ့နိုင်ငံမှာ ကြီးပြင်းခဲ့တယ်။ ပညာ သင်တဲ့အခါမှာလည်း ထိပ်တန်းတက္ကသိုလ်တွေမှာ သင်ခဲ့တယ်။ ဒါက တချက်။ 
နောက်တချက်က ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ဆန်းသမီးဆိုတော့ ဗိုလ်ချုပ်တွေအသိုင်းအ၀ိုင်းမှာ ကြီးပြင်းလာရတယ်။ ဗိုလ် ချုပ်တွေရဲ့ နိုင်ငံရေးထဲမှာ ကိုယ်တိုင်ကိုယ်ကျ မပတ်သက်ခဲ့ပေမယ့် အလွန်သြဇာအရှိန်အ၀ါကြီးတဲ့အနေအထားနဲ့ ဖြတ်သန်းခဲ့ရတယ်။ မြန်မာပြည်ကို ပြန်လာတဲ့အချိန်မှာ ဒေါ်စုရဲ့ အသက်က ၄၀ ကျော်ကျော်လေးပဲရှိသေးတယ်၊ ကျနော်က အသက် ၆၀ ကျော်ပြီ။ ၁၉၈၈ လူထု အုံကြွမှုကာလမှာ တွေ့ရတယ်။ လူထုအုံကြွမှုကို ဦးဆောင်တာက ပြည်သူတွေပဲ၊ ကျောင်းသားတွေ၊ လူငယ်တွေ၊ အလုပ်သမားတွေ၊ လယ် သမားတွေက ဦးဆောင်ခဲ့ကြတယ်။ သာမန်ပြည်သူတွေပဲ။ အဲဒီအချိန်တုန်းက ခေါင်းဆောင်လည်း မရှိဘူး၊ အရေးတော်ပုံက ဦးတည်ရာ လည်း မဲ့နေတယ်။ ကျနော်တို့က အရေးတော်ပုံကြီးထဲမှာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး အတွက်တက်ကြွ လှုပ်ရှားသူတွေ အနေနဲ့ ပူးပေါင်းပါဝင်ခဲ့ကြတယ်။ ကျနော်တို့တွေ အတူတကွ ပူးပေါင်းခဲ့ကြတယ်။ 
ဒေါ်စုနဲ့ ကျနော်နဲ့ ကြားထဲမှာ မတူညီတာတွေက အမြဲတမ်းရှိတယ်။ ကျနော်က တသက်လုံး စာရေးဆရာ၊ သတင်းစာဆရာပဲ လုပ်ခဲ့တယ်။ ကျနော့်ရဲ့ အသိပညာရေချိန်က မတူဘူး။ လူမှုဘ၀ရပ်တည်ချက်နဲ့ နိုင်ငံရေးအရ စိတ်ကူးစိတ်သန်းတွေမှာလည်း မတူဘူ။ ကျနော် ပြောခဲ့သ လိုပဲ ဒေါ်စုက စစ်တပ်အသိုင်းအ၀ိုင်း၊ စစ်တပ်မိသားစုမှာ ကြီးပြင်းခဲ့တယ်။
မြန်မာပြည်မှာ စစ်အစိုးရတော့ မရှိတော့ဘူး။ ဒါပေမယ့် သမတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဌ၊ ၀န်ကြီးတွေ စသဖြင့် သူတို့တွေ အားလုံးက စစ်တပ်ကလူတွေပဲ၊ သူတို့က စစ်အုပ်ချုပ်ရေးကို အားပေးတဲ့လူတွေ၊ စစ်အတွေးအခေါ်၊ စစ်ဒသန၊ စစ်စိတ်ကူးစိတ်သန်းတွေပဲ ရှိတယ်။ ဒါက ပြသနာ၊ မြန်မာပြည်ဟာ ဒီမိုကရေစီကို ဦးတည်နေတယ်ဆိုပေမယ့် သူတို့ကိုယ်တိုင်က ဒီမိုကရေစီ ဘက်တော်သားတွေ မဟုတ်တာ ကိုတော့ ကျနော် စိုးရိမ်မိတယ်။ 
ဒီမိုကရေစီလို့ ဘယ်လောက်ပဲအော်အော် သူတို့ကိုယ်ထဲမှာ စစ်အပုပ်နံ့တွေက မစင်သေးဘူး။ ထိပ်တန်းခေါင်းဆောင်လို့ ပြောတဲ့ သမတတို့၊ လွှတ်တော်အမတ်တွေရဲ့ပါးစပ်ကနေ စစ်အနံ့တွေ တဟောင်းဟောင်း ခဏခဏ ထွက်နေတယ်။ 
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ စစ်တပ်နဲ့ပက်သက်လာရင် အမြဲတမ်းပဲ ပူးပေါင်းဆောင်ရွက်ဖို့၊ ဖေးဖေးမမနဲ့ လိုက်လျှောလိုတဲ့ သဘောထားရှိတယ်။ ဒါက ကျနော်တို့ကြားမှာ မတူဘူး။ မြန်မာပြည်ရဲ့ ဒီမိုကရေစီ အပြောင်းအလဲလှုပ်ရှားမှုတိုင်းမှာ စစ်တပ်ကိုလည်း ပူးပေါင်းပါဝင်စေချင်တယ်လို့ ဒေါ်စုကပြောတယ်။ စစ်တပ်က ပူးပေါင်းဆောင်ရွက်တာမလုပ်ရင် မြန်မာပြည်မှာ အပြောင်းအလဲတွေ ဘယ် တော့မှ ရမှာမဟုတ်ဘူးလို့ ပြောတယ်။ 
ကျနော့်အမြင်က ဒေါ်စုနဲ့ မတူဘူး။ ကျနော်ပြောတယ်၊ ဒီလိုမဟုတ်ဘူး။ ဒီလိုမဟုတ်သေးဘူး။ သူတို့တွေက အပြင်လူတွေပဲ၊ သူတို့က ကျနော်တို့ စည်းဝိုင်းရဲ့အပြင်ဘက်က လူတွေပဲ၊ စစ်တပ်ကို ပြောင်းကို ပြောင်းရမယ်လို့ ကျနော်ပြောတယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေးကိစ္စတွေမှာ စစ်တပ်က လုံးဝပတ်သက်စရာအကြောင်းမရှိဘူးလို့ ကျနော်ပြောတယ်။ 
မေး၊ အဲဒီတော့ ဒေါ်စုက ဆုံးဖြတ်ချက်ချတဲ့အပိုင်းမှာ ဆရာနဲ့တိုင်ပင်နေသေးလား။ 
ဖြေ။ ကျနော်တို့ ပုံမှန်လိုလို တွေ့ပါတယ်။ တလတကြိမ် စသဖြင့် တွေ့ဖြစ်ပါတယ်။ ဆက်ဆံရေးလည်း အလွန်ကောင်းတယ်။ ဒေါ်စုက အင်မတန် ယဉ်ကျေးတဲ့ ပုဂ္ဂိုလ်၊ အလွန် ဖော်ရွေတဲ့ပုဂ္ဂိုလ်၊ အားလုံးပုံမှန်ပဲ။ ကျနော်တို့ကြားမှာ ပဋိပက္ခ လုံးဝမရှိဘူး။ ကျနော်က ကျနော် အမြင်ကို တင်ပြတယ်။ သူကလည်း သူ့ အမြင်ကို တင်ပြတယ်။ ကျနော်တို့က ကိုယ့်ပါတီကို အင်အားကြီးမားတဲ့ ပါတီ၊ အဖွဲ့အစည်းကြီး ဖြစ် စေချင်တယ်။ စစ်မှန်တဲ့ ဒီမိုကရေစီအတွက် ရည်မှန်းချက်ထားတယ်။ 
မေး၊ စစ်တပ်က အာဏာသိမ်းနိုင်တဲ့ အခွင့်အရေး ရှိသေးတယ်လို့ ထင်နေသေးလား။ 
ဖြေ၊ စစ်တပ်က အာဏာကို ပြန်ပြီးတော့ သိမ်းပိုက်နိုင်လိမ့်မယ်လို့တော့ ကျနော် မထင်တော့ဘူးဗျ။ ဒါက ကျနော့်ရဲ့ယုံကြည်ချက်ပဲ။ ပြည်သူတွေ အားလုံးက အာခံနေကြပြီ၊ ဆန္ဒပြကန့်ကွက်နေကြပြီ။ စစ်အာဏာကို ပြည်သူတွေ ခေါင်းတွင်တွင်ခါနေကြပြီ။ ပြည်သူတွေဆီက အစိုးရကို ပေးနေတဲ့သတင်းစကားက ဒါပဲ။ ပြည်သူတွေက သိကြတယ်။ ဒါကို စစ်တပ်ကလည်း သိပါတယ်။ 
စစ်တပ်က အင်အားကြီးနေသေးတာတော့ မှန်တယ်။ အင်စတီကျူးရှင်းအရလည်း သူတို့တွေလွှမ်းမိုးထားတာ မှန်တယ်။ ဒါပေမယ့် ပြည်သူ တွေ ခေါင်းခါတယ်၊ တော်လောက်ပြီလို့ ပြောတယ်။ စစ်တပ်က ကြီးမားတဲ့အဖွဲ့အစည်း၊ ကြီးမားတဲ့ အင်စတီကျူးရှင်း၊ အင်အားကြီးတယ် ဆိုတာကတော့ မှန်ပါတယ်။ တိုင်းပြည်စီးပွားရေးရဲ့ ၇၀ ရာခိုင်နှုန်းက သူတို့လက်ထဲမှာ ရှိတယ်။ ဒါကြောင့် စစ်တပ်က အာဏာက ဆက်ရှိနေ တယ်။ 

(ဆက်ပါမယ်)