Uncategorized

MoeMaKa Interview – Ko Min Zeya (2)

အနာဂတ်မျိုးဆက်တွေအတွက် ပုခုံးထမ်းရုန်းကြဖို့ဆိုတဲ့ ကိုမင်းဇေယျနဲ့ စကားလက်ဆုံ (၂) (မိုးမခအင်တာဗျူး) မောင်ရစ်၊ ထွန်းမြတ်ဦး၊ ဇူလိုင် ၂၈၊ ၂၀၁၃

ဒုတိယပိုင်းမှာ ဆက်လက်ဆွေးနွေးဖြစ်တာကတော့ အတိတ်က အနေအထားကနေ မျက်မှောက်ရေးရာကို ချိန်ထိုး သုံးသပ်တာ ဖြစ်ပါတယ်။

ပထမဆုံး မေးချင်တာကတော့ ရွေးကောက်ပွဲတွေ အဆက်ဆက်မြင်ကွင်း။ ၉၀ ရွေးကောက်ပွဲကာလမှာတုန်းက ကျောင်းသားလူငယ်တွေက အရေးတော်ပုံကြီးမှာ ရှေ့ကနေ တိုက်ပွဲဝင်ခဲ့ကြတယ်။ မိဘပြည်သူတွေက တခဲနက် လိုက်ပါခဲ့ကြတယ်။ နို်င်ငံရေးပါတီတွေ ထောင်ပြီး ရွေးကောက်ဝင်ရောက်သူတွေက အဲသည်တုန်းက ၄၀၊ ၅၀၊ ၆၀ တန်း လူကြီးတွေ ဖြစ်တယ်။ အဲသည်တုန်းက လူထုထောက်ခံမှုအရဆုံး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နို်င်ငံရေးခေါင်းဆောင် အများအပြား ဖမ်းဆီးထိန်းသိမ်း နှိမ်နင်းခြင်း ခံထားရတဲ့ အင်န်အယ်ဒီပါတီဟာ ပြည်သူလူထု ထောက်ခံမှုနဲ့ တခဲနက် ရွေးကောက်ပွဲ အနိုင်ရခဲ့တယ်။ အဲသည်တုန်းက စစ်အစိုးရရဲ့ ဖိနှိပ်မှု၊ နှိမ်နင်းမှု တိုက်ခိုက်ခြေမှုန်းမှုတွေကြောင့် အဆိုပါ ရွေးကောက်ပွဲနိုင် အမတ်များ ထိခိုက် ကျဆုံးခြင်း၊ လက်နက်ချကုန်ခြင်း၊ ထွက်ပြေးတိမ်းရှောင်ခြင်း စတဲ့ အင်အားတွေ ချိနဲ့ဆုံးရှုံးခဲ့ရတယ်။ အဲသည်ကနေ နောက် အနှစ် ၂၀ ကြာတဲ့အခါ ၂၀၁၀ ရွေးကောက်ပွဲမှာ စစ်အစိုးရ ထူထောင်ထားတဲ့ ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ဖွံ့ပါတီဟာ ၂၀၀၈ အခြေခံဥပဒေအပေါ်မှာ ရပ်တည်ပြီး တဖက်သတ်အင်အားသုံး တိုင်းပြည်အာဏာကို ရယူနိုင်ခဲ့တယ်။ ထိုကနေပြီး ၂ နှစ်အကြာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီကနေ ကြံ့ဖွံ့အစိုးရ စီမံပေးတဲ့ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရပြီး ပြည်သူ့လွှတ်တော်ထဲကို အနည်းစုအမတ်တွေအဖြစ်နဲ့ ၀င်ရောက် နေရာယူနိုင်ခဲ့တယ်။ အခုချိန်မှာ အားလုံး စိတ်ဝင်စားနေကြတာက ၂၀၁၅ ပြည်လုံးကျွတ် ရွေးကောက်ပွဲ ဖြစ်ပါတယ်။ အဲသည်မှာ ၀င်ပြိုင်ကြမယ့်သူတွေက လွန်ခဲ့တဲ့ အနှစ် အစိတ်က လူငယ်တွေဖြစ်ခဲ့ကြတဲ့ ၈၈ မျိုးဆက်တွေနဲ့ မျိုးဆက်အဆင့်ဆင့်တွေဆိုတော့ ဟိုတုန်းက ၂၀တန်းတွေကနေ ကြီးပြင်းလာကြလို့ အခုတော့ ၄၀၊ ၅၀၊ ၆၀ တန်း လူကြီးတွေ ဖြစ်နေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ ၈၈ မျိုးဆက်တွေပဲဆိုဆို၊ အင်န်အယ်ဒီပါတီဝင် မျိုးဆက်တွေလို့ပဲ ပြောပြော၊ အခြားနိုင်ငံရေးပါတီအင်အားစုတွေပဲဖြစ်ဖြစ် တိုင်းရင်းသားအင်အားစုတွေလို့ ဆိုဆို… အဲသည် အသက် ၄၀၊ ၅၀၊ ၆၀ တန်းတွေက၊ သူတို့တွေက လာမယ့်ရွေးကောက်ပွဲမှာ အဆင်သင့် ဖြစ်နေပြီလားဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ကိုမင်းဇေယျက ဖြေကြားရာမှာ …

ခေတ်တလျောက်လုံးမှာ တော်လှန်ရေးကို ဆင်နွှဲခဲ့တဲ့သူတွေ၊ ထိထိရောက်ရောက် ဆောင်ရွက်ခဲ့တဲ့သူတွေဟာ တိုက်ပွဲဝင်နေရတဲ့အတွက် ဘာမှ မတည်ဆောက်နိုင်ဘူး။ ငွေကြေးအပိုင်း၊ ပညာအပိုင်း၊ နိုင်ငံရေးအပိုင်း ဘာမှ မတည်ဆောက်နိုင်ခဲ့ဘူး။ ခုချိန်မှာ ရွေးကောက်ပွဲဆိုတာက Free & Fair ဖြစ်တယ်ဆိုပြီး ၀င်မယ်ဆိုရင်တောင် နိုင်ငံရေးအရ ပြင်ဆင်ထားတာ အားနည်းနေတယ်။ လက်ရှိမှာ ဦးဆောင်မှုအခမ်းကဏ္ဍမှာ ရှိနေတဲ့ နာမည်ရှိတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်ဆိုသူတွေက လက်ချိုးရေလို့ ရတယ်။ ပြီးတော့ သူတို့ ကျနော်တို့မှာ အင်အားရှိဖို့ လိုတယ်။ အင်အားရှိဖို့ သြဇာလိုတယ်၊ ဓနဥစ္စာတွေ လိုတယ်။ ပညာအရည်အချင်းတွေ လိုတယ်။ ကျနော်တို့ဆီမှာ ဒါတွေ အဆင်သင့် ဖြစ်နေပြီလား။ အခုမှာတောင် ကျနော်တို့ဆီမှာ ခေါင်းဆောင်ဆိုသူတွေက နိုင်ငံအနှံ့မှာ ရာဂဏန်းနဲ့ အဆင်သင့် ရှိဖို့ လိုတယ်။

အခု ကျနော်တို့ အာရှတိုင်းပြည်တွေမှာက အာရှတန်ဖိုး၊ အာရှယဉ်ကျေးမှုဆိုတာနောက်ကို ပြည်သူတွေက လိုက်ကြတယ်။ ဒါကိုလည်း စဉ်းစားရမယ်။ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးက အာရှတန်ဖိုး (Asia Value) ရှိတဲ့ ခေါင်းဆောင်လို့ ဆိုနိုင်တယ်။ နောက်ပြီး ထိုင်းနိုင်ငံက သက်ဆင်လို နိုင်ငံရေးခေါင်းဆောင်မျိုး သူ့မှာ အင်အားရှိတယ်။ နိုင်ငံရေးသြဇာကို ထူထောင်ထားတယ်။ ဒါမျိုးတွေ အာရှနိုင်ငံတွေမှာ ရှိတယ်။ ပြည်သူတွေက အားပေးကြတယ်၊ ထောက်ခံကြတယ်။ နောက်ကလိုက်ကြတယ်။

အနာဂတ်နိုင်ငံရေးအခမ်းကဏ္ဍကို ဦးဆောင်ဖို့ ဆိုတဲ့နေရာမှာ ၈၈ မျိုးဆက်ခေါင်းဆောင်တွေက ဘယ်လိုမျိုး ဖြည့်ဆည်းနိုင်မှာလဲ။ သူတို့ ၂၀၀၈ ဖွဲ့စည်းပုံအရ တိုင်းပြည်တခုလုံးကို လွှတ်တော်တွေ အဆင့်ဆင့်ကနေ ဦးဆောင်မှုပေးဖို့ လူပေါင်း ၁၆၀၀ ကိုယ်စားလှယ်တွေ လိုတယ်။ ၁၆၀၀ ကို ၈၈ မျိုးဆက်တွေက ဘယ်လိုဖြည့်မလဲ၊ တခြား နိုင်ငံရေးအင်အားစုတွေက ဘယ်လိုဖြည့်မှာလဲ။ ကိုယ့်ဆီက အင်အား ၄၊ ၅၀၀ ရှိတယ်ဆိုရင်တောင်မှ ရွေးကောက်ပွဲကို အနိုင်ရပြီးတော့ လွှတ်တော်ထဲကို ရောက်ဦးမှကိုး။ အဲသည်အတွက် နိုင်ငံရေးလုပ်နိုင်ဖို့ တည်ဆောက်ထားပြီးပြီလားဆိုတဲ့ မေးခွန်းကို ဖြေရမယ်။ ကျနော်တို့တွေ တလျောက်လုံး လုပ်ခဲ့တာက စိတ်ဓာတ်တခုတည်းနဲ့ လုပ်ခဲ့ကြတာ။ ခံစားချက်တွေနဲ့ လုပ်ခဲ့ကြတာ။ ခုချိန်ထိ emotion တွေက မပျောက်ကြသေးဘူး။ နိုင်ငံရေးနဲ့ တော်လှန်ရေး မကွဲဘူး။ ပြီးတော့ အခုလို အကူးအပြောင်းကာလမှာ တော်လှန်ရေးနဲ့ တည်ဆောက်ရေးကို မကွဲဘူး။ အခုလို တည်ဆောက်ရေးသွားနေတဲ့ဆီမှာ တော်လှန်ရေးလုပ်သလို သွားလို့ မရဘူးလေ။

သည်တော့ အနာဂတ်နိုင်ငံရေး ဦးဆောင်မှုအခမ်းကဏ္ဍမှာ ၈၈ မျိုးဆက်တွေ ပါဝင်ကြရမယ်။ အဲသည်မှာ လက်ရှိ လှုပ်ရှားနေသူတွေတင်မကဘဲ ပြည်တွင်း ပြည်ပက သူ့နေရာ သူတို့အခမ်းကဏ္ဍတွေမှာ တည်ဆောက်ထားပြီးသားတွေ ကျန်နေသေးတဲ့ ၈၈ မျိုးဆက်တွေကိုလည်း ပါဝင်လာအောင် လုပ်ကြရမယ်။ အဲသည်လို အများပါဝင်ဖို့ ဆိုရင် လက်ရှိဦးဆောင်မှု ပေးနေသူတွေတင်သာမကပဲ အားလုံးပါဝင်နိုင်အောင် နားလည်မှုတွေ တည်ဆောက်နိုင်မှ အပေးအယူတွေ လုပ်နိုင်ကြမှ ဖြစ်မယ် ဆိုတာကိုလည်း တွေးကြရမယ်။ အဲသည်မှာ ၈၈ စိတ်ဓာတ် ရှိတဲ့သူတွေ အားလုံး ပြန်စုစည်းနိုင်ကြဖို့ ဖြစ်တယ်။ နိုင်ငံရေးတွေ စီးပွားရေးတွေ ပညာရှင်တွေ အားလုံးပါဝင်လာမှာ ဖြစ်တယ်။ ၈၈ စိတ်ဓာတ်ဆိုတာ သည်နေရာမှာစကားပြောမှာပဲ။ ငါတို့ ပါမှ ဖြစ်မယ် ဆိုတာထက် ငါတို့တင်မကဆိုတာ ကို မြင်ကြရမယ်။ ၈၈ ပွင့်လင်းဆိုတာတင်မကဘူး။ နံမယ်မထွက်တဲ့သူတွေလည်း ပါရမယ်။ နံမယ်လိုချင်တာ နံမယ်ကြီးချင်တာ၊ အဲသည်လိုမျိုး နောက်ကိုပဲ လိုက်ချင်တာက ကျနော်တို့ဆီက အာရှ Value တွေဖြစ်တယ်။ ဒါတွေကို သိထားရမယ်။

၈၈ မျိုးဆက်တွေအနေနဲ့ အနာဂတ်နိုင်ငံရေးမှာ ခိုင်ခိုင်မာမာရပ်တည်ဖို့၊ အခမ်းကဏ္ဍတခုအနေနဲ့ ဖြတ်သန်းဖို့ ဆိုရင် ပြင်ဆင်ရမယ်၊ တည်ဆောက်ရမယ်။ Planning  တွေ ဆွဲရမယ်။ အခုလက်ရှိမှာ ၂၀၁၅ ရွေးကောက်ပွဲကို ဖြတ်သန်းဖို့ ဆိုရင် ရိုးရိုးရှင်းရှင်းပဲ ဖြတ်သန်းမယ်။ အင်န်အယ်ဒီကို ၀န်းယံမယ်၊ အင်န်အယ်ဒီကို ပံ့ပိုးမယ်။ နောက်ဆုံး ၈၈ တွေ ပါတီထောင်မယ်ဆိုရင်တောင်မှ အင်န်အယ်ဒီကို ပြိုင်ဖို့ မဟုတ်ဘူး။ ပါတီတရပ်အဖြစ် ရပ်တည်ဖို့ ဖြတ်သန်းမှုတည်ဆောက်ဖို့ပဲ။ အဲသည်မှာ လက်ရှိအခြေအနေမှာ ၂၀၁၅ ရွေးကောက်ပွဲဆိုတာကို စိတ်ကူးမယဉ်စေချင်ဘူး။ ဖျက်မြင်းလည်း မဖြစ်စေချင်ဘူး။ ဒါတွေက ကျနော့်ရဲ့ ပုဂ္ဂလိက ပါစင်နယ် အမြင်တွေကို ပြောတာနော် … လို့ သူက ပြောပါတယ်။

အဲသည်မှာ ၂၀၁၅ ရွေးကောက်ပွဲအကြိုနဲ့ ၂၀၁၅ရွေးကောက်ပွဲအပြီး နောက်အစိုးရနဲ့ လွှတ်တော်သက်တမ်းဖြတ်သန်းတဲ့ဆီမှာ အဓိကအကြောင်းအရာနဲ့ လှုပ်ရှားမှုတွေက ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးနိုင်ရေးအပြင် အင်န်အယ်ဒီပါတီက သူတို့ကြွေးကြော်သံဖြစ်တဲ့ ဒေါ်စု သမ္မတဖြစ်ရေးတို့တတွေက အများပြည်သူအာရုံကို စိတ်တက်ကြွ စိတ်ဝင်စားစရာ ဖြစ်နေလိမ့်မှာလား လို့ မေးမြန်းမိပါတယ်။

အခုအချိန်မှာ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးလှုပ်ရှားမှုကို လွှတ်တော်တွင်း၊ လွတ်တော်ပြင်ပ ၀ိုင်းပြီး လုပ်ကြရမယ်လို့ ကျနော်တို့က ပြောခဲ့ပြီး ဖြစ်ပါတယ်။ အဲသည်မှာ ဒေါ်စုသမ္မတဖြစ်ရေးဆိုတာက အခြေခံဥပဒေကို ပြင်ဆင်ရေးထဲက အချက်အလက်တွေထဲမှာ ပါဝင်နေတာမို့ ဒါကလည်း ကျွဲကူးရေပါဖြစ်သွားရမယ့် လှုပ်ရှားမှုတခုပဲလို့ မြင်ပါတယ်။ အဲသည်မှာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီတို့ ပညာရှိ သတိဖြစ်ခဲ ဖြစ်ခဲ့ကြတာကို ပြန်ပြီး သတိပြုစေချင်တယ်။ အခြေခံဥပဒေကို ပြင်ဆင်ခြင်း မဟုတ်ဘဲနဲ့ ရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမတ်လောင်းတွေကို ရွေးကောက်ပွဲဝင်ခွင့်ပေးတာ၊ တကယ်တန်း ရွေးကောက်ပွဲ အနိုင်ရပြီးမှ အခြေခံဥပဒေကို ပြင်ဆင်ပေးထားတာ မရှိလို့ ကျမ်းကျိန်ရမယ့် အခြေအနေမှာ အကြပ်အတည်း ဖြစ်ခဲ့တာတွေကို ပြန်စဉ်းစားမိစေချင်တယ်။ သည်လိုမျိုးပဲ အခုအချိန်မှာလည်း သတိအများကြီးထားပြီးတော့ ဒေါ်စုအပါအ၀င် ရွေးကောက်ပွဲဝင်မယ့် အမတ်တွေ၊ အတိုက်အခံတွေက ဆွေးနွေးတိုင်ပင်ထားတာ၊ လေ့လာထားတာ၊ နားလည်မှုတွေ တည်ဆောက်တာတွေ ကြိုတင် ပြင်ဆင်ထားကြဖို့ လိုတယ်လို့ ထင်ပါတယ်။

အဲဒါဆိုရင် မေးခွန်းတခုက လက်ရှိနိုင်ငံရေးလှုပ်ရှားမှုတွေမှာ ရွေးကောက်ပွဲဝင်ဖို့၊ အမတ်ဖြစ်ဖို့ ဦးဆောင်လုပ်ကိုင်နေသူတွေက ခေါင်းဆောင်တွေက ဘယ်လိုမျိုး ပြင်ဆင်ထားကြတာတွေ ရှိသလဲ။ ဘာတွေ လုပ်နေကြတာတွေ ရှိသလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

အာဏာနိုင်ငံရေးကို လုပ်တယ်ဆိုရင် အစစအရာရာ ပြင်ဆင်ထားဖို့ လိုတယ်လို့ ထင်ပါတယ်။ အဲသည်လိုလူမျိုးတွေက ကျနော်တို့ဖက်မှာ လက်ချိုးရေလို့ ရတယ်။ အဲသည်မှာ ခေါင်းဆောင်တဲ့သူက သူ့သဘောချည်းပဲ လုပ်နေလို့လည်း မပြီးဘူး။ စည်းရုံးရေးလည်း လုပ်နိုင်ရမယ်။ သူများပြောတဲ့ အကြံဥာဏ်ပေးတာတွေကို နားထောင်တာ၊ သုံးသပ်ဆင်ခြင်တာတွေ လုပ်နိုင်ဖို့ လိုပါတယ်။ ကိုယ့်အတွက် think tank တွေလိုမျိုး အတိုင်ပင်ခံတွေ ထူထောင်ထားနိုင်ရမယ်။ အဲသည်ဖက်မှာ အားနည်းတဲ့သူတွေ ရှိတယ်။ နောက်ပြီးတော့လည်း ကိုယ့်လုပ်မယ့်လမ်း၊ ကိုယ်ရွေးမယ့်လမ်းကို ပြတ်ပြတ်သားသားနဲ့ ရွေးချယ်ပြီး လုပ်သွားဖို့လည်း လိုတယ်။ ကျနော်တို့တွေဆီမှာ ခုချိန်ထိ ယောင်ဝါးဝါးနဲ့ လုပ်နေလို့ မပြီးသေးဘူး။

အခုအခြေအနေမျိုးမှာ ကိုမင်းဇေယျ တဦးချင်းအနေနဲ့ လက်ရှိ ပွင့်လင်းလူ့အဖွဲ့အစည်း လှုပ်ရှားမှုတွေကို ဆောင်ရွက်နေတယ်၊ ဦးဆောင်မှုတွေ ပေးနေတယ်။ နောင် နိုင်ငံရေးလှုပ်ရှားမှုတွေကို ဦးတည်တဲ့ အလုပ်တွေကို လုပ်ကိုင် ပြင်ဆင်လာဖို့ကော ရှိပါသလားလို့ မေးမြန်းတဲ့အခါ ကိုမင်းဇေယျက …

တကယ်တန်းမှာ ကျနော့်သဘောရိုးအတိုင်း ပြောရရင် ကျနော်က လုပ်ကို ဆက်မလုပ်ချင်တာ။ သို့သော်လည်း နိုင်ငံရေးအလုပ်ဆိုတာမှာ အာဏာနို်င်ငံရေး၊ ပါတီနိုင်ငံရေးဆိုတာထက် အများအကျိုးကိုလုပ်တဲ့ နိုင်ငံရေးကိုတော့ ကျနော်မသေမချင်း ဆက်လုပ်နေမှာပဲ လို့ ပြောချင်တယ်။ ခုချိန်မှာ ကိုယ်ယုံကြည်တာကို ခွန်စိုက်အားစိုက် ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ချင်တယ်။ အဲသလိုမျိုးမဟုတ်ရင် မလုပ်ချင်ဘူး။ ကိုယ့်ကိုယ်တိုင်က အားမပါဘဲ လုပ်နေရင် ကိုယ့်အလုပ်အတွက်လည်း မကောင်းဘူး၊ ကိုယ့်နောက်လိုက်တွေ ရဲဘော်တွေအတွက်လည်း မကောင်းဘူး။ ပြည်သူတွေကိုလည်း လိမ်ရာကျတယ်။ ဒါကြောင့် မဟုတ်တဲ့ မျှော်လင့်ချက်တွေ မပေးချင်ဘူး။

ဒါဆိုရင် ကိုမင်းဇေယျက လက်ရှိ အချိန်အခါ အခြေအနေတွေအပေါ်မှာ မကောင်းမြင်နေတာလား၊ ခေတ်က အများသူငှာ ပြောနေသလို နောက်ပြန်လှည့်သွားမှာကို စိုးရိမ်နေသလားလို့ မေးတဲ့အခါကျတော့ သူက အဲသလို မမြင်ပါဘူး။ သူက အကောင်းမြင်တယ်လို့ ဆိုပါတယ်။

ခုချိန်မှာ လက်ရှိမြန်မာနိုင်ငံရေးအခြေအနေဟာ အကောင်းဖက်ကို သွားနေတယ်။ နောက်ပြန်လှည့်မသွားနိုင်ဘူးလို့ ထင်တယ်။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် အနာဂတ်နိုင်ငံရေး လှစ်ဟာချက်ကို နောင်တချိန်မှာ မျိုးဆက်သစ်တွေက ဖြည့်ဆည်းသွားနိုင်လိမ့်မယ်။ ဒါပေမယ့် ဒီလိုဖြစ်လာဖို့ကို မြန်မြန်ဆန်ဆန်ဖြစ်နိုင်ဖို့တော့ အတင်းမျှော်လင့်မထားကြနဲ့။ ကိုယ်တိုင်က မျှော်လင့်ချက်တွေ အရမ်းထားမယ်၊ လောအရမ်းကြီးနေမယ်ဆိုရင်တော့ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ကြရလိမ့်မယ်လို့ မြင်တယ်။

အဲသည်မှာလည်း ကိုယ့်ကိုယ်တိုင်ရဲ့ ပကတိစွမ်းဆောင်ရည်ကို ရိပ်မိသိရှိပြီးတော့ ကိုယ်ကိုယ်တိုင်က မလုပ်နိုင်၊ ရှေ့ကလည်း လမ်းပိတ်နေသလိုဖြစ်ပြီး အများသူငှာတွေ တက်ပြီး လုပ်သွားနိုင်ဖို့ကိုလည်း ဖယ်မပေးနိုင် ဖြစ်နေတာမျိုး ကျနော်တို့ ၈၈ မျိုးဆက်တွေက ဖြစ်မနေဖို့ လိုတယ်။ ကိုယ်က လမ်းဖယ်ပေးရမယ့် အချိန်မှာ ဖယ်ပေးနိုင်ရမယ်။ သူများတွေကို နေရာပေးနိုင်ရမယ်။ သူများတွေကို ဆွဲတင်ရမယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ တည်ဆောက်ထားပြီးသားလူတွေကို စွမ်းဆောင်ရည်ရှိတဲ့သူတွေကို ရွေးချယ်ပြီးတော့ လုပ်ဆောင်ပေးရမယ်။ သည်လိုမျိုး ဖြစ်ကြရမယ်။ လေ့ကျင့်ရမယ်။ ဖြည့်ဆည်းရမယ်။

ဒီလိုမျိုး ကျနော်တို့က လုပ်တယ်ဆိုတဲ့ နေရာမှာလည်း ငါတို့ရွေးထားတာ၊ ငါတို့ တင်ထားတာပဲ၊ အားလုံးက respect ပေးရမယ်။ လေးစားရမယ်၊ နားထောင်ရမယ်ဆိုတာမျိုး တောင်းဆိုတာမျိုး မဖြစ်သင့်ဘူး။ တည်ဆောက်ထားတဲ့ စွမ်းဆောင်ရည်ရှိတဲ့လူတွေ ခေါင်းဆောင်တွေကိုယ်တိုင်က လူတွေဆီက လေးစားမှု အသိအမှတ်ပြုမှုကို ကိုယ့်ဖာသာကိုယ် ရယူနိုင်မှ ဖြစ်မယ်။ ဗျာဒိတ်ရထားသလိုမျိုး ဖြစ်နေလို့တော့ မဖြစ်ဘူး။

            အဲသလိုသဘောမျိုး ပြောမယ်ဆိုရင် ဥပမာတခုက လက်ရှိအစိုးရထူထောင်ထားတဲ့ Myanmar Peace Center နဲ့ အဲသည်က အတိုင်ပင်ခံပုဂ္ဂိုလ်တွေကို ကြည့်လို့ရမယ် ထင်တယ်လို့ ထောက်ပြမိပါတယ်။ မြန်မာပြည်ငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ အစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ သူတို့ရဲ့ Peace Center ကနေတဆင့်ပဲ လွှဲထားတာကြောင့် နိုင်ငံတကာကအစိုးရတွေ၊ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေက သူတို့ကနေတဆင့် ကြားခံပြု ဆောင်ရွက်နေကြရတာကို တွေ့နေရပါတယ်။ တချို့တိုင်းရင်းသားအဖွဲ့၊ လက်နက်ကိုင်အဖွဲ့တွေ ကိုယ်တိုင်ကလည်း အစိုးရကိုယ်တိုင်က သတ်မှတ်ထားတဲ့ ပိစ်စင်တာနဲ့ကတဆင့် စကားပြောရမယ်ဆိုတာကြောင့် မရှောင်မလွှဲသာ ပြောဆိုနေရတာဖြစ်တယ်လို့ ကြားမိကြောင်း ကိုမင်းဇေယျကို သဘောထား မေးကြည့်ပါတယ်။

            တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အနေအထားတွေ၊ နယ်စပ်ဒေသမှာ နေထိုင်ရတဲ့ တိုင်းရင်းသားညီအကိုမောင်နှမ မိသားစုတွေရဲ့ သဘောထားတွေကို အဝေးကနေပြီး ကျနော်တို့က နားလည်မှုပေးနေရုံနဲ့ မပြီးဘူး။ သူတို့ရဲ့ ဖြတ်သန်းနေရတဲ့ ရင်ဆိုင်နေရတဲ့ လက်တွေ့ကျတဲ့ အခြေအနေတွေကို အနီးကပ်ခံစားကြည့်တတ်ဖို့ လိုမယ်။

              လက်ရှိအစိုးရက မူအားဖြင့် MPC ဆိုတာကနေပြီး အဲသည်ကနေပဲ နိုင်ငံတကာဆက်ဆံရေးတွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ဆက်သွယ်ရေးတွေ လုပ်ကြပါလို့ ဆိုထားတာမို့လို့ အားလုံးက သူကနေတဆင့် လုပ်နေကြရတာ ဖြစ်တယ်။ နိုင်ငံခြားအစိုးရတွေကလည်း ဒီကနေတဆင့် အလုပ်လုပ်ဆိုလို့ လုပ်နေကြရတာ၊ တခြားဘာခံစားချက်မှ မရှိဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဆိုတာကလည်း ခေတ်အဆက်ဆက်မှာ အစိုးရက လွှတ်လိုက်တဲ့ ဖွဲ့လိုက်တဲ့ ဘယ်အဖွဲ့တွေနဲ့မဆို ငြိမ်းချမ်းရေးတို့ အပစ်အခတ်ရပ်စဲရေးတို့အတွက် စကားပြောပါ၊ ဆွေးနွေးပါဆိုလို့ ပြောဆိုဆွေးနွေးနေကြရတာချည်းပဲ။ တိုင်းရင်းသားတွေက ရွေးချယ်ရတာ မဟုတ်ဘူး။ အစိုးရက ရွေးပေးတဲ့အတိုင်း လုပ်နေရတာလေ။

            လက်ရှိဥပမာတခုက ဂျပန်အဖွဲ့အစည်းတခုက နယ်စပ်ဒေသတိုင်းရင်းသားတွေ ကူညီရေးလုပ်ချင်တယ်။ MPC ကနေတဆင့်လုပ်ရမယ်ဆိုလို့သာ လုပ်ရတယ်။ သူတို့ကိုယ်တိုင် ကူညီချင်တဲ့ပစ္စည်းတွေကို ချက်ခြင်း နယ်စပ်မှာ တိုက်ရိုက်ကူညီလို့ ပေးအပ်လို့ရအောင် စီစဉ်ပြီး လုပ်ကြတာပဲ။ MPC က ကြားထဲကနေ ကြည့်ကောင်းအောင် လက်လွှဲပေးတဲ့အလုပ် လုပ်လိုက်ရတာမျိုးပဲ။

            အခုအချိန်မှာ Peace Process ကို လုပ်နေကြတာကို ကြည့်လိုက်ရင် နိုင်ငံခြားအစိုးရတွေ အဖွဲ့အစည်းတွေက အစိုးရကို မယုံဘူး၊  MPC ကိုလည်း မယုံဘူး။ တိုင်းရင်းသားတွေကလည်း အစိုးရကို မယုံဘူး၊ MPCကို မယုံဘူး၊ စစ်တပ်ကိုလည်း မယုံဘူး။ အစိုးရကလည်း သူများတွေကို မယုံပါဘူး။ အခု ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေဆိုတာက တဦးကို တဦး မယုံကြည်ဘဲနဲ့ကို လုပ်နေကြရတာ ဖြစ်နေတယ်။ ဘာတခုမှလည်း မခိုင်ဘူး။ ဒါပေမယ့် အားလုံးက ပြည်ပဖိအားတွေ၊ ပြည်တွင်းက ပြည်သူလူထုရဲ့ တောင်းဆိုချက်တွေကြောင့် ဒီလမ်းအတိုင်းပဲ လျောက်ကြရမှာပဲ။ ဒါက လက်ရှိမြန်မာ့နိုင်ငံရေး အဖြစ်အပျက်တွေက သည်လိုပဲ ဖြစ်နေတယ်။ မယုံဘဲနဲ့လည်း ဖြတ်ကြရမှာပဲ။ လုပ်နေကြရတာပဲ။ ဒီလိုနဲ့ပဲ ၂၀၁၅ အလွန်မှာ ပေါ်လာမယ့် လွှတ်တော်နဲ့ အစိုးရကနေ Peace Process ဘယ်လိုဖြစ်လာမလဲဆိုတာကို အားလုံးက စောင့်ကြည့်နေကြတဲ့ သဘောမျိုးလို့ ပြောချင်တယ်။

            အဲသည်လိုရင် ၂၀၁၅ ရွေးကောက်ပွဲအလွန် မြန်မာပြည်နိုင်ငံရေးမှာ ၂၀၀၈ အခြေခံဥပဒေကို ခြေခြေမြစ်မြစ် ပြင်ဆင်နိုင်ခြင်းမရှိသေးဘဲနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ခိုင်မာတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်မလာနိုင်သေးဘူးလို့ ကောက်ချက်ဆွဲရမလို ဖြစ်နေပါတယ်။ လက်ရှိမှာ အားလုံးက အချိန်ဆွဲပြီး အပစ်အခတ်ရပ်စဲရေးတို့၊ ငြိမ်းချမ်းရေးတို့ ဆွေးနွေးနေတာကနေ ရှေ့တိုးလာတာ မရှိဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကိုယ်တိုင်က အပြောင်းအလဲမဖြစ်ဘဲနဲ့ တိုင်းရင်းသားတွေကနေ နိုင်ငံရေးဖြစ်စဉ်၊ ရွေးကောက်ပွဲဖြစ်စဉ်ထဲကို ၀င်ရောက်လာခြင်း မရှိနိုင်ဘူးလို့ ကောက်ချက်ပေးရမလို ဖြစ်နေတယ်လို့ ပြောတဲ့အခါမှာ ကိုမင်းဇေယျက သဘောတူကြောင်း ပြောပါတယ်။

           

            ဟုတ်တယ်။ ဒါကြောင့် လက်ရှိမြန်မာနိုင်ငံရေးအခြေအနေရဲ့ အရွေ့ဆိုတာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ပေါ်မှာပဲ မူတည်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီတွေ ဘယ်လိုမျိုး အနိုင်ရမလဲ၊ လွှတ်တော်ထဲမှာ ဘယ်လို နေရာရမလဲ။ အစိုးရအသစ် ဘယ်လိုဖွဲ့စည်းလာမလဲ။ အဲသည်အခင်းအကျင်းတွေ ဖြစ်လာအောင် ခုကတည်းကကော နောင်ကာလမှာလည်း အခြေခံဥပဒေကို ဘယ်လိုမျိုး ပြင်ဆင်ပေးတာ ပြုပြင်ပေးတာတွေ ရှိမလဲဆိုတာကို စောင့်ကြည့်ကြရမယ်။

            နောက်မေးခွန်းတခုကတော့ အခြေခံဥပဒေပြင်ဆင်တာအပြင် မြန်မာပြည်တွင်းက စစ်အာဏာရှင်တွေ၊ အပေါင်းအပါတွေနဲ့ ခရိုနီတွေရဲ့ ခေတ်အဆက်ဆက် ပိုင်ဆိုင်မှုတွေ၊ အပိုင်စီးထားတာတွေ၊ မြေယာပိုင်ဆိုင်မှုတွေ၊ လုပ်ငန်းပိုင်ဆိုင်မှုတွေ၊ စာချုပ်စာတမ်းတွေ ချုပ်ဆိုထားတာတွေကို ပွင့်လင်းမြင်သာအောင် စုံစမ်းတာ ဖော်ထုတ်တာ ထုတ်ပြန်တာတွေ လုပ်နိုင်ဖို့၊ အဲသည်လုပ်ငန်းစဉ်မှာ အတားအဆီး အခက်အခဲတွေ ရှိနေမှုတွေအကြောင်း ဖြစ်ပါတယ်။

           

            ဒီအဆင့်ဟာ ဘယ်လိုမှ ရှောင်လွှဲလို့ မရဘဲနဲ့ တချိန်ချိန်မှာ ဖြတ်သန်းရမယ့် အဆင့်ဖြစ်တယ်။ သူတို့တတွေ၊ မိသားစုတွေဟာ ပိုင်ဆိုင်မှုတွေ ကြေညာကြရမယ်။ သတ်မှတ်ထားတဲ့ အခွန်တွေ ဆောင်ကြရမယ်။ တရားဥပဒေရဲ့ အဆုံးအဖြတ်ကို ခံယူကြရလိမ့်မယ်။ အဲသည်လိုမျိုး အရေးမယူနိုင်သေးရင်တောင်မှာ ခုချိန်မှာ ပြည်သူလူထုတွေက သတ္တိရှိရှိနဲ့ ထုတ်ဖော်တာ၊ တရားဥပဒေနဲ့ အညီ အရေးဆိုတာ၊ တရားစွဲဆိုဖို့ ကြိုးစားတာတွေဟာ မြန်မာပြည်တပြည်လုံး အတိုင်းအတာနဲ့ ဖိအားတွေ၊ တွန်းအားတွေ ဖြစ်နေပြီ ဆိုတာကို ကျနော်တို့ တွေ့နေရတယ်။

(မိုးမခနဲ့ စကားလက်ဆုံ တွေ့ဆုံမေးမြန်းမှုတွေကို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့ ကိုမင်းဇေယျကို ကျေးဇူးအများကြီး တင်ပါတယ်။ ရှေ့ဆက်ပြီး ရင်ဆိုင်ရမယ့် စိန်ခေါ်မှုများ၊ စိုးရိမ်စရာတွေကို မေးမြန်းချက်ကို ဆက်လက်တင်ပြပါမယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts