Uncategorized

Tuu Maung Nyo – Op,Ed

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ကြမှာလဲ
တူမောင်ညို
စက်တင်ဘာ ၁၀၊ ၂၀၁၃

Photo from theguardian

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးအတွက် ၇ ဦးပါဝင်သော ပြင်ဆင်ရေးကော်မတီကို စက်တင်ဘာလ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီ။ ဒီကော်မတီထဲတွင် ဥပဒေပညာဖြင့် အသက်မွေးကြသူတွေက အများစုဖြစ်ပါသည်။  ဦးကိုနီ၊ ဦးဌေးဦး တို့သည် ဒီလှိုင်းစာစောင်တွင် “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးအတွက် စိုက်လိုက်မတ်တတ် ဆောင်းပါးရေးခဲ့ကြသော ဒီလှိုင်း၏ ပင်တိုင်ဆောင်းပါးရှင်များ ဖြစ်သည်။ ဟောပြောဆွေးနွေးကြသူများလည်းဖြစ်သည်။ ဦးကိုနီဆိုလျှင် “ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ကြမှာလဲ” အမည်ဖြင့် စာအုပ်ပင်ထုတ် ဝေထားသူဖြစ်သည်။ ဦးကိုနီသည် ရှေ့နေပီသပေ၏။ စာအုပ်အမည်ကိုပင် သတိထား ၍ ပေးထား၏။ ယခုတော့ ဒီချုပ်၏ အခြေခံ ဥပဒေ ပြင်ဆင်ရေး ၇ ဦးကော်မတီထံ ဦးကိုနီ၏ စာအုပ်ခေါင်းစဉ်ကို နမူနာယူ၍ မေးခွန်းမေး ရပေတော့မည်။
“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ကြမှာလဲ”
“၇ ဦးကော်မတီအနေဖြင့် ” ဤမေးခွန်းကို ပြည်သူတစ်ရပ်လုံး သေချာသိရှိပြီး၊ ပါဝင်လာရန် အထူးလိုအပ်ပါသဖြင့် တိတိ ကျကျ ရှင်းရှင်းလင်းလင်း ဖြေကြားဖို့လိုအပ်ပါသည်။
အဆိုပါမေးခွန်းသည် ဦးကိုနီ၏ “ဘယ်လိုပြင်ဆင်ကြမလဲ” စာအုပ်အမှာစာတွင်ပါရှိသော “ နိုင်ငံတော် အာဏာ၏ ပင်ရင်း ပိုင် ရှင်မှာ နိုင်ငံသားပြည်သူများသာဖြစ်ရာ နိုင်ငံသားတို့၏ ဆန္ဒသာ အဓိကဖြစ်သင့်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲသူ လူတစ်စု၏ ဆန္ဒကိုသာ အလေးထားရမည်ဆိုလျှင် နိုင်ငံသားတို့၏ အခန်းကဏ္ဍမှာ နောက်တန်းသို့ ရောက်ရှိသွားမည်ဖြစ်ပြီး မည့်သည့်အခါမျှ ဒီမိုကရေစီနိုင်ငံဖြစ်လာမည်မဟုတ်ပါဟု ကျွန်တော်အလေးအနက်ပြောလိုပါသည်” ဟူသော အချက်ကို လေးလေးနက်နက် ထင်ဟပ် ထား သောမေးခွန်းလည်း ဖြစ်ပါသည်။
“၂၀၀၈ အခြေခံဥပဒေ” သည် လူတစ်စုက စိတ်ကြိုက်စီမံရေးဆွဲဖော်စပ်ထားခြင်းပြီး၊ အတင်းအဓမ္မ အတည်ပြုထားသည်ကို အားလုံးသိရှိ သဘောပေါက်ကြပြီးဖြစ်ပါသည်။
“၂၀၀၈ အခြေခံဥပဒေ” သည် ဒီမိုကရေစီစံနှုန်းနှင့်လုံးဝမကိုက်ညီသော အခြေခံဥပဒေတစ်ခုဖြစ်ပါသည်။
“ ပြင်ဆင်ရေး”  ဆိုသည်နှင့်ပတ်သက်၍ ကျနော်သဘောထားအမြင်နှင့်အယူအဆကိုတင်ပြပါမည်။
“၂၀၀၈ အခြေခံဥပဒေ” ထဲမှ ဒီမိုကရေစီစံနှုန်းနှင့်လုံးဝမကိုက်ညီသော ပြဋ္ဌာန်းချက်များကို ပြတ်ပြတ်သားရှင်းလင်းဖယ်ထုတ် ပစ်နိုင်မှသာလျှင်“ ပြင်ဆင်ရေး” ဟုခေါ်ဆိုနိုင်ပါလိမ့်မည်။
 “ပြင်ဆင်ရေး” ၏ အဓိကဦးတည်ချက်မှာလည်း ဒီမိုကရေစီစံနှုန်းနှင့် လုံးဝမကိုက်ညီသော ပြဋ္ဌာန်းချက်များကိုဖယ်ထုတ်၍ ဒီမိုကရေစီစံနှုန်းနှင့်ကိုက်ညီသော အချက်များကို ထည့်သွင်းပြဋ္ဌာန်းနိုင်ရေးဖြစ်ရပါမည်။ ယင်းအချက်များကိုလုပ်ဆောင်နိုင်ခြင်းမရှိလျှင် “ပြင်ဆင်ရေး”ဟု မခေါ်ထိုက်ပါ။ “၂၀၀၈ အခြေခံဥပဒေ” ကို အရောင်တင်အလှခြယ်ပေးတာမျိုးသာဖြစ်ပါလိမ့်မည်။
ဒီမိုကရေစီ အနှစ်သာရထည့်သွင်းပေးနိုင်ခြင်းမရှိသော “ပြုပြင်ရေး”သည် “အတုအယောင်ပြုပြင်ရေး”သာဖြစ်မည်။ “အရောင် တင် အလှခြယ်ပြုပြင်ရေး” ပဲဖြစ်မည်။
သို့ပါ၍ ပဏာမအဆင့်အနေဖြင့် “ ၂၀၀၈ အခြေခံဥပဒေ”၊ အခန်း (၁) နိုင်ငံတော်အခြေခံမူများ မှ  အောက်ပါအချက်အချို့ကို ပြုပြင်နိုင်မည်ဆိုလျှင် “အဓိပ္ပာယ်ရှိသော ပြုပြင်ရေး” သို့မဟုတ် “အပြုသဘောဆောင်သော ပြုပြင်ရေး” ဟု ခေါ်ဆိုနိုင်ပါလိမ့်မည်။
နိုင်ငံတော်အာဏာ၏ ပင်ရင်းပိုင်ရှင်မှာ နိုင်ငံသားပြည်သူများဖြစ်သဖြင့် နိုင်ငံသားပြည်သူများ၏ အရေးအရာများကို စီမံခန့်ခွဲ ကြမည့်လွှတ်တော်အဆင့်ဆင့်ကို မဲဆန္ဒနယ်အလိုက် နိုင်ငံသားပြည်သူများ၏ လွတ်လပ်သောဆန္ဒမဲဖြင့် ရွေးချယ်ထားသည့် အမတ်များ ဖြင့်သာဖွဲ့စည်းရမည်။ အစိုးရအဖွဲ့ကိုလည်း မဲဆန္ဒနယ်အလိုက် နိုင်ငံသားပြည်သူများ၏ လွတ်လပ်သောဆန္ဒမဲဖြင့် ရွေးချယ်ထားသူများ ဖြင့် သာဖွဲ့စည်းရမည်။
ဤ အခြေခံစံနှုန်းကို “၂၀၀၈ အခြေခံဥပဒေ” က “ပုဒ်မ ၁၄”  ဖြင့် တိတိလင်းလင်းချိုးဖောက်ထားပါသည်။ သို့ဖြင့် “၂၀၀၈ အခြေခံဥပဒေ” တွင်ပါရှိသော  ပုဒ်မ ၄ နှင့် ပုဒ်မ ၁၄ တို့ တစ်ခုနှင့် ရှေ့နောက်မညီဆန့်ကျင်နေပါသည်။
သို့ပှါု  ပုဒ်မ ၁၄ ကို ပြုပြင်နိုင်မည်လော။
ပုဒ်မ ၆ ပုဒ်မခွဲ (စ) “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင် နိုင်ရေး တို့ကို အစဉ်တစိုက်ဦးတည်သည်”  ဆိုသည့် အချက်ကို ပြုပြင်နိုင်မည်လော။ 
ပုဒ်မ ၇ “ နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးသည်”  ဟူသောအချက်ကို ပြုပြင်နိုင်မည်လော။
ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မကတော့ စစ်အစိုးရအဆက်ဆက်က ထောက်ခံကာကွယ်ပြောကြားခဲ့တဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီဆိုတာကို တစ်လျှောက်လုံးဆန့်ကျင်ခဲ့ပါတယ်၊ နောင်လည်း အမြဲတန်းဆန့်ကျင်သွားမှာဖြစ်ပါတယ်” ဟု အမေရိကန် ခရီးစဉ်တွင် ထည့်သွင်းပြောကြားခဲ့ဖူးပါသည်။
ပုဒ်မ ၈ “ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်”
အထက်ပါပြဋ္ဌာန်းချက်ကို ပယ်ဖျက်ပြီး၊ တိုင်းရင်းသားလူမျိုးစုများအားလုံး အနှစ်နှစ်အလလ လိုလားတောင့်တခဲ့ကြသည့် တန်း တူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တကယ်တန်းအာမခံနိုင်မည့် “ဖက်ဒရယ်ပြည်ထောင်စု” ဖွဲ့စည်းတည်ဆောက်ရေးဖြင့် အစားထိုးပြုပြင် နိုင်မည်လော။
 ပုဒ်မ ၁၇ (ခ) “ကာကွယ်ရေး၊ လုံခြုံရေး၊ နယ်စပ်အုပ်ချုပ်ရေး” တွင် ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်နေမှုကို ပြုပြင် နိုင်မည်လော။
ပုဒ်မ ၂၀ ပုဒ်မခွဲ (ခ) ၊(ဂ) ၊(ဃ)၊ (င) ၊ (စ)  တို့ကို ပြုပြင်နိုင်မည်လော။
ပုဒ်မ ၄၀  ပုဒ်မခွဲ (ခ) (ဂ) တို့ကို ပြုပြင်နိုင်မည်လော။
“အဓိပ္ပာယ်ရှိသော ပြုပြင်ရေး”လား၊ “အရောင်တင်အလှခြယ်ပြုပြင်ရေး” လား။
အထက်ပါဖော်ပြအခြေခံအချက်များကိုသာ ထိထိရောက်ရောက် ပြုပြင်နိုင်မည်ဆိုလျှင် အခြားအချက်များပြင်ဆင်ရန် ခက်ခဲ တော့မည် မဟုတ်ဟု ယုံကြည်ယူဆပါသည်။
နိဂုံးချုပ်တင်ပြလိုသည့်အချက်မှာ နိုင်ငံတော်အာဏာ၏ ပင်ရင်းပိုင်ရှင်မှာ နိုင်ငံသားပြည်သူများဖြစ်သဖြင့် အခြေခံဥပဒေရေး ဆွဲခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲ အစားထိုးခြင်းစသည့် လုပ်ငန်းအဆင့်ဆင့်တိုင်းတွင်  နိုင်ငံသားပြည်သူများ လွတ်လပ်စွာပါဝင်နိုင်ရ မည်။ နိုင်ငံသား ပြည်သူများ၏ ဆန္ဒသာ အဓိက ဖြစ်ရပါမည်။  နိုင်ငံသားပြည်သူများ၏ ဆန္ဒကို ရယူရမည်ဖြစ်ပါသည်။
လူတစ်စု၏ ပြုပြင်ရေးဆန္ဒကိုသာ အလေးထားနေကြရမည်ဆိုလျှင် နိုင်ငံသားပြည်သူများ၏ အခန်းဏ္ဍမှာ နောက်တန်းသို့ ရောက်မည် သွားမည်ဖြစ်ပြီး မည်သည့်အခါမျှ ဒီမိုကရေစီစံနှုန်းဖြင့်ပြည့်ဝသော အခြေခံဥပဒေတစ်ရပ်ဖြစ် ပေါ်မလာနိုင်သလို မည်သည့် အခါမျှ ဒီမိုကရေစီနိုင်ငံဖြစ်လာမည်မဟုတ်ဟု ကျနော်လေးလေးနက်နက် ပြောလိုပါသည်။
သို့ပါ၍ “၂၀၀၈ အခြေခံဥပဒေပြုပြင်ရေး” တွင် နိုင်ငံသားပြည်သူများအနေဖြင့် မည်သည့်အခန်းကဏ္ဍမှ မည်သို့မည်ပုံပါဝင် ရမည်ကို တိတိလင်းလင်းရှင်းရှင်းပြတ်ပြတ်သိရှိနားလည်နိုင်ကြစေရန်အလို့ငှာ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော် မတီ”မှ  အလေးထားဖြေကြားပေးပါရန် မေးမြန်းသမှုပြုလိုက်ပါသည်။
ညွှန်း
– ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)
– “စည်း ကမ်းရှိသော ဒီမိုကရေစီဆိုတဲ့ အသုံးအနှုန်း ကို ကျွန်မလက်မခံဘူး” ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၁၅ ၊ စာမျက်နှာ ၂၇

– “ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ကြမှာလဲ” – မောင်ကိုနီ (တရားရုံးချုပ်ရှေ့နေ) ၊ ၂၀၁၃ ဇန်နဝါရီ၊ ရွှေဟင်္သာစာပေ၊

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts