Ko Aung Hmine – Op – Ed

အညတရ တမ်းချင်း
ကိုအောင်မှိုင်း
သြဂုတ် ၂၀၊ ၂၀၁၃


ယနေ့မြန်မာ့နိုင်ငံရေးအခြေအနေဟာ အတော်ရှုပ်ရှုပ်ထွေးထွေးဖြစ်နေတယ်လို့ ပြောရမယ်ထင်တယ်။ တချို့ ခွတ်ဒေါင်းဆိုသူတွေလဲ ကဒေါင်းတွေဘ၀ အသွင်ပြောင်းကြ၊ တချို့ပုဂ္ဂိုလ်ကျော်ကြီးများလည်း ရှစ်လေးလုံးဆိုတာငါတို့ဘဲ။ ငါတို့သာလျှင် ရှစ်လေလုံး အစစ်အမှန်ဖြစ် တော့သည်ဆိုတဲ့ ဂိုက်တွေ ဆိုက်တွေနဲ့ တပါတီအာဏာရှင်စနစ်ဆန့်ကျင်ရေး ဒီမိုရေစီရေးတွေအတွက် တနိုင်ငံလုံးရဲ့ အမျိုးသားရေးလှုပ် ရှားမှုကြီးကို မောင်ပိုင်စီး ကိုယ့်သဘောကိုယ်ဆောင်နေကြလေရဲ့။ တချိန်က ပြည်သူလူထုကို ပက်ပက်စက်စက် သတ်ခဲ့ဖြတ်ခဲ့ကြတဲ့ ဗိုလ် ချုပ်ဟောင်းကြီးများလဲ အသွင်ပြောင်းငွေရတုကြီးမှာ ၀ိုင်ခွက်ကိုယ်စီကိုင်လျှက် ပျော်ရွှင်မြူးတူးစွာကခုန်နေကြလေပြီတကား။ သာမန်ပြည် သူတို့ မည်သို့နားလည်ကြမည်ကို မပြောတတ်ပါ။ အညတရ နိုင်ငံရေးသမားတွေအနေနဲ့တော့ လုံးဝနားလည်နိုင်ကြမည်မဟုတ်သည်ကိုကား အထူးပြောဖွယ်မရှိတော့ပါ။ ဒီအတွက် လမ်းဘေးကအညတရနိုင်ငံရေးသမားတွေအတွက် အညတရ တမ်းချင်းတပုဒ်ရေးဖြစ်လိုက်ပါတယ်။ 
အော် မိုက်မဲလိုက်ဘိခြင်း။
ကိုအောင်မှိုင်းတယောက် ရင်မှာမခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲလာခဲ့လို့ ကဗျာတပုဒ်ကောက်ရေးဘို့ ခေါင်းစဉ်ကိုစဉ်းစားလိုက်တယ်။ အော် မိုက်မဲလိုက်ဘိခြင်း။ တကယ်ဖြစ်စဉ်က ဒါထက်ကို ပိုမိုက်မဲနေကြပါလားလို့ ယူကြုံးမရလဲ ဖြစ်မိတယ်။ ဒီအတွက် ကဗျာအစား တမ်း ချင်းလေးတပုဒ်တော့ ရေးလိုက်ဖြစ်တယ်။ ကဗျာတပုဒ်အဖြစ် ရင်ကမခံစားနိုင်တော့လို့ အညတရတမ်းချင်းလေး တပုဒ်ဖြစ်သွားတာလို့ဘဲ ပြောရတော့မှာပါ။ ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်သွားခဲ့တာ ၂၅ နှစ်တောင် ကြာခဲ့ပါရောဗျာ။ ရှစ်လေလုံးလူထုတိုက်ပွဲဟာ ဘာကြောင့် ဖြစ်ခဲ့တာလဲ။ ဘယ်သူတွေအတွက် အသက် ၁၁ နှစ်ကလေးတွေတောင် အသက်စွန့်ခဲ့ကြတာလဲ။ ဒီတိုက်ပွဲရလဒ်ဟာ ဘာလဲ။ ငါတို့အား လုံးရဲ့ရည်မှန်းချက်ဟာ ဘာလဲ။ ငါတို့အောင်ပွဲရပြီလား။ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ ငါတို့ရဲ့ဂုဏ်သိက္ခာတွေ ငါတို့ရဲ့ စွန့်လွှတ်ခဲ့ရမှုတွေ ငါတို့ရဲဘော်တွေရဲ့ ရင်းနှီးခဲ့ရတဲ့အသက်တွေကို ရရာဈေးနဲ့ အပေါစားဆန်ဆန် ရောင်းစားလိုက်ကြတော့မှာလား။ တဦးတယောက်ကပြောတာဘဲဖြစ်ဖြစ် အဖွဲ့တဖွဲ့ကပြောတာဘဲဖြစ်ဖြစ် ကျနော်တို့ဆန့်ကျင်တယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးကို ခွေးက တက်အဖြစ် မခံနိုင်တာကတော့ ကျနော်တို့အားလုံးရဲ့  တူညီတဲ့ဘုံသဘောထားဘဲလို့ ထင်တယ်။ ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်ကျော်ကြီးများ သွားနေတဲ့လမ်းကတော့ ကျနော်တို့ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ နင်းချင်တဲ့လူ တက်နင်းတာခံနေရတဲ့ ခွေးကတက် အခြေအနေကနေ ညစ်ပတ်စုတ်ပဲ့မှုတွေကို လျှော်ဖွတ်ရာ လက်နီးစုတ်ဘ၀ကို ရောက်တော့မယ့်အခြေအနေလို့ ထင်တယ်။ ကျနော်တို့ ၀ိုင်းပြင်ဘို့လိုမယ်။ ပြောပြဘို့လိုမယ်။ လမ်းကြောင်းမှန်တည့်ဘို့လိုမယ်။ ဒါ ကျနော်တို့အားလုံးလုပ်ရမဲ့ သမိုင်းပေးတာဝန်လဲဖြစ်ပါတယ်။
ရှစ်လေးလုံးမျိုးဆက်နဲ့ ကနေ့နိုင်ငံရေးကလဲ ရှစ်လေးလုံးငွေရတုလိုဘဲ ရှုတ်ရှုတ်ထွေးထွေးရှိနေတယ်လို့ ထင်တယ်။ ရှစ်လေးလုံးအရေးတော် ပုံကြီးဟာ ထောင်အချို့သေပြီး သောင်းအချို့ ဒဏ်ရာအနာတရဖြစ်ခဲ့ကြကာ သောင်းအချို့တိုင်းပြည်ကထွက်ခဲ့ကြရတဲ့ အလွန်ကြီးကျယ် ခန့် ညားတဲ့ ဒီမိုကရေစီရေးတိုက်ပွဲဖြစ်စဉ်ကြီးတခုလဲ ဖြစ်ပါတယ်။ ကမ္ဘာ့အထင်ကရ မှတ်တမ်းကြီးလဲဖြစ်တယ်။ မြန်မာပြည်သူတွေရဲ့ အာသာ ပြင်းပြလှတဲ့ ဒီမိုကရေစီရေးတောင်းဆိုမှုလဲဖြစ်တယ်။ အရေးတော်ပုံတပ်သားတွေဟာ တနိုင်ငံလုံးဆိုရင် သန်းဂဏန်းရှိတယ်လို့ပြောနိုင် တယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လဲ ရှစ်လေးအရေးတော်ပုံရဲ့  အရေးတော်ပုံတပ်သားဘဲပေါ့။ ဆိုလိုတာက ဒီလိုကြီးကျယ် ခန့်ညားလှတဲ့ အရေးတော်ပုံကြီးတခုကို ကိုယ်ပိုင်လိုသဘောထားချင်တယ်ဆိုရင်တော့ အတော့်ကိုမှားယွင်းတဲ့ စဉ်းစားတွေးခေါ်မှုလို့ ပြော ရမှာဘဲ။ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ကောင်းမွေ ဆိုးမွေဆိုတာတွေကလည်း သန်းချီတဲ့ ပြည်သူတွေရဲ့ဘ၀တွေနဲ့ ထပ်ထားတာတွေဘဲဖြစ် တယ်။ လူတဦးတယောက်ဖြစ်စေ အစုအဖွဲ့တခုဖြစ်စေ ဒီအရေးတော်ပုံကြီးနာမည်နဲ့ နိုင်ငံရေးအခင်းအကျင်းတွေ နိုင်ငံရေးဇာတ်တွေ မက စေချင်ဘူး။ ပြည်သူတရပ်လုံးရဲ့ အနာဂါတ်ကို စုဖွဲ့မှုတခုက တာဝန်ယူတာဝန်ခံဘို့ဆိုတာ အတော့်ကိုခက်ခဲတဲ့ကိစ္စလို့ထင်တယ်။ အရေး တော်ပုံကြီးရဲ့ အနှစ်သာရ တန်ဖိုးလျှော့နည်းသွားမှာ စိုးရိမ်တယ်။
ရှစ်လေးလုံးအရေးတော်ပုံကာလမှာ စုဖွဲ့မှုတွေ များစွာရှိခဲ့တယ်။ ကျောင်းသားတွေကတော့ အနစ်နာအခံဆုံးနဲ့ အခိုင်မာဆုံးအဖွဲ့တွေလို့     ပြောလို့ရပါတယ်။ ဒီအပြင် အခြားမြောက်မြားစွာသော စုဖွဲ့မှုများလည်း ရှိခဲ့ကြတယ်။ ကျောင်းသားစုဖွဲ့မှုတွေထဲမှာတင်၊ ရန်ကုန်မန္တလေးလို မြို့ကြီးတွေမှာအပြင် နယ်မြို့တွေမှာလဲ ကျောင်းသားစုဖွဲ့မှု များစွာရှိခဲ့တာတွေ့ရမှာဖြစ်တယ်။ ဆိုလိုတာက အရေးတော်ပုံကြီးဟာ လှည်း နေလှေအောင်း မြင်းဇောင်းမကျန်ပါဝင်တဲ့ လှုပ်ရှားမှုဖြစ်စဉ်ကြီးလို့ ပြောချင်တယ်။ ဘာကြောင့် ဒီလောက်အကျယ်တ၀င့်တွေရေးနေရ သလဲဆိုတော့ ဥပမာဗျာ ရှစ်လေးမျိုးဆက်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုကိုကြီးမိန့်ခွန်းကိုဖတ်ကြည့်ရင် ကျနော် ကျနော် ကျနော်ဆိုတာတွေ သိပ်များနေတာတွေ့ ရတယ်။ ဖြစ်စေချင်တာက ကျနော်တို့ဆိုတာ ဖြစ်စေချင်တယ်။ သူကတော့ ၆၂ မျိုးဆက်၊ သူကတော့ ဦးသန့်မျိုးဆက် သူကတော့မှိုင်းရာပြည့်မျိုးဆက်၊ သူကတော့ ရှစ်လေးလုံးမျိုးဆက်ဆိုတာထက် ကျနော်တို့အားလုံးဟာ ကျောင်းသားတိုက်ပွဲတွေရဲ့ မျိုး ဆက်တွေဖြစ်စေချင်တယ်။ ပြည်သူလူထုတိုက်ပွဲရဲ့ မျိုးဆက်ဖြစ်စေချင်တယ်။ ကျနော်တို့ရဲ့ ဦးတည်ချက်က တခုထဲဖြစ်ခဲ့ကြပါတယ်။ အဲဒါ ကတော့ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးနဲ့ ဒီမိုကရေစီရရှိရေးဘဲဖြစ်တယ်။ ရှစ်လေးလုံးမျိုးဆက်ဆိုတဲ့နာမည်ဟာ ကျနော်တို့အတွက် အတော်ကို သွေးကွဲစေတယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ ရှစ်လေးလုံးမျိုးဆက်ဆိုသူတွေနဲ့ဘဲသက်ဆိုင်ပြီး သူတို့ဘဲ ရှစ်လေး လုံးအရေးအရာ အားလုံးကိုဆုံးဖြတ်ခွင့်၊ ပယ်ချခွင့်၊ အယူခံပိုင်ခွင့် လိုင်စင်ရထားသလိုဖြစ်နေတယ်။ အခြားသူတွေနဲ့ မပတ်သလို ခံစားကြရ တယ်။
ရှစ်လေးလုံးငွေရတုမှာ အစိုးရ၀န်ကြီးတွေကို ဖိတ်တဲ့ကိစ္စကိုသဘောမတူလို့ ကျောင်းသားသမဂ္ဂက ရဲဘော်လေးတွေ မန္တလေးကိုသွားကြ တယ်။ သိပ်မှန်တဲ့ကိစ္စဘဲ။ ကျနော်တို့က အသက် ၆၀ ဆိုပေမဲ့ ဒီရဲဘော်လေးတွေရဲ့ အမြော်အမြင်ကို ကျေနပ်တယ်။ ကြိုက်လဲကြိုက်တယ်။ ထောက်လဲထောက်ခံတယ်။ ဘာကြောင့်လဲဆိုတော့ ကနေ့အစိုးရက ရှစ်လေးလုံးအရေးတော်ပုံနဲ့ပတ်သက်ပြီး ဘာသဘောထားမှ တရား ၀င်ထုတ်ပြန်တာ မတွေ့ရလို့ဘဲ။ ပြောရရင်ဗျာ ရှင်းရှင်းလင်းလင်း ဘာမှမရှိလို့ပါဘဲ။ ကျနော်ပြောချင်တာက အစိုးရ၀န်ကြီးတွေ ဖိတ်တာ မဖိတ်တာထက် အစိုးရသဘောထားကိုသိဖို့က အလွန်အရေးကြီးတဲ့ကိစ္စလို့ ကျနော်ထင်တယ်။ လက်ရှိအစိုးရအနေနဲ့ ရှစ်လေးလုံးအရေးအခင်းကြီးကိုဘယ်လိုသဘောထားသလဲ။ ဘယ်လိုအမြင်တွေရှိသလဲ။ ဒါတွေမသိရဘဲ ၀န်ကြီးတွေဖိတ်တဲ့ကိစ္စက ငွေရတုလာတက်တဲ့ ၀န်ကြီးတွေက ပုဂ္ဂိုလ်ရေးအရလာတက်တာဘဲဖြစ်မယ်။ ဒီလိုဆို သူတို့လဲမကောင်းဘူး။ ကျနော်တို့လဲ နားလည်ရခက်တယ်။
ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက် ၃ ချက်ကိုတွေ့ရတော့ ပိုတောင်အားမလိုအားမရဖြစ်မိတယ်။ ငွေတွေ ဒီလောက်သောက်သောက်လဲကုန်ပြီး ပြည်တွင်းပြည်ပက ပုဂ္ဂိုလ်ကျော်တွေပါတက်ရောက်တဲ့ပွဲက ဆုးံဖြတ်ချက်ဆိုတာတွေကလဲ ထူးမခြားပါဘဲ။ အပ်ကြောင်းထပ်အောင်ပြည် သူတွေတောင်းဆိုနေတဲ့ ဓါတ်ပြားဟောင်းတချပ်သာဖြစ်နေတာ စိတ်မကောင်းစွာတွေ့ရပါတယ်။ နံပါတ်တစ်ဆုံးဖြတ်ချက်ဖြစ်တဲ့ ဒီမိုကရက် တစ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က ကျနော်တို့ လက်နက်ကိုင်တိုက်ပွဲကာလတ လျှောက်မှာ ကြားနေကြအသံတခုပါဘဲ။ နောက်တခုဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဒါမှမဟုတ် အသစ်ပြန်ရေးဆွဲဘို့ ဆိုတာလဲ အသစ်မဟုတ်ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်တွေပါ ထပ်ခါတလဲလဲပြောနေတဲ့ ကိစ္စဖြစ်ပါတယ်။ အခုဆို ကြံ့ဖွတ်က ၂၀၀၈ ကိုပြင်ပါတော့မယ်။ ကြံ့ဖွံ့ပါတီက လွှတ်တော်ကိုယ်စားလှယ်အများစုပါပြီး အခြားပါတီတွေအနည်း အကျဉ်းနဲ့ လေ့လာရေးအဖွဲ့ဆိုလား ဖွဲ့ထားပြီးပြီ။ဒီအုပ်စုက ၂၀၀၈ ပြင်တော့မယ်အချိန်မှာ အရေးပါလာမဲ့အုပ်စုပေါ့။ အများစုကကြံ့ဖွံ့ဖြစ် နေတော့ ပြဿနာဖြစ်လို့ မဲခွဲကြရင်လဲ ကြံ့ဖွံ့သဘောကြဖွဲ့စည်းပုံဘဲထွက်လာအောင် ဒေါင့်စေ့စေ့ စီစဉ်နေကြတာပါ။ နောက်ဆုံးတခုက တော့၂၀၀၈ ပြင်ဖို့ အားလုံးပါဝင်တဲ့ ဆွေနွေးပွဲလိုတယ်ဆိုတာပါ။ ဒါကလဲ အသစ်တော့ မဟုတ်ပါဘူး။ အများသိတဲ့ ဒုတိယပင်လုံညီလာခံကို ရည်ရွယ်တာပါ။ ပြောတာကြာပါပြီ။ စစ်အုပ်စုသစ်က မသိချင်ယောင်ဆောင်နေလို့ ဒုတိယပင်လုံညီလာခံလို့ တိုက်ရိုက်မပြောရဲဘဲ နောက် တမျိုးနဲ့ ပြောတာပါ။
ကျနော်ပြောချင်တာကတော့ ဆုံးဖြတ်ချက်၃ခုလုံးက ပွဲပြီးမီးသေဖြစ်မဲ့ကိစ္စ ချည်းပါဘဲ။ပွဲပြီးမီးသေ ဆိုသလိုဘဲ ပွဲတပွဲကတော့ပြီးသွားကြပြန်ပြီပေါ့ဗျာ။ထုံးစံအတိုင်းဘဲ တဖြည်းဖြည်းမီးသေသွားမှာကလဲအမှန်ပါဘဲ။ ဒါကိုကလဲကျနော်တို့ဗမာလူမျိုးတွေရဲ့  မကောင်းတဲ့အကျင့်လို့ ပြောရမလား။ ဒါမှမဟုတ် ပုံမှုန်ဖြစ်နေတဲ့ ဖြစ်ရိုးဖြစ်စဉ်ကိစ္စလို့ပြောရမလားဘဲဗျာ။ကိစ္စအတော်များများမှာတော့ ဒီအတိုင်းဖြစ်နေလေ့ရှိပါတယ်။ဒီအတွက်ဘယ်သူကိုမှလဲ အပြစ်တင်လေ့မရှိတာ တွေ့ရပြန်ပါတယ်။ အထင်ကရပုဂ္ဂိုလ်ဆိုသူကြီးတွေ မိန့်ခွန်းတွေပြောကြ။နားထောင်တဲ့လူတွေကလည်း လက်ခုတ်တဖြောင်းဖြောင်းတီးနဲ့  ပွဲစည်ခဲ့ပေါင်းလဲ အတော်များခဲ့ပြီလို့တော့ သတိချပ်မိပါတယ်။ ကျနော်ဆိုလိုတာ နိုင်ငံရေးပွဲတွေကိုဆိုလိုတာပါ။
ပြည်တွင်းမှာဖြစ်ဖြစ် ပြည်ပမှာဖြစ်ဖြစ် ပြောတဲ့လူတွေကလဲ အားရပါးရပြောလိုက်ကြ။ နားထောင်တဲ့လူတွေကလဲအားရပါးရ နားထောင်လိုက် ကြ။ ပွဲလဲပြီးရော ဆုံးဖြတ်ချက်ဘယ်နှစ်ချက်ချပါကြောင်း ကြေငြာပြီးတဲ့နောက် ဖုတ်ဖက်ခါထလို့ အိမ်ပြန်ကြတော့တာပါဘဲ။ ပြောတဲ့လူရော နားထောင်းတဲ့လူရော နိုင်ငံရေးအာသာပြေသွားတဲ့သဘောလို့ ကျနော်ထင်တယ်။ ပြောတဲ့လူကလဲ ကိုယ်ပြောတဲ့စကားတွေကို ဘယ်တော့ မှ အာမမခံသလို နားထောင်တဲ့လူတွေကလဲ ငါဘာတာဝန်ရှိတယ်ဆိုတာ ဘယ်တော့မှတွေးတောလေ့မရှိဘူးလို့ ကျနော်ထင်တယ်။ ဒီလိုနဲ့ ဗမာစကားပုံတခုမှန်ကန်ကြောင်း စုပေါင်းသက်သေပြလိုက်သလိုဖြစ်လာကြတော့တာပါဘဲ။။ ပွဲပြီးမီးသေဆိုတာပေါ့။
ကနေ့ ကျနော်တို့လွှတ်တော်မှာ ပြင်ဘို့ဆင်ဖို့ စိတ်ကူးယဉ်မှုတွေကို စောစီးစွာအဆုံးသတ်ကြဖို့ ဆုံးဖြတ်ချက်တခုအနေနဲ့ ချစေချင်တယ်။ ဒီနောက်ကျနော်တို့ ဘယ်ကစလုပ်နိုင်မလဲဆိုတာ လက်တွေ့ကျကျ စဉ်းစားဘို့လိုမယ်။ ကျနော်တို့လုပ်မဲ့ ရည်မှန်းချက်တွေအတွက် ဘယ် ဟာတွေက အမာခံအင်အားတွေဖြစ်မလဲ အသေအချာတွက်ဆဘို့လိုမယ်။ ကိုယ်ကျိုးသမားတွေ ဒလံတွေကို ရှောင်ဖို့လိုမယ်။ စဘို့ရက်ကို သတ်မှတ်ဖို့ စဖို့ သေနင်္ဂဗျူဟာရွေးဖို့ဆိုတာတွေဟာ ကိုယ့်ပကတိလက်တွေ့ပေါ် မူတည်မယ်ထင်တယ်။ ဒီအကြံပြုချက်ဟာ အဖွဲ့ အစည်း တခု အသင်းအဖွဲ့တခုကိုသာ ရည်ရွယ်တာမဟုတ်ဘဲ တိုင်းပြည်ကောင်းဖို့ဆောင်ရွက်လိုတဲ့ အဖွဲ့အစည်းတိုင်း လူပုဂ္ဂိုလ်တိုင်းကို ရည်ရွယ် တာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ဦးအောင်မင်းတို့ ဦးစိုးသိမ်းတို့ ဦးခင်ရီတို့နဲ့ စကားပြောမှ လူရာဝင်တယ် ထင်တဲ့လူတွေအတွက်မဟုတ်ဘဲ တကယ့်လယ်သမား အလုပ်သမား ကျောင်းသားတွေနဲ့ တသားတည်းနေသူတွေအတွက်ဖြစ်ပါတယ်။ နိုင်ငံတကာငွေကြေးအထောက်အပံ့တွေရပ်တည်သူတွေအပေါ် ရည်ရွယ်တာမဟုတ်ဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ကိုယ့်လူထုနဲ့အတူရှိနေတဲ့ လူထုခေါင်းဆောင် သစ်တွေပေါ် ရည်ရွယ်တာဖြစ်ပါတယ်။ အညတရတဦးရဲ့တမ်းချင်းကို ၁၉၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးလှရွှေ၊ မန္တ လေးမြို့ က ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုတင်အေးကြူတို့ရဲ့မှတ်ချက်နဲ့ပဲ နိဂုံးချုပ်ပါရစေ။

xxxxxx

ရှစ်လေးလုံးအရေးတော်ပုံမှာ ရဟန်းရှင်လူ ပြည်သူအားလုံးပါဝင်ခဲ့တယ်။ ဒီအတွက်လုပ်တဲ့ ငွရတုပွဲကို တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တစ်သင်း အတွက် မောင်ပိုင်စီးဖို့လုပ်တယ်ဆိုရင် အဲဒါကိုလက်မခံဘူး။ အားလုံးပါဝင် ဆင်နွှဲနိုင်ရမယ်။ ဒါပေမဲ့ နိုင်ငံရေးအရ အသုံးချ ရမယ့်စင်မြင့်တော့ မဟုတ်ပါဘူး။

 (၁၉၆၂ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်း ဦးလှရွှေ)

xxxxxxx

သူတို့တွေက Mind-set မပြောင်းဘူး။ သူတို့သာ တကယ်ပြောင်းတယ်ဆိုရင် တိုင်းပြည်ကို ၀န်ချတောင်းပန်ရမှာပေါ့။ ၀န်ချတောင်းပန်တာမျိုးမလုပ်ပဲနဲ့တော့ မိန့်ခွန်းပြောတာကို လက်မခံဘူး။

 (မှိုင်းရာပြည့် ကျောင်းသားခေါင်းဆောင်ဟောင်း ဦးတင်အေးကြူ)