Uncategorized

Soe Min – Articles

မနုသီဟ ဖင်နှစ်ခွ
စိုးမင်း
ဇွန် ၁၇၊ ၂၀၁၃


ရွှေတိဂုံဘုရားပေါ်ရောက်တဲ့အခါ ကလေးတွေနဲ့ နိုင်ငံခြားသားတွေ စိတ်ဝင်စားတတ်တာက ဂြိုလ်တိုင်တွေ အနောက်နားဆီက မနုသီဟရုပ်ထုကြီးတွေပါ။ ရှေ့ဘက်က ဦးခေါင်းက လူမျက်နှာ မကိုဋ်ဆောင်းထားပြီး နတ်ရုပ်ကြီးနဲ့မခြား ရှိပေမယ့် ခြင်္သေ့ထိုင်ထိုင်ထားတဲ့ ကိုယ်လုံးကြီးတွေက စောင်းတန်းအဆင်း မုခ်ဦးဆီက ခြင်္သေ့ရုပ်ကြီးတွေနဲ့ ထပ်တူပါပဲ။ ထူးဆန်းတာက ကျောကုန်းလောက်ကနေ ဖင်က ဟိုဘက်တစ်ခြမ်း သည်ဘက်တစ်ခြမ်း နှစ်ခွဖြာသွားတာဆိုတော့ စေတီတော်ရဲ့ အုတ်ဘိနပ် ပလ္လင်ထောင့်မှာ အံဝင်ခွင်ကျ တင့်တင့်တယ်တယ်လေး ရှိနေတာပေါ့။ နံမယ်ကိုက မနုဿ + သီဟ၊ လူ နဲ့ ခြင်္သေ့ စပ်ထားတဲ့ သတ္တ၀ါ လို့ဆိုသော်ငြားလည်း စင်္ကာပူက ရေသူခြင်္သေ့ (Merlion) ကြီးလို စိတ်ကူးယဉ် တီထွင်ထားသော ဒဏ္ဍာရီသတ္တ၀ါမျိုး (Mythical Animal) မဟုတ်ပဲနဲ့ ဗုဒ္ဓဘာသာကျမ်းဂန်လာ တံခိုးပြာဋိဟာဖန်ဆင်းမှုတစ်ခု (Miraculous Creation) ဖြစ်ပါတယ်။ ဗုဒ္ဓ၀င်စာပေတွေထဲမှာ တကယ်ရှိတယ်လို့ ဆိုတဲ့ နဂါး၊ ဂဠုန်၊ ကုမ္ဘာန်၊ ယက္ခိုက်၊ ဘီလူး၊ ကိန္နရီ စတဲ့ သတ္တ၀ါတွေလို သတ္တ၀ါမျိုးနွယ်စုတစ်ခုအဖြစ် အများအပြားရှိခဲ့တာလည်း မဟုတ်ပါဘူး။ “တစ်ကောင်တည်းပဲ။ ခြင်္သေ့လည်း ပါတယ်။ ဒါပေမယ့် ဖင်နှစ်ခွ။” လို့ ပြောရမှာ ဖြစ်ပါတယ်။
မနုသီဟကြီး ဖြစ်လာပုံ သမိုင်းကြောင်းကတော့ ကိုယ်ကြားဖူးတာတင် မူကွဲနှစ်မျိုး ဖြစ်နေပါတယ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်သွားတဲ့အခါ ဘုရားကလွဲရင် ဘယ်သူ့မှ မကြောက်တဲ့ မာရ်နတ်မင်းကြီးက ငုတ်တုတ်ကြီး ကျန်နေရစ်ခဲ့ပါတယ်။ အဲ့ဒီမာရ်နတ်ကြီးက နှယ်နှယ်ရရတော့ မဟုတ်ပါဘူး။ ဘုရားတောင် စစ်ခင်းပြီး ပလ္လင်လုလာခဲ့တဲ့ ပထမဦးဆုံးအောင်ခြင်းကြီးပါ။ သူက နတ်ဆိုပေမယ့် နတ်ပြည်ခြောက်ထပ်ကို ပိုင်စိုးတယ်ဆိုတဲ့ နတ်တို့သနင်း သိကြားမင်းရဲ့ သြဇာအောက်မှာ မရှိပါဘူး။ (တို့ဆီက သမ္မတကြီး နဲ့ စာဖတ်နေသူကြီး လို နေမှာပေါ့နော်) သူနေတဲ့ ပရနိမ္မိတ ၀ဿဝတီနတ်ပြည်ဆိုတာ နတ်ပြည်ခြောက်ထပ်မှာ အမြင့်ဆုံးဖြစ်ပြီး နံမယ်ကို ပါဠိအနက်ပြန်လိုက်ရင် ကာမဂုဏ်မှန်သမျှကို အလိုရှိတိုင်း ခံစားနိုင်သော နတ်ပြည် လို့ အဓိပ္ပါယ်ထွက်တယ်။ သူ့ထက်မြင့်သွားတဲ့ ဗြဟ္မာ့ဘုံတွေမှာ ကာမဂုဏ်တွေ မရှိတော့ဘူး။ ဈာန်အဟုန်နဲ့သာ နေကြတာ။ ကိုယ်တို့လို ကာမဘုံသား ဆုံလည်နွားတွေ အတွက်တော့ မာရ်နတ်မင်းကြီးရဲ့ တိုင်းပြည်ဆိုတာ ၃၁ဘုံမှာ ဇိမ်အရှိဆုံး စည်းစိမ်အခံစားနိုင်ဆုံး အရပ်လို့ဆိုရင် မမှားဘူး။
အဲ့လောက်စည်းစိမ်ခံစားနေနိုင်တဲ့အရပ်မှာ အုပ်ချုပ်ရေး စီမံခန့်ခွဲရေးတာဝန်တွေကို ဘာဖြစ်လို့ အချိန်ကုန် အလုပ်ရှုပ်ခံပြီး လုပ်နေရမှာတုန်း။ ဟိုးအောက် ဒုတိယထပ်မှာနေတဲ့ ကိုမာဃကို သိကြားမင်းခန့်ပြီး “အရှုပ်ထုပ်မှန်သမျှ မင်းဘာမင်း ရှင်းတော့ ငါ့ဆီ လာလာ မရှုပ်စေနဲ့။” ဆို အာဏာကုန် လွှဲပေးလိုက်ဟန် တူပါတယ်။ လူ့ပြည်မှာ ဘုရားပွင့်တော့မယ်ဆိုပြီး ဗုဒ္ဓကောလာဟလထွက်တော့ မာရ်နတ်ကြီးက သူ့ကို အာဏာသိမ်းမယ်မှတ်လို့ ၀န်တိုမစ္ဆေရိယစိတ်တွေဖြစ်ပြီး ပြင်းပြစွာ ပူလောင်လာပါသတဲ့။ ဒါကြောင့် အစောကြီးကတည်းက တောထွက်မယ်ကြံတော့လည်း အတန်တန်တား၊ ဒုက္ကရစရိယာကျင့်တော်မူတော့လည်း ချစ်သမီးချောကလေးတွေနဲ့ မြှူဆွယ်ဖြားယောင်း၊ နောက်ဆုံးတော့ အပရာဇိတပလ္လင်တော်ကြီး ပေါ်လာတော့ မနေနိုင်တော့ဘူး။ တပ်ထောင်တာ ဗိုလ်ထုနဲ့ လူစုပြီး အဲလေ နတ်စုပြီးကို စစ်ခင်းတိုက်ခိုက်လေတော့သတဲ့။
အဲသလောက်ဆိုးတဲ့ မာရ်နတ်မင်းကြီးမို့လို့ ကြုံတောင့်ကြုံခဲ ဘုရားပွင့်တော်မူတဲ့ အခိုက်မှာ ပက်ပင်းကြီးဆုံပါသော်လည်း မဂ်စော်ဖိုလ်စော်မနံ၊ သောတာပန်လောက်မှ မတည်နိုင်၊ အချည်းနှီး ဖြစ်ရရှာလေတယ်။ ဘုရားရှင်ကို ပရိနိဗ္ဗာန် ပြုတော်မူပါတော့လို့ အကြိမ်ကြိမ် လျှောက်ထား တောင်းပန်တာလည်း ဒင်းပဲ။ ဘုရားရှင် မရှိတော့တဲ့ နောက်မှာတော့ ဒင်းရန်ကို နှိမ်နှင်းမယ့်သူလည်း မရှိတော့ဘူး။ သာသနာတော်ကို နှောက်ယျက်ဖျက်ဆီးမယ့်ကြံရင်ဖြင့် ခက်ရချေရဲ့လို့ ရဟန္တာမထေရ်မြတ်ကြီးတွေက ပူပူပင်ပင် ဆင်ခြင်ကြည့်တဲ့အခါ နောင်နှစ်ပေါင်း ၂၃၀ လောက်ကြာရင် မဇ္ဇိမအရပ်မှာ သီရိဓမ္မာသောကမင်းကြီး ( King Asoka) ရှစ်သောင်းလေးထောင် အလှူတော်ကြီးပေးတဲ့အခါ လာရောက်နှောက်ယှက်ဦးလတ္တံ့ လို့ မြင်တော်မူသတဲ့။ ဘယ်သူကများ နှိမ်နှင်းတားဆီးနိုင်မှာပါလိမ့်လို့ ဆင်ခြင်ကြည့်တဲ့အခါ တောင်သမုဒ္ဒရာ ရေပြင်အလယ်မှာ ကြေးပြဿဒ်နဲ့ သီတင်းသုံးတော်မူသော ရှင်ဥပဂုတ္တ ရဟန္တာ မထေရ်ကို မြင်တော်မူတယ်။ သည်ကိုယ်တော်က သံဃာ့ကိစ္စများမှာ မပါမ၀င် သူ့ဘာသူ တစ်သီးပုဂ္ဂလစံမြန်းနေတာမို့ ပ၀ါရနာ မပြုတဲ့အတွက် ဒဏ်ထားပြီး မာရ်နတ်ကို နှိမ်နှင်းဖို့ တာဝန်ပေးယူရပါသတဲ့။ ရှင်ဥပဂုတ္တမထေရ် မာရ်နတ်မင်းကို နှိမ်နှင်းတဲ့အခါ သတ္တ၀ါတွေ အမျိုးမျိုး ဖန်ဆင်းတိုက်ခိုက်ကြပြီး နောက်ဆုံးမှာ မထေရ်ကြီးက မနုသီဟအသွင် ဖန်ဆင်းလိုက်တော့မှ မာရ်နတ်မင်းလည်း အဘားအဘားအော်လို့ ကြောက်လန့်ခြင်းကြီးစွာနဲ့ အရှုံးပေးလိုက်ရသတဲ့။ ဒါကြောင့် ဘုရားခြေရင်းမှာ မနုသီဟအရုပ်တွေထားတယ်ဆိုတာ တို့ဗုဒ္ဓဘာသာဝင်တွေရဲ့ အလှူမှာ မာရ်နတ်မင်း လာမဖျက်ဆီးနိုင်အောင် သူကြောက်တဲ့ အရုပ်ကြီးတွေ ထုပြီး ထားတာလား မသိပါဘူး။
နောက်တစ်မျိုး ပြောကြပြန်တာကတော့ အာသောကမင်းကြီးက ကိုးတိုင်းကိုးဌာန သာသနာပြုဖို့စေလွှတ်လိုက်တဲ့ အရှင် သောန နဲ့ အရှင်ဥတ္တရ ရဟန္တာမထေရ်နှစ်ပါးဟာ သုဝဏ္ဏဘူမိတိုင်းကို ရောက်လာတော့ တိုင်းသူပြည်သားများကို အရပ်နီးပါးက ဘီလူးသူရဲများ လာရောက်ဖမ်းစားလို့ ထိတ်ထိတ်လန့်လန့် ရှိနေရှာကြသတဲ့။ ဒါနဲ့ပဲ ကိုယ်တော်နှစ်ပါး ပူးပေါင်းလို့ သတ္တ၀ါကြီးတစ်ကောင် ဖန်ဆင်းပြတဲ့အခါ ဘီလူးတွေ ကြောက်လန့်ထွက်ပြေးပြီး တိုင်းပြည်သာယာသွားသတဲ့။ ရဟန်းနှစ်ပါးက တရုတ်နဂါးပူးကသလို ဖန်ဆင်းကြလို့လား မသိပါဘူး။ နောက်ဘက်က ဖင်ပိုင်းမှာ နှစ်ခွဖြစ်နေတယ် မဟုတ်ဘူးလား။ ဒါလည်းပဲ ယုတ္တိနဲ့ မလွတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်နိုင်ငံတွေထဲမှာ မနုသီဟအရုပ်ဆိုတာ ကိုယ်တို့ မြန်မာတွေဆီမှာပဲ ရှိတာလေ။ သုဝဏ္ဏဘူမိဆိုလို့ လေဆိပ်ကြီးရှိတဲ့ အိမ်နီးချင်းတွေဆီပဲ သွားမမှတ်နဲ့ဦး။ အဲဒါ သူတို့လည်း ကိုယ့်ဆီက ကူးချထားတာ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က မြေပုံကို အခုမြေပုံနဲ့ Google Map ပေါ်ရှာရင်တော့ ရွာလည်သွားမှာ။ ဘယ်လိုပဲဖြစ်ဖြစ် မနုသီဟ ဖင်နှစ်ခွဆိုတဲ့ အရုပ်ကြီးတွေဟာ ကိုယ်တို့ မြန်မာပိုင် မြန်မာ့မူပါလို့ ရေစစ္စတြီ လုပ်လိုက်ကြပါစို့။ သူ့ရဲ့အစွမ်းကတော့ အမြင်မှာ လှပတင့်တယ်သော်ငြား အင်မတန် ကြောက်မက်ဖွယ်ကောင်းတယ် လို့ ဆိုရမှာပေါ့နော်။ ဘီလူးတွေ မာရ်နတ်တွေတောင် လန့်ပြေးကြရတယ် မဟုတ်ဘူးလား။
ဟုတ်ပေလိမ့်မယ်။ ဟုတ်ပေလိမ့်မယ်။ မောင်စံဖားကလေးလည်း သည်ကနေ့ခေတ်ရောက်ကာမှ မနုသီဟ ဖင်နှစ်ခွနဲ့ သတ္တ၀ါတွေ တွေ့တွေ့နေရတာ အကြိမ်ပေါင်း မနည်းတော့ဘူး။ သူတို့ကို ဘယ်သူတွေက ကြောက်ကြလန့်ကြသလဲတော့ မပြောတတ်ပါဘူး။ ကိုယ်ကတော့ သူတို့ဖင်နှစ်ခွကြီးတွေ မြင်လိုက်တိုင်း တယ်ကြောက်စရာကောင်းပေသကိုး လို့ ထိတ်လန့်မိတယ်။ ကောသလ္လမင်းအိပ်မက် ၁၆ ချက်ထဲက ဦးခေါင်းနှစ်လုံးပါတဲ့ မြင်းကြီးတွေထက် ပိုဆိုးတော့တယ်။ အဲ့ဒါက နောင်သောအခါဝယ် တရားလိုဘက်မှရော၊ တရားခံဘက်မှပါ နှစ်ဘက်စလုံးကို ခွတုပ်ဖြတ်အုပ်လုပ်တတ်သော တရားသူကြီးများ ပေါ်လာလတ္တံ့ လို့ဆိုတာ မဟုတ်လား။ ဒါမျိုးကတော့ ရိုး ဟိုး ဟိုး ဟိုး နေပါပြီမောင်။ စာမဖွဲ့ပါဘူး။ အမေရိကန်က တရားစီရင်ရေးမဏ္ဍိုင်တောင် ချိန်ခွင်ရုပ်ကလေးနဲ့ ပြတာ မဟုတ်ဘူးလား။ တို့ဆီက တရားသူကြီးများလည်းပဲ နှစ်ဘက်စလုံးကို ချိန်ခွင်ထဲထည့်ချိန်၊ သာတဲ့ဘက်ကို အနိုင်ပေးမှာပေါ့။ ၀င်းဦးသီချင်းလေးတောင် ရှိသေးတယ်လေ။ “ဖျားစူးကျိန်မယ်။ ကျမ်းစူးကျိန်မယ်။ ချိန်ဆကာပင် တွေးလို့ အရေးယူပါတော့ကွယ်။” တဲ့။ (အမှန်တရား အချက်အလက်တွေကို ချိန်တာပါနော်။) အခုဟာကတော့ ဖင်နှစ်ခွဆိုတော့ နှစ်ဘက်ခွစားတာမဟုတ်ရင် ဘာလုပ်တာလဲ လို့ လိုက်မတွေးနဲ့ဦး။ ဟိုဘက်သည်ဘက် လှေနံနှစ်ဘက်နင်းထားတဲ့သူတွေကို ပြောတာ။
မကြာသေးခင်က တို့မေကြီးအနီးနားမှာနေတဲ့ အတွင်းစည်းထဲက လူငယ်ခြေတက်လေးတစ်ယောက်နဲ့ အမှတ်မထင် ဆုံမိပါတယ်။ (ဘယ်သူဘယ်ဝါလို့ မတွေးရဘူးနော်။ သူလိုလူစားအများကြီးပေမယ့် မဟုတ်တဲ့သူတွေ အထင်ခံရရင် သနားပါတယ်။) သူ့ခမျာ အင်မတန် အလုပ်များရှာတာပါ။ ပါတီတာဝန် တိုင်းပြည်တာဝန်တွေအပြင် အဘတို့က ပေးအပ်သောတာဝန်များပါ မနားမနေ လုပ်ဆောင်နေရရှာတာဆိုတော့  စကားတောင် မနည်းလုလုပြီး ပြောနေရရှာတယ်။ ပြောရင်းပြောရင်းနဲ့ သူကသာ အရှိန်တွေရလာတယ်။ ကိုယ့်မှာဖြင့် ပါးစပ်ကြီးအဟောင်းသား ဖြစ်လာရော။ သူဝတ်ထားတာက ပင်နီပါ။ ဒါပေသိ သူ့ပါးစပ်ကထွက်သမျှ အဘက ဘယ်လို၊ ဗိုလ်ချုပ်က ဘယ့်နှယ်။ တစ်ခွန်းမှ မလွတ်ဘူး။ အစိမ်းရောင်စကားတွေချည့် ပြောသွားတယ်။ ဗိုလ်ချုပ်ခိုင်းထားလို့ မနေ့ကတင် ဘယ်နိုင်ငံက ပြန်လာတယ်။ ဟိုတစ်ခါလည်း ဘယ်နိုင်ငံသွားရသေးတယ်။ မြန်မာပြည်ကြီးတော့ အများကြီး နောက်ကျကျန်ခဲ့ပါပြီ။ သူများတစ်လှမ်းလှမ်းရင် ကိုယ်က လေးငါးဆယ်လှမ်း လှမ်းနိုင်မှာ တော်ကာကျမယ် ဆိုလား။ ပြောရင်းပြောရင်းနဲ့ ထတောင်ပြေးတော့မယ့်ပုံပဲ။ ကိုယ်က အမေ နေကောင်းလား။ ဘာတွေလုပ်နေသလဲ မေးချင်တာတောင် စကားဘယ့်နှယ် စရမှန်းမသိဘူး။ နောက်ဆုံးတော့ အတင်းကြီး စကားလမ်းကြောင်းလွှဲပြီး ပင်နီချော နဲ့ ယောထမီ ဇာတ်ကြောင်းခင်းတော့ ပိုလို့တောင် အံ့သြစရာတွေ ကြားခဲ့ရတယ်။ တို့မေက သူ့ဘာသူသာ တစ်ကိုယ်တည်းရုန်းနေတာ။ ပါတီမှာ သူကလွဲရင် လောက်လောက်လားလား ဘယ်သူမှ မရှိဘူးတဲ့။ သူ့အသက်ကလည်း ငယ်တော့တာ မဟုတ်တော့ သူမရှိရင် ပါတီလည်း တာ့တာပဲတဲ့။ ဖျားဖျား။ ပြောရက်လိုက်တာ။ ကြားမိတဲ့ကိုယ်တောင် မနုသီဟမြင်ရတဲ့ မာရ်နတ်မင်းလိုပဲ ကြက်သီးမွေးညင်းထအောင် ကြောက်မိတယ်။ အဲ့လိုလူ အနားခေါ်ထားရတဲ့ တို့အမေတော့ ဒုက္ခနဲ့ လှလှနဲ့ တွေ့ရချေသေးရဲ့။
တကယ်တော့ နိုင်ငံရေးဆိုတာ မိတ်ဆွေမရှိ၊ ရန်သူမရှိ၊ တိုင်းပြည်အတွက်ဆိုရင် ဘယ်သူနဲ့မဆို အတူတကွ လက်တွဲအလုပ်လုပ်နိုင်ရမယ်။ အမေ့ကို ချစ်တဲ့သူဟာ အဘနဲ့တော့ ကဏ္ဍကောစဖြစ်နေရမယ် လို့ မဆိုလိုပါဘူး။ တည့်လေကောင်းလေပေါ့။ ဒါပေမယ့် ကိုယ်က ဘယ်လှေပေါ်မှာ စီးနေတာလဲတော့ မေ့သွားဖို့ မသင့်ပါဘူး။ သူ့ဟာက လှေနံနှစ်ဘက်နင်းထားရုံတင် မဟုတ်ဘူး။ သည်ဘက်လှေ နစ်မယ်ကြံရင် ကန်ပစ်ခဲ့ပြီး ဟိုဘက်ကို ကူးလိုက်ဖို့ အသင့်ပြင်ထားတယ်။ သစ္စာရှိသလား လို့ မေးရင် သစ်စာတင်မက၊ ရေပေါ်စာ ရော လွှစာပါ ရှိပြီးသား လို့ ပြောမယ်ထင်တယ်။ ခေတ်ကပြောင်းလာတဲ့အတွက် သူတို့ကိုလည်း အပြစ်ဆိုစရာတော့ မရှိဘူးပေါ့။ ဘုရင်ကို သစ္စာခံရတဲ့ခေတ် မဟုတ်ဘူးလေ။ ပလ္လင်ကိုပဲ သစ္စာခံရတာ မဟုတ်ဘူးလား။ (ဒါကြောင့် မာရ်နတ်ကြီးက ပလ္လင်ကို လာလုတာ ဖြစ်မယ်။) လောလောဆယ်မှာ တို့မေမေက ထီးလိုမင်းလိုပဲ ရှိသေးတယ်။ ဥကင်ဘုံမြင့် မရောက်သေးဘူး။ ဒါကြောင့် အမတ်ဒိန်လို့ တံခါးတစ်ခြမ်းပဲ ဖွင့်ထားပေးတာ နေပါလိမ့်မယ်။
သည်မှာဘက်ကမ်းကမှ ရွှေကိုင်းတဘက် ကျွန်းသန်လျက်ကို လှမ်းကြွတော်မူဖို့ ခြေလှမ်းပြင်ထားတာ မဟုတ်ပါဘူး။ ဟိုမှာဘက်ကမ်းကလည်း ကြက်ယက်ဘုန်းခေါင် နန်းနတ်တောင်ဆီကို ချီတော်မူဖို့ ဖ၀ါးစကြာတော် ကားယားကြီးခွထားတဲ့သူတွေ ရှိပါသေးတယ်။ ဘေးချင်းများ ယှဉ်ထိုင်မိလိုက်ရင် ခင်မာလာမင်းများ မျက်စပစ်ပြပြီး ဂျာနယ်ထဲ ဓါတ်ပုံနဲ့တကွ ပါသွားဖို့ လောဆော်နေသူတွေ အများကြီးပဲ။ ဟိုတုန်းက မုန်းလှပါချည်ရဲ့ဆို နံမယ်တောင် မကြားချင်ဘူး လုပ်နေတာလည်း သူတို့ပဲ။ ခုကျမှ “ကျုပ်နှမများရယ် ဖိတ်ကြားချင်ပါတယ် တစ်ခါ” ဆို “ကြားစကားများ မယုံနဲ့ ဘေးဖယ်ထား” လုပ်တာလည်း သူတို့ပဲ။ တတ်နိုင်ချက်ကတော့ ကိုးလောက်တောင် မက။ ကျုပ်တို့ဘဘ ဖင်နှစ်ခွ။ “ဘယ်ကစွမ်းအားရှင်တွေလဲ။ ကြားဖူးပေါင်ကွယ်။ စွပ်စွပ်စွဲစွဲ။ အဲဒါ ကျုပ် မဟုတ်ဘူး။ ဟိုကောင်လေ။ ဟိုကောင်။ ဘယ်ရောက်သွားပတုန်း၊ အဲ့ကောင်။ ငါနော်။ တွေ့များတွေ့လို့ကတော့ အဲ့ကောင် သေပြီသာမှတ်။” စသည် စသည်ဖြင့် ကြည့်ရကြားရတဲ့သူတွေ မျက်စိတွေကိုလည်လို့။ ၀င်းဦး ရှစ်ကိုယ်ခွဲကား ရိုက်နေသလိုပဲ။ ဇာတ်ကောင်စရိုက်တွေကဖြင့် ဆေးစက်ကျရာ အရုပ်ထင်တယ်။ မျက်ခွက်ကြီးကသာ အကုန်ချွတ်စွပ် ဖြစ်နေတာ။
သူတို့လိုမျိုး ဟိုဘက်တိုးလိုက် သည်ဘက်တိုးလိုက်၊ တိုးရင်းနဲ့ ကလိုက်၊ ကရင်းနဲ့တိုးလိုက် လုပ်နေတဲ့သူတွေဟာ သူတို့ကိုယ်သူတို့တော့ တော်တော်ကို နိုင်ငံရေးပါးဝနေတဲ့သူတွေ လို့ ထင်ပါလိမ့်မယ်။ အမှန်မှာတော့ အဲဒါ လုံးဝ နိုင်ငံရေးပါး မ၀လို့ လုပ်နေတဲ့အလုပ်ဗျ။ ဘ၀ဆိုတာ ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်ပဲ။ ဘယ်သူမှ အထက်မှာ အမြဲ မနေနိုင်ဘူး။ ကိုယ်အပေါ်ရောက်နေတုန်း ဖိထောင်းထားရင် ကိုယ်အောက်ပြန်ရောက်တဲ့ အလှည့်ကျရင်လည်း မသက်သာဘူး။ တက်သမျှလူ ဘုရားထူးလို့ အထက်မှာချည့်ပဲ ထိုင်နေနိုင်တဲ့သူဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ဝေးဝေးသွား မကြည့်ပါနဲ့။ ကိုယ့်မျက်စိအောက်မှာတင် ပလ္လင်ပေါ်က ဆင်းဆင်းသွားရသူတွေ အများကြီး ရှိလာပြီ။ အရေးရယ် အကြောင်းရယ်ကျတော့ တရားနဲ့မဖြေရင် ကုလားနဲ့သေရတော့မယ်။ (မော်ကျူရီမှာ အပ္ပနားပဲ ရှိသဗျ။)
ပန်းချစ်သူ ဘဘကြီးနဲ့ အင်တာဗျူးတစ်ခု ဖတ်လိုက်ရပါတယ်။ သူ့ရင်ထဲကလာတဲ့စကား ဟုတ်မဟုတ်တော့ မသိဘူးပေါ့လေ။ (တော်နေကြာ လော်ဘီလုပ်တယ် ဖြစ်နေမစိုးလို့) စာမျက်နှာပေါ် ဖတ်လိုက်ရတာတော့ဖြင့် သံဝေဂကြီးစွာ ရမိတယ်။ “တကယ်တော့ဗျာ။ ကျွန်တော်တို့ ထောက်လှမ်းရေးတွေဆိုတာ ဘယ်ခေတ်ကမှ ဇာတ်သိမ်းကောင်းခဲ့တာ မဟုတ်ပါဘူး။” တဲ့။ အင်း။ ဟုတ်ပါ့မလား မောင်ကာဠုရဲ့လို့ ပြန်စဉ်းစားကြည့်မိပါတယ်။ ကိုယ်တို့ဆီမယ်လည်း အဲသည်က လာတာ တစ်ယောက် ရှိခဲ့တယ်လေ။ ကြမ်းသလား မမေးနဲ့။ ရုံထဲမှာ ဘွဲ့လွန်ဆရာဝန်တစ်ယောက်ကို လေးဘက်ထောက်ပြီး လျှောက်ခိုင်းခဲ့တယ်။ ဇာတ်သိမ်းခန်းနီးတော့ သူဘာတွေဖြစ်လာသလဲ မပြောချင်တော့ပါဘူး။ သိတဲ့သူသာ မေးကြည့်ပါတော့။ မျက်မှန်တင်ဦးဆိုတဲ့ ဘဘကြီးလက်ထက်ကို ကိုယ်ကောင်းကောင်းမမှီလိုက်သော်လည်းပဲ အဆုံးသတ် မကောင်းတဲ့အထဲ သူလည်း ပါသတဲ့။ လက်ရှိအချိန်တုန်းက သူတို့လောက် ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရတာလည်း မရှိသလို လက်မဲ့အချိန်ရောက်တော့ သူတို့လောက် သနားစရာကောင်းတာလည်း မရှိဘူး။ (ဆင်းရဲချမ်းသာကိစ္စ ဆင်ပိန်ကျွဲကို ဆိုလိုတာ မဟုတ်ပါ) အသောကံ၊ ၀ိရဇံ၊ ခေမံ အစရှိတဲ့ ငြိမ်းအေးချမ်းသာခြင်းတွေ ပိန်းကြာဖက်ရေမတင်သလို ကွယ်ပျောက်သွားပြီး နောင်တ၊ သောက၊ ဗျာပါဒ၊ (ဒေါသလည်း ကုန်ဦးမယ် မဟုတ်ပါ) အစရှိသော ကိလေသာလောင်မီးတွေ တငြီးငြီး တောက်လောင်နေရတာပေါ့။
           သည်လိုအချိန်မျိုးမှာ အာဏာပြန်ရရာရကြောင်း မကောင်းသဖြင့်တွေ ပြန်လည်ကြံစည်ဖို့ဆိုတာ စဉ်းစားဆင်ခြင်ဥာဏ်ရှိတဲ့သူအဖို့ ဘယ်တော့မှ ပြန်မကျိုးစားတော့မှာ အသေအချာပါပဲ။ ငရဲပန်းကို ရွှေပန်းမှတ်လို့ ပန်ခဲ့ပြီးပြီ။ ခေါင်းမှာလည်း သွေးအလိမ်းလိမ်းနဲ့ ဒဏ်ရာတွေ အပြည့်။ နောက်တစ်ကြိမ်ပြန်မိုက်ဦးမလား လို့ မေးမှမေးတတ်ပလေ။ ခုပဲ အသက်ခုနှစ်ဆယ်နားကပ်နေမှ ဘယ်နှစ်နှစ်နန်းစံဖို့ ငရဲယူနေရဦးမှာလဲ။ မိုက်ချင်းမိုက်ရင် အဲသည် ဘာမှန်းမသိ ညာမှန်းမသိ မနုသီဟကလေးတွေသာ တွင်းတူးပြီး မိုက်ဖို့ ရှိပေလိမ့်မယ်။ ပညာရှိဦးပေါ်ဦးသေတော့ လက်ဖ၀ါးနှစ်ဘက် အခေါင်းအပြင်ထုတ်ခဲ့ လို့ မှာတာဟာ ကျန်ရစ်သူ မနုသီဟလေးများ သင်ခန်းစာယူနိုင်ဖို့အတွက် လို့ အခုမှပဲ သဘောပေါက်မိပါတယ်။ ဘာမှ ပါမသွားဘူး အမောင်တို့ အမိတို့ရဲ့။ ချန်ထားခဲ့တာတွေတော့ အများကြီးပဲ။ စည်းစိမ်ဥစ္စာလား။ သူ့သားတောင် ချမ်းသာတယ် မကြားမိဘူး။ သူ့မျိုးရိုးအဆက်အနွယ် ဘယ်သူဘယ်ဝါ လို့လည်း မကြားဖူးတော့ဘူး။ နံမယ် ဂုဏ်သတင်းဆိုရင်တော့ ခုထက်ထိ ကျန်သေးတယ်လေ။ ကိုယ်ယုံကြည်တဲ့ဘက်က ခိုင်မြဲစွာ ရပ်တည်ပါ။ သူများကို သစ္စာခံချင်ခံ မခံချင်နေ။ ကိုယ့်ကိုယ်ကိုယ်တော့ သစ္စာမဖောက်ပါနဲ့။ ဖင်ဆိုတာ နှစ်ခွရှိရင် အိမ်သာတက်ရလည်း ခက်လိမ့်မယ်။ အိမ်ထောင်ပြုရလည်း ခက်လိမ့်မယ်။ ကြောက်ချာကြီး။ ကြောက်ချာကြီး။

ဤနေရာမှ ပြန်လည်ကူးယူဖော်ပြပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts