ဇော်အောင် (မုံရွာ)

Zaw Aung (Mone Yar) – Articles

မြန်မာနိုင်ငံ မြို့ရွာများ
ဇော်အောင် (မုံရွာ)
ဇွန် ၁၇၊ ၂၀၁၃


မြန်မာ့လူဦးရေ၏ ၇၄ % သည် လျှပ်စစ်စွမ်းအင် သုံးစွဲနိုင်ခြင်းမရှိ

အာရှဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်တွင်ထုတ်ပြန်သော အစီရင်ခံစာတွင် မြန်မာ့လူဦးရေ၏ ၇၄ % သည်လျှပ်စစ်စွမ်းအင် သုံးစွဲနိုင်ခြင်းမရှိကြောင်း ဖော်ပြထားသည်။

 ဖိုရမ်က မြန်မာ့စွမ်းအင်ကဏ္ဍပြုပြင်ြေ့ပာင်းလဲေ၇းများအတွက် တွန်းအားတစ်ရပ်ဖြစ်စေရန် New Energy Architecture :Myanmar Report ကိုထုတ်ပြန်လိုက်ပြီး မြန်မာ့စွမ်းအင်ကဏ္ဍအတွက် အကြံပြုချက် ၁၇ ခုကို တင်ပြထားသည်။

မြန်မာ့လျှပ်စစ်ထုတ်လုပ်မူသည် ငါးနှစ်အတွင်း ၂ ဆတိုးမည်ဟု မှန်းထားသော်လည်း ပြည်တွင်းလိုအပ်ချက်မပြည့်မီကြောင်း ၊ ၁၂ ဆ တိုးမှ သာပြည်တွင်းလိုအပ်ချက်ပြည့်မီမည်ဖြစ်ကြောင်း Accenture’s Energy စက်မူလုပ်ငန်းစု၏ အကြီးတန်းဦးဆောင်ညွန်ကြားရေးမူး Arthur Hanna ကသုံးသပ်သည်။ အဆိုပါအစီရင်ခံစာကို စွမ်းအင်ဝန်ကြီးဌာနနှင့် အာရှဖွံဖြိုးရေးဘဏ် ၊ Accenture’s Energy စက်မူလုပ်ငန်းစုတို့ ပူးပေါင်းရေးဆွဲခြင်းဖြစ်ကြောင်းသိရသည်။


မေဇင်ဝင်း – Popular Myanmar News Journal မှရေးသားသော နေပြည်တော်၊ ဇွန် ၆   Thursday, June 6, 2013 သတင်းဖြစ်သည်။ 
အထက်ပါသတင်းအရ မြန်မာပြည်တွင် လျှပ်စစ်၊ အလွန်လိုအပ်နေကြောင်းသိရသည်။  ဤဆောင်းပါးအဆုံးရှိ eia.gov ဇယားက အတည်ပြုပါသည်။
ကျွန်တော် လွန်ခဲ့သော၂၂နှစ်က စင်ကာပူသို့ အလုပ်လာရှာသည်။ အလုပ်ရပြီးနောက်တစ်နှစ်ခန့်ကြာသောအခါ သူငယ်ချင်းတစ်ဦးက မလေးရှားကို သွားလည်ပြီး၊ အတွေ့အကြုံရှင်းပြသည်။  ..ဟာ ..ငါတို့မြန်မာနိုင်ငံ မလေးရှားကို ဘယ်လိုနည်းနဲ့မှ မမှီတော့ဘူး…ဟုပြောပါသည်။ မလေးရှား အဝေးပြေးလမ်းဖြင့် ကွာလာလမ်ပူသွားစဉ် တစ်လျှောက်လုံး၊ အံ့မခန်းတိုးတက်ပုံများ ပြောပြသဖြင့် ကိုယ်တိုင်သွားကြည့်ချင်စိတ် အရမ်းဖြစ်လာသည်။ ညပိုင်း ကားလမ်းတစ်လျှောက် မြို့ရွာတွေမှာ ငါတို့မြန်မာနိုင်ငံလို ဖယောင်းတိုင်၊ မီးခွက်ထွန်းတာမတွေ့ရဘူး။ လျှပ်စစ်မီး ထိန်လင်းနေတာပဲ။ တောနက်မှာရှိတဲ့အိမ်ကလည်း လျှပ်စစ်မီးလင်းထိန်နေတာပဲ။ နေရာတကာမှာ လျှပ်စစ်ရှိတယ် …ဟုပြောပြသည်။ တကယ် ကျွန်တော်သွားလည်သောအခါ လျှပ်စစ်မီး နေရာတကာ၊ တောကြိုတောင်ကြားမကျန်၊ ပင်လယ်သင်္ဘော၊ တငါလှေ အားလုံးမှာ လျှပ်စစ်နှင့်ဖြစ်နေသည်။ ဝေးလံခေါင်ဝေးသည့်နေရာတွင် ဘယ်ကလျှပ်စစ်ရပါသလဲ…မေးခွန်း၊ ဓါတ်ဆီ တစ်ပုလင်းသယ်သွားပြီး လက်ဆွဲ ဂျင်နရေတာကလေးဖြင့် လျှပ်စစ်မီးထွန်းပါသည်။ မီးပဲထွန်းမည်ဆိုပါက ဓါတ်ဆီတစ်ပုလင်းဖြင့် ထိုမီးစက်ကလေးက တစ်လကြာအောင်မီးထွန်းနိုင်ပါသည်။ 
မဟာဓါတ်အားလိုင်းမရှိသော်လည်း လျှပ်စစ်မီးစက်ကလေးဖြင့် လူတိုင်း မီးထွန်းနိုင်ခြင်းမှာ၊ 
၁။ မီးစက်တစ်လုံးဈေးနှုန်း US$200 (made in Japan) သည် မလေးရှားမှာ လူတစ်ယောက်တစ်လစာဝင်ငွေ ထက်ပင် နည်းပါသည်။
၂။ မီးစက်တစ်ညလည်ပတ်ရန် ဓါတ်ဆီကုန်ကျမှုမှာ လဘက်ရည်တစ်ခွက်ဖိုးမျှသာရှိသည်။
၃။ အထက်ပါ၂ချက်ကြောင့် တောကြိုတောင်ကြား၊ မဟာဓါတ်အားလိုင်းမရှိသည့်နေရာတွင်လည်း လျှပ်စစ်မီးရသည်…
လွန်ခဲ့သောအနှစ်၂၀က မလေးရှားနိုင်ငံလျှပ်စစ်မီးအကြောင်း ဖြစ်ပါသည်။
● လူများဝင်ငွေကောင်းလာမှ
ထိုကြောင့် လျှပ်စစ်မီး၊ မှန်မှန်ရလိုပါက..လျှပ်စစ်မီတာခပေးနိုင်မှ ဖြစ်ပါမည်။ မြို့များတွင် အိမ်တစ်အိမ်၊ တစ်လလျှပ်စစ်မီတာခမှာ တရက်လုပ်အားခတန်ဖိုးမျှသာ ရှိသောကြောင့် အိမ်တိုင်း မီတာခပေးဖို့ ပြသနာမရှိပါ။ ဥပမာ ရန်ကုန်ရှိ နေအိမ်တစ်အိမ်၊ တစ်ညကို မီး၅လုံး၊ တီဗီ၊ ရေခဲ့သေတ္တာတစ်လုံး သုံးပါက တစ်လကျပ်တစ်သောင်းခန့် ကျသင့်မည်ဖြစ်သည်။ ဒါတောင် တစ်ယူနစ် ၃၅ကျပ်နှုန်းဖြင့် အစိုးရက ဈေးနှုန်းချိုသာစွာပေးသောကြောင့်၊ ပြီးတော့ ခဏခဏမီးပျက်သောကြောင့် တစ်သောင်းခန့်သာ ကျသင့်ခြင်းဖြစ်သည်။ မြန်မာပြည် အလုပ်သမားတစ်ယောက်၏ တစ်ရက်ဝင်ငွေမှာ ကျပ်တစ်သောင်းမရနိုင်ပါ။ လျှပ်စစ်ဈေးကြီးသည် ..ဟု ညည်းတွားကြသည်။
နိုင်ငံတကာ လျှပ်စစ်ဈေးနှုန်းမှာ တစ်ယူနစ် (US$ 10 cents) ကျပ်၉၀ခန့်ဖြစ်သည်။ အချို့နေရာများတွင် ဈေးကြီးသည်။ အထူးသဖြင့် ဖိလစ်ပိုင်၊ ကြစတြေးလျှား၊ စင်ကာပူတို့တွင် 40cents ခန့်ဈေးကြီးသော်လည်း ကမ္ဘာ့နိုင်ငံအများစုတွင် 10 cents per unit ဈေးပေါက်ပါသည်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင် တစ်ယူနစ် ၁၅၀ကျပ်ဖြင့် အစိုးရ EPC နှင့် KIA Private Hydro Power ညှိနှိုင်း ရောင်းချပေးသည်။ ကချင်ပြည်နယ်သား၊ အများစုက ကျောက်စိမ်း၊ရွှေ၊ကျွန်းသစ်၊ အရောင်းဝယ်လုပ်ငန်းများဖြင့် ၀င်ငွေကောင်းသောကြောင့် ထိုလျှပ်စစ်ဈေးနှုန်းကြီးသော်လည်း ပြသနာမရှိပါ။ လျှပ်စစ်လိုသလောက် မရခြင်းသာ ပြသာနာဖြစ်နေပါသည်။ 
လူတွေ ၀င်ငွေကောင်းဖို့ဆောင်ရွက်နေသော သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တိုပင် အလုပ်ကိုင်အခွင့်အလမ်းအတွက် မနည်းလုပ်နေရသည်။ သမ္မတကြီးက လယ်ယာလုပ်ငန်း အလုပ်ကိုင်အခွင့်လမ်းနှင့်ဝင်ငွေတိုးစေရန် အထူးလိုအပ်သည့် စိုက်ပျိုးရေရရှိဖို့အတွက်၊ ရေအရင်းမြစ်ဌာနမှာ မြစ်ရေတင်လုပ်ငန်း လျှပ်စစ်ရေပန့်များ ငွေကုန်ခံတပ်ဆင်ရာတွင် လျှပ်စစ်မရနိုင်သောကြောင့် ငွေကုန်လူပမ်းဖြစ်ရသည်။ စပါးခွံဓါတ်ငွေသုံး ရေတင်စက်များ ပြောင်းလဲသုံးရန် စီမံကိန်းချနေသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ သူ့၏ မဲဆန္ဒနယ် ကော့မှုးမြို့နယ်လူအများ အလုပ်ကိုင် JOB ရရှိရေးအတွက် ဦးနှောက်ခြောက်အောင် စဉ်းစားစီမံသည်။ နောက်တော့ လက်လျှော့သွားပုံရပြီး ရေ ရရှိရေးကို ဆက်လက်လုပ်ဆောင်နေသည်။  အလုပ်အကိုင်ဆိုသည်မှာ အမြတ်စွန်းရသောအလုပ်ကို ဆိုလိုပုံရသည်။ ပညာရေး၊ ကျန်းမာရေး ၀န်ဆောင်မှုအလုပ်များမှာ တိုင်းပြည်ဝင်ငွေ State Revenue (Tax) မရရှိရှိလျှင် အလုပ်များများ မခန့်နိုင်ပါ။ မြန်မာပြည်သည် ကမ္ဘာ့ ခြအစားဆုံး ၁၀နိုင်ငံတွင်ပါဝင်နေသည့်ဟု ဒုသမ္မတဦးစိုင်းမောက်ခမ်း ( Corruption တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင်) ကိုယ်တိုင်ပြောနေရရှာသည်။ အခွန်အနဲ့ဆုံးTax ကောက်သည့်နိုင်ငံ ၁၀ခုတွင် မြန်မာနိုင်ငံ ပါဝင်သည် အမေရိကန်တွင် GDP ၏ ၄၀%၊ ထိုင်းနိုင်ငံတွင် ၁၇%၊ မြန်မာနိုင်ငံတွင် ၄% ..အနည်းဆုံးအခွန်ဖြစ်သည်။ နိုင်ငံတော်သမ္မတက FDI , Joint Venture , BOT စသည်တို့ဖြင့် သယံဇာတရောင်းချခြင်းမှာ ၀င်ငွေရှာနေသည်။ အလုပ်များများပေးနိုင်ပြီး၊ အမြက်လည်းရသော အလုပ်မှာ စက်မှုလုပ်ငန်းဖြစ်သည်။ စွမ်းအင်လိုသည်။  ဆောက်လုပ်ရေး၊ ဆက်သွယ်၊ပို့ဆောင်ရေးများက လောင်စာဆီတင်သွင်းခြင်း တစ်နှစ် ကန်ဒေါ်လာ၂ဘီလျှံကျော်ရှိနေသော်လည်း  စက်မှုလုပ်ငန်းမဟုတ်ပါ၊ ၀န်ဆောင်မှုဟု ဆိုနိုင်ပါသည်။ လူများများကို အလုပ်မပေးနိုင်ပါ။  စက်ရုံများသာ လူများများအလုပ်ပေးနိုင်သည်။ စက်ရုံများအဓိကလိုအပ်သည်မှာ လောင်စာဆီနှင့်လျှပ်စစ်ဖြစ်သည်။ နောင် အသစ်တွေ့မည့် သဘာဝဓါတ်ငွေ့များကို ပြည်ပသို့ရောင်းမစားပဲ၊ ပြည်တွင်းစက်ရုံများတွင်သာ သုံးပါတော့မည်ဟု နိုင်ငံတော် သစ္စာဓိဌာန်သီချင်းတပုဒ် လိုအပ်ပါသည်။
● အိမ်တိုင်းလျှပ်စစ်မီးထွန်းဖို့ 
အထက်ပါ မြန်မာများ ၇၄% သည် လျှပ်စစ်သုံးနိုင်ခြင်းမရှိ ဆိုသည်ထက်၊ အိမ်တွင်လျှပ်စစ်ဓါတ်အားလိုင်း မရောက်သေး..ဟုဆိုပါက ပိုမိုမှန်ကန်ပေမည်။ တောနေ အိမ်တိုင်းနီးပါး ဘက်ထရီးမီးသုံးနိုင်ကြပါသည်။ ဘက်ထရီတစ်လုံး ၂ထောင်ခန့်၊ မီးအားသွင်းပြီးလျှင် ၄ညလောက်တော့ မီးလင်းပါသည်။ ထို့ကြောင့် အိမ်တိုင်း လျှပ်စစ်မီးလိုင်းဖြင့် လျှပ်စစ်မီး သုံးရနသိပ်မခက်ခဲလှပါ။ အိမ်တစ်လုံးကို ၄၀၀ပ် မီးလုံး ၄လုံး၊ တီဗွီတစ်လုံး၊ တစ်ည ၁၀နာရီ သုံးပါက တစ်လ ၄၈ ယူနစ် ကျသင့်မည်။ ကမ္ဘာ့ပေါက်ဈေး တစ်ယူနစ် ၉၀ကျပ် (US$ 10 cents) ဖြင့်တွက်ပါက တစ်လ ၄၈၀၀ကျပ် မီတာခကုန်မည်။ ၀င်ငွေနည်းမိသားစု ဆိုပါက လျှပ်စစ်မီး သိပ်မသုံးပဲ ချွေတာရပါမည်။ ၀င်ငွေကောင်းသူများကိုလည်း များများသုံးလျှင် အထူးနှုန်း (မီးစက်နှုန်းနီးပါး) ကောက်ခံသင့်သည်။ အိမ်ထောင်စုပေါင်း ၁၀သန်း ရှိသည်ဆိုပါက အိမ်မီးလျှပ်စစ် ကီလိုဝပ်နာရီသန်းပေါင်း ၅၇၆၀ သာရှိမည်။ လက်ရှိ နိုင်ငံတော်ထုတ်လုပ်မှု၏ ၄၃% ရှိသောကြောင့် အစိုးရလျှပ်စစ်ကို မြန်မာပြည်နေအိမ်များထံ ပို့ပေးရန် လုံးဝမဖြစ်နိုင်ပါ။ အစိုးရလျှပ်စစ်ကို အစိုးရများအတွက် သုံးရပါမည်။ ဥပမာ.. လမ်းမီး၊ အစိုးရဌာနမီး၊ အစိုးရ စစ်တပ်၊ရဲ၊မီးသတ်၊ ကျောင်း၊ဆေးရုံ နှင့် အခြားအရေးကြီးသော အစိုးရစက်ရုံ၊အလုပ်ရုံများအတွက် အစိုးရလျှပ်စစ်ကို သုံးရမည်။ 
ထို့ကြောင့် ယခုအချိန်၊ အစိုးရကအိမ်တိုင်းကို မီးပေးဖို့ လုံးဝမဖြစ်နိုင်သေးပါ။ ပုဂ္ဂလိကဓါတ်အားထုတ်လုပ်မှုကိုသာ အားကိုးနေရပါသည်။
● မြန်မာနိုင်ငံလျှပ်စစ်ဝန်ကြီးဌာန
၂၀၁၂ နှစ်တွင် လျှပ်စစ ကီလိုဝပ်နာရီသန်းပေါင်း ၁၃၃၇၈.၃ ထုတ်လုပ်နိုင်ခဲ့သည်ဟု ဆိုသည်။ မဂါဝပ် ၄၀၀၆ ရှိသည်ဟု ဆိုသည်။ ၃၈% လျှပ်စစ်စွမ်းအင်ထုတ်လုပ်နိုင်ခဲ့သည်။ လျှပ်စစ်ဆုံးရှုံးမှုများစွာ ရှိရာ၊ အလကားယူသုံးသောလျှပ်စစ်၊ မီတာခိုးသောလျှပ်စစ် .. အစိုးရငွေကို ယူငင်သုံးစွဲခြင်းမှာ အောက်ဆိုက်ဟုခေါ်ပါသည်။ လစာနှင့်မလောက်ငှ၊ မစားလောက်သောကြောင့် ခြစာမှုလုပ်ရပါသည် ဆိုသော ဆင်ခြေပေးသည်။ တကယ်တော့ ခြစားခွင့်ရသောသူသည် လောဘအသောမသတ်နိုင်အောင် ဒလဟော ခြစားနေသည်။ လက်အောက်ခံ ၀န်ထမ်းကလည်း သူ့နည်းသူ့ဟန်နှင့်၊ ခြစားပြန်သည်။ အထူးသဖြင့် ၀င်ငွေကောင်းသူများနှင့် ဆက်ဆံရသော ဌာနဆိုင်ရာများမှာ နည်းမျိုးစုံဖြင့် ခြစားရာတွင်၊ ယခု ခေတ်အစားဆုံး ခြစားနည်းမှာ … ပေါ်ပေါ်တင်တင် တောင်းခြင်းဖြစ်ပါသည်။ မီဒီယာသမားကို သွားမတောင်းမိရန်တော့ အထူးအရေးကြီးလှပါသည်။ ယခု နိုင်ငံခြားရင်းနှီးမြှတ်နှံမှုများစွာ လျှပ်စစ်ဝန်ကြီးဌာနမှ ဦးစီးလုပ်ကိုင်နေရာ၊ ပရိုဂျက်တန်ဖိုးများလာသည်နှင့်အမျှ ခြစားငွေပမာဏ များပြားလာပါသည်။  အရေးယူမှုထောင်ချမှု၊ ပိုင်ဆိုင်မှုများ ပြန်သိမ်းမှု ဥပဒေမပြဌာန်းသေးပါ။  မြန်မာနိုင်ငံအတွက် Hydro Power,  Combine Gas Turbine, Coal power boiler စသည့်နည်းပညာများအတွက် စိုးရိမ်စရာမရှိသော်လည်း၊ ယခုစာအချုပ်ထားသော နေရောင်ခြည်စွမ်းအင် ဒေါ်လာ၂၅၀ US$250 million Project အတွက် အလွန်များလှသောငွေမြှတ်နှံခြင်းကို အထူးရင်လေးမိသည်။ ကြက်ဆူပင်မှ လျှပ်စစ်ထုတ်သည့်လုပ်ငန်း၊ သူဌေးနိုင်ငံကြီများ EU & American များသာ အစိုးရပိုက်ဆံဖြင့်လုပ်သော စီမံကိန်းများဖြစ်သည်။ ဓါတ်အားအရမ်းလိုနေလျှင် တရုပ်၊ထိုင်းနိုင်ငံများက ဓါတ်အားဝယ်သုံးသည်က ပိုကောင်းဦးမည်။ ကြွားဝါလိုသဖြင့် အနုမြူဓါတ်အားထုတ်စက်ရုံစာချုပ်ဆိုလျှင်၊ ကျွန်ုပ်မအံ့သြတော့ပါ။  မြန်မာ့ဆန်များ ဈေးကွက်ဝင်ရန် အရည်သွေးမြင့်ဆန်စက် (ပြုတ်ဆန်) တစ်ရက်တန်၅၀၀၀ ဆန်စက်ရုံကို ဒေါ်လာ ၁၅သန်းဖြင့် ဆောက်သည်က ပိုအကျိုးရှိဦးမည်။ White Elephant  နေရောင်ခြည် ဓါတ်အားစက်ရုံလည်း အကျိုးမဲ့၊ ကုန်ကျစရိတ်များသောဓါတ်အားပေစစက်ရုံဖြစ်မှာ သေချာပါသည်။ 
● ပုဂ္ဂလိကလျှပ်စစ်ထုတ်ခြင်း
ပထမဆုံး ဥပဒေကို ရေးဆွဲရမည်ဖြစ်သည်။ ဥပဒေအတည်မပြုသေးမီ ကုမ္ပဏီကြီးများ၏ အဆိုပြုချက်များအပေါ်အမှီပြုပြီး စာချုပ် (ဥပမာ BOT agreement) များဖြင့်စတင်ကြပါသည်။ အဓိကမှာ ကုမ္ပဏီများ၏ ရင်းနှီးမြှတ်နှံမှု ငွေကြေးအတွက် အစိုးရမှာ အာမခံချက်ပေးခြင်းဖြစ်သည်။ ထို BOT စာချုပ်များမှာ အစိုးရအရာရှိများ တစ်ခါတစ်ရံ အာဏာအရှိဆုံးလူက သေမထူး၊နေမထူး လုပ်သွားလျှပ် နောက်တက်လာသူ၊ အာဏာပိုင်များအတွက် ပြသနာထုတ်ကြီးဖြစ်နေလေ့ရှိသည်။ ငွေရင်းနှီးသူ Investor များက ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ အာရှဘဏ်၊ အီးယူ စသည့်အဖွဲ့အစည်းများမဟုတ်သောကြောင့် စာချုပ်များကို တဖက်သတ် အဆိုပြုပြီး ချုပ်လေ့ရှိသည်။ ထိုနည်းဖြင့် ဟောင်ကောင်၊ မကာအိုတို့ ၉၉နှစ် ငှားရမ်းစာချုပ်များ ဖြစ်ပေါ်လာရသည်။ ငွေအရင်းနှီးထုတ်ချေးသည့် အဖွဲ့က ကုမ္ပဏီများထံ ချဉ်းကပ်ပြီး၊ စက်များကို ၀ယ်ကြသည်။ ဘယ်ကုမ္မဏီမှ နှစ်ရှည်အရစ်ကျ မရောင်းပါ။ ငွေထုတ်ချေးသော ဘဏ်များ၊ ငွေရှင်များထံမှာ အတိုးနှုန်းကြီးမားစွာဖြင့် ချေးယူရသည်။ ထို့ကြောင့် ဥပမာ ကန်ဒေါ်လာသန်း၂၀၀ ပရိုဂျက်ဆိုလျှင် ၃နှစ်အတွင် တတ်နိုင်လျှပ် အရင်း၊ အမြက်၊ အတိုး အားလုံး ရအောင်ပြန်ယူသွားလေ့ရှိပါသည်။ 
ထို့ကြောင့် ငွေရင်းနှီးသည့်အဖွဲ့များအတွက် သူတို့ရင်းနှီးမှု၊လုပ်ငန်းကို ကာကွယ်သည့် အစိုးရဥပဒေတစ်ခု (သို့မဟုတ်) စာချုပ်တစ်ခု အလွန်အရေးကြီးပါသည်။
နေအိမ်များကို မီးလင်းရန်အတွက်ဆိုပါက ကျေးရွာ၊ ရပ်ကွက်များတွင် အသေးစား လျှပ်စစ်ထုတ်လုပ်၊ ရောင်းချခြင်း ပုဂ္ဂလိကလုပ်ငန်းများကို ဥပဒေဖြင့် ခွင့်ပြုရမည်။ သို့မှသာ အစိုးရအသစ်ပြောင်းသွားလျှင်လည်း ဥပဒေစိုးမိုးသဖြင့် သူတို့လုပ်ငန်းရင်းနှီးမြှတ်နှံမှုများ စိတ်ချရမည်။ စစ်အာဏာရှင်ခေတ်က အာဏာရှိသူပြုတ်သွားလျှင် သူနှင့်ဆိုင်သောလုပ်ငန်းရှင်အားလုံး ပြုတ်လေ့ရှိသည့် အစဉ်အလာကြီးကို အပြီးမြေမြှတ်သဂြိုလ်လိုသော်လည်း အလောင်းကောင်က ဖုတ်ကောင်ကဲ့သို့ ပြန်ထလာမှာကို စိုးရိမ်နေဆဲဖြစ်သည်။ အထူးသဖြင့် ၁၀မဂါဝပ် အောက် လျှပ်စစ်လုပ်ငန်းများကို တိုင်းဒေသကြီးများက ဆုံးဖြတ်လုပ်ကိုင်နိုင်သော်လည်း၊ ငွေရင်းနှီးမည့်သူ မရှိသေးပဲဖြစ်နေသည်။ ဥပဒေ  Independent Power Production IPP မထုတ်နိုင်ကြသေးပါ။ အစိုးရက ပုဂ္ဂလိကလျှပ်စစ်များကို နိုင်ငံတော် မဟာဓါတ်အားလိုင်းသို့ ရောင်းချရန်၊ အားပေးနေသော်လည်း ပုဂ္ဂလိကအနေနှင့် ဈေးကြီးလှသော စီမံခန့်ခွဲမှုစရိတ်များ၊ လောင်စာဆီတင်သွင်းခွင့်ကိစ္စများ၊ ငွေပေးငွေချေမည်သူကို ယုံရမည်မသိ၊ ယုံကြည်ခြင်းမရှိခြင်းကြောင့် ပုဂ္ဂလိ အသေးစားလျှပ်စစ်ထုတ်လုပ်ခြင်းလည်း မထွန်းကားသေးပါ။ လျှပ်စစ်မီးရသော အိမ်၊ ရုံး ၊ လမ်းမီးများမှ ထပ်မံသွယ်တန်းခိုးယူခြင်းများသာ ထွန်းကားနေသည်ကို ၀မ်းနည်းဖွယ်တွေ့နေရပါသည်။
● နည်းလမ်းရှာကြံခြင်း
ငွေအ၀င်ထွက်များသော လျှပ်စစ်ဝန်ကြီးဌာနကို ရန်ကုန်တိုင်း၊ အောက်မြန်မာပြည်၊ အထက်မြန်မာပြည်ဟု (၃)ပိုင်းခွဲပစ်လိုက်ပြီး၊ ပြည်သူ့လွှတ်တော်မှ လျှပ်စစ်ဘုတ်အဖွဲမှ ထို(၃)ဖွဲ့ကို တိုက်ရိုက်အုပ်ချုပ်နိုင်မည့် နည်းလမ်းများလည်း ပြုပြင်ပြောင်းလဲလိုသည့် လူကြီးများ စဉ်းစားမိမည်ဖြစ်သည်။  စွမ်းအင်ဝန်ကြီးဌာနနှင့် အာရှဖွံဖြိုးရေးဘဏ် ၊ Accentor’s Energy စက်မူလုပ်ငန်းစုတို့ ပူးပေါင်းရေးဆွဲသည့် အစီရင်ခံစာကို လက်တွေ့အကောင်ထည်ဖေါ်မည့် မြန်မာ့ပညာရှင်များစွာ လိုအပ်ပါသည်။ Accenture အကြံပေးအဖွဲ့သည်၊ ကန်ဒေါ်လာ ၂၅ဘီလျှံ ကုမ္မဏီကြီးဖြစ်သည်။ အိုင်ယာလန်အခြေပြု တကမ္ဘာလုံး ၀န်ထမ်း ၂သိန်းခွဲရှိသည်။ အာရှဖွံ့ ဖြိုးရေးဘဏ် ADB အပါအ၀င် အကြံဥာဏ်များက အလွန်ကောင်းမည်ဖြစ်သည်။ 
On paper – look very good (still have many things from practical data)
In practical  – one man can make the whole business down
ကုမ္ပဏီအကြီးစားများ လက်ဝါးကြီးမအုပ်စေပဲ၊ SME (Small and Median Enterprise) ဥပဒေဖြင့် ကာကွယ်၊ လုပ်ခွင့်ပေးပါက ပုဂ္ဂလိလျှပ်စစ်ထုတ်လုပ်မှု တဟုန်ထိုးတိုးတက်လာမည်ဖြစ်သည်။ ဘယ်လိုထုတ်ရမည် လမ်းပြနေစရာမလိုပါ။  ထင်းမီးသွေးသုံးမလား၊ ကျောက်မီးသွေးလား၊ ဒီဇယ်ဆီလား၊ ဘိုင်အိုဒီဇယ်သုံးမလား၊ စပါခွံသုံးမလား၊ သဘာဝဓါတ်ငွေ့သုံးမလား၊ ရေအားလျှပ်စစ်၊ ဒီရေ၊ လေရဟတ်၊ နေရောင်ခြည်… ကျွန်တော်တို့ အကြံပေးစရာမလို၊  လုပ်ပိုင်ခွင့်သာပေးလိုက်လျှင်၊ သူတို့နည်းဟန်ဖြင့် အောင်မြင်အောင်လုပ်မည်ဖြစ်သည်။ အစိုးရမှာ ဒိုင်လူကြီးအဖြစ် စောင့်ကြည့်ပေးပြီး အခွန်ကောက်ရန်သာလိုပါသည်။ 
စနစ်နှင့်လူ ဘယ်ဟာက အရေးကြီးသလဲ မေးခွန်းကို စကားရည်လုပွဲများ၊ လက်ဘက်ရည်ဝိုင်းများတွင် အချေတင်ပြောကြသည်။ အမှန်မှာ လူသာလျှပ် ပဓါနဖြစ်သည်။ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့လို အရည်အချင်းမရှိလျှင်နေပါစေ၊ နိုင်ငံတိုးစေသည့်စိတ်နေသဘောထား ရှိသူများ အစိုးရအဖွဲ့တွင် ၆၀% ရှိလျှင်  ပုဂ္ဂလိကလျှပ်စစ်ထုတ်သူများဖြင့် ၂နှစ်အတွင်း  အိမ်တိုင်းမီးလင်းလာမည် ဖြစ်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts