Uncategorized

Nat Sae – Eassy

ကာရိုက်တာ ပြပွဲ
နတ်စည်
သြဂုတ် ၂၆၊ ၂၀၁၃


“ဟာ … လန်ထွက်နေတာဘဲ”
“ပညတ်သွားရာဓာတ်သက်ပါ” အယူစွဲသည့် လူကြီးသူမ အချို့က “နာဂစ်” မွှေသွားလို့ ကျန်ခဲ့သော အဆောက်အဦတွေကြည့်ပြီး၊ ဒီအသုံးအနှုန်းကို မနှစ်မြို့ကြ၊ အမိုးတွေလန်၊ အကာတွေလန် စတာတွေရဲ့ ရှေ့ပြေး နိမိတ်လို့ ယူလိုပုံရသည်။ ဟုတ်မည်၊ လူတွေမှာ အတိတ်နိမိတ်ကို ယုံကြည်သူက အများသား၊ အင်း … ဝေါဟာရဆိုတာ ဆိုလိုရင်းရောက်လွယ်တာကို ဒက်ထိရောက်အောင် ပြောနိုင်ဖို့ ကလိုရင်းဆိုတော့ အံဝင်မည် ခွင်ကျမည်ထင်လျှင် ပြောချလိုက်ကြတော့သည်၊ နန်းသုံး တော်သုံးစသည် ရွေးမနေတော့၊ သို့သော် မယဉ် ကျေးသည့်တိုင် မရိုင်းသည့် ဝေါဟာရများကို သုံးစွဲတတ်ဖို့ကိုတော့ သင်းကလေးတွေကို တစ်နေ့ပြောပြရဦးမည်၊ ရောက်ရောက်ချင်း သူတို့ တတွေ ပြောသံကြား၍ အတွေး ဆန့် နေမိသည်၊ ဘာတွေ လန်လာကြပါလိမ့် ။
“အဲဒါ .. တို့လမ်းထဲက အစ်မကြီးတွေ .. ဟဲ့”
“သိပါတယ် နွယ်နီရာ ..ဟို .. မော်ဒယ် သင်တန်း တက်နေတာ”
“မော်ဒယ်တောင် မဖြစ်သေးဘူး … ခုက တည်းက လန်နေတော့”
“ကိုကောင်းကလဲ မော်ဒယ်ပါဆိုမှ အဲလို ဝတ်ရမှာပေါ့ .. ဟဲ့”
“ကောင်းမြတ်ပြောတာ ဟုတ်တယ် … နီလာထွန်း၊ နင်တို့ မော်ဒယ်ကလဲ ဝတ်ထားလိုက်တာ စကတ်က ပေါင်ရောက်နေပြီ … ဟီး … ဟီး”
မောင်နှမတစ်တွေ ပြောစကားကို ချင့်လျှင် အဝတ်အစားဝတ်တာကို ဝေဖန်လာကြတာဖြစ်မည်၊ “လူမှာ အဝတ်၊ တောင်းမှာ အကွပ်” တဲ့၊ မဆင်တတ်လျှင် အရှက်ကိုလုံစေသောအဝတ်ကလည်း၊ အရှက်ကိုခွဲသည့်အဝတ် ဖြစ်သွား တတ်တာကလား၊ ဖုံးလွှမ်းသင့်သည့် အစိတ်အပိုင်းတွေကို ဖုံးလွှမ်းဖို့ ဝတ်ရာက တစတစနှင့် ဖုံးလွှမ်းထားသော အရာတို့ လှစ်ပြဖို့ ဝတ်စားလာကြသလို ဖြစ်လာသည်။
“နင်တို့ကလဲ မော်ဒယ်ပါဆိုမှ … တခြားသူတွေနဲ့တော့ ဘယ်တူပါ့မလဲ”
“Model ဝတ်စားပုံကိုလား၊ စံပြနမူနာပုံစံ၊ ရုပ်လုံးဖော်မှုကိုလား၊ ကိုယ်တိုင်ဝေခွဲမတတ်၊ နှစ်ခုလုံးကို ရောနှောသုံး နေကြဟန်ပင်၊
“ဘာပဲ ပြောပြော နီလာတော့ ဖက်ရှင်ရှိုးလျှောက်တဲ့သူတွေကို သိပ်သဘောကျတယ်၊ သူတို့ ဝတ်စားပြတာ သိပ်လှတာဘဲ … မေမေ့ကိုတောင် ချုပ်ခိုင်းချင်တယ်”
အသွင်အပြင်ဆိုတာ ကူးစက်လွယ်တဲ့ သဘောရှိတာဘဲ၊ ခုလို ဂလိုဘယ်လိုက်ဇေးရှင်း (Globalization) ကာလမှာ ပိုပြီးကူးစက် မြန်တော့မပေါ့၊ မီဒီယာတွေက ထုတ်လွှင့်တဲ့ ဇာတ်လမ်းတွေထဲက မင်းသား၊ မင်းသမီးတွေနဲ့ မော်ဒယ်တွေ ဝတ်စားပုံကို မြို့သူတွေက အတုယူ၊ မြို့သူတွေက တဆင့် … ဒီလိုနဲ့ ပြန့်နှံ့သွားတာထင်ပါရဲ့ ၊
ဘာဘဲဖြစ်ဖြစ်လေ၊ အာရုံဆိုတာ အဆင်အခြင်မရှိရင် အတောသတ်လို့ လွယ်တာမဟုတ်ဘူး၊ လှမယ် ကောင်းမယ်ထင်တဲ့ အဆင်ဆန်းနောက် လိုက်ရင်းလိုက်ရင်းနဲ့ နောက်ဆုံး ဘဝပေးအလှလေးတွေ ပြုန်းတီးစေသလို ဖြစ်လာတတ်သည်လေ၊ ခက်တာက မော်ဒယ် ဆိုတာတွေကလဲ အဝတ်အစားဟန်ပန် အပေါ်ယံအလှကိုပဲ ပေးနိုင်တာ၊ အဇ္ဈတ္တအလှကို မပြသနိုင်ပေဘူး၊ ဒါတွေ အားကျပြီး အပေါ်ယံနောက် မျောပါနေကြမှဖြင့် …။
ဒါလောက်စိတ်ပူစရာမရှိပါဘူး၊ အရွယ်နဲ့ ဆိုင်တာပါ၊ ကြီးသွားရင် ဝတ်ပါဆိုလို့တောင် မဝတ်ကြတော့ဘူး၊ အင်း .. အဲဒီအရွယ်အတွင်းမှာပဲ ဆုံးရှုံးနစ်နာမှုက ကြီးမားတတ်တာမဟုတ်လားလို့ ကိုယ့်ဆင်ခြေကို ကိုယ့်စောဒကနဲ့ဘဲ ခြေဖျက် လိုက်မိသည်။
မည်သည့် စီးဆင်းလာသည့် အဟုန်ကိုမျှ လက်ဝါးနဲ့ တားလို့မရနိုင်ပေမင့်၊ အဟုန်စီးကြောင်း မှန်အောင်တော့ လုပ်နိုင်ရမည်၊ အလှဟူသည် အပေါ်ယံအရေပြား အလှသာမဟုတ်၊ အတွင်းအဇ္ဈတ္တအလှလည်း ဘဝမှာ အရေးပါကြောင်း၊ ထိုနှစ်ရပ်လုံး အဆညီလျှင် အလှဆုံး ဖြစ်ကြောင်း၊ နားပေါက်အောင် ပြောပြကြရမည်။
ခုမှ အမှတ်ရသည်၊ ကမ္ဘာမှာလည်း ဒီသဘော ဖွံ့ဖြိုးလာပြီ၊ ကမ္ဘာ့အလှမယ် ရွေးချယ်ပွဲကြီးများတွင်လည်း ယှဉ်ပြိုင်သည့် မယ်တို့သည် အလှဝတ်စုံ၊ ရေကူးဝတ်စုံ၊ ရိုးရာဝတ်စုံ စသည်ဖြင့် ဆင်ယင်ကာ မိမိတို့ ခန္ဓာအချိုးအစား၊ အသားအရေ သွင်ပြင်တို့ကို အလှပဆုံး ပြသနိုင်ရုံနှင့်မပြီး၊ အသိတရား၊ ပညာအရည်အချင်း၊ လူမှုရေးစိတ်စသော နှလုံးသားအလှများရှိ၊ မရှိကိုပါ စံတရပ်၊ အင်္ဂါတရပ်အနေဖြင့် သတ်မှတ်ရွေးချယ်ခံကြရလေသည်၊ ထိုနှစ်ရပ်လုံး စုံပြည့်မှ “ကမ္ဘာ့ အလှဆုံးမယ်” တဲ့၊
နှစ်ထောင်းအားရဖွယ်ပင်၊ လူ့ယဉ်ကျေးမှု ကြီးမြင့်မားဖို့ ပြယုဂ်၊ အင်း … ဒီသဘောမျိုးကို သူတို့က ခုမှ ထည့်သွင်းနိုင်တာပါလေ၊ တို့စာပေတွေမှာဆို … ဟော ဟုတ်ပြီ၊ ခုမှအမှတ်ရသည်၊ ဒီအကြောင်းလေး … သူတို့လေးတွေကို ပြောပြရမည် …
ဖတ်ဆဲစာအုပ်ကိုလက်ကချကာ ….
“ရောက်လာကြပလား … အငယ်တွေကော”
“ကျောင်းရှေ့မှာ ကဲနေကြတယ် ဘုန်းဘုန်း”
အကြီးမကြီးက အငယ်တွေကို လှမ်းခေါ်လိုက်သည်၊ အားလုံးထိုင်မိကြတော့ ပြီးခဲ့တဲ့တနင်္ဂနွေက သင်ပေးလိုက် သည့် “မင်္ဂလာ” အကြောင်းကို မစခင် …
“သားတို့ စောစောကပြောနေကြတာနဲ့ ပတ်သက်ပြီး အကြောင်းလေးတခု ပြောပြရဦးမယ်”
“ပုံပြင်လား ဘုန်းဘုန်း”
“အေး … အေး … ဆိုပါတော့ကွယ်၊ နိပါတ်တော်လာပေါ့”
ပုံပြင်ဆိုတာ ကလေးရဲ့အကြိုက်ဆုံး အစာဘဲ၊ ညီညီဝေထွန်းတို့ ယမင်းတို့က ရှေ့ကို တိုးကပ်လာကြသည်။
“တခါတုန်းက သာကေတမြို့မှာ “ဝိဝဋ” လို့ ခေါ်တဲ့ ပွဲတော်တခု နှစ်စဉ်ကျင်းပလေ့ရှိသတဲ့”
“အခု သာကေတလားဟင် … ဘုန်းဘုန်း”
“မဟုတ်ဘူး ခင်မေထွန်းရဲ့ … အိန္ဒိယပြည်ထဲမှာရှိတဲ့ ရှေးတုန်းက မြို့တစ်မြို့ကွယ့်”
“ဝိဝဋ ပွဲတော်ဆိုတာ ဘယ်လိုဟာလဲ ဘုန်းဘုန်း”
“ဝိဝဋ” ဆိုတာ ဖွင့်ခြင်း၊ လှပ်ခြင်းလို့ အဓိပ္ပါယ်ရတယ်ကိုကောင်းရဲ့၊ မိမိတို့ရဲ့အလှကို ဖော်ထုတ်ပြတဲ့ သဘော ပေါ့ကွယ်”
“အလှပြပွဲပေါ့”
“အေး .. အေး အဲဒီသဘော၊ အဲဒီ ပွဲတော်ကျင်းပတဲ့နေ့ရောက်တော့ ဝိသာခါ ဆိုတဲ့ သူဋ္ဌေးသမီးပျိုလေးဟာ သူအပေါင်းအဖော်တွေနဲ့ ရေချိုးဆိပ်ကို လမ်းလျှောက်ထွက်လာပါသတဲ့၊ ထူးခြားတာက အဲဒီနေ့မှာ ဘယ်မိန်းမပျိုမှ အိမ်တွင်းပုန်းလုပ်မနေဘဲ ရေချိုးဆိပ်ကို ဆင်းကြတယ်၊ ဆင်းတဲ့အခါလဲ ယာဉ်တွေ၊ ရထားတွေ၊ ထမ်းစင်တွေကို ခါတိုင်းလို မသုံးဘဲ၊ မိမိရဲ့ ကိုယ်နေဟန်ထားအလှကို ပေါ်လွင်စေအောင် ဖြည်းဖြည်း မှန်မှန် လမ်းလျှောက်ပြီး သွားကြရသတဲ့။”
“ဟာ … မော်ဒယ်လျှောက်ပွဲပေါ့”
“အေး … ဆိုနိုင်တာပေါ့ နီလာထွန်းရဲ့ … အဲ … ဒီမော်ဒယ်ပွဲမှာ အဲ … ဟုတ်ပေါင်”
စကားဆက်မှားသွားတာကို သူတို့ ဝိုင်းရယ်ကြသည်၊ လက်အသာ ကာပြရင်း စကားဆက်ရသည်၊
အဲဒီလို အမျိုးကောင်းသမီးလေးတွေ တစုတဝေးတွေ့ရတော့ ကြည့်သူ၊ ရှုသူ၊ ဖူးစာဖက်ရှာသူတွေနဲ့ တစ်မြို့လုံး စည်ကား နေတော့တာပဲတဲ့၊
အဲဒီလူတွေထဲမှာ ဟို သာဝတ္ထိနေပြည်က ပညာရှိလူကြီးတစုကလဲ အဲဒီရေချိုးဆိပ်မှာလာပြီး ကြည့်နေကြသတဲ့၊ သူတို့က သူတို့အရှင့် သားအတွက် လှပတင့်တယ်ဆုံး ဖူးစာဖက်ကို ရှာရအောင် လှည့်လည်ရာက ဒီပွဲကို ဝင်လာကြတာတဲ့၊
မိန်းမပျိုတွေ ရေကစားလာတဲ့ ပျော်ရွှင်ပွဲကို အကဲခတ်ရင်း သူတို့ဟာ သူတို့သခင် သတ်မှတ်ထားတဲ့ စံနဲ့ ကိုက်ညီမယ့်သူကို ရှာနေကြတုန်း၊  မိုးက ဗြုန်းစားကြီး ရွာချလာပါရောတဲ့၊ ဒီတော့ လုံမပျိုတွေဟာ သူ့ထက်ငါ မိုးလွတ်ရာကို ပြေးခိုကြသတဲ့၊ အဲ “ဝိသာခါ” ကတော့ တည်တည်ငြိမ်ငြိမ်ပဲ လျှောက်လှမ်းလာသတဲ့၊ ဒီအခြင်းအရာကိုမြင်တော့ စောစောက ပညာရှိကြီးတွေက “ဟို သူငယ်မ ရုပ်ရည်အဆင်း အားဖြင့် တင့်တယ်လှဘိခြင်း၊ အချင်းကကောရှိရဲ့လားလို့ သိရအောင် စမ်းဦးမှဘဲ” ဆိုပြီး၊ “သူငယ်မရဲ့လေးဖင့်ပုံဖြင့် ရတဲ့ယောက်ျား ထမင်းရည်တောင် ပုံမှန်သောက်ရမယ်မထင်ဘူး” လို့ ဆိုလိုက်သတဲ့၊ ဝိသာခါက “ဘာကြောင့် အဲလိုထင်တာလဲ” ဆိုတော့ “အခြားသူတွေ အဝတ်ရေစိုမှာစိုးလို့ လျင်လျင်သွက်သွက် မိုးလွတ်ရာ ပြေးကြတယ်၊ သင်က နှေးကွေးလှချည့်” ဆိုတော့ ဝိသာခါက “ဖခင်တို့ အဝတ်ဆိုတာ ရလွယ်ပါသည်၊ ရေစိုလျှင် ပြန်၍ခြောက်သွေ့ပါသည်၊ ပြေးခြင်းကြောင့် လဲခဲ့သော် အမေမွေးခဲ့သော လက်၊ ခြေတို့သည် ကျိုးပဲ့၍ တန်ဖိုးမဲ့သွားတတ်ပါသည်” လို့ပြန်ပြောပြီး ဣနြေ္ဒမဲ့အောင် မပြေးမလွှားသင့်တဲ့ ရဟန်း၊ မင်း၊ မင်းစီးဆင်၊ အမျိုးကောင်းသမီးတို့ကိုပါ ရှင်းပြလိုက်တော့ ပညာရှိကြီးတွေဟာ သခင်အတွက်   ဖူးစာဖက်ဖြင့် တွေ့ပြီဆိုပြီး အသင့်ယူ ဆောင်လာတဲ့ ရွှေပန်းခိုင်ကိုပေးကာ ကမ်း လှမ်းကြပါသတဲ့၊ ဒီတော့ ဝိသာခါကလဲ မိဘအုပ်ထိန်းသူတို့ထံ ပန်ကြားခိုင်းပြီး ရွှေပန်းခိုင်ကို လက်ခံလိုက်ပါသတဲ့။
ဒီလိုနဲ့ ပြန်ဖို့ပြင်ကြတော့ ဝိသာခါက သူ့အိမ်ကို သူစီးနေကျ ရထားပေါင်းချုပ်ကို မှာလိုက်ပါသတဲ့၊ ဒီတော့ ပညာရှိကြီးတွေ ရင်ထဲမှာ ဘဝင်မကျချင်ဖြစ်လာပြီး
“သူငယ်မရဲ့ … အလာတုန်းကတောင် ဒီတိုင်း လာခဲ့သေးတာ၊ အပြန်ကျ ဘာဖြစ်လို့ ရထားမှာရတာလဲ၊ ဧကန္တ စိတ်ကြီးဝင်ပြီး ဘဝင်မြင့် သွားလို့လား” လို့မေးကြတော့
“မဟုတ်ပါ ဖခင်တို့၊ လာစဉ်တုန်းက သမီးသည် ရွှေပန်းခိုင်ကို လက်မခံရသေးပါ၊ လက်ခံပြီးသော သမီးသည် ထိုပန်းခိုင်ရှင်မှတပါး အခြား သူတို့အား အလှပြရန် မသင့်တော့ပါ၊ ဒါကြောင့် ရထားကို မှာလိုက်ရခြင်း ဖြစ်ပါသည်” တဲ့ ။
“ဟာ .. မိုက်တယ်”
ကောင်းမြတ်တို့ ယောကျာ်းလေးဘက်က ထွက်လာသည့် အသံ၊ နွယ်နီထွန်းတို့ ညီအစ်မတစ်စုလဲ မျက်လုံးလေးတွေ တောက်လို့၊

အဲဒါကြောင့် အပေါ်ယံအလှကိုသာပြသဖို့ အချိန်ကုန်မခံနေဘဲ အတွင်းအလှ ကာရိုက်တာ (Character) အလှကိုလဲ ပြသနိုင်ကြပါစေကွယ်။ ။
ပန်းချီသည် မောင်မြင့်အောင်ဖြစ်ပါသည်။ ထိုပန်းချီအား ဤနေရာမှ ပြန်လည်ကူးယူခြင်းဖြစ်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts