Uncategorized

သတင်းပဒေသာ – အမာရီလို ဇေယျသုခ ဘုန်းတော်ကြီးကျောင်း ကျောင်းအပ်ပွဲကျင်းပရန် စီစဉ်

အမာရီလို ဇေယျသုခ ဘုန်းတော်ကြီးကျောင်း ကျောင်းအပ်ပွဲကျင်းပရန် စီစဉ်
မိုးမခအထောက်တော်
ဒီဇင်ဘာ ၃၊ ၂၀၁၃

အမေရိကန်ပြည်ထောင် တက္ကဆက်ပြည်နယ် အမာရီလိုမြို့ ရှိ “ဇေယျသုခ ဓမ္မရိပ်သာ” မြန်မာထေရဝါဒ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း ကျောင်းအပ်ပွဲကို လာမည့် ဒီဇင်ဘာ ၂၄၊ ၂၅ ရက်နေ့  များတွင် ကျင်းပရန် စီစဉ်နေကြကြောင်း သတင်းရရှိ သည်။
ကျောင်းထိုင်ဆရာတော်အဖြစ် ဇေယျသု ဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်းတွင် လက်ရှိ သီတင်းသုံး သာသနာပြုလျက်ရှိသော အရှင်နန္ဒ၀ံသကို တရားဝင် အပ်နှင်းမည်ဖြစ်ကြောင်း သိရှိရသည်။ 
ဒီဇင်ဘာ ၁ ရက် တနင်္ဂနွေနေ့ တွင် ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းတိုက်၌ ကျောင်းအပ်နှင်းရေးနဲ့ ပတ်သက်၍ စည်းဝေးဆွေးနွေးပွဲ တရပ်ပြုလုပ်ခဲ့ရာ ၄င်းစည်းဝေးပွဲသို့ အမာရီလိုမြို့  မြန်မာထေရဝါဒ ဗုဒ္ဓဘာသာအသင်း ဗဟိုကော်မတီဝင်များနှင့် ကျောင်းတိုက်စတင် တည်ထောင် သူအချို့ တက်ရောက်ဆွေးနွေးခဲ့ကြပြီးနောက် ယခုလို ကျောင်းအပ်နှင်းပွဲ ကျင်းပပြုလုပ်ရန် သဘောတူဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။     
ကျောင်းအပ်နှင်းပွဲကို အမေရိကန်ပြည်ထောင်စုတ၀ှမ်းမှ သံဃာ ၁၀ ပါးခန့် ပင့်ဖိတ်မည်ဖြစ်ပြီး ၀ါရှန်တန်မြန်မာသံရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သာသနာရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ တို့ ကို တရားဝင် အသိပေး အကြောင်းကြားသွားမည်ဟုလည်း သိရသည်။
အမာရီလိုမြို့ တွင် အခြေချနေထိုင်နေကြသည့် မြန်မာတိုင်းရင်းသားပေါင်းစုံ စေတနာရှင် အလှူရှင်များက ဘုန်းတော်ကြီးကျောင်းဖြစ်မြောက်ရေးအတွက် မတည်အလှူငွေများ တဖြည်းဖြည်းထည့်ဝင် လှူဒါန်းကြရာမှ ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၂၅ ရက် ခရစ်မတ်စ်နေ့ တွင် ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းတိုက်ကို ငှားရမ်း ၀ယ်ယူ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ဇေယျသုခ ဓမ္မရိပ်သာ၏ ပထမဆုံး ကျောင်းထိုင်ဆရာတော်မှာ အရှင်အဂ္ဂဓမ္မ ဖြစ်ပြီး ၂၀၀၆ ခုနှစ် နှစ်ကုန်ပိုင်းမှ ၂၀၀၈ ခုနှစ် နှစ်ဦးပိုင်းထိ သီတင်းသုံး၍ သာသနာ့အကျိုး ဆောင်ရွက်ခဲ့သည်။ ဒုတိယမြောက် ကျောင်းထိုင်ဆရာတော်မှာ အရှင်စိန္တိတဖြစ်ပြီး ၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ၂၀၁၀ နှစ်ကုန်ပိုင်းထိ သီတင်းသုံး၍ သာသနာ့အကျိုး ဆောင်ရွက်သယ်ပိုးခဲ့သည်။

ကျောင်းအပ်နှင်းခံမည့် အရှင်နန္ဒ၀ံသမှာ ဇေယျသုခ ကျောင်းတိုက်၏ တတိယမြောက် ကျောင်းထိုင်ဆရာတော်ဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ဇေယျသုခ ကျောင်းတိုက်တွင် စတင် သီတင်းသုံး၍ ဘာသာ သာသနာအကျိုးကို သယ်ပိုးဆောင်ရွက်လာခဲ့ရာ ၄င်းဦးဆောင် စီမံခန့် ခွဲမှုဖြင့် မြန်မာနိုင်ငံမှ တရားဟော တရားပြအကျော် ဆရာတော်များကို ပင့်ဖိတ်၍ ဓမ္မသဘင်ပွဲတော်များ နှစ်စဉ်နှစ်တိုင်းနီးပါး ကျင်းပပြုလုပ်ခြင်း၊ လရာသီအလိုက် ပွဲတော်များပြုလုပ်ခြင်းနှင့် ကလေးများအတွက် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ခြင်းများ ပြုလုပ်ပေးနိုင်ခဲ့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts