Han Thit Naing News

Thakhin Phoe Hla Gyi statu

 သခင်ဖိုးလှကြီးကို ချောက်မြို့သူမြို့သားတို့ ဂုဏ်ပြုခွင့်ရပါပြီ
ဟန်သစ်နိုင်
ဒီဇင်ဘာ ၃၊ ၂၀၁၃

(ဓာတ်ပုံများ – ဟန်သစ်နိုင်)

        ၁၃၀၀ ပြည့် အရေးတော်ပုံ (၇၅) နှစ်မြောက် စိန်ရတု အထိမ်းအမှတ်အဖြစ်  ဒီဇင်ဘာ ၁ ရက် နံနက် ၉ နာရီက မကွေးတိုင်း၊ ချောက်မြို့ရေနံဆေးရုံရှေ့ အလုပ်သမားမေဒေးကျောက်တိုင်အနီးတွင် သခင်ဖိုးလှကြီးရုပ်ကိုထုထားရှိခြင်းအခမ်းနားပြုလုပ်ခဲ့သည်။

ရုပ်တုဖြင့် ဂုဏ်ပြုခြင်းသည် သခင်ဖိုးလှကြီးကို ကျေးဇူးပြန်ဆပ်ခြင်းဖြစ်သည်ဟု  စိန်ရတုအခမ်းအနား ကျင်းပရေး ကော်မတီ ဥက္ကဌ ဦးညိုသွေးက ပြောသည်။

“သခင်ဖိုးလှကြီးဆိုတဲ့ ချောက်ရေနံမြေဆိုတာ မပေါ်ထွန်းခဲ့ရင်၊ ၁၃၀၀ပြည့်အရေးတော်ပုံကြီး မရှိခဲ့ဘူး ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းဆိုတာ မဖြစ်ပေါ်ခဲ့ဘူး၊ လွတ်လပ်ရေးဘယ်ရတော့မလဲ၊ လွတ်လပ်ရေးရဲ့ အခြေခံက သခင်ဖိုလှကြီးဖြစ်တယ်၊ လွတ်လပ်ရေးပန်းတိုင် အရယူပေးတာက ဗိုလ်ချုပ်အောင်ဆန်းပဲ” ဟု ၄င်းကပြောသည်။

“၁၃၀၀ပြည့်အရေးတော်ပုံကြီး မရှိခဲ့ဘူး ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းဆိုတာ မဖြစ်ပေါ်ခဲ့ဘူး”


 သခင်ဖိုးလှကြီးသည် ကာလအတန်ကြာ သမိုင်းဖျောက်ဖျက်ခံခဲ့ရသည်ဟု သူက ဆက်ပြောသည်။

 ၁၃၀၀ပြည့်အရေးတော်ပုံပေါ်ပေါက်လာရခြင်းသည် ရေနံမြေမှာ  အောက်ခြေအလုပ်သမားတွေသာ ရှိခြင်းကြောင့် ဘီအိုစီကုမဏီ၏ ကျွန်ပြုခြင်းကိုခံခဲ့ရကြောင်း၊
ကျွန်ပြုခြင်းကို မခံနိုင်ခြင်းကြောင့် မြန်မာနိုင်ငံမှာ အလုပ်သမား အစည်းအရုံးများ ပေါ်ပေါက်လာရကြောင်း၊
၎င်းအစည်းအရုံးများမှတဆင့် အလုပ်သမားတွေဟာ သခင်တွေ၊ သခင်မတွေဖြစ်လာရပြီး မိုင် ၄၀၀ကျော်ဝေးသော ချောက်မှ ရန်ကုန်သို့  ခြေလျင်ခရီးကြမ်းဖြင့် ချီတက်သပိတ်မှောက် တိုက်ပွဲဝင်ခဲ့ရကြောင်း၊
သခင်ဖိုးလှကြီးခေါင်းဆောင်သော သံမဏိသူရဲကောင်းများရဲ့ စွန့်လွှတ်၊ စွန့်စားခဲ့တဲ့ ဇွဲသတ္တိတွေကို ဂုဏ်ပြုသောအားဖြင့်  သခင်ဖိုးလှကြီးကို (၇၅) နှစ်မြောက် စိန်ရတုအခမ်းအနားမှာ ဖော်ပြရခြင်းဖြစ်ကြောင်း ဦးညိုသွေးက ပြောကြားခဲ့သည်။

 ချောက်မြို့သူ၊ မြို့သားများကလည်း အာဠာဝက သခင်ဖိုးလှကြီးကြေးသွန်းရုပ်ထုထားရှိခြင်းအခမ်းအနားကို  စည်စည်ကားကားဖြင့် ကြိုဆိုဂုဏ်ပြုအားပေးခဲ့ကြသည်။

ရေနံမြေသပိတ်သည် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် အစပြုခဲ့သောကြောင့် ၄င်းနေ့တွင်  ၁၃၀၀ပြည့်အရေးတော်ပုံ (၇၅)နှစ်မြောက် စိန်ရတုကို ဆက်လက် ကျင်းပသွားမည်ဟု သိရသည်။

ရန်ကုန်မြို့နှင့် အနယ်နယ်မှ ဒီမိုကရေစီအရေးလှုပ်ရှားသူတချို့လည်း ချောက်မြို့အခမ်းအနားသို့ သွားရောက်ကြမည်ဟု သိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts