International News

New Bay Bridge opens 3rd September

 ဆန်ဖရန်ဘေးဧရိယာ၏ နံမယ်ကျော် Bay Bridge တံတားသစ် စက်တင်ဘာ ၃ ဖွင့်မည်

မိုးမခအထောက်တော် ၀၀၂၊ သြဂုတ် ၂၇၊ ၂၀၁၃

၂၀၀၂ ခုနှစ်မှ စတင်ပြီး အမေရိကန်ဒေါ်လာ ၆.၃ ဘီလျံကုန်ကျပြီး တည်ဆောက်ခဲ့သော ၂.၂ မိုင် အရှည်ရှိသည့် bay bridge အရှေ့ပိုင်းအခြမ်း တံတားအသစ်ပြင်ဆင် တည်ဆောက်မှု ပြီးစီးပြီ ဖြစ်သည်။ ယခု ၁၁ နှစ် ကျော်အကြာ၊ စက်တင်ဘာ ၃ တွင် အကြိမ်ကြိမ် နှောင့်နှေးကြန့်ကြာခဲ့ရသော တံတားသစ်ဖွင့်ပွဲကို အမှန်တကယ် ဖွင့်မည် ဖြစ်သည်။

ဘေးဘရစ်သည် စုစုပေါင်း ၄ မိုင်ကျော် ရှည်သည်။ ဆန်ဖရန်စစ္စကိုမြို့တော်နှင့် ပင်လယ်ကွေ့ ကုန်းပိုင်းဖြစ်သည့် ဥက္ကလံမြို့ကို သွယ်တန်းထားသော တံတားဖြစ်သည်။ တံတားအလယ်တွင် treasure island ကျွန်းငယ်တခု ရှိပြီး ကျွန်းကို ဖြတ်ဖောက်ပြီး တံတားကို အရှေ့ပိုင်း၊ အနောက်ပိုင်းအဖြစ် ချိတ်ဆက် တည်ဆောက်ထားခြင်းဖြစ်သည်။ ဆန်ဖရန်မှ ရတနာကျွန်း အခြမ်းကို west span ။ ရတနာကျွန်းမှာ ဥက္ကလံဘက်အခြမ်းကို east span ဟု အရှေ့၊ အနောက် တံတားအပိုင်းအခြမ်းများအဖြစ် သတ်မှတ်ခေါ်ဝေါ်သည်။ ယခု အသစ်ပြင်ဆင်တည်ဆောက်ပြီးသော တံတားအပိုင်းမှာ အရှေ့ခြမ်းတံတားအပိုင်းဖြစ်သည်။

ယခုကဲ့သို့ တံတားအသစ်ဖွင့်ရာတွင် လက်ရှိတံတားအဟောင်းကို ဖြတ်တောက်ပြီး တံတားအသစ်က ယာဉ်အသွားအလာများကို ၀င်ရောက်နေရာယူမည် ဖြစ်ရာ သြဂုတ် ၂၈ မှ စက်တင်ဘာ ၃ ရက်အထိ ဘေးဘရစ်ဂ်ျ တံတားတခုလုံးကို ပိတ်ထားမည် ဖြစ်သည်။ နေ့စဉ် ကားအစီးပေါင်း ၂ သိန်း ၇ သောင်းကို ထမ်းဆောင်ပေးနေသော တံတားဖြစ်သဖြင့် ထိုတံတားပိတ်ထားစဉ်အတွင်း ဆန်ဖရန်သို့ အခြား တံတား ၃ စင်းမှ တဆင့် သွားကြရန် သို့မဟုတ် အများသုံး ဘတ်စ်၊ ရထားတို့ဖြင့် သွားကြရန် သက်ဆိုင်ရာက တိုက်တွန်းထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts